အခန်း (၂၈၅)
Vol. 29 Ch. 285
လင်းရန်တစ်ယောက် ထိုအကြောင်းကို ပို၍ စဉ်းစားမိလေလေ သူမ၏ အတွေးက ကောင်းမွန်သည်ဟု ခံစားရလေလေ ဖြစ်လာခဲ့သည်။
သူမသည်က အမြဲတစေ ကိစ္စများကိုအဆင်ပြေချောမွေ့အောင် လုပ်ဆောင်တတ်သူဖြစ်သည့်အတွက် ယခုအခြေအနေတွင်လည်း ဤကိစ္စကို အပြတ်ရှင်းလိုက်ပါက ပိုကောင်းမည်ဟု တွေးတောမိလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ အကယ်၍ နောက်တစ်ချိန်တွင် စုန့်ရှီးယန်က သူမအပေါ်တွင် မကောင်းလျှင်လည်းလမ်းခွဲလိုက်ရုံသာ ဖြစ်သည်။
မည်သူ့ကို ကြောက်နေရမည်နည်း။
ထို့ကြောင့် အဘွားလင်းနှင့် တခြားသူများက လာရောက်ကြည့်ရှုသူများကို ပြန်လွှတ်လိုက်ပြီးနောက် လင်းရန်ကို ပြန်ထွက်လာရန် လာခေါ်ချိန်တွင် လင်းရန်က အဘွားလင်းအား ရုတ်တရက် ပြောလိုက်လေ၏။
“အဘွား၊ သမီးနဲ့ စုန့်ရှီးယန်တို့ရဲ့ မင်္ဂလာပွဲကို အခု ကျင်းပလိုက်မယ်ဆိုရင် အဘွား ဘယ်လိုထင်လဲ”
သူမအနေဖြင့် ဤအတွေးကို စုန့်ရှီးယန်ဆီသို့ ကြိုတင်မပြောထားရသေးသောကြောင့် သူ့ဘက်မှလည်း လက်ထပ်ပွဲ အစီရင်ခံစာကို မတင်ထားလောက်ပါချေ။
သို့သော် ကျေးလက်ဒေသတွင် အရေးကြီးဆုံးမှာ မင်္ဂလာဝိုင်နှင့်စားသောက်ပွဲသာဖြစ်သည်။
စားသောက်ပွဲ ကျင်းပပြီးသည်နှင့် လူတိုင်းက လက်ထက်ပြီးစီးသွားကြေုင်းလက်ခံသွားကြမည် ဖြစ်ပြီး လက်ထပ်စာချုပ်ကိုတော့ နောက်ပိုင်းတွင်သာ လျှောက်ထားနိုင်ပေသည်။
အဘွားလင်းတစ်ယောက် ခဏမျှ မင်သက်သွားရပြီး သူမ နားကြားမှားသွားသည်ဟူ၍ပင် ထင်မိသွားကာ လင်းရန်ကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်လိုက်မိလေ၏။
“ရန်ရန်၊ မင်း တကယ်ပြောနေတာလား.. မဟုတ်သေးဘူး မင်း သေသေချာချာ စဉ်းစားပြီးပြီလား”
လင်းရန်အနေဖြင့် အရာအားလုံးကို စဉ်းစားထားခြင်း မဟုတ်ပါချေ။
သို့သော်လည်း သူမ၏ စကားကို ကြားပြီးနောက်တွင် အဘွားလင်းပြသလိုက်သည့် ပထမဆုံးတုံ့ပြန်မှုမှာ ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့သာ ဖြစ်နေကြောင်းကို မြင်လိုက်ရသည့်အတွက် နောက်ဆုံးသော ဆုံးဖြတ်ချက်ကိုချလိုက်လေ၏။
ကောင်းပြီလေ။
လက်ထပ်လိုက်ရုံပဲပေါ့!
