အခန်း (၂၂၈)
Vol. 20 Ch. 228
လင်းပိုင်ဖန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "မကြာခင်မှာ ငါတို့ဆီကို ထူးချွန်တဲ့ အရည်အချင်းရှိသူတွေ အများကြီး ရောက်လာတော့မယ်"
"ဒါပေမဲ့ အရှင်မင်းကြီး၊ အရှင်က သူဖုန်းစားဂိုဏ်းမှာ အရည်အချင်း ရှိသူတွေ အများကြီးရှိတယ်လို့ ဆိုတယ်မလား။ ဒါပေမယ့် သူတို့က တခြားနိုင်ငံတွေမှာကျတော့ ဘာလို့ မအောင်မြင်နိုင်ကြတာလဲ" ဟု ပိုင်ဇူက နားမလည်နိုင်စွာ ဆက်မေးလိုက်သည်။
"အဲဒါက တင်းကျပ်လွန်းတဲ့ လူတန်းစားစနစ်ကြောင့်ပဲ၊ လမ်းကြောင်းကို အထက်ကနေ ပိတ်ဆို့ထားလို့ပဲ ပြောရမယ်"
လင်းပိုင်ဖန်က ပြုံးလျက် ဆက်ပြောလိုက်သည် "ဒီလောကမှာ နာမည်တစ်လုံးနဲ့ နေရာရဖို့ဆိုတာ အခြေခံအားဖြင့် လမ်းနှစ်သွယ်ပဲ ရှိတယ်။ တစ်ခုက ပညာရပ်ဖြစ်ပြီး နောက်တစ်ခုက သိုင်းပညာပဲ။ ပညာတတ်ရင် နန်းတွင်းမှာ အရာရှိဖြစ်နိုင်သလို သိုင်းပညာထူးချွန်ရင်လည်း လောကကို စိုးမိုးနိုင်တယ်"
"ပညာရပ်ကနေ စပြောရအောင် အဲဒါက သူဖုန်းစားဂိုဏ်းဝင် အတော်များများအတွက် အခက်ခဲဆုံးပဲ။ ငါကိုယ်တော်ကိုပြောစမ်း သူတို့ထဲမှာ ဘယ်နှစ်ယောက်က စာဖတ်တတ်၊ ရေးတတ်လဲ။ သူတို့ကို ထားလိုက်ဦး သာမန်အရပ်သားတွေထဲမှာတောင် ၁၀ ယောက်မှာ ၁ ယောက်တောင် စာမတတ်ကြဘူး"
"ပညာရေးက အရမ်းဈေးကြီးတယ်။ ချမ်းသာတဲ့ မိသားစုတစ်ခုတောင်မှ ပညာတတ်တစ်ယောက်ဖြစ်အောင် ပြိုးထောင်ပေးရင်းနဲ့ စီးပွားပျက်သွားနိုင်တယ်။ ဒါကြောင့် သူဖုန်းစားဂိုဏ်းထဲက လူအများစုမှာ စာသင်ဖို့ အခွင့်အရေးမရှိခဲ့ကြဘူး။ မဟုတ်ရင် သူတို့က သူတောင်းစားဖြစ်တဲ့အထိ နိမ့်ကျသွားမှာ မဟုတ်ဘူး"
"ဒါဟာ သူတောင်းစား ၉၉ ရာခိုင်နှုန်းကို အထက်တန်းလွှာထဲ တက်လှမ်းနိုင်ဖို့ လမ်းကို ထိထိရောက်ရောက် ပိတ်ပင်ထားတာပဲ"
ပိုင်ဇူက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းကြီးရဲ့ စကားက မှန်ကန်ပါတယ်"
"စာဖတ်တတ် ရေးတတ်လာခဲ့ရင်တောင် အရာရှိဘွဲ့ထူးရဖို့နဲ့ နန်းတွင်းမှာ အမှုထမ်းဖို့ စာမေးပွဲအောင်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရတာထက်တောင် ခက်ခဲသေးတယ်။ ဘာလို့လဲဆိုတော့ မင်းစာတတ်သလို တခြားသူတွေလည်း စာတတ်ကြတာပဲ။ အဲဒီအပြင် သူတို့က ငယ်စဉ်ကတည်းက နာမည်ကြီးဆရာတွေဆီမှာ စနစ်တကျ သင်ယူခဲ့ရပြီး၊ စာအုပ်စာပေ အစုံအလင်နဲ့ ပျိုးထောင်ခံခဲ့ရသူတွေ။ သူတို့က မင်းထက် ဘယ်လိုလုပ် ညံ့ပါ့မလဲ။ မင်းသာ စာမေးပွဲသွားဖြေရင် သူတို့အတွက် ခြံရံပေးတဲ့ အရန်လူ လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်"
