အခန်း (၂၂၅)
Vol. 20 Ch. 225
"ဘာလို့လဲဆိုတော့ အခု မဟာရှနိုင်ငံက အရင်နဲ့ မတူအောင် အဘက်ဘက်က ပြောင်းလဲသွားပြီမို့လို့ပဲ"
ထိုတပ်မှူး၏ လေသံထဲတွင် ဖုံးကွယ်ထား၍မရသော ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။ "ကျွန်တော်တို့ရဲ့ မဟာရှနိုင်ငံဟာ စတုရန်းကီလိုမီတာ ၁.၅ သန်း ကျယ်ဝန်းပြီး၊ လူဦးရေ ၁၈ သန်းကျော်ရှိတယ်။ အဲဒီလူ အားလုံးနီးပါးဟာ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက် နေထိုင်နိုင်ကြပြီ"
"ကျွန်တော်တို့ရဲ့ စစ်အင်အားက ၂ သန်းအထိ ရှိလာသလို၊ အဆင့်မြင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်ကလည်း ဆယ်ဂဏန်းကျော်အထိ ရှိနေပြီ။ စစ်တိုက်တိုင်းလည်း အမြဲနိုင်သလို အိမ်နီးချင်းနိုင်ငံတွေကလည်း ရိုသေကြရတယ်။ ဒါကြောင့် မဟာရှနိုင်ငံကို နာမည် အရတင် မဟုတ်ဘဲ အင်အားကြီးနိုင်ငံကြီး တစ်ခုအဖြစ် ထိုက်ထိုက်တန်တန် ခေါ်ဝေါ်နေကြတာပဲ"
"ပြီးတော့ အခု ကျွန်တော်က မဟာရှနိုင်ငံရဲ့ အရာရှိတစ်ယောက် ဖြစ်နေပြီ။ အကြီးအကဲ ကျွန်တော့်ကို တစ်ခုခုလုပ်ဖို့ ကြံစည်မယ်ဆိုရင် နန်းတော်က အကြီးအကဲဲကို အလွတ်ပေးမှာမဟုတ်ဘူး။ သူဖုန်းစားဂိုဏ်းက အင်အားကြီးချင်ကြီးမယ်၊ ဒါပေမဲ့ ဒီမဟာရှနိုင်ငံရဲ့ မြေပေါ်မှာတော့ ခင်ဗျားတို့ လုပ်ချင်တိုင်း လုပ်လို့ရမှာမဟုတ်ဘူး"
"မင်း... ငါ့ကို ဒီလိုစကားမျိုး ပြောရဲလောက်အောင် သတ္တိတွေ ကောင်းနေပြီပေါ့လေ" အကြီးအကဲ လိုင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မဟုတ်တာ... အဲလိုမဟုတ်ပါဘူး..."
တပ်မှူးက လက်ကို အကြိမ်ကြိမ် ခါယမ်းရင်း ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီး "အကြီးအကဲလိုင်၊ ခင်ဗျားက ကျွန်တော့်မျက်စိထဲမှာတော့ အမြဲတမ်း လေးစားရတဲ့ အကြီးအကဲတစ်ယောက်ပါ။ ကျွန်တော် ဒီအဖွဲ့ထဲမှာ အောင်မြင်ခဲ့တာတွေက ခင်ဗျားရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့်ပါ။ အခု ကျွန်တော့်ရဲ့ စော်ကားမိမှုအတွက် အရက်သုံးခွက်သောက်ပြီး တောင်းပန်ပါရစေ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
စကားဆုံးသည်နှင့် သူသည် အရက်သုံးခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ အကြီးအကဲလိုင်၏ ဒေါသများ အနည်းငယ် လျော့ကျသွားသော်လည်း သူ၏မျက်နှာမှာမူ ကြည့်မကောင်းသေးပေ။
တပ်မှူးက ဆက်ပြောလိုက်သည် - "အကြီးအကဲလိုင်၊ ကျွန်တော် ဂိုဏ်းကနေ ထွက်ခဲ့ပေမဲ့ ဂိုဏ်းကို ထိခိုက်စေမယ့် ဘယ်အလုပ်မျိုးကိုမှ မလုပ်ခဲ့ပါဘူး။ ဒါကို ကျွန်တော့်ဇနီးရဲ့ ဝမ်းထဲက ကလေးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်"
