အခန်း (၂၈၄)
Vol. 29 Ch. 284
စုန့်ကျယ်၏ ရောက်ရှိလာခြင်းက အဘွားလင်းကိုလည်း အလွန်ပင်အံ့ဩသွားစေခဲ့သည်။
အဘွားလင်းက ပညာတတ်မဟုတ်ပါချေ။ ထို့ကြောင့် သူမအနေဖြင့် ဗိုလ်ချုပ်ကြီး သို့မဟုတ် အကြီးအကဲတစ်ယောက်ဟူသော ရာထူးက မည်မျှလောက်အထိ ကြီးမားကြောင်းကို မသိပေ။
သို့သော်လည်း ကွန်မြူနတီမှ ခေါင်းဆောင်များထက် ပို၍ ရာထူးကြီးကြောင်းကိုတော့ သေချာပေါက်သိထားပေသည်။
သူတို့၏ တပ်မဟာတွင် ကွန်မြူနတီ ခေါင်းဆောင်က အကြီးဆုံးသော အရာရှိကြီးဖြစ်သည်။ တစ်ဖက်လူက ကွန်မြူနတီ ခေါင်းဆောင်ထက်ပင် ပို၍ အာဏာရှိသူဖြစ်သောကြောင့် လူတိုင်းက သူ့ကို မြင်သည်နှင့် လှိုက်လှဲစွာကြိုဆို နှုတ်ဆက်ကြရပေလိမ့်မည်။
ထိုကဲ့သို့ ထူးကဲသော ပုဂ္ဂိုလ်ကြီးတစ်ယောက်က သူတို့၏ မိသားစုထံသို့ လာရောက်လည်ပတ်သည်ဟူ၍ တွေးမိပြီးနောက်တွင် အဘွားလင်းတစ်ယောက် အလွန်ပင် ပျော်ရွှင်သွားရသည်။
ဘယ်လောက်တောင် ခန့်ညားပြီးကျက်သရေရှိတဲ့လူလဲ။
မကြာမီ လင်းရန်နှင့် လင်းကျန်းအန်းတို့သည်လည်း အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။ လင်းကျန်းအန်းက ဧည့်ခန်းထဲတွင်ထိုင်ပြီး အဘွားလင်းနှင့် စကားပြောနေသော စုန့်ကျယ်ကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှကြိတ်၍ ကျိန်ဆဲလိုက်မိလေသည်။
ဒီလူကတော့! အပြင်ဘက်က ကြည့်ရင် မသိသာပေမဲ့ စိတ်ထဲမှာတော့ အတော်လေး လှည့်ကွက်တွေ များလွန်းနေတာပဲ!
အဘွားလင်းသည်ကား လင်းကျန်းအန်းတစ်ယောက် အပြင်ဘက်တွင် မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသည်ကို မသိရှိပါချေ။ သူမက လင်းကျန်းအန်း၏ မျက်နှာအမူအရာ မကောင်းသည်ကိုသာ မြင်တွေ့ခဲ့ပြီး သူ့ကို စိုက်ကြည့်လိုက်လေ၏။
“ရှောင်အာ့ ၊ မင်း ဘာလုပ်နေတာလဲ.. အိမ်မှာ ဧည့်သည်ရောက်နေတာလေ၊ ဒါက ရှောင်စုန့်ရဲ့ အဖေပဲ၊ လာပြီး ဧည့်ခံစကား ပြောလိုက်ဦး!”