လင်းပိုင်ဖန်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည်။ "အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ပြီး ရာထူးတစ်ခု ရလာခဲ့ရင်တောင် ရာထူးတက်ဖို့က ပိုတောင်ခက်ဦးမယ်။ ဘာလို့လဲဆိုတော့ နန်းတွင်းဆိုတာ အခြေခံအားဖြင့် ကြီးမြတ်တဲ့ အထက်တန်းလွှာ မိသားစုကြီးတွေကပဲ လက်ဝါးကြီးအုပ်ထားတာ။ မင်းမှာ သူတို့နဲ့ ဘာအဆက်အသွယ်၊ ဘာအကျိုးစီးပွားမှ မရှိဘဲနဲ့ သူတို့က မင်းကို ဘာလို့ ကူညီမှာလဲ။ အရာရှိရာထူးဆိုတာကလည်း လူတစ်ယောက်အတွက် တစ်နေရာပဲ ရှိတာ၊ သူတို့က အဲဒီနေရာတွေကို သူတို့လူတွေအတွက်ပဲ ချန်ထားမှာပေါ့"
"နောက်ခံအာဏာမရှိတဲ့ လူတစ်ယောက်အနေနဲ့ မင်းက သူတို့ကို ဘယ်လို ယှဉ်နိုင်မှာလဲ"
လင်းပိုင်ဖန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည် "ဒါကြောင့် ဒီလမ်းကြောင်းက အခြေခံအားဖြင့် ပိတ်ဆို့နေတာပဲ"
"ဒါဆို သိုင်းပညာကျတော့ကော"
ပိုင်ဇူက ဆက်မေးလိုက်သည်။ "စာသင်ဖို့က မဖြစ်နိုင်ဘူးဆိုရင် သိုင်းပညာမှာတော့ အခွင့်အလမ်း အနည်းငယ် ရှိနိုင်တာပေါ့"
"သိုင်းပညာသင်ယူရတာက စာသင်ရတာထက်တောင် ပိုခက်သေးတယ်"
လင်းပိုင်ဖန်က ရှင်းပြလိုက်သည်။ "စာသင်ဖို့ဆိုရင် ပုံမှန်ဦးနှောက်ရှိရုံနဲ့ ဆက်လုပ်သွားလို့ ရတယ်။ ဒါပေမဲ့ သိုင်းပညာအတွက်က သန်မာတဲ့ ကိုယ်ခန္ဓာရှိရုံနဲ့ မလုံလောက်ဘူး ပါရမီပါတဲ့ ဖွဲ့စည်းပုံရှိဖို့ လိုတယ်။ အဲဒါက ရှိရင်ရှိ၊ မရှိရင် သိုင်းပညာ သင်လို့မရဘူး"
"ပါရမီနဲ့ အရည်အချင်း မရှိရင် သိုင်းပညာ သင်ချင်ရင်တောင် ခက်ခဲတယ်။ အဲဒါက မွေးရာပါ ပါလာတာ မင်းဘယ်လောက်ပဲ တောင်းပန်တောင်းပန် ရနိုင်တဲ့အရာ မဟုတ်ဘူး။ ပိုင်ဇူ…၊ မင်းက သိုင်းပညာရှင်တစ်ယောက်ဆိုတော့ ဒါကို သိမှာပါ"
"အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ သိုင်းပညာသင်ဖို့ဆိုတာ မှန်ကန်တဲ့ ပါရမီရှိရမယ်၊ အတင်းအဓမ္မ လုပ်လို့ မရဘူး။ ကျွန်မရဲ့ ဆရာက တစ်ခါပြောဖူးတယ်၊ သူက ဆက်ခံသူတစ်ယောက် ရှာဖို့ နိုင်ငံပေါင်း တစ်ရာကျော်ကို လှည့်လည်ခဲ့ပေမဲ့ လူသန်းပေါင်းများစွာထဲကမှ သင့်တော်သူ တစ်ယောက်၊ နှစ်ယောက်ပဲ တွေ့ခဲ့ရတယ်တဲ့။ အဲဒီလို ပါရမီရှင်မျိုး ရှာရတာ အရမ်းခက်တယ်"
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ကာ "ဟုတ်တယ် အဲဒီလောက်အထိ ခက်တာ။ လူတစ်ရာမှာ သိုင်းပညာ ပါရမီပါတဲ့သူ တစ်ယောက်တွေ့ဖို့တောင် မလွယ်ဘူး။ သူတောင်းစားတွေထဲမှာဆိုရင် ပိုတောင် ရှားသေးတာပေါ့။ သူတို့ထဲက အများစုက သိုင်းပညာသင်ဖို့ အကောင်းဆုံးအချိန်ကို ကျော်လွန်သွားကြပြီ။ သူတို့ရဲ့ အရိုးတွေက မာကုန်ကြပြီ ပါရမီရှိရင်တောင် ကြီးကြီးမားမား ဖြစ်လာဖို့ မလွယ်တော့ဘူး"
