← Chapters

အခန်း (၂၈၇)

Vol. 29 Ch. 287

အခန်း (၂၈၇)

Vol. 29 Ch. 287

လင်းကျန်းအန်း မြို့သို့လိုက်လာရသည့် အကြောင်းရင်းသည်ကတော့ လျှို့ဝှက်ချက်တစ်ခုသာဖြစ်နေခဲ့သည်။

အဘွားလင်းက သူ အဘယ်ကြောင့်လိုက်လာကြောင်းကို မေးခဲ့သော်လည်း တစ်ဖက်လူက အသေးစိတ် မပြောဘဲ အလုပ်ကိစ္စ ရှိသောကြောင့်ဟုသာ ပြောခဲ့သည်။

အဘွားလင်းသည်လည်း ဆက်မမေးတော့ဘဲ လင်းရန်ကိုသာ သူမ နှစ်သက်သော အရောင်ကို မေးမြန်း၍ ရွေးချယ်ပေးရန် ပြင်ဆင်နေခဲ့သည်။

လင်းရန်သည်က မည်သည့်ပုံစံကိုမျှ အထူးတလည် ရွေးချယ်လိုခြင်း မရှိပါချေ။ ဆိုရလျှင် ယနေ့ခေတ်ကာလတွင် အိပ်ရာခင်းနှင့် စောင်များမှာ ထူးထူးခြားခြား ပုံစံများ မရှိနေသေးပေ။

တောက်ပသော အနီရောင် သို့မဟုတ် ခရမ်းရောင် ပန်းပုံစံများ၊ သို့မဟုတ် ရေဘဲနှင့် ငှက်မောင်နှံပုံစံများသာ ဖြစ်လေသည်။

ထိုအထည်များက ရုပ်ဆိုးနေခြင်းတော့မရှိပါချေ။ ရိုးရှင်းပြီး ပျော်ရွှင်မှုကို ဖော်ပြနေကြသည့် ပုံများသာ ဖြစ်ပေ၏။

ထို့ကြောင့် လင်းရန်ထံတွင် အပြစ်ပြောစရာ မရှိပေ။

ဘေးနားတွင် ထိုင်နေသော လင်းကျန်းအန်းက သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်ရင်း ပြတင်းပေါက်အပြင်သို့ ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

သူ့အနေဖြင့် သမီးဖြစ်သူ၏ ခါးခန်းဝင်ပစ္စည်းများတွက် ပိုမို စုဆောင်းထားချင်သော်လည်း မင်္ဂလာကိစ္စက ဤမျှလောက်အထိ လျင်မြန်စွာဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လက်ဖွဲ့ပစ္စည်းများကို အချိန်မီ ပြင်ဆင်နိုင်မည်လားပင် သူ မသိနိုင်သေးပါချေ။

နောက်ဆုံးတွင် ကားက မြို့ထဲသို့ ရောက်ရှိလာခဲ့လေသည်။ စုန့်ရှီးယန်က ကားကို မြို့ဆေးရုံဘေးတွင် ရပ်နားလိုက်ပြီးနောက် ထိုဆေးရုံတွင် အလုပ်လုပ်ကိုင်နေသော သူ၏သူငယ်ချင်းဖြစ်သူ ကျိုးကျယ်ပင်းအား ကားကို ခေတ္တကြည့်ရှုပေးရန် အကူအညီတောင်းလိုက်၏။

မည်သို့ပင်ဖြစ်စေ သူတို့၏ဆေးရုံတွင် ကားရပ်နားရန် နေရာလွတ်များစွာ ရှိပေသည်။

စုန့်ရှီးယန် ပြန်လည်ရောက်ရှိလာသည်ကို မြင်လျှင် ကျိုးကျယ်ပင်းတစ်ယောက် မမေးဘဲ မနေနိုင်တော့ပေ။

“ငါကြည့်ရသလောက် ဒီရက်ပိုင်း မင်း အတော်လေး အားနေသလိုပဲ၊ ဘာလို့ ဒီကိုထပ်ရောက်လာတာလဲ၊ မင်း တပ်ဖွဲ့ဆီကိုပြန်သွားပြီလို့ ငါ ဟိုနေ့ကပဲ ကြားထားတာလေ”

