← Chapters

အခန်း (၂၈၆)

Vol. 29 Ch. 286

အခန်း (၂၈၆)

Vol. 29 Ch. 286

ထိုသို့ဖြင့် အဘွားလင်းက လင်းကျန်းအန်းထံသို့ ထိုအကြောင်းကို သွားပြောခဲ့ပြီး စုန့်ရှီးယန်ကလည်း သူ၏ မိဘများကို အသိပေးခဲ့လေသည်။

နှစ်ဖက်လုံးက မည်သို့ ဆွေးနွေးခဲ့ကြသည်ကို မသိရသော်လည်း အတိုချုပ်အားဖြင့် ညနေပိုင်းတွင် တစ်မိသားစုလုံး အတူထိုင်ပြီး ထမင်းစားကြချိန်တွင် အဖေလင်း၏ မျက်နှာအမူအရာမှလွဲ၍ ကျန်ရှိသော လူများအားလုံး၏မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ရှိနေခဲ့ကြလေသည်။

အထူးသဖြင့် ချင်းယွင်ကျစ်က လင်းရန်အား အရင်ကထက် ပို၍စိတ်အားထက်သန်စွာ ကြည့်နေခဲ့သောကြောင့် လင်းရန်တစ်ယောက် သူမအနေဖြင့် ချင်းယွင်ကျစ်နှင့် လက်ထပ်ရမည်လားဟုပင် တွေးမိလာရသည်။

သို့သော် သူမအနေဖြင့် ချင်းယွင်ကျစ်၏ အကျင့်စရိုက်ကို သိရှိထားပြီးသားပင်။ ထို့ကြောင့် တစ်ဖက်လူက အလွန်အမင်း ပျော်ရွှင်နေခြင်းဖြစ်ကြောင်းကို နားလည်နေခဲ့ပြီး သူမကို ပြန်လည်ပြုံးပြလိုက်လေ၏။

အဘွားလင်းသည်လည်း သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ဤမင်္ဂလာကိစ္စအပေါ် ပို၍ပင်စိတ်ကျေနပ်မိသွားရသည်။

သူမ စိတ်ကျေနပ်သော စုန့်ရှီးယန်အပြင် စုန့်မိသားစု၊ အထူးသဖြင့် လင်းရန်၏ ယောက္ခမဖြစ်သူ ချင်းယွင်ကျစ်မှာ သူမအတွက် စိတ်အချရဆုံးလူများပင်ဖြစ်ပေမည်။

သူတို့က ချမ်းသာကြွယ်ဝသော မိသားစုမှဖြစ်သော်လည်း ချင်းယွင်ကျစ်တွင် မည်သည့် ဟန်ဆောင်မှုမျှ မရှိပေ။ ဤနေရာတွင် နေထိုင်သည့် အချိန်အတွင်း သူမက တပ်မဟာရှိ ကလေးငယ်များထက်ပင် နေ့တိုင်း ပို၍ ပျော်ရွှင်အောင် နေထိုင်တတ်သည်။

သူမက ရိုးသားသော စိတ်သေဘာထားရှိပြီး သူတို့ကိုလည်း နှိမ်ချခြင်း မရှိပေ။ တခြားသူများနှင့် ဆက်ဆံရာတွင်လည်း ရက်ရောပြီး စိတ်အားထက်သန်ပေ၏။

အရေးကြီးဆုံးမှာ သူမ၏ မြေးမလေး လင်းရန်အပေါ်တွင် အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ ကောင်းမွန်သော ယောက္ခမမျိုး ရှိနေသည့်အတွက် သူမ၏ မြေးမလေး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ထိုအကြောင်းကို တွေးမိပြီးနောက် အဘွားလင်းက ပို၍ စိတ်လှုပ်ရှားလာရသည်။ သူမက ထမင်းစားတူကို ချလိုက်ပြီး ပြောစရာတစ်ခုခုရှိနေကြောင်း လက်ဝှေ့ရမ်း ပြလိုက်လေ၏။