အကြီးအကဲလိုင်သည် စကားတစ်လုံးမှ မပြောချင်တော့ဘဲ အရက်ကိုသာ ခွက်ချင်းဆင့်ကာ သောက်နေတော့သည်။ တပ်မှူးကလည်း နောက်မကျစေဘဲ လိုက်သောက်ပေးသည်။ နောက်ဆုံးတွင် နှစ်ဦးစလုံး မူးသွားကြတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် အကြီးအကဲလိုင်သည် အိပ်ရာမှထကာ တပည့်များကို ခေါ်၍ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ တပ်မှူးက သူတို့ထွက်ခွာသွားသည်ကို ခံစားချက်ပေါင်းစုံဖြင့် ခိုးကြည့်နေမိသည်။ သူ၏ခေါင်းပေါ်တွင် မှိုင်းညို့နေသော တိမ်တိုက်ကြီးများ ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြီးအကဲလိုင်နှင့် တပည့်များသည် ထိုမြို့မှ ထွက်ခွာ၍ နောက်မြို့တစ်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ အဖွဲ့သားဟောင်းများကို လိုက်ရှာဖို့ကိစ္စကိုမူ မည်သူမျှ ထပ်မပြောကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများမှာ သေဆုံးသွားခြင်း မဟုတ်ဘဲ အလွန်ကောင်းမွန်စွာ နေထိုင်နေကြကြောင်း၊ ယခုအခါ သူတို့နှင့် လောကချင်း မတူတော့ကြောင်း သိသွားကြပြီ ဖြစ်သည်။ အတင်းအဓမ္မ သွားရောက်ရှာဖွေလျှင်ပင် အနှိမ်ခံရဖို့သာ ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက် မေ့ပစ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။
ယခု သူတို့အတွက် လုပ်စရာတစ်ခုတည်းသာ ရှိတော့သည်၊ ၎င်းမှာ သူဖုန်းစားဂိုဏ်းကို ပြန်လည် ထူထောင်ရန်ဖြစ်သည်။ သို့သော် ထိုကိစ္စတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်ရပြန်သည်။ မြို့တစ်မြို့လုံးတွင် တောင်းရမ်းစားသောက်သူဟူ၍ မရှိသလောက် ရှားပါးနေသောကြောင့်ဖြစ်သည်။ သူဌေး အရေအတွက်က တောင်းစားသူအရေအတွက်ထက်ပင် ပိုများနေသည်။
တွေ့သည့်တိုင်အောင် ထိုသူများက အဖွဲ့သို့ မဝင်လိုကြပေ။ သူတို့၏စကားအရဆိုလျှင် ဗိုက်ဆာပါက လမ်းခင်းသည့်အလုပ်ကိုသာ လုပ်မည်၊ ထိုသို့ လုပ်ခြင်းဖြင့် ဝမ်းဗိုက်ကိုလည်း ပြည့်စေရုံသာမက ပိုက်ဆံလည်း ရသေးသည်။ အဘယ်ကြောင့် သူတောင်းစား လုပ်ရမည်နည်း။ သူတောင်းစားဘဝသည် ဘာအနာဂတ်မှ မရှိပေ။
ထို့ကြောင့် ရက်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်မလာခဲ့ပေ။
"ဘယ်လိုလဲ၊ အဖွဲ့ဝင်သစ်တွေ ရှာလို့ရရဲ့လား"
မည်သူမျှ ပြန်မဖြေကြချေ။ အားလုံး၏ စိတ်ပျက်နေသော မျက်နှာများကို မြင်သောအခါ အကြီးအကဲလိုင်က အားပေးစကား ပြောလိုက်သည်။ "ရပါတယ်၊ အားလုံး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပဲ။ ဒီမြို့မှာ အဆင်မပြေရင် နောက်တစ်မြို့ကို သွားကြတာပေါ့။ တစ်နေ့တော့ အဖွဲ့ဝင်တွေ အများကြီး ပြန်ရလာမှာပါ။ အခုတော့ အရင်စားကြရအောင်"
"ဟုတ်ကဲ့ အကြီးအကဲ"
"အကြီးအကဲ၊ ဒါက အကြီးအကဲအတွက် အစားအစာပါ"
"အေး... ကျေးဇူးပဲ"
အကြီးအကဲလိုင်သည် အစားအသောက်များကို စားရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ "ရှောင်လျို၊ ရှောင်ဟေးနဲ့ ရှောင်ကျူးတို့ ဘာလို့ ပြန်မလာသေးတာလဲ" ဟု မေးလိုက်သည်။
"အကြီးအကဲ၊ သူတို့ အစားအစာတွေ လိုက်တောင်းနေတုန်း ဖြစ်ပါလိမ့်မယ်။ ခဏနေရင် ပြန်ရောက်လာမှာပါ"
"ကောင်းပြီ၊ ဒါဆို စောင့်ကြတာပေါ့"
