← Chapters

အခန်း (၂၈၃)

Vol. 29 Ch. 283

အခန်း (၂၈၃)

Vol. 29 Ch. 283

လင်းကျန်းအန်းသည်ကား ‘ခမည်းခမက်’ ဟူသောနာမ်စားကို မသိစိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်မိပြီးနောက် ထိုသို့ခေါ်လိုက်မိသည့်အတွက် ချက်ချင်း နောင်တရသွားလေ၏။

သူ့အနေဖြင့် မတိုင်ခင်က စကားပြောမြန်သွားခဲ့ပြီး ထိုစကားလုံးကို မတော်တဆ ပြောလိုက်မိခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် လူငယ်နှစ်ဦးသည်က မင်္ဂလာရက်ကိုပင် မသတ်မှတ်ရသေးပါချေ။

သူ ဘာလို့ ဒီလိုမျိုး ခေါ်လိုက်မိတာလဲ။ တစ်ဖက်လူက ဘယ်သူလဲဆိုတာ စိတ်ထဲမှာသိနေရင် ရပြီမဟုတ်ဘူးလား။

ခုတော့ ပါးစပ်ကပါ ထုတ်ဖော်ခေါ်ဆိုလိုက်မိပြီ။ ဒါက သူ့ဘက်ကနေ သူမီးဖြစ်သူကို စုန့်မိသားစုထဲကို အမြန်တွန်းပို့ချင်နေသလို မဖြစ်သွားဘူးလား!

သို့သော်လည်း တစ်ဖက်မှ စုန့်ကျယ်၏ စိတ်အခြေအနေက သိသိသာသာပင် ကောင်းမွန်လာခဲ့၏။

သူက လင်းရန်နှင့် လင်းကျန်းအန်းတို့ မတုံ့ပြန်နိုင်သေးသည့်အချိန်တွင်ပင် ရန် ဤနေရာသို့မလာခင်က ပြင်ဆင်လာခဲ့သည််ပစ္စည်းကို ထုတ်ယူကာ လင်းကျန်းအန်း၏ လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်လေသည်။

“ခမည်းခမက်၊ ဒါက ကျွန်တော် ခမည်းခမက်ဆီကို ပထမဆုံးအကြိမ် လာလည်တာဆိုတော့ ဒီလက်ဆောင်လေးကို လက်ခံပေးပါဦး”

လင်းရန်တစ်ယောက် စုန့်ကျယ် ထုတ်ပေးလိုက်သော သေတ္တာလေးကို ပြူးဝိုင်းသောမျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်မိသည်။

ဒါကို ဘယ်အချိန်ကတည်းက ပြင်ဆင်ထားခဲ့တာလဲ?

ဦးလေးစုန့်က ဒီကိုမလာခင်ကတည်းက ဒါကို ပြင်ဆင်ထားခဲ့တာလား။

ထိုသို့ဆိုပါက သူမ၏ မတိုင်ခင်က ခန့်မှန်းချက်များက မှန်ကန်နေခဲ့သည်ပင်။ စုန့်ကျယ်က ဤခရီးစဉ်အတွက် အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိနေခဲ့သည်။

လင်းရန်၏အတွေးတို့က မှန်ကန်ပေ၏။

စုန့်ကျယ်က ဤခရီးစဥ်ကို ရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ချင်းယွင်ကျစ်က အိမ်သို့ပြန်မလာသည်မှာ တစ်လကျော် ကြာမြင့်သွားခဲ့ပေပြီ။ ထို့ကြောင့် အမြဲတစေ တည်ငြိမ်စွာနေတတ်သည့် စုန့်ကျယ်ပင်လျှင် နောက်ဆုံး၌ ထိတ်လန့်တုန်လှုပ်လာခဲ့ရသည်။

သူ၏ ထူးခြားသော ရာထူးအဆင့်အတန်းကြောင့် မြို့ပြင်ဘက်သို့ စိတ်ကြိုက်ထွက်ခွာသွားလာရန် မဖြစ်နိုင်သော်လည်း လင်းရန်ရှိသည့် မြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်ရန် အခွင့်အရေး ရရှိလာခဲ့သည်။