မိသားစုဝင်များ အားလုံးက ထိုသတင်းကိုသိရှိထားကြသော်လည်း အဘွားလင်းက မိသားစုတစ်ခုလုံး ရှေ့တွင် ထပ်မံပြောဆိုချင်နေသည်ကို မြင်လျှင် စိတ်လှုပ်ရှားနေကြဆဲပင်။

အဘွားလင်းက အချိန်မဆွဲတော့ဘဲ လင်းရန်နှင့် စုန့်ရှီးယန်တို့၏ မဂင်္လာစာသောက်ပွဲကို ဤနှစ်ရက်အတွင်း စီစဉ်ရန် ပြင်ဆင်ကြောင်း တိုက်ရိုက်ပင် ပြောလိုက်လေသည်။

“ဒါက ငါတို့ ကျေးလက်ဒေသရဲ့ ထုံးစံပဲ.. မင်္ဂလာဝိုင်သောက်ပြီးပြီဆိုရင် မိသားစုဝင်တွေ ဖြစ်သွားကြပြီ၊ လူငယ်နှစ်ယောက်က ဇနီးမောင်နှံတွေ ဖြစ်သွားကြပြီ

လက်ထပ်မှတ်ပုံတင်လက်မှတ်တွေဆိုတာကတော့ ငါ့လိုအဘွားကြီးက နားမလည်ပါဘူး..ဒါတွေကိုတော့ မင်းတို့ဘာသာကြည့်ပြီး ဖြေရှင်းကြပေါ့”

အဘွားလင်းတို့၏ ခေတ်ကာလတွင်မူ လက်ထပ်မှတ်ပုံတင်ဟူသော အရာမျိုး မရှိခဲ့ပေ။ သူတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြပြီး ထမင်းတစ်နပ်အတူ စားလိုက်ကြရုံသာဖြစ်၏။

လက်ထပ်မှတ်ပုံတင် တောင်းဆိုသည့် ဓလေ့မှာ မကြာသေးမီနှစ်များအတွင်းမှသာ ခေတ်စားလာခြင်း ဖြစ်သည်။

သို့သော် လက်ရှိမူဝါဒက ဤသို့ဖြစ်နေသောကြောင့် သူတို့အနေဖြင့် မူဝါဒကို လိုက်နာကြရပေလိမ့်မည်။

ထိုကိစ္စကို အချိန်အနည်းငယ်လောက် နောက်ဆုတ်လိုက်လျှင် ပြဿနာ ရှိမည်မဟုတ်ပေ။

ဆိုရလျှင် ကြီးမားသောပြဿနာ မရှိနိုင်ပါချေ။ အတိအကျဆိုရသျှင် စုန့်ကျယ်သည်က စုန့်ရှီးယန်၏ ဖခင်သာမက သူ၏အထက်လူကြီးလည်း ဖြစ်နေခဲ့သည်။

ထို့ကြောင့် စုန့်ရှီးယန်၏ လက်ထပ်ခွင့် လျှောက်ထားမှုကို အတည်ပြုပေးရန် အရည်အချင်း ပြည့်မီလေသည်။

သူတို့အနေဖြင့် စာဖြင့်လျှောက်ထားရန် အချိန်မမီပါက နှုတ်ဖြင့်အရင်လျှောက်ထားနိုင်ပြီး နောက်မှသာ စာဖြင့် ပြန်လည် ဖြည့်စွက်နိုင်ပေသည်။

အဘွားလင်း၏စကားကို မည်သူကမျှ ကန့်ကွက်ခြင်း မရှိကြပါချေ။ လင်းကျန်းအန်းပင်လျှင် ယခုအချိန်တွင် မည်သည့်စကားကိုမှ ဆိုမလာခဲ့ပေ။

