အခန်း (၂၈၂)
Vol. 29 Ch. 282
တစ်ဖက်မှ တပ်မဟာရုံးတွင် လင်းကျန်းအန်းတစ်ယောက် ပြီးခဲ့သည့်ရက်အနည်းငယ်က တောင်ပေါ်မှ ယူလာခဲ့သော ဆေးဖက်ဝင်ပစ္စည်းများကို အဖွဲ့ဝင်များနှင့် စစ်ဆေးနေခဲ့လေ၏။
ယခုအကြိမ်တွင် သူတို့က တောင်ပေါ်သို့ အချိန်ကြာမြင့်စွာ သွားခဲ့ရပြီး ခရီးဝေးသို့သွားလာခဲ့ရသည့်အတွက် အလွန်ပင် ပင်ပန်းနေခဲ့ကြရသည်။ သို့သော်လည်း ရရှိလာသော အကျိုးအမြတ်များက ထိုပင်ပန်းမှုအတွက် ထိုက်တန်ပေသည်။
ယခုအကြိမ် တူးဖော်ရရှိထားသော ဆေးဖက်ဝင် ပစ္စည်းများမှာ မြို့ပြဆေးရုံအတွက် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်ပေလိမ့်မည်။
ရုံး၏ရှေ့မှ ကွင်းပြင်တွင် စုပုံထားသော ဆေးဖက်ဝင်ပစ္စည်းများကို ကြည့်ပြီး လူတိုင်း၏ မျက်နှာတို့က ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းနေခဲ့ကြသည်။
ဤပျော်ရွှင်မှုမှာ တပ်မဟာမှရိက္ခာများကို စုဆောင်းချိန်က ဖြစ်ပေါ်ခဲ့သည့် ပျော်ရွှင်မှုနှင့် မတူပါချေ။
ထိုအချိန်ကလည်း လူတိုင်း ပျော်ရွှင်ခဲ့ကြသော်လည်း ထိုရိက္ခာများမှာ သူတို့၏ ဗိုက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။ ဆိုရလျှင် အသက်ရှင်သန်ရန်အတွက် လုံလောက်ရုံသာဖြစ်သည့်အတွက် ထိုပျော်ရွှင်မှုက ပုံမှန်သာ ဖြစ်ပြီး အံ့သြသင့်စရာတစ်ခုအဖြစ် မခံစားခဲ့ရပေ။
သို့သော်လည်း ယနေ့ရရှိလာခဲ့သော ဆေးဖက်ဝင် ပစ္စည်းများက ကွဲပြားပေသည်။
ဤဆေးဖက်ဝင် ပစ္စည်းများက ပိုက်ဆံအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုပိုက်ဆံများကလည်း သူတို့၏ လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။
သူတို့အနေဖြင့် ထိုပိုက်ဆံများကို အသုံးပြုပြီး မြို့သို့သွားကာ သူတို့ လိုချင်သည့် ပစ္စည်းများကို ဝယ်ယူနိုင်ကြလိမ့်မည်!
ဒါက ဗိုက်ပြည့်အောင် စားရတာထက် ပိုပြီးပျော်စရာမကောင်းဘူးလား!
ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆေးဖက်ဝင် ပစ္စည်းများကို ထုပ်ပိုးနေချိန်တွင် လူတိုင်းက အလွန်တက်ကြွနေခဲ့ကြပြီး ဆေးဖက်ဝင်ပစ္စည်းများကို အမြန်ဆုံးထုပ်ပိုးကာ မြို့ပြမှဆေးရုံသို့ ပို့ဆောင်၍ငွေကြေးနှင့် လဲလှယ်ရန် ဆန္ဒစောနေခဲ့ကြသည်။
လင်းကျန်းအန်းသည်လည်း လူတိုင်းက တက်ကြွနေသည်ကိုကြည့်ကာ ပျော်ရွှင်နေခဲ့ပြီး ဆေးဖက်ဝင်ပစ္စည်းများနှင့်အတူ မြို့သို့အမြန်ဆုံး သွားချင်နေခဲ့လေ၏။
ပိုက်ဆံများကို အမြန်ဆုံးယူလာနိုင်မည့်အပြင် နောက်ထပ် အကြောင်းရင်းတစ်ခုလည်းရှိနေခဲ့သည်။
သူ့အနေဖြင့် သူ၏ သမီးကိုလည်း အလွန် လွမ်းဆွတ်နေခဲ့ပေသည်။
သူမ၏ သမီးဖြစ်သူ အပြင်သို့ထွက်သွားသည်မှာ တစ်လခန့်ရှိနေပေပြီ။
သူမက ထိုနေရာရှိ အခြေအနေများကို စာရေး၍ အကြောင်းကြားခဲ့သည်။ ချင်းယွင်ကျစ်မှ သူမအတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့ကြောင်းကိုလည်း လင်းမိသားစုမှ သိထားခဲ့သည်။
သို့သော်လည်း သူမကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်ခြင်းမရှိဘဲ မနေနိုင်ကြပါချေ။
သို့သော် သူတို့သည်က အပြင်ဘက်သို့ ပုံမှန်ထွက်သွားနိုင်သူများ မဟုတ်ကြသည့်အတွက် လင်းကျန်းအန်းအပေါ်တွင်သာ မျှော်လင့်ချက် ထားနေခဲ့ကြသည်။
သို့ရာတွင် မမျှော်လင့်စွာဖြင့် လင်းကျန်းအန်း မြို့သို့ မသွားရသေးမီ လင်းရန်က အိမ်သို့ ပြန်ရောက်လာခဲ့လေ၏။
“အဘွား!”
ကားက ပြီးခဲ့သည့်အကြိမ်ကဲ့သို့ ထိုနေရာတွင် ရပ်တန့်သွားခဲ့ပြီး ကားရပ်သွားသည်နှင့် လင်းရန်က ကားပေါ်မှ ဆင်းကာ လင်းမိသားစုရှိရာသို့ ပြေးသွားခဲ့လေ၏။
“အဘွား..!”
ခြံဝန်းထဲတွင် ကြက်စာကျွေးနေသော အဘွားလင်းသည်လည်း လင်းရန်၏အသံကို ကြားလျှင် အလွန်ပင် ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး ကြက်စာခွက်ကိုချရန်အတွက်ပင် အချိန်မရဘဲ အပြင်သို့ အမြန်ပြေးထွက်လာခဲ့၏။
“ရန်ရန်၊ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပေါ့!”
အဘွားလင်းတစ်ယောက် ခြံပြင်ဘက်သို့ ထွက်လာသည်နှင့် လင်းရန်ကလည်း အထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသောကြောင့် လက်များကို ဆန့်ထုတ်ပြီး လင်းရန်ကို ပွေ့ဖက်ရန် ပြင်လိုက်သည်။
သို့သော် သူမ၏ လက်ကို လှုပ်ရှားလိုက်ပြီးမှသာ လက်ထဲတွင် ကြက်စာခွက်ကို ကိုင်ထားဆဲဖြစ်ကြောင်းကို သတိရသွားခဲ့လေ၏။
အဘွားလင်း၏ ကိုးရိုးကားရားအခြေအနေကြောင့် လင်းရန်နှင့်အဘွားလင်းတို့နှစ်ယောက်လုံး တစ်ဦးကိုတစ်ဦးကြည့်ပြီး ရယ်မောလိုက်ကြလေ၏။
အနောက်မှ လိုက်လာသော ချင်းယွင်ကျစ်သည်လည်း ဤမြင်ကွင်းကို မြင်လျှင် စနောက်လာခဲ့ကြသည်။
“အဒေါ့်ကိုကြည့်ပါဦး.. ရန်ရန်ကို ဘယ်လောက်တောင် လွမ်းနေသလဲဆိုတာ ကျွန်မတောင် မြင်နေရတယ်၊ ဟားဟား”
အဘွားအိုက မငြင်းဆန်ဘဲ ပြုံးလျက်ပြောလာခဲ့၏။
“ငါ့မှာ ဒီမြေးမလေး တစ်ယောက်ပဲ ရှိတာလေ၊ ဘယ်လိုများမလွမ်းဘဲနေမှာလဲ၊ ပြီးတော့ ငါက သူ့ကိုပဲ လွမ်းနေတာလို့ ဘယ်သူပြောလဲ၊ ငါက ရှောင်ချင်းကိုလည်း လွမ်းနေတာ
လာခဲ့ လာခဲ့၊ အခု အိမ်ကိုပြန်ရောက်ပြီဆိုတော့ အမြန်ဝင်လာခဲ့ကြ!”