ထိုမေးခွန်းကို စုန့်ရှီးယန်က အဓိပ္ပာယ်များစွာပါသော အမူအရာဖြင့်သာ တုံ့ပြန်လိုက်ပြီး ကျိုးကျယ်ပင်း၏ လက်မောင်းကို ထိုးလိုက်လေ၏။

ထို့နောက် သူ၏ပုခုံးကို ကျော်၍ ကြည့်ရင်းပြောလိုက်သည်။

“လောင်ကျိုး၊ မင်း တခြားကိစ္စတွေမှာ ဘယ်လောက်ပဲ လောနေပါစေ၊ ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စကြီးမှာတော့ လောလို့မရဘူးလေ ၊ ငါက လက်ထပ်တော့မယ်

ဒါပေမဲ့ မင်းကတော့ ဒီအတိုင်းပဲရှိနေဦးမှာဆိုတော့ ငါ မင်းရဲ့မင်္ဂလာပွဲကိုတောင် တက်ခွင့်ရနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်

ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး၊ ငါ့အတွက် လက်ဖွဲ့ပစ္စည်းသာ အသင့်ပြင်ထားပြီး ငါ့ကို စောင့်နေလိုက်၊ ငါ မင်းဆီကနေ အဲဒါကိုတောင်းဖို့ရောက်လာတာ”

သူ၏လေသံက အလွန်ပင် ရဲတင်းလွန်းပြီး ရန်စလိုသည့်အရိပ်အရောင်များစွာပါနေသောကြောင့် သာမန်အခြေအနေမျိုးတွင်ဆိုပါက ကျိုးကျယ်ပင်းက သူ့ကို လက်သီးဖြင့် ထိုးလိုက်ပြီး ထိုသို့ ဟန်မဆောင်ရန် ပြောမိလိမ့်မည်။

သို့သော် ယခုအချိန်တွင် စုန့်ရှီးယန် ပြောလိုက်သော သတင်းစကားကြောင့် သူ အံ့အားသင့်ကြောင်အမ်းသွားခဲ့ရသည်။

“မင်း ဘာပြောလိုက်တာလဲ! မင်း လက်ထပ်တော့မယ်ဟုတ်လား၊ ဘယ်တုန်းကလဲ၊ နောက်ပြီး ဘယ်သူနဲ့လဲ”

“မင်းက ငါ့ရဲ့အိမ်ထောင်စုစာရင်းကို စစ်ဆေးနေတာလား”

စုန့်ရှီးယန်က သူ့ကို စောင်းကြည့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မျက်လုံးများက ကွေးညွတ်သွားခဲ့ပြီး အားပါးတရ ရယ်မောလာခဲ့ပြန်သည်။

ထိုပြုံးရယ်မှုက အနည်းငယ်မျှ အူကြောင်ကြောင်နိုင်သော်လည်း သူ၏ ပျော်ရွှင်မှုကို ထင်ရှားစွာ မြင်တွေ့နေခဲ့ရသည်။

“ဘယ်သူဖြစ်မှာလဲ၊ ရန်ရန်နဲ့ပဲလေ၊ ဟိုတစ်ခေါက်က ငါ မင်းနဲ့ တွေ့ဖို့ခေါ်သွားပေးတဲ့ ဦးလေးလင်းရဲ့ သမီးပဲ”

“ကောင်းပြီ၊ မင်းက ဒီလောက်ထိ စေတနာကောင်းတဲ့လူမျိုးမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊ ဦးလေးလင်းကို ငါ့ဆီကို အကြောင်းပြချက်မရှိ ခေါ်လာမဲ့လူမျိုးမှ မဟုတ်တာ၊

သူ့ကို ဆေးရုံနဲ့ အဆက်အသွယ်တွေ လုပ်ပေးဖို့ ငါ့ကို ခိုင်းခဲ့တာတွေက အကျိုးအမြတ်တစ်ခု လိုချင်နေတာရှိလို့ပဲ၊ မင်းက တကယ့်ကို အကွက်ကျကျ တွက်ချက်တတ်တာပဲ”

စုန့်ရှီးယန်တစ်ယောက် ထိုစကားကို သိပ်ပြီးမကြိုက်ခဲ့ပါချေ။

“အကျိုးအမြတ်ရှိလို့ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ရန်ရန်နဲ့ ငါနဲ့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြလို့ လက်ထပ်ကြမှာ၊ မင်းမှာ လက်တွဲဖော်ရှာမရတာနဲ့ မနာလိုပဲလိုက်ပြောနေတာပဲ”

ကျိုးကျယ်ပင်း : “...”