သူ၏ မိခင်ဖြစ်သူက သမီးမိန်းကလေးများမှာ တစ်နေ့တွင် လက်ထပ်ရဟူသော စကားကိုပြောခဲ့သည်။

လင်းရန်ကို လက်လွှတ်ပေးရန်အတွက် လင်းကျန်းအန်း၏ ဝန်လေးမှုကို သူမ နားလည်နိုင်သော်လည်း နောင်တစ်ချိန်တွင် ရွေးချယ်မှုများပြားပြီး ပို၍ သင့်တော်သော လက်တွဲဖော်ကို ရှာမတွေ့တော့မည့်အစား ယခုမျက်စိရှေ့တွင် ရှိနေသော ရှောင်စုန့်နှင့်သာ သဘောတူလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ရှောင်စုန့်၏ အခြေအနေနှင့် အကျင့်စရိုက်ကို သိရှိထားကြသည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် ဤကိစ္စကို ဦးစွာရှင်းလင်းလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။ ဤနည်းအားဖြင့်ဆိုပါက အကယ်၍ သူတို့နှစ်ဦးက အမှန်တကယ် မသင့်တော်ခဲ့လျှင် စောစီးစွာ မြင်တွေ့နိုင်လိမ့်မည်။

တစ်ချိန်တည်းတွင် လင်းကျန်းအန်းက ငယ်ရွယ်နေသေးသောကြောင့် လင်းရန်ကို ပို၍ ထောက်ပံ့ပေးနိုင်လိမ့်မည် ။

သို့မဟုတ်ဘဲ အချိန်ဆွဲနေပါက သူလည်း အသက်ကြီးမည်ဖြစ်ကာ သမီးဖြစ်သူကို ကူညီနိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားပေလိမ့်မည်။

ဤနောက်ဆုံး စကားတစ်ခွန်းကပင် လင်းကျန်းအန်း၏ စိတ်ကို ပြောင်းလဲသွားစေရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။သေချာပေ၏။

ယခုအချိန်တွင် သူသည်က သမီးဖြစ်သူ၏ အားကိုးနိုင်သူဖြစ်နေသည့်အတွက် စုန့်ရှီးယန်ကို ‘ပညာပေးရန်’ အခွင့်အရေး ရရှိထားသေးသည်။

ထို့ကြောင့် ဤအခွင့်အရေးကို အဘယ်ကြောင့် အမိအရ မဆုပ်ကိုင်ထားရမည်နည်း။

ထို့အပြင် စုန့်ရှီးယန်ကို ‘ယောက္ခမ’ အနေဖြင့် ပညာပေးရသည်က ပို၍ အဆင်ပြေပေလိမ့်မည်။

“မင်းတို့မှာ တခြားစဉ်းစားထားတာတွေ ရှိသေးလား.. ရှိရင်လည်း ဝင်ပြီးပြောလို့ရတယ်၊ ငါတို့ ညှိနှိုင်းလို့ ရတာပဲ”

အဘွားအိုက စကားအဆုံးတွင် လူတိုင်း၏ သဘောထားကို စတင် မေးမြန်းလေသည်။ သို့သော် မည်သူကမျှ သဘောထားကွဲလွဲမှု မရှိဘဲ ကျေနပ်နေခဲ့ကြသည်။

ဤအခြေအနေကို မြင်လျှင် ချင်းယွင်ကျစ်က စကားအနည်းငယ် ပြောလိုက်လေသည်။

“စုန့်ကျယ်နဲ့ စုန့်ရှီးယန်တို့က ခွင့်အကြာကြီး ယူလို့မရတဲ့အတွက် အရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်ရတော့မှာပဲ၊ ရန်ရန်ကိုတော့ အားနာစရာတွေ ဖြစ်ရလိမ့်မယ်၊

ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး၊ အခုတစ်ကြိမ်ကို ပထမဆုံးအကြိမ် အနေနဲ့ လုပ်လိုက်ကြတာပေါ့၊ နောက်ပိုင်း အချိန်ရင်တော့ ဒုတိယအကြိမ်အဖြစ်ခမ်းခမ်းနားနား ပြန်လုပ်လို့ ရတာပဲ

ဘယ်သူကမှ မင်္ဂလာပွဲကို နှစ်ခါ မလုပ်ရဘူးလို့ မကန့်သတ်ထားဘူးလေ ဟုတ်တယ်မလား”