ထိုသို့ ပြောပြီးနောက် အဘွားလင်းက လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ယောက်လုံးကို အိမ်ထဲသို့ အမြန် ခေါ်ဆောင်သွားခဲ့လေ၏။
သူတို့က အလွန်စိတ်လှုပ်ရှားနေခဲ့ကြသောကြောင့် အနောက်တွင်ပါလာသော စုန့်ရှီးယန်နှင့် စုန့်ကျယ်တို့ကိုပင် မေ့သွားခဲ့ကြသည်။
စုန့်ရှီးယန်အနေဖြင့် လင်းမိသားစုမှ လင်းရန်ကို အဖိုးတန်ရတနာလေးကဲ့သို့ ဆက်ဆံကြောင်းကို မြင်တွေ့ဖူးပြီး ဖြစ်သည့်အတွက် ထူးဆန်းသည်ဟု မထင်ခဲ့ဘဲ ခြံထဲသို့ အနောက်မှလိုက်ဝင်လာခဲ့လေသည်။သို့သော်လည်း စုန့်ကျယ်သည်ကား စည်းကမ်းများကို အလွန်ပင်တန်ဖိုးထားသူဖြစ်ပေ၏။ သူသည်က အိမ်ရှင်များကိုပင် နှုတ်မဆက်ရသေးဘဲ ခြံထဲသို့ တိုက်ရိုက်ဝင်သွားရန် ရှက်ရွံ့နေခဲ့သည်။
ထို့ကြောင့် သားဖြစ်သူ စုန့်ရှီးယန်မှ ခြံထဲသို့ တိတ်တဆိတ်ဝင်သွားတော့မည့်အချိန်တွင် သူတစ်ယောက်တည်းသာ အပြင်ဘက်တွင် ကျန်ရစ်မနေလိုသည့်အတွက် လှမ်းခေါ်လိုက်သည်။
“စုန့်ရှီးယန်”
ဤသို့ဖြင့် သားအဖနှစ်ယောက်က တွေ့ဆုံပြီးနောက် နာရီအနည်းငယ်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် စကားစပြောဖြစ်ခဲ့ကြသည်။
စုန့်ရှီးယန်မှာ အဘွားလင်းဆီသို့ သွားရောက်နှုတ်ဆက်ချင်သော်လည်း စုန့်ကျယ်က ဤနေရာနှင့် မရင်းနှီးသည့်အတွက် ပြဿနာ တစ်စုံတစ်ရာဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ရပ်တန့်လိုက်ကာ စိတ်မရှည်စွာဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ?”
စုန့်ကျယ် : “အထဲက အိမ်ရှင်ကို ငါရောက်နေတဲ့အကြောင်း သွားပြောလိုက်ဦး”
စုန့်ရှီးယန် : “???”
သူက အဘွားအိုကို အပြင်ဘက်ကိုထွက်လာပြီး ကြိုဆိုခိုင်းဖို့ စီစဉ်နေတာလား?