ကျိုးကျယ်ပင်းအနေဖြင့်သူတို့နှစ်ဦးက ငယ်သူငယ်ချင်းများ ဖြစ်ပြီး သိကျွမ်းခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သောကြောင့် ဤမျှသည်းခံနိုင်ခြင်းပင်။ သို့မဟုတ်ပါက ချစ်သူရသွားပြီး အလွန်ဂုဏ်မောက်နေသော စုန့်ရှီးယန်ကို တစ်ခုခု ပြန်ပြောမိပေလိမ့်မည်။

သို့သော်လည်း တစ်ယောက်တည်း လေလွင့်နေသော လူပျိုကြီးတစ်ဦးကို လက်ထပ်ပေးမည့်သူ ပေါ်လာသည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်၍ မကောင်းသည့်စကားများကို မပြောတော့ရန် ဆုံးဖြတ်လိုက်လေ၏။အဆုံးတွင်တော့ စုန့်ရှီးယန်၏ ‘ခြိမ်းခြောက်မှု’ အောက်တွင် ကျိုးကျယ်ပင်းတစ်ယောက် နောက်တစ်ကြိမ် ဆုံတွေ့သည့်အချိန်တွင် လင်းရန်အတွက် သူတို့နှစ်ဦး၏ နှစ်ရှည်လများ ခင်မင်မှုကို ထောက်ထားသောအားဖြင့် ကြီးကျယ်ခန်းနားသော လက်ဖွဲ့ပစ္စည်းတစ်ခုကို ကိုယ်တိုင်ပေးအပ်ပါမည်ဟု ကတိပေးလိုက်ရသည်။

စုန့်ရှီးယန်လည်း ထိုစကားကို ကြားမှသာ ကျေနပ်သွားခဲ့လေ၏။ သူက ကားကို မွန်းလွဲပိုင်းမှသာ လာရောက်ယူတော့မည်ဖြစ်ကြောင်း ကျိုးကျယ်ပင်းကို ပြောခဲ့ပြီးနောက် လင်းရန်တို့နှင့် တွေ့ဆုံရန်ကုန်တိုက်ဆီသို့ အပြေးအလွှား ထွက်ခွာသွားလေသည်။

သူ အလွန်လျှင်မြန်စွာ ပြေးထွက်သွားသည်ကို ကြည့်ပြီး ကျိုးကျယ်ပင်းတစ်ယောက် အပြုံးတစ်ခုဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။

ထိုအချိန်က ရပ်ကွက်ထဲရှိ အဒေါ်ကြီးများ ပြောခဲ့ကြသော စကားများက မှားယွင်းနေခဲ့သည်ပင်။

သူတို့က စုန့်ရှီးယန်ကို တစ်သက်လုံး မိန်းမရတော့မည် မဟုတ်ဘဲ လူပျိုကြီးအဖြစ်သာ နေသွားရလိမ့်မည်ဟုဆိုခဲ့ကြသည်။

တစ်ဖက်လူက တစ်ယောက်ကို မကြိုက်ကြောင်းပြောပြီး၊ နောက်တစ်ယောက်ကို ရုပ်ဆိုးသည်ဟုဆိုကာ ငြင်းပယ်လေ့ရှိပေ၏။

သူ၏ အခြေအနေများက မည်မျှပင် ကောင်းမွန်နေပါစေ မည်သည့်မိန်းကလေးကမှ သူ့ကို လက်ထပ်ရန် ဆန္ဒရှိမည်မဟုတ်ဟူ၍ပင် ပြောခဲ့ကြသေးသည်။

သို့သော်လည်း ယခုတွင်တော့ သူက သူ၏စိတ်တိုင်းကျ ချစ်သူကို လျင်မြန်စွာ ရှာတွေ့သွားရုံသာမက လက်ထပ်ပွဲကိုပါ ဆင်နွဲပေတော့မည်။

