← Chapters

အခန်း (၂၈၁)

Vol. 29 Ch. 281

အခန်း (၂၈၁)

Vol. 29 Ch. 281

စုန့်ရှီးယန်တစ်ယောက် စုန့်စစ်ယွီ အိမ်ထဲသို့ဝင်သွားပြီး တံခါးပိတ်သွားသည်အထိ ကြည့်နေပြီးမှ အကြည့်လွှဲလိုက်လေ၏။

စုန့်စစ်ယွီနှင့် ထိုအဒေါ်ကြီးတို့၏ စကားပြောဆိုမှုက တိုတောင်းလွန်းသော်လည်း စုန့်ရှီးယန်အနေဖြင့် အခြေအနေကို နားလည်နိုင်ရန်အတွက် အချက်အလက်များကိုလုံလောက်စွာရရှိလာခဲ့ပေပြီ။

ယခုအခြေအနေမှာ စုန့်စစ်ယွီမှ တစ်စုံတစ်ခုသော အကြောင်းပြချက်ဖြင့် အိမ်ပေါ်မှ ဆင်းလာပုံရပြီး တရားဝင်ထောက်ခံစာ မရှိသည့် တခြားလူတစ်ယောက်၏ အိမ်တွင် “တရားမဝင် နေထိုင်သူ”အဖြစ် နေထိုင်နေပုံရသည်။

ဘာတွေဖြစ်နေတာလဲ။

စုန့်ရှီးယန်အနေဖြင့် သူတစ်ပါး၏အကြောင်းကို စပ်စုတတ်သူ မဟုတ်သော်လည်း တစ်ဖက်လူမှာ ယခင်က လင်းရန်ကိုနှိပ်စက်ခဲ့ဖူးသူ ဖြစ်နေပေသည်။

ထို့အပြင် လင်းမိသားစုသည်လည်း စုန့်မိသားစုကို မုန်းတီးနေကြောင်းကို သူ သိထားခဲ့သည်။

ဒီလိုဆိုမှတော့ ဒီကိစ္စကို သူ ဘာလို့ သွားမစုံစမ်းဘဲနေရမှာလဲ?

လင်းရန်နဲ့ လင်းမိသားစုကို ပျော်ရွှင်စေမဲ့ သတင်းကောင်းတွေကို ယူဆောင်လာပေးနိုင်တာက ကောင်းမွန်တဲ့အရာပဲ မဟုတ်ဘူးလား?

ထို့ကြောင့် စုန့်ရှီးယန်က မနက်မိုးလင်းသည်နှင့် လင်းရန်နှင့် ချင်းယွင်ကျစ်တို့ထံသို့ တိုက်ရိုက်မသွားဘဲ စက်ယန္တရားစက်ရုံသို့ အမြန်မောင်းထွက်ခဲ့လေသည်။

သူထံတွင် ကားပါလာသည့်အတွက် လျင်မြန်စွာသွားလာနိုင်ပေ၏။

ပတ်ဝန်းကျင်မှ လူများမှာလည်း သူ့ထံသို့ စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသောကြောင့် သူ့အနေဖြင့် စုန့်မိသားစုတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အလွယ်တကူပင် စုံစမ်းနိုင်ခဲ့သည်။

“ဒီလောက်ပါပဲ၊ ကျေးဇူးတင်ပါတယ် အဒေါ်”

စုန့်ရှီးယန်တစ်ယောက် တက်ကြွစွာ ရှင်းပြပေးသော အမျိုးသမီးကို ကျေးဇူးတင်စကားပြောပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့၏။

ဂျစ်ကား ပြန်ထွက်သွားသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှလူများက ထိုအမျိုးသမီး၏အနားသို့ ချက်ချင်း စုရုံးလာခဲ့ကြသည်။

“ကျောက်ရှီလဲ့ရဲ့ အမေ၊ ရှင် ခုနက ကောင်ချောလေးနဲ့ သိနေတာလား? သူက ရှင့်ရဲ့ အမျိုးလား? အိမ်မှာ ကားတောင်ရှိတယ်ဆိုတော့ အခြေအနေတွေက အတော်လေးကောင်းမှာပဲ.. သူက အိမ်ထောင်ကျပြီလား?”