ထိုစကားကို ကြားလျှင် လူတိုင်းက ချင်းယွင်ကျစ်၏ ရဲတင်းသော ထုတ်ဖော်ပြောဆိုချက်ကြောင့် အံ့ဩသွားကြရလေ၏။

မှန်ပေ၏။ မင်္ဂလာပွဲကို နှစ်ကြိမ်မလုပ်ရဟု မည်သူကမျှ မပြောထားသော်လည်း တကယ့်လက်တွေ့တွင် စုံတွဲတစ်တွဲတည်းက မင်္ဂလာပွဲနှစ်ကြိမ် ကျင်းပသည်ကို မည်သူကမျှ မမြင်ဖူးကြပေ။

ဆိုရလျှင် မင်္ဂလာပွဲကို နှစ်ကြိမ် ကျင်းပသည်မှာ တခြားလူတစ်ယောက်နှင့်သာ ဖြစ်တတ်သည်။

သို့သော် ယခုကဲ့သို့ အချိန်မျိုးတွင် မည်သူကမျှ မင်္ဂလာမရှိသော စကားမျိုးကို ထရပ်၍ ပြောမည်မဟုတ်ပေ။

အဘွားလင်းသည်လည်း ထူးဆန်းသည်ဟု ထင်မိသော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးနောက် ချင်းယွင်ကျစ်က သူမ၏ မြေးမလေးအပေါ် အလွန်အမင်း ဂရုစိုက်ကြောင်း ပြသနေခြင်း ဖြစ်ပေသည်။

ဤဓလေ့မှာ သိပ်ပြီး ခေတ်မစားလှသော်လည်း... အဆိုးဆုံးဖြစ်ခဲ့လျှင် နောက်ပိုင်း ချင်းယွင်ကျစ်မှ ထိုအကြောင်းကို ပြောလာသောအချိန်မှသာ သူမ တားဆီးလိုက်လျှင် ရပေသည်။

ယခုတွင် လက်ရှိကိစ္စကိုသာ အရင်ဆုံး ဖြေရှင်းသင့်သည်။

ထိုသို့ဖြင့် တစ်မိသားစုလုံးက လင်းရန်နှင့် စုန့်ရှီးယန်တို့၏ မင်္ဂလာစားသောက်ပွဲကို သဘောတူလိုက်ကြလေ၏။

အချိန်က အလွန်ပင် နီးကပ်နေသောကြောင့် အဘွားလင်းက ထိုညတွင်ပင် မိသားစုဝင် တစ်ဦးချင်းစီအတွက် တာဝန်များကို စတင်ခွဲဝေပေးခဲ့သည်။

နောက်ဆုံးတွင် လူတိုင်း၏ ပူးပေါင်းဆွေးနွေးမှုအရ မင်္ဂလာပွဲကို သန်ဘက်ခါတွင် ကျင်းပရန် ဆုံးဖြတ်လိုက်ကြပြီး မနက်ဖြန်တစ်နေ့လုံးကို လိုအပ်သည့်အရာများကို ပြင်ဆင်ရန်နှင့် ဧည့်သည်များကို အသိပေးရန်အတွက် အသုံးပြုပေလိမ့်မည် ။

ကံကောင်းစွာဖြင့် စုန့်ရှီးယန်တွင် ကားပါရှိနေခဲ့သောကြောင့် ပို၍ အဆင်ပြေနေခဲ့၏။ နောက်တစ်နေ့တွင် စုန့်ရှီးယန်က အဘွားလင်း၊ လင်းရန်နှင့် လင်းကျန်းအန်းတို့ကို တင်ဆောင်ကာ မြို့သို့ ထွက်ခွာခဲ့သည်။

သူတို့ မြို့သို့ သွားရခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိပေသည်။

