← Chapters

အခန်း (၂၂၉)

Vol. 20 Ch. 229

အခန်း (၂၂၉)

Vol. 20 Ch. 229

​ထိုညတွင် အကြီးအကဲ လိုင် သည် အရေးကြီးကိစ္စတစ်ခုကို ကြေညာရန် လူအားလုံးကို စုဝေးစေခဲ့သည်။

​ “ကဲ... ကြည့်ရသလောက်တော့ ဒီမှာ ငါတို့ရဲ့ ညီအစ်ကိုတွေ တစ်ယောက်မှ ရှိမနေတော့ဘူး။ မဟာရှနိုင်ငံဟာ ငါတို့ သူဖုန်းစားဂိုဏ်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြေနေရာ မရှိဘူး။ ဒါကြောင့် မဟာရှကနေ မနက်ဖြန်မှာ စတင်ထွက်ခွာမယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ”

​ သူဖုန်းစားဂိုဏ်း တပည့်များမှာ ထိတ်လန့်သွားကြပြီး သူ့ကို ဝိုင်းဝန်းဖျောင်းဖျကြတော့သည်။

​ “အကြီးအကဲ... ဒီလောက်အစောကြီး ပြန်တော့မလို့လား”

“နောက်ထပ် နည်းနည်းလောက် ထပ်ရှာကြည့်ရအောင်ပါ၊ ဖြစ်နိုင်ရင် ကျွန်တော်တို့ ညီအစ်ကို တချို့ကို ရှာတွေ့နိုင်ဦးမှာပါ”

“အကြီးအကဲ... နောက်ထပ် နှစ်ရက်လောက်တော့ ဆက်နေကြရအောင်ဗျာ”

​ “မင်းတို့က ဒီမှာ နှစ်သစ်ကူးတဲ့အထိ နေချင်နေကြတာလား” အကြီးအကဲလိုင်က တွန့်ဆုတ်နေသော တပည့်တစ်စုကို စိုက်ကြည့်ရင်း အော်ဟောက်လိုက်သည်။

​ “အကြီးအကဲ... အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး...” တပည့်များက ရှက်ကိုးရှက်ကန်း အပြုံးများဖြင့် ပြန်ဖြေလိုက်ကြသည်။

​ အကြီးအကဲလိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ကာ “တကယ်တော့ မင်းတို့ စိတ်ထဲမှာ ဘာရှိလဲဆိုတာ ငါ နားလည်ပါတယ်။ မင်းတို့ မဟာရှနိုင်ငံမှာပဲ ဆက်နေချင်ကြတာပဲမလား။ ဘာလို့လဲဆိုတော့ ဒီမှာ မင်းတို့တွေ ဆင်းရဲတွင်းက လွတ်ပြီး မင်းတို့ လိုချင်တဲ့ ဘဝမျိုးနဲ့ နေခွင့်ရနေလို့ပဲ မဟုတ်လား”

​ “အကြီးအကဲ...” တပည့်များမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။

​ “ငါ မင်းတို့ရဲ့ အတွေးတွေကို အပြည့်အဝ နားလည်ပါတယ်” ဟု အကြီးအကဲက ပြောလိုက်သည်။ “မင်းတို့ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေချင်ကြတာပဲ၊ အဲ့ဒါ ဘာမှ မမှားပါဘူး။ ငါက အကျိုးအကြောင်း မသိတဲ့သူ မဟုတ်ပါဘူး”

​ အကြီးအကဲလိုင်က ထပ်မံသက်ပြင်းချလိုက်ကာ တံခါးဝကို လက်ညှိုးထိုးပြရင်း “ကဲ... ဒါဆိုရင် ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ မဟာရှနိုင်ငံမှာပဲ နေချင်တဲ့သူရှိရင် အခုပဲ ထွက်သွားကြ။ အဲ့ဒီတံခါးကနေ အပြင်ကို ထွက်သွားပါ၊ ငါ မင်းတို့ကို အပြစ်မတင်ဘူးလို့ ကတိပေးတယ်”

​ “အကြီးအကဲ” အားလုံးက ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။

​ အကြီးအကဲက တကယ်ပဲ သူတို့ကို နေခဲ့ဖို့အတွက် ခွင့် တကယ်ကြီး ပေးနေတာလား။ ဒါမှမဟုတ် ဒါဟာ နောက်ပြောင်မှုတစ်ခုပဲလား…