ထိုအချိန်တွင် ကျောက်ရှီလဲ့၏ အမေက ပြန်ဖြေလာခဲ့သည်။

“ငါ ခုနက ကောင်လေးကိုမသိပါဘူး”

“မသိဘူးလား၊ ဒါဆို ရှင်က ဘာလို့ သူနဲ့ အကြာကြီး စကားပြောနေရတာလဲ? ဘာတွေများ ပြောစရာ ရှိလို့လဲ?”

ထိုမေးခွန်းကိုကြားလျှင် ကျောက်ရှီလဲ့၏ အမေက မေးစေ့ကို ပင့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ဆိုလာ၏။

“ငါက အဲဒီလူငယ်နဲ့ မတော်တဆ ဆုံခဲ့တာဆိုပေမဲ့ ကောင်းမှုတစ်ခု လုပ်လိုက်နိုင်တယ်! ဒါမျိုးကို နင်တို့လို လူတွေ နားလည်မှာ မဟုတ်လောက်ဘူး”

ထိုသို့ပြောပြီးနောက် ကျောက်ရှီလဲ့၏ အမေက သူမ၏ အောင်မြင်မှုနှင့် ကျော်ကြားမှုများကို နောက်ကွယ်တွင် ချန်ထားခဲ့ကာ ခေါင်းကိုခါရမ်းလျက် ထွက်သွားခဲ့လေ၏။

မုန်းတီးစရာကောင်းတဲ့ စုန့်မိသားစုထဲက သားအဖတွေရဲ့ ရွံရှာစရာကောင်းတဲ့ကိစ္စတွေကို လူသိရှင်ကြား ဖြန့်ဝေပြီး သူတို့ရဲ့ ရုပ်ဆိုးလွန်းတဲ့ အမူအကျင့်တွေကို လူတိုင်းသိအောင် ဖြန့်ဝေပေးတာက ကောင်းမှုတစ်ခုပြုလုပာလိုက်တာပဲမဟုတ်ဘူးလား?

ဒီလူတွေကတော့ အတွေးအခေါ်တွေ နိမ့်လွန်းပါသေးတယ်။

သူမရဲ့သမီးဆီကိုလည်း စာတွေ အမြန်ဆုံးရေးရမယ်။ ပြီးတော့ သူမရဲ့ ပထွေးမိသားစုက အခုဆိုရင် လုံးဝ ဇာတ်သိမ်းသွားပြီဆိုတဲ့အကြောင်းကို ရဲဘော်ရှောင်လင်းသိအောင် ပြောခိုင်းလိုက်ရမယ်!

…

လင်းရန်၏ဘက်တွင်တော့ ယနေ့ ချွန်ဖန်းတပ်မဟာသို့ ပြန်သွားမည်ဖြစ်၍ မနက်စောစောထကာ မနက်စာကို အမြန်ချက်ပြီး ချင်းယွင်ကျစ်နှင့်အတူ ထွက်ခွာရန် စီစဉ်နေခဲ့လေ၏။

သို့သော်လည်း မမျှော်လင့်ဘဲ သူမ ရေနွေးအိုး တည်လိုက်သည့်အချိန်တွင်ပင် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။

ယမန်နေ့က ညနေပိုင်းတွင် စုန့်ကျယ်မှ သူတို့နှင့်အတူ ရွာသို့ပြန်လိုက်မည်ဟု ပြောလာခဲ့သည်ကို လင်းရန် သတိရလိုက်မိသည်။

ထို့ကြောင့် တစ်ဖက်လူ ရောက်လာပြီဟုတွေးမိကာ တံခါးဆီသို့ အမြန်ပြေးသွားလိုက်သည်။

တံခါးကိုဖွင့်လိုက်သည့်အချိန်တွင် “ဦးလေးစုန့်” ဟူသော စကားလုံးက သူမ၏ လျှာဖျားပေါ်သို့ ရောက်နေပြီဖြစ်သော်လည်း မထင်မှတ်ဘဲ ရောက်ရှိလာသူက စုန့်ရှီးယန်ဖြစ်နေလေသည်။

“ရှင် ဘာလို့ဒီကို ရောက်နေတာလဲ?”

