← Chapters

အခန်း (၂၂၇)

Vol. 20 Ch. 227

အခန်း (၂၂၇)

Vol. 20 Ch. 227

​“အကြီးအကဲလိုင်၊ သူတို့ရဲ့ ရွေးချယ်မှုက မှန်တယ်လို့ မောင်မင်းထင်သလား”

​ လင်းပိုင်ဖန်က လေးနက်သော လေသံဖြင့် “သူတို့က မဟာရှဘက်ကို ကူးပြောင်းဖို့အတွက် သူဖုန်းစားဂိုဏ်းကို သစ္စာဖောက်ခဲ့ကြတာ မှန်ကန်တယ်လို့လည်း ထင်သလား” ဟု မေးလိုက်သည်။

​ အကြီးအကဲလိုင်က သက်ပြင်းချရင်း “ဒါက အမှား၊ အမှန်နဲ့ မဆိုင်ဘူး။ လူတိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့် ရှိတယ်၊ ဒါက သူတို့ရဲ့ ရွေးချယ်မှုမို့ ကျွန်တော်မျိုး လေးစားပါတယ်။ ဒါပေမဲ့ သူတို့က တစ်ချိန်က သူဖုန်းစားဂိုဏ်းရဲ့ တပည့်တွေဖြစ်ခဲ့ကြတော့ သံယောဇဉ်နဲ့ သစ္စာတရားဆိုတာ ရှိနေသေးတာပေါ့”

​ အကြီးအကဲလိုင်က ဦးညွတ်လိုက်ရင်း “သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ အရှင်မင်းကြီးကို ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အရှင်မင်းကြီးသာ အဲဒီလိုလုပ်ပေးရင် ကျွန်တော်မျိုး အရမ်းကျေးဇူးတင်မိမှာပါ”

​ “သူတို့က ငါကိုယ်တော်ဆီမှာ အမှုထမ်းနေတာပဲ၊ ငါကိုယ်တော်က သူတို့ကို ကောင်းကောင်းဆက်ဆံမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ မောင်မင်းကို တစ်ခုလောက် မေးပါရစေ”

​ လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။ “အဲဒီ သူဖုန်းစားဂိုဏ်းက တပည့်တွေကဆိုရင် သူတို့ရဲ့ ပျော်ရွှင်မှုကို ရှာဖွေနေကြပြီ။ အကြီးအကဲလိုင်၊ မောင်မင်းကရော ဘာကို ရှာဖွေနေတာလဲ။ ဒါမှမဟုတ် အခုအချိန်မှာ မောင်မင်း အလုပ်ချင်ဆုံးက ဘာလဲ၊ အလိုချင်ဆုံးက ဘာလဲ”

​ “ကျွန်တော့်ရဲ့ ရည်မှန်းချက်လား…”

​ အကြီးအကဲလိုင်က အတိတ်ကို ပြန်ပြောင်းသတိရသွားပြီး ဖြည်းညင်းစွာ ပြောဆိုလာသည်။ “အမှန်အတိုင်းပြောရရင် မဟာရှဧကရာဇ်၊ အရှင်မင်းကြီးရဲ့ မေးခွန်းက ကျွန်တော့်ရဲ့ ရင်ထဲကို တည့်တည့်ထိမှန်သွားစေပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီးရှိခဲ့ဖူးတယ်၊ အသက်အရွယ်အလိုက်လည်း ပြောင်းလဲခဲ့တယ်”

​ “ငါကိုယ်တော် နားထောင်နေပါတယ်” လင်းပိုင်ဖန်က သူ စိတ်ဝင်တစားရှိကြောင်း ပြသလိုက်သည်။

​ “ကျွန်တော်မျိုး ငယ်ငယ်က သူတောင်းစားတစ်ယောက်ပါ၊ အစားအစာအတွက် နေရာအနှံ့ လျှောက်တောင်းခဲ့ရတယ်။ အဲဒီအချိန်က ကျွန်တော့်ရဲ့ ရည်မှန်းချက်က အရမ်းရိုးရှင်းတယ်၊ ဝဝလင်လင်စားရဖို့နဲ့ ဗိုက်မဆာဖို့ပဲ”