ထို့ကြောင့် သူက ချက်ချင်းပင် ထိုအလုပ်ကို သူကိုယ်တိုင် လုပ်ဆောင်ချင်ကြောင်း တင်ပြခဲ့လေ၏။

ထိုတင်ပြချက်က သူ၏ အထက်လူကြီးများကိုပင် ထိတ်လန့်သွားစေခဲ့သည်။ အထက်လူကြီးများက စုန့်ကျယ်၏ အိမ်သို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး သူ့ထံတွင် တစ်စုံတစ်ခုဖြစ်နေသည်လားဟူ၍ပင် မေးမြန်းခဲ့ကြသည်။

ဆိုရလျှင် ဤကဲ့သို့ သေးငယ်သော အလုပ်ကိစ္စလေးအတွက် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပါချေ။

သို့သော်လည်း ထိုမေးခွန်းနှင့် ပတ်သက်ပြီး စုန့်ကျယ်က ပြန်လည် ရှင်းပြခဲ့သည်။

အလုပ်ကိစ္စများက ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ လိုအပ်ချက်ရှိသည့် နေရာတိုင်းသို့ သူ သွားရောက်ပေလိမ့်မည်။

သူ၏ အထက်လူကြီးမှာ ထိုစကားကို ကြားလိုက်ရလျှင် အံ့ဩပျော်ရွှင်သွားခဲ့ကြလေ၏။

ရဲဘော်စုန့်ကျယ်သည်က တာဝန်ဝတ္တရားအပေါ် ဤမျှအထိ နက်နက်ရှိုင်းရှိုင်းနှစ်မြှပ်ထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ လူတိုင်း လိုက်ပါအတုယူသင့်သော အချက်ပင် ဖြစ်သည်။

ထို့ကြောင့် အထက်လူကြီးများက စုန့်ကျယ်၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်တော့ဘဲ လက်ကိုဝှေ့ရမ်းကာ ခရီးထွက်ရန် ခွင့်ပြုပေးလိုက်ကြသည်။

သို့သော်လည်း စုန့်ကျယ်၏ ဤအလုပ်ခရီးစဉ်က အကြောင်းပြချက်သာဖြစ်ပြီး အဓိကအကြောင်းရင်းမှာ ချင်းယွင်ကျစ်ကို အိမ်သို့ပြန်လာစေရန် သွားရောက်ချော့မော့မည်ဖြစ်ကြောင်းကိုတော့ သူတို့ မသိနိုင်ခဲ့ကြပါချေ။

သို့သော် ချင်းယွင်ကျစ်ဘက်မှ သူနှင့် စကားပြောရန်အတွက် စိတ်မရှည်ဖြစ်နေကြောင်းကို သူ သိထားသည်။ အကယ်၍ သူမကို တိုက်ရိုက်ပြန်လာရန် ပြောမည်ဆိုပါက သူမက သေချာပေါက် သဘောတူလိမ့်မည်မဟုတ်ပါချေ။

သူ့ကိုပင် တမင်ဆန့်ကျင်ပေလိမ့်မည်။

ထို့ကြောင့် လိမ်မာပါးနပ်သော ရဲဘော်စုန့်ကျယ်တစ်ယောက် ကွေ့ဝိုက်သောနည်းလမ်းဖြင့် ချဉ်းကပ်ရန် စီစဉ်ခဲ့သည်။

သူ့အနေဖြင့် ချင်းယွင်ကျစ် တခြားပြည်နယ်တွင် နေထိုင်နေရသည့် အကြောင်းပြချက်ကို ဦးစွာဖြေရှင်းရလိမ့်မည်။

သူမ ထိုနေရာတွင် ရှိနေရခြင်းက သူမ၏ အချစ်ဆုံး ချွေးမလောင်းလင်းရန် ရှိနေသောကြောင့် ဖြစ်ပေ၏။