မည်သို့ပင်ဖြစ်စေ အဘွားလင်းကလည်း သူမကို အလျှင်အမြန်လက်ထပ်စေချင်နေပုံရသည်။
သူမသည်လည်း အဘွားလင်း၏ မျှော်လင့်ချက်များကို မဖျက်ဆီးလိုတော့ပေ။ ထို့ကြောင့် လင်းရန် ပြုံးလိုက်ပြီး တိုးညင်းစွာပြောလိုက်လေ၏။
“ အဘွား၊ သမီး စဉ်းစားပြီးပြီ၊ အန်တီချင်းနဲ့ ဦးလေးစုန့်တို့ကလည်း အခု ဒီမှာရှိနေတာဆိုတော့ လူတိုင်းရှိနေတုန်းမှာ လုပ်လိုက်တာ ပိုကောင်းလိမ့်မယ်၊
ဒါပေမဲ့ သမီးက မင်္ဂလာဆောင်တဲ့ ကိစ္စတွေမှာ အတွေ့အကြုံမရှိတော့ ညနေပိုင်း လူတိုင်းပြန်ရောက်လာတဲ့အချိန်မှ အတူဆွေးနွေးကြရအောင်”
အဘွားလင်းက သူမကို စိုက်ကြည့်လိုက်မိသည်။ လင်းရန် ထိုစကားကိုပြောပြီးနောက် သူမက မသေချာသောအကြည့်ဖြင့် မေးလိုက်လေ၏။
“ရန်ရန်၊ ဒါကို မင်းရဲ့တကယ့် ဆန္ဒအတိုင်း လုပ်တာရောဟုတ်ရဲ့လား”
လင်းရန်မှာ ခဏမျှကြောင်အသွားပြီးနောက် ရယ်လည်းရယ်ချင်မိပြီး ငိုလည်းငိုချင်သွားရသည်။
“အဘွား! သမီးက လက်မထပ်ချင်ဘဲ လုပ်နေတာလို့ အဘွား ထင်နေတာလား၊ တစ်ယောက်ယောက်က သမီးကို အတင်းအဓမ္မ ခိုင်းလို့ရပါ့မလား၊
သမီးက အဘွားလိုမျိုး အစွမ်းထက်တဲ့ အဘွားရဲ့မြေးမလေး လင်းရန်ပဲလေ!”
အဘွားလင်းက ထိုစကားကို ကြားပြီးနောက်တွင် ရုတ်တရက် ပျော်ရွှင်သွားရလေ၏။
“အိုး၊ ဒီစကားကို တခြားလူတွေ ကြားရင် ရယ်နေကြဦးမယ်! ဒါပေမဲ့ ဒီမင်္ဂလာပွဲဆိုတာက ကြီးမားတဲ့ ကိစ္စပဲ၊ သေသေသေချာ ပြင်ဆင်ရမယ်၊
ဒါပေမဲ့ ငါထင်တာတော့ ရှောင်စုန့်နဲ့ သူ့အဖေမှာ အချိန်အများကြီး ရှိမှာ မဟုတ်ဘူး၊ ဒီတော့ အားနာစရာတွေ ဖြစ်နေမှာစိုးရတယ်”
အဘွားလင်းတစ်ယောက် စကားပြောနေရင်းဖြင့် ဤကိစ္စကို ဤမျှလောက် မလောသင့်ကြောင်း ခံစားလာခဲ့ရသည်။ သူမအနေဖြင့်လင်းရန်အား အချိန်ပြောင်းရန်အတွက် ဆက်လက်နားချရန် ပြင်ဆင်လိုက်သော်လည်း လင်းရန်က ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေပေပြီ။
လင်းရန်က အရာအားလုံးကို ရိုးရိုးရှင်းရှင်းသာ ဖြစ်စေချင်သည်။ ထိုသို့ဆိုလျှင် ပို၍ အဆင်ပြေမည် မဟုတ်ပါလား။
အကယ်၍ အဘွားလင်း တွေးထားသကဲ့သို့ ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်မည်ဆိုလျှင် သူမအနေဖြင့် လက်မထပ်ရသေးမီ ပင်ပန်းလွန်း၍ သေသွားပေလိမ့်မည်။
လင်းရန်က သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်းကို မြင်လိုက်ရလျှင် အဘွားလင်းသည်လည်း လက်ခံလိုက်ရတော့သည်။
ထို့နောက် ပျော်ရွှင်စွာဖြင့် ထိုသတင်းကောင်းကို သားဖြစ်သူ လင်းကျန်းအန်းထံသို့ သွားရောက်ပြောပြလိုက်သည်။
တခြားလူများကိုတော့ ညနေစာစားပြီးနောက်မှသာ ကြေညာပေလိမ့်မည် ။
လင်းရန်အနေဖြင့် သူမ တစ်ယောက်တည်း လက်ထပ်၍ မရနိုင်သောကြောင့် အပြင်ဘက်သို့ ထွက်လာပြီးနောက် စုန့်ရှီးယန်ထံသို့ တိုက်ရိုက်သွားလိုက်လေ၏။
ထို့နောက် ဧည့်ခန်းတွင် စောင့်ဆိုင်းနေဆဲဖြစ်သော စုန့်ရှီးယန်ကို ဘေးဘက်သို့ ခေါ်ထုတ်ကာ အသိပေးလိုက်သည်။