စုန့်ရှီးယန်က လမ်းတွင် ဝယ်လာခဲ့သော ပေါက်စီအိတ်ကို လင်းရန်ဆီသို့ ကမ်းပေးလိုက်ပြီး မျက်ခုံးကိုအသာပင့်မ,ကာ ပြောလာသည်။

“လေ့ကျင့်ရေးက မနေ့ကပြီးသွားပြီလေ.. ဒါကြောင့် ကိုယ် မင်းဆီကို လာခဲ့တာ”

စုန့်ရှီးယန်အနေဖြင့် အရှက်အကြောက်ကြီးသူ မဟုတ်သော်လည်း လင်းရန်အား မတွေ့ရသည်မှကြာပြီဖြစ်၍ သူမကို လွမ်းဆွတ်နေခဲ့ရသည့်အတွက်ကြောင့် ရောက်လာခြင်းဖြစ်ကြောင်းကိုတော့ အမှန်တကယ်ပင် ပြောမထွက်ခဲ့ပါချေ။

လင်းရန်အနေဖြင့် စုန့်ရှီးယန် ရုတ်တရက် ပေါ်လာခြင်းကို အိပ်မက်တစ်ခုကဲ့သို့ ခံစားနေခဲ့ရသည်။ သူမသည်က ဤကာလအတွင်း စုန့်ရှီးယန်၏အကြောင်းကို များစွာ မတွေးတောမိဟု ထင်ခဲ့မိသည်။

သို့သော်လည်း တကယ်တမ်းတွင် တစ်ဖက်လူက သူမ၏ရှေ့သို့ ရောက်လာသည့်အချိန်တွင်တော့ သူမ တွေးထားသည်ထက်ပင် ပို၍ ပျော်ရွှင်နေမိကြောင်းကို သိလိုက်ရသည်။

သူမ၏ မသိစိတ်ထဲမှ သူ့ကို တွေ့ချင်နေခဲ့သည့်ပုံပင်။အထူးသဖြင့် တစ်ဖက်လူ၏ အနောက်မှ ဖြာကျနေသော နေရောင်ခြည်ကြောင့် ထိုအမျိုးသားက ပို၍ပင် ချောမောနေသကဲ့သို့ ထင်ရသည်။

စုန့်ရှီးယန်သည်ကား လင်းရန်တစ်ယောက် သူ့ထံသို့ ချစ်မြတ်နိုးဖွယ် အမူအရာမျိုးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရလျှင် အရှေ့သို့တိုးကာ သူမ၏ ပါးပြင်ကို ဆွဲညှစ်လိုက်ချင်သွားရလေ၏။

ရလဒ်အနေဖြင့် စုန့်ရှီးယန်၏ လက်လှုပ်ရှားတော့မည့် အချိန်တွင်ပင် အနောက်ဘက်မှ ထွက်ပေါ်လာသည့် စုန့်ကျယ်၏ အသံက သူ၏ အိပ်မက်ကို ရက်ရက်စက်စက်ပင် ဖြိုခွဲလိုက်လေတော့သည်။

“တံခါးဝမှာ ဘာလုပ်ရပ်နေကြတာလဲ?”

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူငယ်နှစ်ဦးကြားရှိ ပန်းရောင်ပူဖောင်းလေးမှာ ချက်ချင်း တဖောက်ဖောက်မြည်ကာ ပေါက်ကွက်သွားခဲ့ရသည်။

စုန့်ရှီးယန်: “...”

လင်းရန်: “!!!”