စောင့်လိုက်သည်မှာ နောက်တစ်နေ့ မိုးလင်းသည့်တိုင် ထိုသုံးယောက် ပြန်မလာကြသေးပေ။ တပည့်များမှာ စိုးရိမ်တကြီးဖြစ်လာပြီး "အကြီးအကဲ၊ သူတို့ တစ်ခုခုဖြစ်နေပြီလား မသိဘူး၊ လူလွှတ်ပြီး ရှာခိုင်းရမလား" ဟု မေးကြသည်။
အကြီးအကဲလိုင်က သက်ပြင်းချရင်း "မလိုတော့ပါဘူး။ အခုပဲ နောက်မြို့ကို ခရီးဆက်ကြစို့" ဟု ပြောလိုက်သည်။
ဒီမြို့၏ တရားဥပဒေစိုးမိုးရေးက အလွန် ကောင်းမွန်သည်။ သူခိုးဟူ၍ပင် မရှိသလောက်ဖြစ်ရာ လူသတ်လုယက်မှုဆိုသည်မှာ ဝေးလေစွ။ သူခေါ်လာသောသူများမှာလည်း သိုင်းပညာ အခြေခံရှိသူများဖြစ်ရာ အလွယ်တကူ ပြဿနာတက်စရာ အကြောင်းမရှိပေ။ သို့ဖြစ်ရာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။ သူ မယုံကြည်ချင်သော်လည်း ယုံကြည်လိုက်ရသည့် ဖြစ်နိုင်ခြေတစ်ခုပင်။
"ဒါပေမဲ့ အကြီးအကဲ..."
အကြီးအကဲလိုင်က ရုတ်တရက် ဒေါသတကြီး ဟောက်လိုက်သည် - "သွားမယ်လို့ ငါပြောနေတယ်လေ၊ သူတို့အကြောင်းကို ထပ်မပြောနဲ့တော့။ မင်းတို့ ငါ့စကားကို မနားထောင်ကြတော့ဘူးလား"
"ဟုတ်ကဲ့ပါ အကြီးအကဲ" အားလုံး ခေါင်းငုံ့သွားကြသည်။
ထို့နောက် သူတို့သည် နောက်မြို့တစ်မြို့သို့ ရောက်ရှိလာသော်လည်း အခြေအနေမှာ ထူးမခြားနားပေ။ မည်သူမျှ သူတောင်းစား မလုပ်ချင်သောကြောင့် အဖွဲ့မှာ တိုးတက်လာခြင်း မရှိချေ။ ထို့ကြောင့် သူတို့သည် မြို့တစ်ခုပြီးတစ်ခု ကူးပြောင်းနေခဲ့ကြသည်။ သို့သော် မြို့တစ်မြို့မှ မထွက်ခွာမီ လူအနည်းငယ်စီ အမြဲတမ်း ပျောက်ဆုံးကာ ကျန်ရစ်ခဲ့သည်။
ဘာတွေဖြစ်နေသလဲဆိုသည်ကို အားလုံးသိသော်လည်း မည်သူမျှ ထုတ်မပြောကြပေ။ အဖွဲ့အတွင်းရှိ အခြေအနေမှာ အလွန်ပင် ညှိုးငယ်အုံ့မှိုင်းနေတော့သည်။
မြို့ပေါင်းများစွာကို ဖြတ်သန်းပြီးနောက်တွင် အဖွဲ့ဝင်ဦးရေမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ အကြီးအကဲလိုင်သည် ကျန်ရှိနေသော တပည့်အနည်းငယ်ကို ကြည့်ကာ အလွန်ပင် ဝမ်းနည်း ကြေကွဲမိခဲ့သည်။ အစက လူပေါင်း ၃၀ ကျော် ပါလာသော်လည်း ယခုအခါ ၁၀ ယောက်ကျော်သာ ကျန်တော့သည်။
သူ၏ အစွမ်းအစဖြင့်ဆိုလျှင် ထိုသူများကို အတင်းအကျပ် ဆွဲထားနိုင်သော်လည်း လူတို့၏ နှလုံးသားကိုမူ အတင်းအကျပ် စေခိုင်း၍မရကြောင်း သူနားလည်သည်။ တစ်ညနေခင်းတွင်တော့ သူ အချစ်ဆုံးနှင့် အမြဲတမ်း နံဘေးတွင်ထား၍ သင်ကြားပေးခဲ့သော ရှောင်ဟွမ်သည် ဘုရားကျောင်းဟောင်းပျက်ထဲမှ တိတ်တဆိတ် ထွက်ပြေးသွားသည်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ ဘာမှမပြောသလို ဘာမှလည်း မလုပ်ခဲ့ပေ။
သို့သော် သူ၏ရင်ထဲတွင်မူ ဓားဖြင့်အမွှန်းခံရသကဲ့သို့ နာကျင်နေမိသည်။ သစ္စာဖောက်ခြင်းကို မည်သူမျှ မနှစ်သက်ကြသော်လည်း တစ်ပါးသူ၏ ပျော်ရွှင်မှုကို ရှာဖွေခြင်းအတွက် မည်သို့ အပြစ်တင်နိုင်မည်နည်း။ သူသည် ထိုသူကို တစ်ခဏသာ တားဆီးထားနိုင်မည်ဖြစ်ပြီး တစ်သက်လုံး ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
စိတ်မသက်သာမှုနှင့် ရုန်းကန်မှုများအားလုံးသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟူး..."