“ကျွန်မတို့တွေ နောက်နှစ်ရက်အတွင်းမှာ မင်္ဂလာပွဲအတွက် စားသောက်ပွဲ ကျင်းပရအောင်
ရှင့်ရဲ့မိဘတွေရော ကျွန်မရဲ့အဖေပါ ရှိနေတုန်း လုပ်လိုက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမ၏ လေသံက အလွန်အမင်း တည်ငြိမ်လွန်းနေသကဲ့သို့ ခံစားရသောကြောင့် အနည်းငယ်လောက်ချိုသာပုံရသည့် လေသံဖြင့် မေးလိုက်လေ၏။
“ရှင် ဘယ်လိုထင်လဲ”
သို့သော် သူမက ထိုစကားနှစ်ခွန်းကို ပြောပြီးသည့်အချိန်အထိ စုန့်ရှီးယန်ထံမှ မည်သည့်အဖြေကိုမျှ မရရှိခဲ့ပေ။ လင်းရန်တစ်ယောက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း စုန့်ရှီးယန်၏ မျက်နှာအမူအရာမှ ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပါချေ။
သူ၏မျက်နှာက ပုံမှန်အတိုင်းပင် ရှိနေခဲ့ပြီး မည်သို့သောထူးခြားသော ခံစားချက်ကိုမှ ဖော်ပြခြင်းမရှိခဲ့ပေ။
လင်းရန် မျက်မှောင်ကြုတ်လိုက်မိကာ သူ့ကို နောက်တစ်ခါထပ်ခေါ်လိုက်သည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မရှိခဲ့ပါချေ။
နောက်ဆုံးတွင်တော့ လင်းရန်တစ်ယောက် အလွန်အမင်း ဒေါသထွက်သွားခဲ့ရလေ၏။ အခန်းထဲတွင် သူတို့နှစ်ဦးကို ကြည့်နေမည့်လူ မရှိကြောင်းကို စစ်ဆေးပြီးနောက် စုန့်ရှီးယန်၏ အဖြေကို ရရှိရန်အတွက် သူ့ကို အားပြင်းပြင်းဖြင့်တစ်ချက် ဆွဲလိမ်လိုက်လေသည်။
သို့သော်လည်း သူမ၏ လက်များက နာကျင်လာရပြီး မည်သည့်အားမှမကျန်လောက်သည်အထိ အားကုန်သုံး၍ ဆွဲလိမ်လိုက်သော်လည်း စုန့်ရှီးယန်က နာကျင်မှုကြောင်း အော်ဟစ်ညည်းညူရန်မဆိုထားနှင့်။ အသံထွက်လာခြင်းပင်မရှိပါချေ။
လင်းရန်: “...”
လင်းရန်တစ်ယောက် စိတ်မရှည်တော့ဘဲ ထွက်သွားရန် ပြင်လိုက်သည့်အချိန်ကိုရောက်မှသာ စုန့်ရှီးယန် သတိပြန်ဝင်လာခဲ့လေသည်။
သူက ခေါင်းငုံ့ကြည့်လိုက်ပြီး သူ၏လက်မောင်းပေါ်တွင် တင်ထားဆဲဖြစ်သော လင်းရန်၏လက်ကို ရှုပ်ထွေးစွာ စိုက်ကြည့်ရင်းဖြင့် နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် မေးလိုက်လေ၏။
“ရန်ရန်၊ မင်း ဘာလုပ်နေတာလဲ”
လင်းရန်တစ်ယောက် ကြောင်အ,သွားရလေသည်။ ထို့နောက် သူမက စုန့်ရှီးယန်၏ လက်မောင်းကို ပြန်ကြည့်လိုက်လျှင် သူမ ယခုလေးတင် ဆွဲလိမ်လိုက်သော နေရာမှာ နီရဲနေသည်ကို ထင်ရှားစွာမြင်လိုက်ရသည်။
မဟုတ်သေးဘူး။ သူမ ဒီလောက်ထိ အားကုန်သုံးလိုက်တာတောင် သူ တကယ်ပဲ ဘာမှမခံစားရတာလား။
ဤခဏအတွင်း လင်းရန်တစ်ယောက် ဘဝကိုပင် သံသယဝင်သွားမိရသည်။
သူမ၏ ခွန်းအားကပဲ နည်းပါးလွန်းနေတာလား။ ဒါမှမဟုတ် စုန့်ရှီးယန်ရဲ့ အရေပြားကပဲ တကယ်ကြီးထူထဲနေတာလား။
“ကျွန်မ ရှင့်ကို လိမ်ဆွဲနေတာလေ၊ ရှင် ဘာမှမခံစားရဘူးလား”
နောက်ဆုံးတွင် လင်းရန်တစ်ယောက် ဘဝကို သံသယဝင်နေသော လေသံမျိုးဖြင့်သာ ပြောလိုက်နိုင်ခဲ့သည်။
သို့သော်လည်း စုန့်ရှီးယန်၏ တုံ့ပြန်မှုက အလွန်ပင် ရိုးရှင်းလွန်းပေ၏။
“အိုး..”