လင်းကျန်းအန်း သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်။ နောက်ဆုံးတွင် သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသော အနေရခက်သည့် ကိစ္စကို မျိုသိပ်လိုက်ပြီး စုန့်ကျယ်နှင့် စကားပြောရန် ဝင်သွားခဲ့လေသည်။
တခြားလူများထံမှ သတင်းများကိုကြားသည့်အတွက် ရောက်ရှိလာခဲ့ကြသော တပ်မဟာအဖွဲ့ဝင်များသည်လည်း အလုပ်ဆင်းသည်နှင့် လင်းမိသားစု အိမ်သို့ တိုက်ရိုက်လာခဲ့ကြသည်။
သူတို့ လုံးဝမမြင်ဖူးသည့် စုန့်ကျယ်ကို မြင်လျှင် တပ်မဟာမှလူတစ်စုမှာ မမေးမြန်းဘဲ မနေနိုင်ကြတော့ပေ။
အဘွားလင်းသည်လည်း မူလကတည်းက ကြွားဝါချင်နေခဲ့သည်။
ထို့ကြောင့် စုန့်ကျယ်ကို သူ၏ အဆင့်အတန်းအား တခြားသူများထံသို့ ပြောပြလိုစိတ်ရှိမရှိ မေးမြန်းခဲ့သည်။
စုန့်ကျယ်သည်လည်း အဆင်ပြေကြောင်း ပြန်လည်ဖြေခဲ့လေသည်။
ထို့ကြောင့် အဘွားလင်းက စုန့်ကျယ်၏ အဆင့်အတန်းကို အသံကျယ်ကျယ်ဖြင့် ပြောပြလိုက်ပြီး စုန့်မိသားစုက သူတို့မိသားစုထံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်းကို ပြောပြခဲ့သည်။
တပ်မဟာမှ လူများမှာ လင်းရန်နှင့် စုန့်ရှီးယန်တို့၏ ပတ်သက်မှုကို သိရှိထားကြသည်မှာ ကြာပေပြီ။
သို့သော်လည်း သူတို့နှစ်ဦးက အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့် တိုးတက်မှုမျှ မရှိခဲ့ပါချေ။
အကယ်၍ ကျေးလက်ဒေသတွင်သာ ဆိုပါက ထိုမျှအချိန်ဆိုလျှင် လက်ထပ်ပြီး၍ ကလေးပင် ရနေလောက်ပြီ မဟုတ်ပါလား။
လင်းရန်နှင့် စုန့်ရှီးယန်တို့တွင် တစ်ဦးက မြို့ပြင်သို့ တာဝန်ဖြင့် သွားခဲ့ပြီး ပြန်လည်ရောက်လာခြင်းမရှိတော့ပေ။
နောက်တစ်ဦးမှာလည်း မြို့ထဲသို့ ထွက်ပြေးသွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပြန်မလာခဲ့ပါချေ။
ထို့ကြောင့် လူတိုင်းက သူတို့နှစ်ဦး လမ်းခွဲသွားကြပြီလား သို့မဟုတ် သူငယ်ချင်းသက်သက်လားဟု သံသယဝင်နေခဲ့ကြသည်။
လင်းရန်အနေဖြင့် အရှက်ကွဲမည်စိုးရိမ်သောကြောင့် အပြင်ဘက်တွင် ရှောင်ရှားနေခြင်းဖြစ်နိုင်လောက်မည်ဟူ၍လည်း တွေးတောနေခဲ့ကြသည်။
တပ်မဟာထဲမှလူတိုင်းက လင်းရန်နှင့် မည်သည့်ရန်ငြိုးမှ မရှိပါချေ။ သို့သော်လည်း အိမ်တိုင်းတွင် လက်ထပ်ရမည့် အရွယ်ရောက်နေသော မိန်းကလေးများ ရှိကြသည်။