ကျိုးကျယ်ပင်းတစ်ယောက် အစပိုင်းတွင် စုန့်ရှီးယန်အတွက် ဝမ်းသာပျော်ရွှင်ပေးနေမိသော်လည်း ပြန်လည်းစဉ်းစားကြည့်ပြီးနောက်တွင် ရပ်တန့်သွားရသည်။

ယခုအချိန်တွင် စစ်တပ်ဝန်းအတွင်းမှ အကြီးမားဆုံး ပြဿနာဖြစ်သည့် စုန့်ရှီးယန်သည်ပင် သူ၏ အိမ်ထောင်ရေးကိစ္စကို ဖြေရှင်းသွားနိုင်ပြီဆိုပါက လက်မထပ်ရသေးဘဲ ကျန်ရစ်နေသူက သူတစ်ယောက်တည်းသာ ဖြစ်နေတော့မည် မဟုတ်ပါလား။

‘အိုက်ယား .. နောက်ဆို သူ့ကို အကာအကွယ်လုပ်ပြီး ဆင်ခြေပေးလို့ ရတော့မှာမဟုတ်ဘူး!’

ထိုအကြောင်းကို တွေးမိသည်နှင့် ကျိုးကျယ်ပင်းတစ်ယောက် ခေါင်းကိုက်လာခဲ့ရလေ၏သည်။

အဘွားလင်းနှင့် လင်းရန်တို့က ကုန်တိုက်ထဲသို့ ဝင်ပြီးနောက် လင်းရန်တို့၏ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူကို ရှာဖွေရန် အလှကုန်ပစ္စည်း အရောင်းကောင်တာသို့ တိုက်ရိုက်သွားခဲ့ကြလေ၏။

ကံကောင်းထောက်မစွာဖြင့် လင်းကျန်းဖူက အလုပ်လုပ်နေဆဲဖြစ်ပြီး သူတို့ကို မြင်လျှင် ဝမ်းသာပျော်ရွှင်စွာ နှုတ်ဆက်လာခဲ့လေသည်။

ဝမ်းနည်းစရာမှာ ကောင်တာရှေ့တွင် ဝယ်ယူသူများ ရှိနေသေးပေ၏။

လင်းရန်က အဘွားလင်းအား အရင် ဆုံး လှည့်ပတ်ကြည့်ရန် ခေါ်ဆောင်သွားလိုက်ပြီး တိုက်ရိုက် ဝယ်ယူနိုင်မည့်ပစ္စည်းများ ရှိမရှိကို အချိန်ရသည့်အခိုက်တွင် ကြည့်ရှုနေခဲ့သည်။

အဘွားလင်းကလည်း မငြင်းဆန်ခဲ့ပါချေ။

သူတို့က လင်းကျန်းဖူအား လက်ဝှေ့ရမ်း၍ နှုတ်ဆက်ကာ နှစ်ယောက်အတူ ဈေးဝယ်ထွက်ခဲ့ကြလေ၏။

လင်းကျန်းဖူသည်ကား မည်သည့်အရာကိုမှ ထပ်မံမစဉ်းစားမိခဲ့ပေ။

လင်းရန်နှင့် အဘွားလင်းတို့ ယနေ့ အတူရောက်လာရခြင်းမှာ လင်းရန်မှ အဘွားလင်းကို မြို့ထဲသို့ အလည်အပတ်ခေါ်လာခြင်း ၊ သို့မဟုတ် သူမကို လာတွေ့ခြင်းသာ ဖြစ်သည်ဟု တွေးထားခဲ့သည်။

ထိုသို့ တွေးမိပြီးနောက် လင်းကျန်းဖူတစ်ယောက် ကြည်နူးပျော်ရွှင်နေခဲ့လေ၏။

သူမ၏ ကောင်တာရှေ့မှ ဝယ်ယူသူများ ထွက်သွားပြီးနောက် သူမက လင်းရန်တို့ရှိရာသို့ အပြေးအလွှား သွားခဲ့လေသည်။

သူမက အကျိုးအကြောင်းကိုမေးမြန်းကြည့်ပြီးနောက် လင်းရန်က လက်ထပ်တော့မည်ဖြစ်ကြောင်းနှင့် အဘွားလင်းက သူမနှင့်အတူ မင်္ဂလာဦးပစ္စည်းများ အတူဝယ်ရန် လိုက်လာခြင်းဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။

“ရန်ရန်၊ ဒါက ဘယ်လိုဖြစ်ရတာလဲ!”