အိုး ဟုတ်လား။
စုန့်ရှီးယန်၏ စိတ်များက အလွန်အမင်းလွင့်မျောနေသည်ကို မြင်လိုက်ရသောကြောင့် လင်းရန်တစ်ယောက် နောက်တစ်ကြိမ် ထပ်မံ ပြောလိုက်ရပြန်သည်။
“ဒါဆို ကျွန်မ ခုနကပြောတဲ့ မင်္ဂလာဝိုင်စားသောက်ပွဲအကြောင်းကိုရော ရှင် ကြားလိုက်ရဲ့လား”
ယခုတစ်ကြိမ်တွင်တော့ စုန့်ရှီးယန်၏ ဦးနှောက်က ရပ်တန့်မသွားတော့ဘဲ လင်းရန်ကို တည့်တည့်စိုက်ကြည့်ကာ သတိကြီးလွန်းသော လေသံဖြင့် မေးလိုက်လေသည်။
“ရန်ရန်၊ မင်း ခုနက ပြောလိုက်တဲ့စကားကို နောက်တစ်ခါလောက် ထပ်ပြောပေးလို့ရမလား”
မယုံကြည်နိုင်သကဲ့သို့ဖြစ်နေသည့် စုန့်ရှီးယန်၏ မျက်နှာအမူအရာကို တွေ့မြင်လိုက်ရလျှင် စုန့်ရှီးယန်တစ်ယောက် သူမ၏စကားကြောင့် အလွန်အမင်းရှော့ရသွားပြီး ယခုအချိန်ထိ မယုံနိုင်သေးကြောင်းကို လင်းရန် သဘောပေါက်သွားခဲ့ရသည်။
သူမအနေဖြင့် လွန်ခဲ့သည့် စက္ကန့်ပိုင်းက ဒေါသထွက်နေခဲ့သော်လည်း ယခုအချိန်တွင်တော့ သူ၏ တုံ့ပြန်မှုကြောင့် ရယ်မောမိသွားရလေ၏။
သူမက စာနာနားလည်ပေးစွာဖြင့် လက်ကို ဂရုမစိုက်စွာ ဝှေ့ရမ်းလိုက်သည်။
“ရှင် မကြားလိုက်ဘူးဆိုလည်း ထားလိုက်ပါတော့.. ဒါက အရေးကြီးတဲ့ ကိစ္စလည်း မဟုတ်ပါဘူး”
“မဟုတ်ဘူး! မင်း ခုနက ကိုယ်နဲ့အတူ မင်္ဂလာဝိုင်သောက်ချင်တယ်လို့ ပြောလိုက်တာမလား၊ ပြောပြီးသားကို ဘယ်လိုလုပ်ပြီး မပြောခဲ့သလို ဟန်ဆောင်လို့ ရမှာလဲ၊ ရန်ရန်.. မင်း ဒီလို မလုပ်သင့်ဘူး!”
စုန့်ရှီးယန်၏ တုံ့ပြန်မှုမှာ အလွန်ကျယ်လောင်လွန်းသောကြောင့် လင်းရန်၏ နားများပင် အကြားအာရုံ ချို့ယွင်းသွားမတတ်ဖြစ်သွားရလေ၏။
“အသံနည်းနည်း လျှော့စမ်းပါ!”
သူမက နားကို ပွတ်လိုက်ပြီး ဧည့်ခန်းဘက်သို့ အမြန်လှမ်းကြည့်လိုက်မိသည်။
ကံကောင်းစွာဖြင့် တခြားသူများမှာ အပြင်သို့ ထွက်မလာကြပါချေ။ သူမ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
“ရှင်ရဲ့အသံက ဒီလောက်ကျယ်နေတာ၊ ရွာထိပ်က အသံချဲ့စက်အဖြစ်ပဲ သွားလုပ်လိုက်ပါလား!”