ထို့ကြောင့် ရှောင်လင်းကို စုန့်မိသားစုထဲသို့ အမြန်ဆုံးလက်ထပ်ယူလိုက်ပါက အကောင်းဆုံးဖြစ်သွားလိမ့်မည်။

သူမက လက်ထပ်ပြီးသွားသည်နှင့် စုန့်မိသားစု၏နောက်သို့ လိုက်ပါလာလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် ချင်းယွင်ကျစ်သည်လည်း အိမ်သို့ပြန်လာရမည်ပင်။

စုန့်ကျယ်သည်က အပြင်ပန်းတွင် တိတ်ဆိတ်နေပုံရသော်လည်း လက်တွေ့လုပ်ဆောင်တတ်သူ တစ်ဦး ဖြစ်လေ၏။

သူ၏ ရည်ရွယ်ချက်ကို မပေါက်ကြားစေရန်အတွက် ရည်မှန်းချက်ကို အောင်မြင်သည့် နောက်ဆုံးအချိန်အထိ မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပါချေ။

ထို့ကြောင့် ယခုအချိန်​တွင် ထိတ်လန့်သွားသော လင်းရန်သာမက ချင်းယွင်ကျစ်ပင်လျှင် ထိုအကြောင်းကို မသိရှိခဲ့ပေ။

အံ့ဩတုန်လှုပ်မှု အဖြစ်ဆုံးလူသည်က လင်းကျန်းအန်းပင် ဖြစ်ပေ၏။သူသည်က စုန့်ကျယ်ကို ‘ခမည်းခမက်’ ဟု မတော်တဆ ခေါ်လိုက်မိသည့် ကိစ္စမှ မလွတ်မြောက်သေးမီမှာပင် စုန့်ကျယ်ကသူ့ထံသို့ သေတ္တာတစ်လုံး ကမ်းပေးသည်ကို မြင်လိုက်ရပြန်သည်။

သေတ္တာမှာ လက်ဝါးအရွယ်ခန့်သာ ရှိသော်လည်း အနီရောင်ပိတ်စဖြင့် ထုပ်ပိုးထား၏။ အတွင်းဘက်တွင် မည်သည့်အရာ ရှိနေကြောင်းကို မသိနိုင်သော်လည်း လက်ဝတ်ရတနာ တစ်မျိုးမျိုး သို့မဟုတ် မိသားစု အမွေအနှစ်ကဲ့သို့ တန်ဖိုးကြီးပစ္စည်း ဖြစ်ပုံရသည်။

“မဟုတ်တာ မဟုတ်တာ၊ ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်၊ ကျွန်တော် လက်မခံနိုင်ပါဘူး.. ရဲဘော်စုန့် ဒီကို လာလည်တာနဲ့တင် ရပါပြီ၊ ဘာမှ ယူလာစရာ မလိုပါဘူး

ရှောင်စုန့်ကလည်း ကျွန်တော်တို့ မိသားစုကို အများကြီး ကူညီပေးပြီးပါပြီ!”

လင်းကျန်းအန်းက အလျှင်အမြန်ပင် ငြင်းဆန်လိုက်သော်လည်း စုန့်ကျယ်သည်က ခေါင်းမာသော စိတ်သဘောထားရှိသူဖြစ်ပြီး သူ၏ ရည်မှန်းချက်ကို မအောင်မြင်မချင်း လက်လျှော့မည့်သူ မဟုတ်ပေ။

လင်းကျန်းအန်းမှ လက်ခံရန် အစီအစဉ်မရှိသည်ကို မြင်လျှင် သူက အနီရောင်ပိတ်စကို ချက်ချင်းပင် ဖြေလိုက်ပြီး အထဲမှ သေတ္တာငယ်လေးကို ဖွင့်လိုက်လေ၏။

နောက်ဆုံးတွင် သေတ္တာထဲတွင် ထည့်ထားသော လက်သန်းအရွယ်ခန့် အထူရှိသည့် ရွှေလက်ကောက်ကို ထုတ်ယူကာ လင်းကျန်းအန်း၏ လက်ဝါးထဲသို့ အတင်းအဓမ္မထည့်ပေးရင်း ပြောလိုက်သည်။