​ လင်းပိုင်ဖန်က ခေါင်းညိတ်ရင်း “စားဝတ်နေရေးက ပြည်သူတွေအတွက် ပထမဆုံး လိုအပ်ချက်ပဲ၊ ဒါက သဘာဝကျပါတယ်”

​ “နောက်ပိုင်း ကျွန်တော်မျိုး သူဖုန်းစားဂိုဏ်းထဲဝင်ပြီး အိတ်နှစ်လုံးဆောင် တပည့်ဖြစ်လာတော့ ရည်မှန်းချက်တွေ ပြောင်းသွားပြန်တယ်။ ကျွန်တော်မျိုး ကိုယ်တိုင် အဝစားရရုံတင်မကဘဲ ကျွန်တော်မျိုးလက်အောက်က လူတွေပါ အဝစားရဖို့နဲ့ အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ခဲ့တယ်”

​ လင်းပိုင်ဖန်က ထပ်မံခေါင်းညိတ်သည် - “ဆင်းရဲတဲ့အခါ ကိုယ်ကျင့်တရားကို စောင့်ထိန်းပြီး၊ ချမ်းသာကြွယ်ဝတဲ့အခါ လောကကြီးကို အကျိုးပြုရမယ်။ ကောင်းတယ်”

​ “အဲဒီနောက် ကျွန်တော်မျိုး အကြီးအကဲ ဖြစ်လာတဲ့အခါမှာတော့ ရည်မှန်းချက်တွေ ထပ်ပြောင်းပြန်တယ်။ သူဖုန်းစားဂိုဏ်းကြီး ပိုမိုကြီးထွား အားကောင်းလာဖို့၊ ဂိုဏ်းက ညီအစ်ကိုတွေ နှိပ်စက် မခံရတော့ဖို့၊ အအေးဒဏ်နဲ့ ငတ်မွတ်မှုကို မခံစားရတော့ဘဲ တခြားလူတွေလိုပဲ သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ ကျွန်တော်မျိုး မျှော်လင့်ခဲ့တယ်”

​ အကြီးအကဲလိုင်၏ မျက်လုံးများက တောက်ပလာပြီး - “ဒါက ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်ပဲ၊ ဒီအတွက် တစ်သက်လုံး ကြိုးစားသွားဖို့ အဆင်သင့်ပဲ”

​ သို့သော် လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး “ဒီရည်မှန်းချက်ကို အမှန်အတိုင်းပြောရရင် ငါကိုယ်တော် လုံးဝ သဘောမတူဘူး”

​ “ဘာလို့ သဘောမတူတာလဲ။ သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်းကြီးပွားတိုးတက်ဖို့နဲ့ ညီအစ်ကိုတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ မျှော်လင့်တာ ဘာမှားလို့လဲ” အကြီးအကဲလိုင်က ကျယ်လောင်စွာ ပြန်မေးလိုက်သည်။

​ “မှားတာပေါ့၊ အကြီးအကျယ်ကို မှားတာ”

​ လင်းပိုင်ဖန်က ပြန်လည်မေးခွန်းထုတ်သည်။ “ပြောစမ်းပါ၊ သူဖုန်းစားဂိုဏ်း ပိုအားကောင်းလာဖို့ ဘယ်လို ဖွံ့ဖြိုးတိုးတက်ရမလဲ”

​ အကြီးအကဲလိုင်က တွန့်ဆုတ်မနေဘဲ ဖြေလိုက်သည်။ “လူအင်အား များလေလေ၊ ပိုသန်မာလေလေပဲပေါ့”

​ “အဲဒါထက်၊ မောင်မင်းတို့ သူဖုန်းစားဂိုဏ်းရဲ့ လူအင်အားကို ဘယ်လို တိုးအောင်လုပ်သလဲ”

​ “ထူးချွန်တဲ့ သူတောင်းစားတွေ ဂိုဏ်းထဲဝင်လာအောင် ဆွဲဆောင်တာပေါ့”

​ “ဘယ်လိုလူမျိုးက သူတောင်းစား ဖြစ်လာတာလဲ”