စုန့်ရှီးယန်တစ်ယောက် ဖခင်ဖြစ်သူ၏ စကားကြောင့် ဒေါသလည်းထွက်ကာ ရယ်လည်း ရယ်ချင်သွားမိရ၏။
“ရဲဘော် လောင်စုန့်၊ အဖေက ခြေလှမ်းနှစ်လှမ်းလောက်ကိုတောင် မလျှောက်ချင်တာလား?”
စုန့်ကျယ်က သားဖြစ်သူ၏စကားကို ကြားလျှင် သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်လိုက်လေ၏။
“ငါက သူစိမ်းတစ်ယောက်လေ၊ တခြားလူရဲ့ အိမ်ထဲကို မဆင်မခြင် ဝင်သွားလို့ ဖြစ်မလား?”
စုန့်ရှီးယန်: “...”
သူ့အနေဖြင့် အဖေဖြစ်သူ၏ စိတ်ထဲတွင် ဤကဲ့သို့သော ရှေးရိုးစဉ်လာ စည်းကမ်းများ ရှိနေသေးကြောင်းကို လုံးဝ မသိခဲ့ပေ။
သို့သော် တစ်ဖက်လူက ထိုသို့ လုပ်ချင်နေသည့်အတွက် သူ့ကို အတင်းအကြပ် ဆွဲခေါ်သွား၍ မရနိုင်ပါချေ။
“ကောင်းပါပြီ၊ ကျွန်တော် အထဲကိုဝင်ပြီး ပြောလိုက်မယ်”
ပြီးနောက် စုန့်ရှီးယန်က ခြံထဲသို့ တိုက်ရိုက် ဝင်သွားခဲ့လေသည်။
သားဖြစ်သူ အထဲသို့ ဝင်သွားပြီးနောက် စုန့်ကျယ်သည်လည်း ဘေးပတ်ဝန်းကျင်ကို တည်ငြိမ်စွာဖြင့် လှည့်ပတ်ကြည့်လိုက်၏။
ဘေးနားတွင် လူမရှိနေကြောင်းကို မြင်လိုက်ရလျှင် သူက စစ်တပ်ထဲတွင် ရှိနေချိန်က တာဝန်အတွက် ဝတ်စားဆင်ယင်ခဲ့သည်ထက် ပို၍မြန်ဆန်စွာဖြင့် သူ၏ အဝတ်အစားနှင့် ဆံပင်များကို သပ်ရပ်အောင် ပြုပြင်လိုက်လေသည်။
သူသည်က လင်းမိသားစု၏ ရှေ့တွင် အသပ်ရပ်ဆုံး ပုံရိပ်ကိုသာ ပြသချင်ခဲ့သည်။
သို့သော်လည်း သူ ဆံပင်ကို ပြုပြင်ပြီးသည့်အချိန်တွင်ပင် ခြံနံရံထောင့်မှ လူတစ်ဦး ထွက်လာခဲ့လေ၏။ ထိုသူက အိမ်ရှေ့တွင် ဆံပင်ကိုသပ်ရပ်အောင် ပြင်ဆက်နေသော စုန့်ကျယ်ကို နားမလည်နိုင်သည့်အမူအရာဖြင့် ကြည့်လာခဲ့သည်။
စုန့်ကျယ်: “...”
လင်းကျန်းအန်း: “...”