"သိုင်းပါရမီရှိရုံနဲ့လည်း မပြီးသေးဘူး မင်းကို ပညာသင်ပေးမယ့် ဆရာကိုလည်း ရှာရဦးမယ်။ မင်းမှာ ဘာမှမရှိဘဲနဲ့ မင်းကို ဘယ်သူက သင်ပေးမှာလဲ။ မင်းက လူတစ်သောင်းမှာ တစ်ယောက်တွေ့ရခဲတဲ့ ပါရမီရှင်မျိုး ဖြစ်မှသာ တစ်စုံတစ်ယောက်က မင်းကို ခြွင်းချက်အနေနဲ့ တပည့်အဖြစ် လက်ခံမှာ"
"ဒါတင်မကသေးဘူး သိုင်းသင်တဲ့ လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်တွေက မလွဲမသွေ ရှိလာမှာပဲ။ ကိုယ်ခန္ဓာသန်မာဖို့ အသား၊ငါးတွေ စားပြီးတော့ အာဟာရဖြည့်ရမယ်။ သိုင်းကျင့်ရင်း ဒဏ်ရာရတာတွေ ရှိနိုင်လို့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးဖို့ ဆေးဝါးတွေလည်း အများကြီး ဝယ်ရဦးမယ်။ မဟုတ်ရင် ရောဂါအနာအဆာတွေ ကျန်ခဲ့လိမ့်မယ်။ အဲဒီကုန်ကျစရိတ်တွေက စာသင်တာထက် ပိုများတယ်၊ 'ဆင်းရဲရင် စာသင်၊ ချမ်းသာရင် သိုင်းလေ့ကျင့်' ဆိုတဲ့ စကားက အကြောင်းမဲ့ ရှိလာတာ မဟုတ်ဘူး"
"ဒါတွေအားလုံးက သူတောင်းစားတွေအတွက် ခက်ခဲလွန်းတယ်။ သူတို့မှာ သူတောင်းစားလုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး။ ဒါပေမဲ့ သူတို့က တခြားသူတွေထက် တကယ်ပဲ နိမ့်ကျနေလို့လား"
လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်ကာ "လုံးဝမဟုတ်ဘူး။ အဆင့်နိမ့် တပည့်တစ်ယောက်ဖြစ်ရင်တောင် သူတို့က သူတောင်းစား ထောင်ပေါင်းများစွာထဲကနေ ရုန်းထွက်လာခဲ့တဲ့ သူတွေပဲ။ သူတို့မှာ အရည်အချင်းရှိတာ သေချာတယ်၊ သူတို့မှာ မရှိတာက အခွင့်အရေးပဲ။ ငါက သူတို့ကို အဲဒီအခွင့်အရေး ပေးမယ်"
ပိုင်ဇူက ခေါင်းညိတ်လိုက်ကာ "အရှင်မင်းကြီး ပြောတာ မှန်ကန်လှပါတယ်"
"တကယ်တော့ အားလုံးကို ခြုံကြည့်လိုက်ရင် သူတောင်းစား အများစုအတွက်က ဝဝလင်လင် စားရရုံနဲ့တင် ကျေနပ်နေကြပြီ။ နေစရာအိမ်၊ တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိရင် ဒါက ဘဝရဲ့ အထွတ်အထိပ်ပဲ။ ဇနီးမယားနဲ့ သားသမီးတွေပါ ရှိလာမယ်ဆိုရင်တော့ သူတို့ဘဝက ပြည့်စုံသွားပြီလို့ ဆိုနိုင်တယ်။ သူဖုန်းစားဂိုဏ်းက ဒါတွေကို မပေးနိုင်ဘူး ဒါပေမဲ့ ငါကိုယ်တော်က ပေးနိုင်တယ်။ သူတို့သာ လာရဲမယ်ဆိုရင် ဆင်းရဲတွင်းက လွတ်မြောက်ဖို့ အခွင့်အရေးရှိမယ်။ တိုက်ပွဲဝင်ဖို့နဲ့ စွန့်စားဖို့ သတ္တိရှိမယ်ဆိုရင် သူတို့ နေရာရဖို့ အခွင့်အရေးရှိမယ်။ ဒါက တစ်သက်လုံး သူတောင်းစားလုပ်နေရတာထက် မသာဘူးလား"