ထို့အတွက် လင်းရန်က ထိုကဲ့သို့ ကောင်းမွန်သည့် လက်တွဲဖော်ကို ရှာတွေ့ထားသည်ကို မြင်လျှင် တခြားလူများ၏ စိတ်ထဲတွင် မနာလိုမှုနှင့်အတူ အနည်းငယ်လောက်မကျေမနပ် ဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် လင်းရန်နှင့်စုန့်ရှီးယန်တို့ နှစ်ဦးလုံးကို မမြင်တွေ့ရသည့်အတွက် လူတိုင်းက ပြန်လည်ပျော်ရွှင်နေခဲ့ကြသည်။
သို့သော် သူတို့ ပျော်ရွှင်သည့်အချိန်က သိပ်မကြာသေးမီ လူငယ်နှစ်ဦးက အတူပြန်ရောက်လာရုံသာမကဘဲ စစ်တပ်မှ ရာထူးမြင့်အရာရှိကြီးဖြစ်သော သူတို့၏ ဖခင်ကိုပါ ခေါ်ဆောင်လာခဲ့ကြလေ၏။
ဤအခြေအနေနှင့်ဆိုပါက မကောင်းသည့်ကိစ္စများဖြစ်နိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း တချို့လူများက လက်မလျှော့ချင်ကြသေးဘဲ အဘွားလင်း၏ ရှေ့တွင် ရည်ရွယ်ချက်ရှိရှိ မေးမြန်းလာခဲ့ကြလေသည်။
“အိုက်ယား.. လင်းရန်နဲ့ ရှောင်စုန့်တို့က အတူရှိနေတာ အတော်လေးကြာနေပြီပဲ.. ရှောင်စုန့်က ဘယ်အချိန် လက်ထပ်မလဲဆိုတာကို မပြောသေးဘူးလား
ကျွန်မတို့ကတော့ မလောပါဘူး၊ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလှအပက နှစ်နည်းနည်းလောက်ပဲ ခံတာလေ.. မြန်မြန်မလုပ်ဘဲ အချိန်နှောင်းသွားရင် ခက်ခဲလာလိမ့်မယ်”သူတို့အားလုံးက နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော မြေခွေးအိုကြီးများဖြစ်ပေသည်။ အဘွားလင်းအနေဖြင့် တစ်ဖက်လူ၏ စကားထဲမှ မနာလိုမှုနှင့် သိချင်စိတ်တို့ကို မသိဘဲ မနေပါချေ။
သူမအနေဖြင့် မူလက ပျော်ရွှင်နေသော်လည်း ယခုအချိန်တွင်တော့ သူမ၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားရလေသည်။
သူမ၏ မိသားစုကိစ္စက သူတို့နှင့် မသက်ဆိုင်ကြောင်း ပြန်ပြောရန် ပြင်လိုက်သော်လည်း စုန့်ရှီးယန်က တိုက်ရိုက်ပင် ထရပ်လိုက်လေ၏။
“ဒီဘက်က အဒေါ်၊ အဒေါ်က ကျွန်တော့်ရဲ့ မင်္ဂလာကိစ္စကို ကျွန်တော့်ရဲ့မိဘတွေထက်တောင် ပိုပြီး စိတ်ပူပေးနေလို့ ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို အဘွားဆီကို မမေးပါနဲ့.. ရန်ရန်ကိုပဲ မေးရပါလိမ့်မယ်”
ထို့နောက် စုန့်ရှီးယန်က နှိမ့်ချသော မျက်နှာအမူအရာဖြင့် လင်းရန်ဆီသို့ ကြည့်လိုက်လေ၏။
သူ၏ စကားမှ အဓိပ္ပာယ်က ရှင်းလင်းလွန်းပေသည်။ သူ့ဘက်မှ လက်ထပ်ချင်သော်လည်း လင်းရန်က လက်မခံသေးခြင်းသာဖြစ်သည်။
ဘေးနားတွင်ရှိနေသော လူများမှာ ထိုစကားကို ကြားလျှင် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
ဒါက ဘာအဓိပ္ပာယ်လဲ။
လင်းရန်နဲ့ စုန့်ရှီးယန်တို့ လက်မထပ်ရသေးတာက စုန့်မိသားစုဘက်က လက်မထပ်ချင်လို့ မဟုတ်ဘဲ လင်းရန်က သဘောမတူသေးတာလို့ပြောချင်တာလား!