လင်းကျန်းအန်းသည်ကား စုန့်ကျယ်ကိုမမြင်ဖူးပါချေ။ ထို့အပြင် စုန့်ကျယ်သည်လည်း ယနေ့တွင် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည့်အတွက် သူ၏ အဆင့်အတန်းကို ခွဲခြားနိုင်ခြင်း မရှိပေ။
ထို့ကြောင့် သူ၏ ထင်မြင်ချက်မှာ စုန့်ကျယ်က သူ၏ အိမ်ရှေ့တွင် ရုတ်တရက်ပေါ်လာသော သူ မသိသည့် သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသာ ဖြစ်နေခဲ့သည်။
“ရဲဘော်၊ ခင်ဗျား ကျွန်တော့်ရဲ့အိမ်ရှေ့မှာ ဘာလုပ်နေတာလဲ”
လင်းကျန်းအန်းက စုန့်ကျယ်ကို သတိကြီးစွာ အကဲခတ်ကြည့်ရှုလာခဲ့သည်။
စုန့်ကျယ်အတွက်ဆိုရလျှင် ဤမျှနှစ်ပေါင်းများစွာအတွင်း ယခုကဲ့သို့ အနေရခက်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဟုဆိုနိုင်သည်။
သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သပ်ရပ်စေဖို့အတွက် တစ်ကြိမ်တစ်ခါလောက်သာ ပြင်ဆင်လိုက်မိသည့်အချိန်မျိုးတွင် တခြားလူတစ်ယောက်ထံမှ အမြင်ခံလိုက်ရသည်။
ထို့အပြင် တစ်ဖက်လူသည်က လင်းရန်၏ ဖခင်လည်းဖြစ်နိုင်ပေ၏။ ထို့ကြောင့် ဤအခြေအနေနှင့် ပတ်သက်၍ စုန့်ကျယ်၏ စိတ်ထဲတွင် ပြောစရာစကားလုံးပင် ရှာမတွေ့နိုင်ခဲ့တော့ပေ။
ဒါကို သူဘယ်လိုရှင်းပြသင့်လဲ။ သူ့အနေနဲ့ ဆံပင်ညှပ်ချင်နေတာလို့ ပြောရမှာလား။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် အဘွားလင်းနှင့်စကားပြောနေခဲ့သည့် လင်းရန်တစ်ယောက် အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည့် ဧည့်သည် စုန့်ကျယ်ကို ပြန်လည်သတိရသွားခဲ့သည်။
သို့နှင့် သူမက အဘွားလင်းကို စကားအနည်းငယ်ပြောပြီးနောက် အပြင်ဘက်သို့ ပြန်ထွက်လာခဲ့လေ၏။
ထို့နောက်တွင် သူမက စုန့်ကျယ်နှင့် သူမ၏အဖေဖြစ်သည့် လင်းကျန်းအန်းတို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
တစ်ယောက်က သတိထား၍ကြည့်နေသည့် ပုံစံရှိပြီး နောက်တစ်ယောက်က မည်သည့်ခံစားချက်ကိုမျှ ဖော်ပြခြင်းမရှိဘဲ စိုက်ကြည့်နေခဲ့သည်။
“အဖေ၊ ဦးလေးစုန့်!”
ဦးလေးစုန့်ဟုတ်လား။
လင်းကျန်းအန်းတစ်ယောက် အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။ သူ့အနေဖြင့် သမီးဖြစ်သူ လင်းရန် ပြန်ရောက်လာသည်ကိုပင် အံ့ဩဝမ်းသာရန် အချိန်မရှိခဲ့ဘဲ စုန့်ကျယ်ကို ထပ်မံကြည့်ရှုလိုက်ပြီးနောက် မသိစိတ်ဖြင့် ခေါ်လိုက်မိသည်။
“ခမည်းခမက်?!”
စုန့်ကျယ်၏ နှုတ်ခမ်းထောင့်တို့ ညင်သာစွာ လှုပ်ရှားသွားပြီး ‘ခမည်းခမက်’ ဟူသော ခေါ်ဆိုမှုကို တိတ်တဆိတ် လက်ခံလိုက်သည်။
ပြီးနောက် လင်းကျန်းအန်းကို ယဉ်ကျေးစွာပင် ပြန်လည် နှုတ်ဆက်လိုက်လေ၏။
“မင်္ဂလာပါ ခမည်းခမက်”
လင်းရန်: “?”
မဟုတ်သေးဘူး။
သူတို့တွေက ဘာလို့ ရုတ်တရက်ကြီး ခမည်းခမက်တွေ ဖြစ်ကုန်ကြတာလဲ။သူမကိုလည်း တစ်ယောက်မှ မမေးခဲ့ကြဘူးလေ!