……
လင်းပိုင်ဖန် စကားပြောနေချိန်မှာပဲ အကြီးအကဲ လိုင် က နန်းတော်ထဲကနေ ထွက်လာခဲ့လေပြီ။
အပြင်မှာ စိုးရိမ်တကြီး စောင့်နေကြတဲ့ သူဖုန်းစားဂိုဏ်းဝင်တွေက အကြီးအကဲ လိုင် အန္တရာယ်ကင်းကင်း ထွက်လာတာကို မြင်တော့ ဝမ်းသာအားရ ဝိုင်းအုံလာကြသည်။
"အကြီးအကဲ နောက်ဆုံးတော့ ထွက်လာပြီပဲ၊ ကျွန်တော်တို့ တော်တော်စိုးရိမ်နေတာ"
"ကျွန်တော်တို့ စောင့်နေတာ ကြာပြီ၊ အခုပဲ နန်းတော်ထဲ အတင်းဝင်တော့မလို့"
"အကြီးအကဲ၊ မဟာရှ ဧကရာဇ်က အကြီးအကဲကို တစ်ခုခု နှိပ်စက်တာမျိုး လုပ်သေးလား"
"ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ သူဖုန်းစားဂိုဏ်းသားတွေ စုပြီး သူ့ကို ပညာပေးလိုက်မယ်"
စိတ်ပူနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး အကြီးအကဲ လိုင်က အသာအယာ ပြုံးပြလိုက်ကာ "အားလုံးပဲ စိတ်အေးအေးထားကြပါ။ မဟာရှဧကရာဇ်က ငါ့ကို ဘာမှ ဒုက္ခမပေးပါဘူး။ သူက လောကအရေးကိစ္စလေးတွေ စကားစမြည်ပြောဖို့ ခေါ်လိုက်တာပါ။ အခု အားလုံး အဆင်ပြေသွားပြီ၊ ပြန်ကြရအောင်"
သူတို့က ပျက်စီးနေတဲ့ အိမ်အိုကြီးတစ်လုံးမှာ ယာယီအခြေချပြီး စားစရာအတွက် လူအချို့ကို တောင်းရမ်းဖို့ လွတ်လိုက်သည်။
မကြာခင်မှာပဲ ထိုသူတို့ ပြန်လာခဲ့ကြသည်။ ခွက်တွေထဲမှာ စားစရာတွေ ပြည့်လျှံနေပြီး အသားတွေတောင် ပါလာတာကြောင့် သူတောင်းစားတွေမှာ သွားရည်ကျကုန်ကြသည်။ အခုအချိန်မှာ မဟာရှနိုင်ငံက လူအများစုက ဆင်းရဲတွင်းက လွတ်မြောက်ပြီး ချမ်းသာကြွယ်ဝနေကြပြီဖြစ်လို့ မပေးအကမ်း အရမ်းရက်ရောကြသည်။ ထိုညတွင် ကောင်းမွန်လှတဲ့ ညစာကို စားသောက်ပြီးနောက် သူတို့ အနားယူခဲ့ကြသည်။
သို့သော် သူဖုန်းစားဂိုဏ်းဝင်တွေကတော့ အိပ်မပျော်နိုင်ကြဘဲ အတွေးနယ်ချဲ့နေကြသည်။
မဟာရှနိုင်ငံဟာ တကယ်ပဲ ရွှေပုံပေါ်နေတဲ့ မြေလိုပါပဲ။ အလုပ်သာကြိုးစားရင် ချမ်းသာလာနိုင်တယ်၊ အိမ်ဝယ်နိုင်တယ်၊ မိသားစုလည်း ထူထောင်နိုင်တယ်။ ဒါက တစ်သက်လုံး သူတောင်းစားလုပ်နေရတာထက် ပိုမကောင်းပေဘူးလား။
ယခင်က အခွင့်အရေးမရှိလို့ ထားလိုက်ဦး၊ အခုက အခွင့်အရေးက ရှေ့မှာ ရှိနေပြီလေ။
အလုပ်လုပ်ချင်စိတ်သာရှိရင် စားဝတ်နေရေးက အဆင်ပြေသွားမည် ဖြစ်သည်။ အလုပ်ကြိုးစားရင် အောင်မြင်လာမယ်။ အရင်က သူတို့လိုပဲ သူတောင်းစားဖြစ်ခဲ့တဲ့ အာတန်ဇီတောင် အခုဆို အကုန်လုံး ပြည့်စုံနေပြီပဲ၊ ငါတို့ကော ဘာလို့ မဖြစ်နိုင်ရမှာလဲ….။
သူတို့ရဲ့ နှလုံးသားတွေက လှုပ်ရှားလာကြသည်။