ဒီကောင်မလေးက ဘာတွေ တွေးနေတာလဲ။ ရှောင်စုန့်လို အခြေအနေကောင်းတဲ့ လူမျိုးကိုတောင် သဘောမတူဘူးတဲ့လား။
ဒါက ကောင်းကင်ကနေ ကျလာတဲ့ ကံကောင်းမှုမျိုးပဲမဟုတ်ဘူးလား။
အကြည့်အားလုံးက သူမထံသို့ စုပြုံရောက်ရှိလာသည်ကို မြင်လျှင် လင်းရန်တစ်ယောက် အလွန်ပင် အနေရခက်သကဲ့သို့ ခံစားလိုက်ရလေ၏။
စုန့်ရှီးယန်က သူမ၏ မျက်နှာကို အဖတ်ဆယ်ပေးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကို သူမ သိထားသော်လည်း ဤအခြေအနေက အတော်လေးပင် အနေခက်စေသည် မဟုတ်ပါလား။
“လင်းရန်၊ အမြန် သဘောတူလိုက်လေ၊ အခုက ရှောင်စုန့်ရဲ့ မိဘတွေလည်း ရောက်နေတာပဲ၊ ဒါကို မြန်မြန် အပြီးသတ်လိုက်သင့်တယ်”
“ဟုတ်တယ် ဟုတ်တယ်၊ ရှောင်စုန့်ဆိုတာက မီးအိမ်နဲ့ လိုက်ရှာရင်တောင် မတွေ့နိုင်တဲ့ သားမက်ကောင်းတစ်ယောက်ပဲ၊ လက်မလွတ်စေနဲ့ဦး!”
“အခုရက်ပိုင်းက အလုပ်လည်း သိပ်မများဘူးဆိုတော့ ငါတို့အားလုံး ဝိုင်းကူပြီး စီစဉ်ပေးလို့ရတာပေါ့!”
လူတိုင်းက လင်းရန်ကို အကြံဉာဏ်များ စတင်ပေးလာခဲ့ကြတသည်။
မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်က လင်းရန်ကို လက်ထပ်ချင်နေကြောင်းကို ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့ပေပြီ ။ ထို့ကြောင့် သူတို့၏ ပတ်သက်မှုတွင် ပြဿနာမရှိသည်မှာ သေချာပေ၏။
ထိုသို့ဆိုပါက လင်းရန်က အရာရှိကတော်တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပါလား။ သူတို့အနေဖြင့် သူမကို မျက်နှာချိိုသွေးထားသည်က ပိုကောင်းပေလိမ့်မည်။
လင်းရန်အနေဖြင့် ဤမျှလောက်အထိ ပြင်းထန်သည့် လက်ထပ်ရန် တိုက်တွန်းမှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သောကြောင့် စိတ်ရှုပ်ထွေးသွားရသည်။
ကံကောင်းထောက်မစွာဖြင့် အဘွားလင်းနှင့် ချင်းယွင်ကျစ်တို့က အရေးကြီးသော အချိန်တွင် ကြားဖြတ်လိုက်ကြသည်။ သူတို့က ရယ်မောရင်းဖြင် ထိုအကြောင်းအရာကို တားဆီးပေးလိုက်ကာ လင်းရန်ကို အခန်းထဲသို့ ပြန်၍ အနားယူခိုင်းလိုက်ကြလေသည်။
သူတို့က သူမ၏ စိတ်အခြေအနေကို ထိုကဲ့သို့ လူများကြောင့် မထိခိုက်စေလိုကြပါချေ။
ချင်းယွင်ကျစ်က လင်းရန်ကို အခန်းထဲသို့ တွန်းပို့ပေးလိုက်သည်။
ထို့နောက်တွင် လင်းရန်၏ နားထဲတွင် အသံများ တိတ်ဆိတ်သွားခဲ့သော်လည်း သူမ၏ စိတ်ထဲတွင် ရုတ်တရက် ရှုပ်ထွေးလာခဲ့သည်။
ဆိုရလျှင်က သူမသည် လက်ထပ်ခြင်းကို ဆန့်ကျင်နေခြင်း မဟုတ်ပါချေ။