“ဒါက စုန့်မိသားစုရဲ့ ဘိုးဘွားပိုင်ဖြစ်တဲ့ မိသားစုအမွေအဖြစ် လက်ဆင့်ကမ်းလာတဲ့ ပစ္စည်းပါ၊ ရဲဘော်လင်း.. ခင်ဗျားက ရန်ရန်ရဲ့ အဖေပဲလေ၊ သူမကိုယ်စား ဒါကို လက်ခံပေးလို့ ရပါတယ်”

ဘေးနားတွင်ရှိနေသော လင်းရန်: “!!!”

ထူထဲပြီး လေးလံသော ရွှေလက်ကောက်ကို မြင်လိုက်ရလျှင် သူမ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရသည်။

မဟုတ်သေးဘူး။ အန်တီချင်း သူမကို အရင်က ပြောခဲ့တုန်းက ဦးလေးစုန့်က ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး ဆင်းရဲတဲ့ တောင်ပေါ်ဒေသက လာခဲ့တာ၊ စားဝတ်နေရေးအတွက် စစ်တပ်ထဲကိုဝင်ခဲ့ရတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။

ကျိုးကြောင်းဆီလျော်မှုရှိရှိပြောရရင် ဒီလိုအခြေအနေမျိုးမှာရှိနေတဲ့ မိသားစုက ဘာမှမရှိဘဲ ဆင်းရဲမွဲတေနေရမှာ မဟုတ်ဘူးလား!

ဝတ်စရာ အဝတ်အစားတောင် ကောင်းကောင်းရှိရမှာ မဟုတ်ဘူးလေ။

ဘယ်လိုဖြစ်လို့ ဦးလေးစုန့်က ဒီလိုမျိုး တန်ဖိုးကြီးတဲ့ မိသားစုအမွေကို ထုတ်ပေးနိုင်ရတာလဲ။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် လင်းရန်တစ်ယောက် ချက်ချင်းပင် ရှုပ်ထွေးသွားရလေသည်။

စုန့်ကျယ်နှင့် ပတ်သက်ပြီး သူမ၏ ယခင်က သိရှိထားမှုများကလည်း သူမ၏ ကိုယ်ပိုင်စိတ်ကူးယဉ်မှုများလားဟုပင် သံသယဝင်လာခဲ့ရသည်။

လင်းကျန်းအန်းသည်ကား ထိုကဲ့သို့ပစ္စည်းမျိုးကို လက်မခံချင်ခဲ့ပါချေ။

သို့သော် ထိုလက်ကောက်ကို စုန့်ကျယ်ထံသို့ ပြန်ပေးတော့မည့်အချိန်တွင် စုန့်ကျယ်၏ လက်က သူ့ကို အားပြင်းစွာဖြင့် တားဆီးလိုက်သောကြောင့် သူ လုံးလုံးလျားလျား မလှုပ်ရှားနိုင်ခဲ့တော့ပေ။

လင်းကျန်းအန်း: “?”

သူ့အနေဖြင့် သူ၏လက်ကို အားစိုက်၍ရုန်းကန်လိုက်သော်လည်း စုန့်ကျယ်သည်လည်း အားကို အချိန်ကိုက် တိုးမြှင့်လိုက်ပြန်သည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ ထိုနေရာတွင်ပင် ရပ်နေခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး တိတ်တဆိတ် အားပြိုင်နေခဲ့လေ၏။

မည်သူကမျှ အရှုံးပေးရန် အစီအစဉ်မရှိခဲ့ကြပေ။

ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် လင်းကျန်းအန်းသည်က ကွန်ဖူးပညာ၌ အလွန်ကောင်းမွန်သော စုန့်ကျယ်ကို အချိန်အနည်းငယ်လောက်ဖြင့် ရှုံးနိမ့်သွားခဲ့ရပြီး ပစ္စည်းကို အတင်းအကြပ်နည်းလမ်းဖြင့် လက်ခံလိုက်ရလေ၏။