အကြီးအကဲ လိုင်လည်း အိပ်မပျော်နိုင်ဘဲ လင်းပိုင်ဖန် ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်နေသည်။
"မောင်မင်းက သူဖုန်းစားဂိုဏ်းအပေါ် သစ္စာရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မောင်မင်းရဲ့ ညီအစ်ကိုတွေကော အဲဒီလို သစ္စာတရားမျိုး ရှိလိမ့်မယ်လို့ မောင်မင်း မျှော်လင့်နေတာလား"
"မောင်မင်းနဲ့အတူ သူတို့ကို ငတ်မွတ်ပြီး ချမ်းအေးတဲ့ဒဏ်ကို ဆက်လက် ခံစားစေချင်တာလား"
"မောင်မင်းက မောင်မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးချင် ဖျက်ဆီးနိုင်တယ်။ ဒါပေမဲ့ မောင်မင်း ညီအစ်ကိုတွေရဲ့ အနာဂတ်ကိုတော့ မဖျက်ဆီးသင့်ဘူး"
"မောင်မင်းက ဘာလို့ အဲဒီလောက် အတ္တကြီးရတာလဲ"
ဒီစကားတွေက သူ့ရဲ့ ကျောရိုးထဲအထိ စိမ့်ဝင်ပြီး နှိပ်စက်နေသလို ခံစားနေရသည်။
အကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်း ပျက်စီးသွားမှာကို မကြည့်ရက်ပေမဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့လည်း ညီအစ်ကိုတွေ ဆင်းရဲတွင်းမှာ ဆက်ရှိနေတာကို မကြည့်ရက်နိုင်ပြန်ခဲ့ပေ။
အဆုံးမှာတော့ ဒါဟာ သစ္စာတရားနဲ့ မေတ္တာတရား ကြားမှာ ဗျာများနေရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့သည်။ နောက်ပြီး သူတို့ကို ထွက်မသွားအောင် တားဆီးဖို့ကလည်း မဖြစ်နိုင်တော့ဘူး မဟုတ်လား။ သူတို့ရဲ့ စိတ်နှလုံးတွေက ဂိုဏ်းမှာ မရှိတော့ဘဲ ကောင်းမွန်တဲ့ ဘဝတစ်ခုဆီ ရောက်နေကြပြီပဲလေ။
"ဟူး… ခက်လိုက်တာ"
အကြီးအကဲ လိုင်တစ်ယောက် ထိုညတွင် အိပ်မပျော်နိုင်ခဲ့ပေ။
နောက်ထပ် နှစ်ရက်ကြာအောင် သူတို့ မဟာရှမြို့တော်မှာ ဆက်နေခဲ့ကြပေမဲ့ အဖွဲ့ဝင်သစ် တစ်ယောက်မှ ထပ်မရခဲ့ပေ။ တကယ်တော့ သူတောင်းစားတစ်ယောက် ရှာရတာကိုက ခက်ခဲနေတာပင် ဖြစ်သည်။
ဒါပေမဲ့ သူတို့အတွက် ရလဒ်တစ်ခုတော့ ရှိခဲ့တယ်။ မြို့တော်ရဲ့ သာယာဝပြောမှုကို မြင်ခဲ့ရပြီး ဘဝကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေကို သိခဲ့ရပြီပဲ ဖြစ်သည်။
ဝဝလင်လင် စားချင်လား မဟာရှနိုင်ငံကိုသာ လာခဲ့။
အိမ်ကြီးအိမ်ကောင်းနဲ့ နေချင်လား မဟာရှနိုင်ငံကိုသာ လာခဲ့။
မိသားစုကို ထောက်ပံ့ချင်သလား မဟာရှနိုင်ငံကိုသာ လာခဲ့။
လူတောတိုးချင်သလား မဟာရှနိုင်ငံကိုသာ လာခဲ့။
မဟာရှနိုင်ငံက အခွင့်အရေးတွေနဲ့ ပြည့်နေပြီး ရွှေပုံပေါ်နေတဲ့ နိုင်ငံပဲ။ မင်းသာ လာခဲ့ရင် အဝတ်အစား ကောင်းကောင်း ဝတ်ရပြီး၊ အဆင့်အတန်း မြင့်လာမှာက အသေအချာပင်။