​ အကြီးအကဲလိုင်က တင်းမာသော မျက်နှာထားဖြင့် “ဒါဟာ မင်းတို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။ အခုမှ မထွက်သွားရင် နောက်မှ ထွက်ဖို့ မစဉ်းစားနဲ့တော့။ ငါနဲ့အတူ သူဖုန်းစားဂိုဏ်းကို ငြိမ်ငြိမ်သက်သက်ပဲ ပြန်လိုက်ခဲ့ကြတော့”

​ တပည့်များမှာ အချင်းချင်း ကြည့်ရင်း အလွန်ပင် ဝေခွဲမရ ဖြစ်နေကြသည်။

​ ထိုစဉ် ဂိုဏ်းမှ ဝါရင့်တပည့်တစ်ဦး ရှေ့သို့ တက်လာပြီး “အကြီးအကဲ... ကျွန်တော် အကြီးအကဲအပေါ် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က မိသားစု သုံးဆက်မှာ တစ်ဦးတည်းသော သားဖြစ်နေလို့ ကျွန်တော့်ရဲ့ မျိုးဆက်ကို ကျွန်တော့်လက်ထက်မှာ အဆုံးမသတ်စေချင်ပါဘူး။ ကျွန်တော့်အမေ မဆုံးခင်က အကြီးမားဆုံး နောင်တက၊ ကျွန်တော် အိမ်ထောင်ကျပြီး သားသမီးရတာကို မမြင်သွားရတာပါ။ ဒါကြောင့် ကျွန်တော် ဒီမှာနေပြီး မိန်းမယူ၊ သားသမီးယူဖို့ အခွင့်အရေး ရှာရပါလိမ့်မယ်။ တကယ်ပဲ တောင်းပန်ပါတယ်”

​ ထိုသို့ပြောပြီးနောက် သူသည် ဒူးထောက်ကာ ကြမ်းပြင်နှင့် ခေါင်းတိုက်၍ သုံးကြိမ်တိုင်တိုင် ကန်တော့ပြီး ပြတ်ပြတ်သားသားပင် ထွက်ခွာသွားတော့သည်။

​ ပထမတစ်ယောက် ထွက်သွားပြီးနောက် ဒုတိယမြောက် သူတောင်းစားလေးတစ်ဦးက အမြန်ပင် ပြောလာသည်။

​ “အကြီးအကဲ... ကျွန်တော်လည်း အကြီးအကဲကို ခွဲခွာရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဆုံးမရှိတဲ့ ဒီလို ဆင်းရဲပင်ပန်းတဲ့ ဘဝထဲမှာ ကျွန်တော် မနေချင်တော့လို့ပါ။ ကျွန်တော် ငယ်သေးတယ်၊ ကျွန်တော် လူရာဝင်ချင်တယ်၊ အောင်မြင်မှုတွေ ရချင်တယ်၊ စစ်သူကြီး ဖြစ်ချင်တယ်၊ ပြီးတော့ မိန်းမယူပြီး သားသမီးတွေ အများကြီး ရချင်တယ်။ ဒါကြောင့် တောင်းပန်ပါတယ် အကြီးအကဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

​ သူသည်လည်း သုံးကြိမ်တိုင်တိုင် ကန်တော့ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

​ ထို့နောက် တတိယတစ်ယောက်၊ စတုတ္ထတစ်ယောက်၊ ပဥ္စမတစ်ယောက်.....

​ လူတိုင်းသည် သူတို့၏ အခက်အခဲများကို အရင်ပြောပြကြပြီးမှ သုံးကြိမ်စီ ကန်တော့ကာ ဤနေရာမှ ထွက်ခွာသွားကြသည်။ အကြီးအကဲလိုင်သည် သူတို့ကို လက်လွှတ်ရသည်မှာ အလွန်ပင် နှမြောနေခဲ့သော်လည်း သူတို့အတွက် စိတ်ရင်းဖြင့် ဆုတောင်းပေးခဲ့သည်။

​ နောက်ဆုံးတွင် အားလုံး ထွက်သွားကြပြီ ဖြစ်သည်။ အကြီးအကဲလိုင်သည် လူသူကင်းမဲ့နေသော အိမ်အိုကြီးကို ကြည့်ကာ ခါးသီးသော အပြုံးဖြင့် ရယ်မောလိုက်သည်။

​ “အားလုံး သွားကြပြီပေါ့...။ ဒီလိုဖြစ်တာလည်း ပိုကောင်းပါတယ်၊ သူဖုန်းစားဂိုဏ်းထဲမှာ တစ်သက်လုံး သူတောင်းစား လုပ်နေရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်”