လင်းရန်အနေဖြင့် နောက်ပိုင်းခေတ်များမှလာသူဖြစ်သောကြောင့် လက်မထပ်မီ ချစ်ကြိုက်ခဲ့ကြသော်လည်း လက်ထပ်ပြီးနောက် လအနည်းငယ်အတွင်းမှာပင် ကွာရှင်းကြသူများ၊ သို့မဟုတ် မိဘများ၏ အတင်းအဓမ္မ လက်ထပ်ပေးခြင်းကို ခံရသော်လည်း တစ်သက်လုံးမခွဲမခွာဘဲ နေထိုင်သွားကြသူများကို မြင်တွေ့ခဲ့ဖူးသည်။
ထို့ကြောင့် လက်ထပ်စာချုပ်ဆိုသည်မှာ အမှန်တကယ်ပင် အသုံးဝင်နိုင်လားဆိုသည့်မေးခွန်း၏အဖြမှာ အသုံးဝင်ခြင်းလည်းဖြစ်နိုင်သကဲ့သို့ အသုံးမဝင်ခြင်းလည်းဖြစ်နိုင်ကြောင်းကိုရှင်းလင်းစွာနားလည်နိုင်ပေသည်။
အိမ်ထောင်ရေးအတွက် အရေးအကြီးဆုံးမှာ ဇနီးမောင်နှံနှစ်ယောက်၏ကြားထဲမှ ခံစားချက်သာဖြစ်၏။
အကယ်၍ သူတို၏ကြားထဲမှ ခံစားချက်က ကောင်းမွန်ပါက လက်ထပ်လက်မှတ်မရှိလျှင်ပင် အချစ်က ထာဝရ တည်မြဲနိုင်သည်။
သို့သော်လည်း ခံစားချက် မကောင်းလျှင် လျင်မြန်စွာကွာရှင်းပြီး အဆုံးသတ်သွားနိုင်ပေသည်။
သို့သော်လည်း ဤခေတ်ကာလတွင် လက်မထပ်ဘဲ အတူနေထိုင်ရန် ဆုံးဖြတ်မည်ဆိုပါက ပတ်ဝန်းကျင်၏ အထင်အမြင်သေးမှုနှင့် ဝေဖန်မှုများကို ခံရရုံသာမက ‘လူပျိုအပျိုများကြားမှ မသင့်လျော်သော ပတ်သက်မှု’ အဖြစ်ပင် စီရင်ခြင်းကိုခံရနိုင်ပေ၏။
ထို့ကြောင့် သူတို့အနေဖြင့် လက်ထပ်ခြင်းကို ပြုလုပ်ရမည်ဖြစ်သော်လည်း အခြေအနေများက ဤမျှလောက်အထိ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
မတိုင်ခင်က သူမအနေဖြင့် အသက်မွေးဝမ်းကြောင်း အလုပ်ကို ဦးစွာတည်ငြိမ်အောင် လုပ်ပြီးမှ လက်ထပ်ပွဲအတွက်စဉ်းစားရန် စီစဉ်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် စုန့်ရှီးယန်၏ကြားမှ အခြေအနေက တည်ငြိမ်နေပေပြီ။သို့သော်လည်း ယနေ့တွင် အဖေစုန့်က စုန့်မိသားစု၏ဘိုးဘွားပိုင်ပစ္စည်းကို လာရောက်ပေးအပ်ခဲ့သည်။
ထိုမျှသာမက တပ်မဟာထဲမှ တခြားသူများကလည်း သူမနှင့် စုန့်ရှီးယန်တို့၏ အခြေအနေကို သိရှိသွားကြပြီး လက်ထပ်ရန်အတွက် တိုက်တွန်းလာခဲ့ကြသည်။
ဤသည်မှာ သူမ မြင်တွေ့ဖူးသမျှထဲတွင် အကြီးမားဆုံးသော မင်္ဂလာပွဲကိုတိုက်တွန်းရေးအဖွဲ့ကြီးပင် ဖြစ်ပေသည်။
သို့ဆိုပါက...
မည်သို့ပင်ဖြစ်စေ ဤလက်ထပ်ခြင်းသည်က တစ်ချိန်ချိန်တွင် ဖြစ်လာမည်ဖွစ်၍ နှစ်ဖက်မိဘများ ရှိနေသည့်အခိုကာအတန့်တွင် အပြီးသတ်လိုက်ခြင်းက ကောင်းမွန်သည်မဟုတ်ပါလား။
သို့ဆိုပါက နောင်တစ်ချိန်တွင် လူတိုင်းက ဤကိစ္စအတွက် အချိန်ထပ်ပေးရန် မလိုအပ်တော့ပါချေ။