စုန့်ရှီးယန်တစ်ယောက် အကြောင်းပြချက် မရှိဘဲ လင်းရန်၏ ဆူပူခြင်းကို ခံရသော်လည်း ဤဆူပူမှုက သူ၏ ကောင်းမွန်နေသော စိတ်ခံစားချက်အခြေအနေကို မထိခိုက်စေနိုင်ပါချေ။
လင်းရန်က သူနှင့်အတူ မင်္ဂလာဝိုင်သောက်ရန်အတွက် သဘောတူလိုက်ပေပြီ။ ဤသည်မှာ သူမက သူ့ကို လက်ထပ်ရန် သဘောတူလိုက်သည်ဟု အဓိပ္ပာယ်ရပေ၏။
သူ့အနေဖြင့် သူ၏ အထက်လူကြီးများထံသို့ လက်ထပ်ခွင့် လျှောက်ထားခြင်းကို မပြုလုပ်ရသေးသော်လည်း ထိုကိစ္စများအတွက် သူ မလောပါချေ။
မင်္ဂလာပွဲကို ဦးစွာစီစဉ်ပြီး ဆွေမျိုးမိတ်ဆွေများ၏ရှေ့မှောက်တွင် သူတို့၏လက်ထပ်ပွဲကို အရင်ဆုံး အတည်ပြုပေလိမ့်မည်။
နောက်ပိုင်းတွင် သူတို့နှစ်ဦးက ဇနီးမောင်နှံများ ဖြစ်လာတော့မည်ဟူ၍ တွေးလိုက်ရုံဖြင့် စုန့်ရှီးယန်၏ နှလုံးသားက ရှင်းမပြနိုင်စွာခုန်ပေါက်လာခဲ့ပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။“ဒါဆို ကိုယ် အခုပဲ ကိုယ့်ရဲ့မိဘတွေကို သွားပြောလိုက်မယ်၊ ပြီးရင် လိုအပ်တာတွေ ပြင်ဆင်ရမယ်.. အချိန်က နောက်ထပ် နှစ်ရက်ပဲ ကျန်တော့တာဆိုတော့ အချိန်မီအောင် လုပ်နိုင်ပါ့မလားမသိဘူး၊ မင်းကို အားနာစရာတွေ ဖြစ်စေကိုပဲ ကိုယ် စိုးရိမ်မိတယ်”
စုန့်ရှီးယန်က ထိုအချက်များကိုပါ ထည့်သွင်းစဉ်းစားပေးနေသည်ကို မြင်လိုက်ရသောကြောင့် လင်းရန်၏ စိတ်ထဲတွင် အနည်းငယ်လောက်ပို၍ သက်သောင့်သက်သာ ဖြစ်သွားရလေ၏။
သူမအနေဖြင့် ဂရုမစိုက်ဟု ပြောနေခါ့သော်လည်း သူမ ပြောသည်က တစ်ခုဖြစ်ပြီး၊ စုန့်ရှီးယန်ဘက်မှ သူမကို မည်မျှအလေးထားသည်က နောက်တစ်ခုဖြစ်ပေသည်။
“အင်း၊ ဒါဆို ရှင် သွားပြောလိုက်လေ၊ ဦးလေးနဲ့ အန်တီတို့ကရော ဘယ်လိုထင်လဲဆိုတာ အရင်ကြည့်ရမယ် တကယ်လို့ သူတို့မှာ တခြား အစီအစဉ်တွေ ရှိနေရင် ဒီကိစ္စကို ခဏလောက် နောက်ဆုတ်ထားလို့ ရတာပဲ...”
“သူတို့မှာ တခြားအစီအစဉ်တွေ ရှိမှာ မဟုတ်ဘူး၊ မင်း စိတ်ချလို့ရတယ်!”
လင်းရန်၏ စကားမဆုံးမီပင် စုန့်ရှီးယန်က အမြန်ဖြတ်ပြောလိုက်ပြီး ကတိလာခဲ့လေ၏။
“ကိုယ်လည်း ကိုယ့်ရဲ့ မင်္ဂလာကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်”
ထို့ကြောင့် လင်းရန်က မည်သည့်အရာကိုမှ ထပ်မပြောတော့ဘဲ တစ်ဖက်လူ၏ လုပ်ဆောင်မှုကိုသာ ကြည့်ရန် စိတ်ထဲတွင် တိတ်တဆိတ်တွေးတောထားလိုက်လေ၏။