​ “အိမ်မရှိ၊ ပိုက်ဆံမရှိ၊ အလုပ်မရှိတဲ့သူတွေကပဲ သူတောင်းစားဖြစ်ပြီး တောင်းရမ်းစားသောက်ကြတာပေါ့”

​ “ဒါဆို ပြဿနာက အဲဒီမှာပဲ။ မောင်မင်းတို့ သူဖုန်းစားဂိုဏ်းက ကြီးထွားအားကောင်းချင်ရင် သူတောင်းစားတွေကိုပဲ ဆွဲဆောင်လို့ရမယ်။ ဒါပေမဲ့ သူတောင်းစားဆိုတာက အိမ်မရှိ၊ ပိုက်ဆံမရှိ၊ အလုပ်မရှိတဲ့သူတွေဆီကပဲ လာတာ။ ဒါကြောင့် အကြီးအကဲလိုင်…”

​ လင်းပိုင်ဖန်၏ အသံက စူးရှသွားပြီး - “မောင်မင်းက သူတောင်းစားအရေအတွက် ပိုတိုးလာဖို့ ဆုတောင်းနေတာလား။ မောင်မင်းက စစ်မက်တွေ၊ မငြိမ်မသက်မှုတွေ အမြဲဖြစ်နေပြီး လူတွေ အသက်မွေးဝမ်းကျောင်း မပြုနိုင်ဘဲ သူတောင်းစားဖြစ်လာအောင် မျှော်လင့်နေတာလား”

​ အကြီးအကဲလိုင်မှာ ထိတ်လန့်သွားပြီး မျက်နှာပျက်သွားကာ - “မဟာရှဧကရာဇ်၊ ကျွန်တော့်ကို မစွပ်စွဲပါနဲ့။ ကျွန်တော်မျိုး အဲဒီလို မဆိုလိုပါဘူး”

​ “ဒါပေမဲ့ မောင်မင်းစကားရဲ့ အဓိပ္ပာယ်က အဲဒါပဲ။ အေးချမ်းတဲ့အချိန်မှာ ဘယ်သူက အလိုအလျောက် သူတောင်းစားလုပ်ချင်မှာလဲ”

​ “အာ... ဒါက...”

​ “ဘာမှ ထပ်မပြောတော့ဘူးလား”

​ လင်းပိုင်ဖန်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ “ဒါကြောင့် မောင်မင်းရဲ့ ရည်မှန်းချက်က သာမန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာ။ လောကကြီး ပိုပြီးရုတ်ရုတ်သဲသဲဖြစ်လေ၊ မောင်မင်းတို့ သူဖုန်းစားဂိုဏ်းက ပိုကြီးပွားတိုးတက်လေပဲ။ မငြိမ်မသက်မှုတွေ မရှိရင် ဘယ်သူကမှ သူတောင်းစားလုပ်ပြီး မောင်မင်းတို့ဂိုဏ်းထဲ ဝင်မှာမဟုတ်ဘူး”

​ အကြီးအကဲလိုင် နှုတ်ဆိတ်သွားခဲ့သည်။ ဝန်မခံချင်သော်လည်း လင်းပိုင်ဖန် ပြောသည်မှာ မှန်နေသည်ဟု သူခံစားရသည်။

​ “အကြီးအကဲလိုင်၊ ငါကိုယ်တော်ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ မောင်မင်းသိသလား” လင်းပိုင်ဖန်က မေးလိုက်သည်။

​ “မဟာရှဧကရာဇ်မှာ ဘယ်လို ရည်မှန်းချက်ရှိလို့လဲ”

​ “ငါ့ရဲ့ ရည်မှန်းချက်က သူဖုန်းစားဂိုဏ်းကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ပဲ” လင်းပိုင်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

​ “ခင်ဗျား….” အကြီးအကဲလိုင်က ဒေါသတကြီး မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။

​ “လောကမှာ သူဖုန်းစားဂိုဏ်း မရှိတော့တဲ့အခါ ငြိမ်းချမ်းရေး ရလာလိမ့်မယ်။ ကမ္ဘာပေါ်မှာ သူတောင်းစား တစ်ယောက်မှ မရှိတော့တဲ့အခါ ပြည်သူတွေအားလုံး ဝတ်ကောင်းစားလှ ဝတ်ရပြီး၊ ဝဝလင်လင် စားရလိမ့်မယ်။ ပြောစမ်း၊ ဒီလို ရည်မှန်းချက်က ဘာမှားလို့လဲ” လင်းပိုင်ဖန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