လူငယ်နှစ်ဦးမှ နူးညံ့ချိုသာ စိုက်ကြည့်နေကြသည်ကို အိပ်ခန်းပြတင်းပေါက်မှ ချောင်းကြည့်နေခဲ့ပြီး စိတ်ကျေနပ်နေသည့် မိခင်တစ်ဦး၏အပြုံးမျိုး ပြုံးနေခဲ့သော ချင်းယွင်ကျစ် : “???”

ဒီအဘိုးကြီးကတော့!

ဘာလို့ ရောက်မလာသင့်တဲ့အချိန်မှာမှ ထွက်လာရတာလဲ!

ရန်ရန်နဲ့ စုန့်ရှီးယန်တို့ နမ်းတော့မဲ့ အချိန်ကျမှ သူက ကြားထဲကို ဝင်လာပြီး အတင်းအကြပ်ခွဲလိုက်သလိုပဲ!

စိတ်ပျက်စရာကောင်းလိုက်တာ!

ဒီလူရှိနေတာနဲ့ကို ဘယ်တော့မှ မြေးချီရပါတော့မလဲ!

ချစ်ရတဲ့ မြေးလေး.. မြေးလေး အဖွားဆီကို စောစောမရောက်လာနိုင်တာက မင်းအဖိုးရဲ့အပြစ်ပဲ!

ဒါကို သေသေချာချာမှတ်ထားရမယ်!

ကံကောင်းစွာဖြင့် လင်းရန်က ချက်ချင်းသတိဝင်လာပြီး စုန့်ကျယ်အား လှမ်းခေါ်လိုက်သည်။

“ဦးလေးစုန့်၊ ရောက်လာပြီလား”

စုန့်ကျယ် ခေါင်းညိတ်ပြလိုက်သည်။

“ရောက်ပြီ၊ မင်းနဲ့ မင်းအန်တီအတွက် မနက်စာ ယူလာပေးတာ”

လင်းရန်လည်း တစ်ဖက်လူ၏စကားကြောင့် အောက်သို့ ငုံ့ကြည့်လိုက်လျှင် စုန့်ကျယ်သည်လည်း သူ၏ သား စုန့်ရှီးယန်ကဲ့သို့ပင် ပေါက်စီများထည့်ထားသည့် အိတ်ကို ကိုင်ထားကြောင်းကို တွေ့လိုက်ရလေ၏။

လင်းရန်တစ်ယောက် ထိုသားအဖနှစ်ယောက်ကိုင်လာသည့် ပေါက်စီများကိုကြည့်ကာ သက်ပြင်းတစ်ချက်ကိုသာ ချလိုက်နိုင်သည်။

ဒီနှစ်ယောက်ကတော့ တကယ့်ကို သားအဖတွေပဲ။

လင်းရန်၏အကြည့်ကြောင့် စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့နှစ်ယောက်သည်လည်း တစ်ဖက်လူ ယူလာခဲ့သော မနက်စာကို မြင်သွားခဲ့ကြလေသည်။

ချက်ချင်းပင် သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ကြပြီးနောက် အိမ်ထဲသို့ အလုအယက်ဝင်လာခဲ့ကြသည်။

တစ်ယောက်က ပြောလာခဲ့လေ၏။

“ယွင်ကျစ်၊ ကိုယ် အခုမှပူပူနွေးနွေးထုတ်လာတဲ့ ပေါက်စီတွေဝယ်လာတယ်.. ဒါက အရမ်းကောင်းတဲ့ပုံပဲ၊ လာစားလိုက်ပါဦး”

နောက်တစ်ယောက်က ပြောလာခဲ့ပြန်၏။

“ရန်ရန်၊ ဒီပေါက်စီတွေက ကြီးပြီးမွှေးလွန်းတယ်၊ အရသာကလည်းကောင်းမဲ့ပုံပဲ၊ တစ်ခုလောက် စားကြည့်လိုက်ဦး!”