​ အတိအကျပင်၊ လူတစ်ယောက် အပြေးအလွှား ပြန်ဝင်လာခဲ့သည်။

​ အကြီးအကဲလိုင်၏ မျက်လုံးများ တောက်ပသွားပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် - “ရှောင်ဟေး... မင်း ပြန်လာတာပဲ။ မင်းတစ်ယောက်ပဲ ဂိုဏ်းအပေါ် သစ္စာအရှိဆုံးပဲ”

​ သို့သော် ထိုသူမှာ အလန့်တကြားဖြစ်သွားပြီး လက်ကို ခါယမ်းကာ “အကြီးအကဲ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်တော် ပစ္စည်းတစ်ခု ကျန်ခဲ့လို့ ပြန်လာယူတာပါ။ ပစ္စည်းယူပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားမှာပါ၊ ကျွန်တော် ပြန်မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့”

​ သူသည် ကြမ်းပြင်ပေါ်မှ အထုပ်ကို ကောက်ယူကာ အရင်ကထက် ပိုမြန်သော အရှိန်ဖြင့် တံခါးအပြင်သို့ အပြေးထွက်သွားတော့သည်။

​ အကြီးအကဲလိုင်မှာ သွေးအန်မတတ် ခံစားလိုက်ရပြီး မျက်ရည်များ စီးကျလာကာ အော်ဟစ်ရယ်မောလိုက်သည်။ သူ ရယ်နေတာလား၊ ငိုနေတာလား ဆိုတာကိုပင် သူ မသိနိုင်တော့ပေ….။

​ နောက်တစ်နေ့ မနက်တွင် အကြီးအကဲလိုင်သည် ထွက်မသွားသေးဘဲ ပုန်းကွယ်နေပြီး သူဖုန်းစားဂိုဏ်း တပည့်များ၏ နောက်သို့ တိတ်တဆိတ် လိုက်ကြည့်နေခဲ့သည်။

​ သူတို့တွေ မျှော်လင့်ချက်အပြည့်နဲ့ အစိုးရထံ မှတ်ပုံတင်နေကြတာတွေ၊ မိုင်းတွင်းမှာ အလုပ်လုပ်ပြီး အိမ်တွေ ဆောက်နေကြတာတွေ၊ ထမင်းပူပူတွေကို စားသောက်နေကြတာနှင့် သူတို့မျက်နှာပေါ်က အပြုံးတွေကို ကြည့်ရင်း သူ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

​ သူသည် မဟာရှနိုင်ငံမှ ချက်ချင်း မထွက်ခွာဘဲ အခြားတပည့်များ မည်သို့နေထိုင်နေကြသည်ကို လိုက်လံကြည့်ရှုခဲ့သည်။ အားလုံးသည် အရင်ကထက် အဆပေါင်းများစွာ သာယာဝပြောစွာ နေထိုင်နေကြသည်။

​ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော တပည့်တစ်ဦးမှာလည်း ဖခင်အသစ်တစ်ဦး၏ ဂုဏ်ယူဝင့်ကြွားသော အပြုံးများဖြင့် ရှိနေသည်ကို တွေ့လိုက်ရသောအခါ အကြီးအကဲလိုင်က “ငါ့ရဲ့ ရွေးချယ်မှုက မှန်ခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

​ သူသည် လူချင်းသွားမတွေ့ဘဲ ငွေ​တေး အနည်းငယ်ကို တိတ်တဆိတ် ထားခဲ့ပေးခဲ့သည်။ မသိလိုက်ဘဲနှင့် သူသည် မဟာရှနိုင်ငံ၏ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။ သူ လာစဉ်က လူပေါင်း သုံးဆယ်ကျော် ပါလာခဲ့သော်လည်း သူ ပြန်သွားချိန်တွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

​ အကြီးအကဲလိုင်သည် မဟာရှနိုင်ငံကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်ကာ ထွက်ခွာသွားခဲ့သည်။ သို့သော် မကြာမီမှာပင် မဟာရှနိုင်ငံထဲသို့ ခိုးဝင်လာသော သူဖုန်းစားဂိုဏ်း တပည့်များမှာ ပိုမိုများပြားလာခဲ့သည်။

​ လင်းပိုင်ဖန်ကမူ တိတ်တဆိတ်ပင် ပြုံးလိုက်သည်။ သူ၏ အစီအစဉ်က အောင်မြင်ခဲ့ပြီ ဖြစ်သည်။

​ ‘သူဖုန်းစားဂိုဏ်းက ပါရမီရှင်တွေ၊ ငါ့ ခွက်ထဲကို လာခဲ့ကြစမ်း။ ငါကိုယ်တော်က လူတိုင်းကို ကြိုဆိုနေတယ်’

​…….

​ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆောင်းရာသီ ရောက်တော့မည် ဖြစ်သည်။ မဟာရှနိုင်ငံသည် ပြည်ပခြိမ်းခြောက်မှုနှင့် ပြည်တွင်းပဋိပက္ခများ ကင်းဝေးနေသဖြင့် အေးချမ်းသာယာနေသော်လည်း ပတ်ဝန်းကျင်ရှိ မဟာရွှယ်၊ မဟာကျူ နှင့် မဟာရှီ နိုင်ငံများမှာမူ စစ်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

​ ယခုအခါ ထိုစစ်ပွဲကြီးမှာ အဖြေထွက်လာခဲ့ပြီး ခန့်မှန်းထားသလိုပင် မဟာရွှယ်ကသာ အနိုင်ရရှိခဲ့သည်။ မဟာရွှယ်သည် စစ်အင်အားနှင့် ကျွမ်းကျင်ပညာရှင် အများအပြား ရှိသဖြင့် မဟာမိတ်တပ်များကို အနိုင်ယူကာ နယ်မြေများကို သိမ်းပိုက်ခဲ့သည်။

​ လင်းပိုင်ဖန်သည် ညီလာခံတစ်ခုကို ခေါ်ယူခဲ့ပြီး မေးမြန်းလိုက်သည် - “အမတ်မင်းတို့... မောင်မင်းတို့ရဲ့ အမြင်က ဘယ်လိုရှိသလဲ”

​ မဟာဗိုလ်ချုပ်ကြီး ချိုင်ယူလန်က ထရပ်ကာ “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကတော့ အခြေအနေကို စောင့်ကြည့်ပြီး တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ကြည့်နေတဲ့သူလိုပဲ နေသင့်ပါတယ် ”

​ “ဘာဖြစ်လို့လဲ” လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။

​ “ဘာလို့လဲဆိုတော့ အဲ့ဒီနိုင်ငံတွေအားလုံးက ကျွန်တော်မျိုးတို့ရဲ့ ရန်သူတွေမို့လို့ပါပဲ။ သူတို့အချင်းချင်း တိုက်ခိုက်လို့ အင်အားနည်းသွားတာက ကျွန်တော်မျိုးတို့အတွက် အကျိုးရှိပါတယ်”

​ “မဟာရွှယ်က အခြားနိုင်ငံတွေကို ချေမှုန်းပြီးရင် ငါတို့ဆီကို လှည့်လာမှာကို မစိုးရိမ်ဘူးလား”

​ ဗိုလ်ချုပ်ချိုင်က ဂုဏ်ယူစွာဖြင့် “မစိုးရိမ်ပါဘူး အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံရဲ့ အင်အားဟာ အခုဆိုရင် မင်းဆက်တစ်ခုနဲ့ ရင်ဘောင်တန်းနိုင်နေပါပြီ။ ကောင်းကင်၊ မြေပြင်နဲ့ လူသားစစ်သူကြီး တို့ကိုသာ လွှတ်လိုက်ရင် ရန်သူတွေ ပြန်လှည့်ဖို့တောင် အခွင့်အရေး မရှိတော့တာ သေချာပါတယ်”

​ မြှောက်ပင့်စကားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ လင်းပိုင်ဖန်က ဝမ်းသာအားရ ရယ်မောလိုက်ပြီး “အမတ်မင်းတို့... ကောင်းလိုက်တဲ့ စကားတွေပဲ။ ကဲ... အခု ဒီစစ်ပွဲကနေ မဟာရှနိုင်ငံအတွက် အကြီးမားဆုံး အကျိုးအမြတ်တွေ ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးကြရအောင်”

​ အမတ်များက နယ်မြေချဲ့ထွင်ရန်၊ အခွန်ပဏ္ဏာ တောင်းခံရန်နှင့် သယံဇာတများ လုယက်ရန် အသီးသီး အကြံပြုကြသော်လည်း လင်းပိုင်ဖန်ကတော့ ကျေနပ်ခြင်း မရှိသေးပေ။ ထိုအချိန်တွင် ယွမ်ထျန်းကန်း ရှေ့သို့ တက်လာခဲ့သည်။

All Chapters