​ “အရှင်မင်းကြီးပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါက ဖြစ်နိုင်မှာမဟုတ်ဘူး” အကြီးအကဲလိုင်က ခေါင်းခါရင်း ခါးသီးစွာ ပြုံးလိုက်သည်။

​ ဘာကြောင့်လဲဆိုသော် ဆင်းရဲသားတွေက အရမ်း များနေသောကြောင့်ပင် ဖြစ်သည်။ သူတောင်းစား ပပျောက်ရန်အတွက် ထိုသူများကို ဆင်းရဲတွင်းမှ ကယ်ထုတ်ရန် လိုအပ်သည်။ သို့သော် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ဆင်းရဲတွင်းမှ ကယ်ထုတ်ရန်မှာ မည်မျှ ခက်ခဲလိုက်မည်နည်း။ နတ်ဘုရားများပင် လုပ်နိုင်မည်မဟုတ်ပေ။

​ “ဘယ်သူက မဖြစ်နိုင်ဘူးလို့ ပြောသလဲ။ သူဖုန်းစားဂိုဏ်းဆိုတာ ခေတ်တစ်ခုရဲ့ မူမမှန်တဲ့ ဖြစ်ရပ်တစ်ခုပဲ၊ တစ်နေ့နေ့မှာ ပျောက်ကွယ်သွားရမှာပဲ”

​ “ဝေးဝေးလံလံ ကြည့်မနေနဲ့၊ ငါကိုယ်တော်ရဲ့ မဟာရှနိုင်ငံကိုပဲ ကြည့်လိုက်”

​ လင်းပိုင်ဖန်က ဂုဏ်ယူစွာ ပြောလိုက်သည်။ “ငါ့နိုင်ငံမှာ သူတောင်းစား တစ်ယောက်တောင်မှ တွေ့သလား။ မောင်မင်းတို့ သူဖုန်းစားဂိုဏ်းက ငါ့နိုင်ငံအတွင်းမှာ ဖွံ့ဖြိုးနိုင်ပါ့မလား”

​ အကြီးအကဲလိုင် ထပ်မံ နှုတ်ဆိတ်သွားပြန်သည်။ မဟာရှတွင် လူတိုင်း အေးအေးချမ်းချမ်း နေထိုင်အလုပ်လုပ်ကြပြီး ဝဝလင်လင် စားသောက်နေရသည်။ ဘယ်သူမှ သူတောင်းစား မလုပ်ချင်ကြပေ။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က ရိုးသားစွာ ပြောလာသည်။ “ဒါကြောင့် အကြီးအကဲလိုင်၊ သူတောင်းစားမရှိတဲ့ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ ငါကိုယ်တော်ကို ကူညီမလား။ ငါကိုယ်တော်က ပညာရှိပြီး အရည်အချင်းရှိတဲ့ သူတွေကို အသည်းအသန် လိုအပ်နေတာ။ မောင်မင်းသာ လာမယ်ဆိုရင် ရာထူးကြီးကြီးနဲ့ ဆုလာဘ်တွေက မောင်မင်းအတွက်ပဲ”

​ “မဖြစ်နိုင်တာ။ ကျွန်တော်မျိုးက သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲပါ၊ ကျွန်တော်မျိုးရဲ့ တစ်ဘဝလုံး ဂိုဏ်းအပေါ်မှာပဲ သစ္စာရှိသွားမှာပါ။ ဒါကို ထပ်မပြောပါနဲ့တော့၊ ကျွန်တော်မျိုး ဘယ်တော့မှ သဘောမတူဘူး” အကြီးအကဲလိုင်က ပြတ်သားစွာ ပြောလိုက်သည်။

​ “မောင်မင်း ဂိုဏ်းအပေါ် သစ္စာရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ မောင်မင်းလက်အောက်က ညီအစ်ကိုတွေကိုရော အဲဒီလို သစ္စာတရားမျိုး ရှိစေချင်တာလား။ သူတို့တွေကို မောင်မင်းနဲ့အတူ ငတ်ပြတ်ပြီး အေးစက်တဲ့ ဒုက္ခတွေကို ဆက်ခံစားစေချင်တာလား”