ပထမတစ်ခုမှာ မင်္ဂလာဆောင်အတွက် လိုအပ်သော မြေပဲ၊ ဖရုံစေ့၊ သကြားလုံး၊ ကြာစေ့စသည်တို့ကို ဝယ်ယူရန်ဖြစ်ပြီး ဒုတိယအချက်မှာ မျက်နှာသစ်ဇလုံ၊ စောင်နှင့် အခင်းများကဲ့သို့သော မင်္ဂလာဦးပစ္စည်းများကို ဝယ်ယူရန် ဖြစ်၏။

စုန့်ရှီးယန် အပြင်သို့ ထွက်ခါနီးတွင် သူ၏ မိခင်ဖြစ်သူက သူ့ကို ဘေးသို့ ခေါ်ထုတ်ကာ စက်မှုလက်မှတ်တချို့ကို ထုတ်ပေးပြီး ယနေ့တွင် စက်သုံးခု*နှင့် လက်စွပ်တစ်ကွင်းကိုသေချာပေါက် ဝယ်ခဲ့ရန်မှာလိုက်သည်။

ထိုပစ္စည်းများကိုမရခဲ့ပါက သူ့ကို သားအဖြစ် အသိအမှတ်မပြုတော့ကြောင်းပင် ပြောခဲ့လေ၏။

စုန့်ရှီးယန် : “...”

(T/n : စက်သုံးခု = စက်ဘီး၊ အပ်ချုပ်စက်၊ လက်ပတ်နာရီနှင့် လက်စွပ်)

အမှန်အတိုင်း ပြောရလျှင် ထိုစကားများက လင်းရန်နှင့် လက်ထပ်ပွဲအတွက် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

သို့သော် သူ၏ မိခင်သည်လည်း လင်းရန်အတွက် စဉ်းစားပေးနေခြင်းဖြစ်ကြောင်းကို စုန့်ရှီးယန် သိထားသည်။

သူတို့၏ စစ်တပ်ထဲတွင် လက်ထပ်ကြချိန်၌ စက်သုံးခုနှင့် လက်စွပ်တစ်ကွင်းက အခြေခံ စည်းမျဉ်းပင် ဖြစ်၏။ ထို့အပြင် တီဗွီနှင့် ရေခဲသေတ္တာများလည်း ရှိရဦးမည် ဖြစ်သော်လည်း ဤနေရာတွင် ထိုအရာများကို ဝယ်ယူ၍ မရနိုင်သောကြောင့် ချင်းယွင်ကျစ်က ထည့်မပြောခြင်းသာဖြစ်ပေသည်။

သို့သော် တခြားနေရာသို့ ရောက်ရှိပြီးချိန်တွင် သူမက လင်းရန်အတွက် ပို၍ ပေးဆပ်နိုင်ရန်နည်းလမ်းရှာပေလိမ့်မည်။

စုန့်ရှီးယန် အမေဖြစ်သူ၏အကြောင်းကို အလွန်ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် ယနေ့တွင် စုန့်ရှီးယန်၌ အလွန်လေးလံသော တာဝန်ရှိနေခဲ့ပေသည်။

သူ့အနေဖြင့် ထိုပစ္စည်းများကို မည်သို့ရွေးချယ်ရမည်ကို မသိသောကြောင့် အဘွားလင်းဘက်မှ ကူညီပေးရန်လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းတွင် အဘွားလင်းအနေဖြင့် သူမ၏ သမီးဖြစ်သူ လင်းကျန်းဖူတစ်ယောက် ဤနေရာတွင် အလုပ်ဝင်နေကြောင်းကိုသိထားသောကြောင့် သူမကိုသွားကြည့်ချင်နေခဲ့သည်။

ထို့အပြင် လင်းရန်၏ မင်္ဂလာပွဲသို့ လာရန်အတွက် ခွင့်တစ်ရက်လောက်ယူနိုင်မလားဟုလည်း မေးမြန်းလိုသေးသည်။အကယ်၍ ဖြစ်နိုင်လျှင် သူမကို ကားနှင့် တစ်ခါတည်းခေါ်ဆောင်သွားပေလိမ့်မည်။ အကယ်၍ မဖြစ်နိုင်ပါကလည်း လင်းရန်ဘက်မှ နားလည်ပေးနိုင်ပေသည်။

All Chapters