ထိုသားအဖနှစ်ယောက်မှာ မနက်စာဝယ်လာသည့် ဂုဏ်ပုဒ်ကို တစ်ဖက်လူက လုယူသွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအခြေအနေနှင့်ပတ်စက်၍ လင်းရန်နှင့် ချင်းယွင်ကျစ်တို့ နှစ်ယောက်လုံးမှာ ဤသို့သာတွေးလိုက်မိကြသည်။

“ယောက်ျားတွေက တကယ့်ကြီး ကလေးဆန်ပြီး ပျင်းစရာကောင်းလွန်းတာပဲ”

ဒါနဲ့ပတ်သက်ပြီး ဘာတွေများ ပြိုင်ဆိုင်နေကြတာလဲ?

နောက်ဆုံး အဲဒီအစားအစာတွေက သူတို့ရဲ့ ဗိုက်ထဲကို ရောက်သွားမှာပဲ မဟုတ်ဘူးလား။

မည်သို့ပင်ဖြစ်စေ စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့ ရောက်ရှိလာသည့်အတွက်ကြောင့် လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ယောက်လုံး အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့ကြရလေသည်။

သူတို့နှစ်ယောက်က ပစ္စည်းများကိုလည်း စုန့်ရှီးယန်၏ ကားပေါ်သို့ ကူသယ်ပေးခဲ့ကြသည်။ လမ်းတစ်လျှောက်တွင်လည်း ကားထဲတွင်ထိုင်ကာ သက်သောင့်သက်သာ လိုက်ပါသွားရုံသာဖြစ်ပြီး ဘတ်စ်ကားပေါ်တွင် တိုးစီးနေစရာမလိုတော့ပေ။

လင်းရန်ကို အနည်းငယ်လောက် စိုးရိမ်စေသည့် တစ်ခုတည်းသော အချက်မှာ သူမ၏ အဖေနှင့် အဘွားဖြစ်သူတို့အနေဖြင့် စုန့်ရှီးယန်၏ ဖခင်ဖြစ်သူ ပါလာသည်ကို မြင်လျှင် ထပ်မံ စိတ်လှုပ်ရှားနေလောက်မည်လားဆိုသည့်အချက်သာ ဖြစ်ပေ၏။

ထို့အပြင် စုန့်ကျယ် ယနေ့ လာရောက်လည်ပတ်ခြင်းက တခြားသောရည်ရွယ်ချက်များ ရှိနေမည်လားဆိုသည်ကိုလည်း မသိနိုင်ပါချေ။

ကံကောင်းစွာဖြင့် လမ်းတစ်လျှောက်တွင် စုန့်ကျယ်က သူမကို အရှက်ရစေမည့် စကားမျိုး သို့မဟုတ် သူမနှင့် စုန့်ရှီးယန်၏ ကိစ္စနှင့်ပတ်သက်၍ အနည်းငယ်မျှပင် မပြောခဲ့ပါချေ။

သို့နှင့် သုံးနာရီခန့် ကားမောင်းပြီးနောက်တွင် လင်းရန်တို့စီးလာသည့်ကားက ချွန်ဖန်းတပ်မဟာသို့ ရောက်ရှိလာခဲ့ကြလေသည်။

ဤကားမှာ ပြီးခဲ့သည့်တစ်ကြိမ်က စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့ မောင်းလာသော ကားနှင့် မတူသည့်အတွက် လမ်းတစ်လျှောက်ရှိ ရွာသားများအနေဖြင့် သူတို့ကို မမှတ်မိခဲ့ကြပါချေ။

သို့သော် ကား၏ဦးတည်ရာကို ကြည့်ရုံဖြင့် မည်သည့်နေရာသို့သွားခြင်းဖြစ်ကြောင်းကို ခန့်မှန်းနိုင်ကြပေသည်။

ဒါက လင်းမိသားစုဆီကိုသွားတဲ့ ကားဆိုတာသေချာတယ်!

ထို့ကြောင့် ကားဖြတ်သွားသည်ကိုမြင်လိုက်ရသည့် လူများက အလုပ်ပြီးသည်နှင့် လင်းမိသားစုအိမ်သို့ သွားကာ မည်သူများ ရောက်လာခြင်းဖြစ်ကြောင်းကို သွားကြည့်ရန် စီစဉ်နေခဲ့ကြလေ၏။

All Chapters