လင်းကျန်းဖူတစ်ယောက် ထိုသတင်းကို မမျှော်လင့်စွာ ကြားလိုက်ရသည့်အတွက် ထိတ်လန့်သွားရလေ၏။

“ဘယ်သူနဲ့လဲ!”

အဘွားလင်းက သူမ၏စကားကို ကြားလျှင် မျက်စောင်းထိုးလိုက်လေသည်။

“ဘယ်သူရှိဦးမှာလဲ၊ ရှောင်စုန့်နဲ့ပေါ့! မဟုတ်ရင် နင်က ဘယ်သူနဲ့ ဖြစ်မယ်လို့ ထင်နေတာလဲ”

လင်းကျန်းဖူတစ်ယောက် အမေဖြစ်သူထံမှ ဆူပူခြင်းကို ခံရသော်လည်း စိတ်မဆိုးခဲ့ဘဲ အလွန်အမင်း အံ့ဩနေမိသည်။

“ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ...”

လင်းရန်နှင့် စုန့်ရှီးယန်တို့ ပတ်သက်ခဲ့သည်မှာ နှစ်လသာ ရှိသေးသည်။ ဤမျှအထိ လျင်မြန်စွာ လက်ထပ်ကြလိမ့်မည်ဟု သူမ မထင်ထားခဲ့တော့ပေ။

သူမအနေဖြင့် အနည်းဆုံး ခြောက်လလောက် ဤအတိုင်းဆက်ရှိနေကြလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။

မူလက လက်ထပ်ခြင်းမှာ ပျော်ရွှင်စရာ ကိစ္စဖြစ်သော်လည်း လင်းရန်တစ်ယောက် အိမ်မှ ထွက်ခွာပြီး စုန့်မိသားစုထံသို့ သွားရတော့မည်ဟု တွေးမိချိန်တွင်တော့ လင်းကျန်းဖူ၏ စိတ်အခြေအနေက ရုတ်တရက် ထိုးကျသွားရလေသည်။

သူမအနေဖြင့် လင်းရန်နှင့် အတူ အချိန်ကြာမြင့်စွာပင် မနေရသေးပေ။

လင်းကျန်းဖူ၏ မျက်ဝန်းထဲမှ ဝန်လေးနေမှုကို မြင်လျှင် လင်းရန်တစ်ယောက် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် ရှင်းပြလိုက်လေသည်။

“ဒေါ်လေး စိတ်မပူပါနဲ့၊ ကျွန်မက စုန့်ရှီးယန်နဲ့ လက်ထပ်လိုက်ပေမဲ့ အခုချက်ချင်း အိမ်ကနေ ထွက်သွားမှာ မဟုတ်ဘူးကျွန်မရဲ့ အလုပ်ကိစ္စတွေ အားလုံး အဆင်ပြေသွားပြီးမှ တပ်ထဲကို လိုက်သွားမယ်လို့ သူနဲ့ သဘောတူထားပြီးပြီး၊ အခု အရာအားလုံးက သမီးရဲ့ ဆန္ဒအတိုင်းပါပဲ!”

လင်းရန်၏ စကားကို ကြားမှသာ လင်းကျန်းဖူလည်း နောက်တစ်ကြိမ် ပြန်လည်၍ ရယ်မောနိုင်ခဲ့သည်။

“ဒါဆို ရန်ရန်က အိမ်မှာ ဆက်နေလို့ ရသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

“သေချာတာပေါ့၊ တကယ်လို့ သူ တစ်ခုခု ပြောရဲရင်တောင် ကျွန်မက လုံးဝ သည်းခံမှာ မဟုတ်ဘူး!”

သူမက ထိုစကားတို့ကို အလွန်အမင်း ယုံကြည်မှု ရှိစွာပြောနေသည်ကို မြင်ရပြီး ဘေးနားရှိ အဘွားလင်းကလည်း ငြင်းဆိုခြင်းမပြုသည်ကို တွေ့မှသာ လင်းကျန်းဖူတစ်ယောက် လုံးလုံးလျားလျား စိတ်အေးသွားရတော့သည်။

All Chapters