မသိလိုက်ဘဲနှင့် သူတို့သည် မဟာရှနိုင်ငံ၏ မြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။ ယခု သူတို့တွင် လူ ၁၀ ယောက်ပင် မပြည့်တော့ပေ။ စည်ကားလှပသော မြို့တော်ကြီးကို ကြည့်ရင်း တပည့်တစ်ဦးက "အကြီးအကဲ၊ ဒီမှာလည်း ကျွန်တော်တို့ အဖွဲ့ဝင်သစ်တွေ ရှာနိုင်မှာ မဟုတ်ဘူး ထင်တယ်" ဟု ပြောလိုက်သည်။
အခြားမြို့များတွင်ပင် ရှာရခက်နေသည်ဆိုလျှင် ဤမျှ စည်ကားသော မြို့တော်တွင် ပို၍ပင် ခက်ခဲပေလိမ့်မည်။
အကြီးအကဲလိုင်က "ကြိုးစားကြည့်တာပေါ့ကွာ။ အရင်ဆုံး နားနားနေနေ နေဖို့နေရာ အရင်ရှာကြစို့၊ ပြီးမှ ရှေ့ဆက်မယ့်အစီအစဉ်ကို စဉ်းစားကြတာပေါ့" ဟု ဆိုလိုက်သည်။
ထိုစဉ်မှာပင် နန်းတွင်းကိုယ်ရံတော်အဖွဲ့တစ်ဖွဲ့ သူတို့ဆီသို့ လျှောက်လာကြသည်။ အကြီးအကဲလိုင်က လန့်သွားပြီး တပည့်များရှေ့မှ ကာကွယ်ရပ်လိုက်ကာ "မင်းတို့ ဘာလိုချင်လို့လဲ။ ငါ့ကို လာပြီး ပြဿနာမရှာနဲ့နော်" ဟု သတိပေးလိုက်သည်။
ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်ဟန်တူသူက တပည့်များကို တစ်ချက်ကြည့်ကာ အကြီးအကဲလိုင်ကို မျက်နှာသေဖြင့် ပြောလိုက်သည် - "ခင်ဗျားက သူဖုန်းစားဂိုဏ်းက အကြီးအကဲ လိုင်ချင်းလား။ အရှင်မင်းကြီးက ခင်ဗျားကို အခစားဝင်ဖို့ ဆင့်ခေါ်လိုက်တယ်၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
"အရှင်မင်းကြီးက ကျုပ်ကို ဆင့်ခေါ်တယ် ဟုတ်လား" အကြီးအကဲလိုင် အံ့အားသင့်သွားခဲ့သည်။
သူ မဟာရှနိုင်ငံသို့ လာစဉ်က လူမသိအောင် လျှို့ဝှက်စွာ လာခဲ့သော်လည်း တစ်ဖက်လူက သူ၏ခြေရာကို သိရှိနေပြီး တွေ့ဆုံချင်နေသည်။ သို့သော် အကြီးအကဲလိုင်သည် ထိတ်လန့်ခြင်းမရှိပေ။ သူသည် သာမန်အဘိုးအိုတစ်ဦးမဟုတ်ဘဲ သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
ထို့ပြင် မဟာရှနိုင်ငံ၏ ဧကရာဇ်က သူ့ကို ဘာကြောင့် တွေ့ချင်ရသလဲဆိုသည်ကိုလည်း သူ သိချင်နေမိသည်။ ထို့ကြောင့် သူက - "ကောင်းပြီ၊ လမ်းပြပါ" ဟု ပြန်ပြောလိုက်သည်။