​ “ဒါက...” အကြီးအကဲလိုင် တွန့်ဆုတ်သွားသည်။

​ လင်းပိုင်ဖန်က ဆက်ပြောလိုက်သည်။ “မောင်မင်းက ကိုယ့်ရဲ့ အလားအလာတွေကို ဖျက်ဆီးနိုင်ပေမယ့်၊ မောင်မင်းညီအစ်ကိုတွေရဲ့ အနာဂတ်ကိုတော့ မဖျက်ဆီးသင့်ဘူး။ မောင်မင်း ဘယ်လိုလုပ် ဒီလောက် တစ်ကိုယ်ကောင်းဆန်နိုင်ရတာလဲ”

​ အကြီးအကဲလိုင်သည် နောက်ဆုံးတွင် ဖိအားကို မခံနိုင်တော့ဘဲ “မဟာရှဧကရာဇ်၊ အချိန်လည်း တော်တော် လင့်နေပြီ၊ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိသေးလို့ ခွင့်ပြုပါဦး”

​ လင်းပိုင်ဖန်က ခပ်ဖွဖွ ပြုံးလိုက်ကာ “ကောင်းကောင်းသွားပါ”

​ အကြီးအကဲလိုင် ထွက်ခွာသွားသည်ကို ကြည့်ပြီး ပိုင်ဇူက ဇဝေဇဝါဖြစ်နေသည်။ “အရှင်မင်းကြီး၊ ဘာလို့ သူဖုန်းစားဂိုဏ်းက အကြီးအကဲလိုင်ကို သိမ်းသွင်းဖို့ ကြိုးစားရတာလဲ။ သူက ဂိုဏ်းအပေါ် အရမ်းသစ္စာရှိတာ၊ အောင်မြင်မှာ မဟုတ်ဘူးလေ”

​ လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်သည်။ “မဖြစ်နိုင်ဘူးဆိုတာ ငါကိုယ်တော် သိတယ်၊ ဒါပေမဲ့ သူ့ကနေတစ်ဆင့် လမ်းစတစ်ခု ဖော်ချင်ရုံပဲ”

​ “ဟမ်…” ပိုင်ဇူက လင်းပိုင်ဖန်ကို နားမလည်သလို ကြည့်လိုက်သည်။

​ “သူဖုန်းစားဂိုဏ်းမှာ တကယ်တော့ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ။ သူဖုန်းစားဂိုဏ်းဝင်တွေဆိုတာ သူတောင်းစား အမြောက်အမြားထဲကမှ အတော်ဆုံးတွေကို ရွေးချယ်ထားတာ။ ပညာရပ်ဖြစ်ဖြစ်၊ သိုင်းပညာဖြစ်ဖြစ်၊ တခြားကိစ္စတွေမှာပဲဖြစ်ဖြစ် သူတို့က သာမန်လူတွေထက် ပိုသာကြတယ်”

​ “အိတ် သုံးလုံး၊ လေးလုံးဆောင် တပည့်ဖြစ်လာပြီဆိုရင် သူတို့က ပိုထူးချွန်ကြပြီ။ အခွင့်အရေးသာ ပေးလိုက်ရင် သူတို့က အမြင့်ပျံနိုင်ကြမှာ။ ငါက အဲဒီလို သစ္စာရှိပြီး အောက်ခြေလူတန်းစားကို နားလည်တဲ့ အရည်အချင်းရှိတဲ့ သူတွေကို အများကြီး လိုအပ်နေတာ၊ သူဖုန်းစားဂိုဏ်းကပဲ အဲဒါကို ပေးနိုင်တယ်”

​ “ဒါကြောင့် သူ့ကို ခေါ်ပြီး ဆွေးနွေးတာ၊ သူ့ဆီကနေ အပြောင်းအလဲတစ်ခုရဖို့ မျှော်လင့်ခဲ့တာ။ အခုတော့ တော်တော်လေး ထိရောက်သွားပုံရတယ်”

All Chapters