အမှန်တကယ် အတင်းအကြပ်ပေးလာခဲ့ခြင်းပင်။

ပစ္စည်းက လင်းကျန်းအန်း၏လက်ထဲကို ရောက်သွားသည့်အချိန်မှသာ စုန့်ကျယ်လည်း စိတ်သက်သာရာရသွားခဲ့သည်။

“အခုချိန်ကစပြီး ကျွန်တော်တို့တွေက မိသားစုဝင်တွေပဲလေ၊ သူစိမ်းတွေလို အားနာနေစရာမလိုပါဘူး”

ထိုသို့ပြောပြီးနောက်တွင် စုန့်ကျယ်က သူ၏ စိတ်ထဲမှ ကြီးမားသော ပြသနာကြီးတစ်ခုကို ဖြေရှင်းပြီးသွားသကဲ့သို့ လင်းရန်နှင့် လင်းကျန်းအန်း တို့သားအဖနှစ်ယောက်ကို ကျော်ဖြတ်ကာ အိမ်ထဲသို့ တိုက်ရိုက် ဝင်သွားခဲ့လေ၏။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော လင်းရန်နှင့် လင်းကျန်းအန်းတို့မှာ တစ်ဦးကိုတစ်ဦး ဆွံ့အ,စွာဖြင့် ကြည့်လိုက်မိကြသည်။

“အဖေ၊ အဖေ တကယ်ကြီး အဲဒါကို လက်ခံလိုက်တာလား၊ ဒီပစ္စည်းကို လက်ခံလိုက်တဲ့ အဓိပ္ပာယ်ကို ဖေဖေ သိရဲ့လား”

လင်းရန်တစ်ယောက် လက်ရှိအခြေအနေများ၏ ဦးတည်ချက်က သူမအတွက် အလွန်ရှုပ်ထွေးနေသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ အဖေက သူမကို ဤမျှစောစီးစွာလက်ထပ်စေချင်မည် မဟုတ်ပါချေ။ ထို့အပြင် သူ၏ အကျင့်စရိုက်အရ တခြားလူများပေးလာသည့် တန်ဖိုးကြီးလက်ဆောင်ကို လက်ခံမည့်သူလည်း မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် အဖေလင်း၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကောက်ကို စိုက်ကြည့်ပြီး လင်းရန်တစ်ယောက် သူမ၏ ဖခင်အပေါ် အထင်လွဲမိသည်လားဟူ၍ပင် ရုတ်တရက် ခံစားလာခဲ့ရသည်။

လင်းကျန်းအန်း: “...”

သူ့အနေဖြင့် စုန့်ကျယ်ကို ခွန်အားချင်း မယှဉ်နိုင်သောကြောင့် အတင်းအကြပ်လက်ခံလိုက်ရကြောင်းကို သမီးဖြစ်သူထံသို့ မည်သို့ပြောနိုင်ပါမည်နည်း။

သမီးဖြစ်သူ၏ ရှေ့တွင် သူက တခြားသောအဖေတစ်ယောက်ကို မယှဉ်နိုင်ကြောင်း မပြောနိုင်ပါချေ။ထို့ကြောင့် နောက်ဆုံးတွင် အဖေလင်းတစ်ယောက် သူ၏ ဝမ်းနည်းမှုကိုသာ မျိုသိပ်လိုက်ပြီး တိတ်တဆိတ် ကတိပေးလိုက်ရလေသည်။

“ရန်ရန်၊ နောက်ကို မင်းရဲ့အဖေက ဒီထက် ပိုပြီးတန်ဖိုးကြီးတဲ့လက်ဖွဲ့ပစ္စည်းတွေကို မင်းအတွက် ပြင်ဆင်ပေးမယ်”

လင်းရန်: “...”

သွားပြီ။

အခုတော့ အားလုံးပြီးသွားပြီပဲ။

All Chapters