← Chapters

အခန်း (၂၈၈)

Vol. 29 Ch. 288

အခန်း (၂၈၈)

Vol. 29 Ch. 288

“ဒါဆို မင်းရဲ့အဘွားနဲ့ ပစ္စည်းတွေကို အရင်သွားရွေးထားကြဦးလေ၊ ငါလည်း အလုပ်ဆင်းတော့မှာဆိုတေား အလုပ်ဆင်းရင် မင်းတို့ကို လာရှာလိုက်မယ်”

“ကောင်းပါပြီ ဒေါ်လေး၊ ဒေါ်လေးရဲ့အလုပ်ကို အရင်သွားလုပ်ပါဦး”

ထိုသို့ပြောပြီးနောက် လင်းကျန်းဖူက သူမ၏ အရောင်းကောင်တာသို့ အပြေးအလွှား ပြန်သွားခဲ့လေသည်။ ယခုအချိန်တွင် သူမ၏ အရောင်းအဝယ်များက အလွန်ကောင်းမွန်နေလေပြီ။

ဝယ်ယူသူများက မိနစ်အနည်းငယ်တိုင်းတွင် ရောက်ရှိလာလေ့ရှိသည်။

အကြံဉာဏ် လာရောက်တောင်းခံသော ဝယ်ယူသူအသစ်များအပြင် သူမထံမှ ပစ္စည်းဝယ်ယူဖူးသော အမြဲတမ်း ဖောက်သည်များလည်း အများအပြား ရှိနေလေသည်။

သူတို့အနေဖြင့် ယခုအချိန်တွင် နေ့စဥ်နေ့တိုင်း အသုံးပြုနေကြသောကြောင့် အမှန်တကယ်ပင် ပို၍ နုပျိုပြီး လှပလာခဲ့ကြသည်။

ထို့ကြောင့် တစ်ရက်မျှ မသုံးရလျှင်ပင် သက်သောင့်သက်သာမရှိ ဖြစ်နေသကဲ့သို့ ခံစားနေကြရသည်။

မူလက အလှကုန်အရောင်းကောင်တာများကို ခင်းကျင်းပြသထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း အမှန်တကယ် လာရောက်ဝယ်ယူသူက အနည်းငယ်မျှသာ ရှိလေသည်။

တချို့က ဈေးနှုန်းအလွန်ကြီးသည်ဟု ယူဆပြီး ငွေမသုံးစွဲလိုကြခြင်းကြောင့် ဖြစ်ပြီး၊ လူအများစုက ဤအရာများကို မည်သို့မှန်ကန်စွာ အသုံးပြုရမည်ကို မသိရှိကြဘဲ သူတို့၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးမချနိုင်ကြခြင်းကြောင့်ဖြစ်ပေ၏။

လင်းကျန်းဖူမီာ မူလကပင် အလွန်ထက်မြက်သူတစ်ဦးဖြစ်ပြီး သူမ၏ လက်ရှိအလုပ်ကိုလည်း အလွန်တန်ဖိုးထားသူ ဖြစ်ပေ၏။ ထို့ကြောင့် ဤအလှကုန်ပစ္စည်းများအကြောင်းကို နက်ရှိုင်းစွာလေ့လာခဲ့သည်။

သူမအတွက် ဤစိတ်ကူးစိတ်သန်းများက လင်းရန် တုန်လိလိကို ပြောပြခဲ့သည့် စကားများမှ ရရှိခဲ့ခြင်းဖြစ်ပေသည်

လင်းရန်က တုန်လိလိအား သူမအနေဖြင့် မိတ်ကပ်လိမ်းထား၍သာ ဤကဲ့သို့ လှပနေခြင်းဖြစ်သည်ဟု လှည့်စားပြောဆိုခဲ့သည်။

သို့သော်လည်း အမှန်စင်စစ် လင်းရန်မှာ မည်သည့်အရာကိုမျှ မလိမ်းဘဲနှင့်ပင် လှပလွန်းသည့် သဘာဝအလှပိုင်ရှင်ဖြစ်လေသည်။

သို့သော် လင်းရန်ကဲ့သို့သော အလှမျိုးမှာ လူတစ်ရာတွင် တစ်ယောက် မဆိုထားနှင့်။ တစ်မြို့လုံးတွင် ရှာလျှင်ပင် တစ်ယောက်တွေ့နိုင်ရန်ခက်ခဲသည့် အလှမျိုးဖြစ်သည်။

ဆိုရလျှင် လူသန်းပေါင်းများစွာထဲမှ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လူအများစုက လင်းရန်ကဲ့သို့ အခြေခံအလှ မရှိကြသော်လည်း ပြုပြင်ဖန်တီးယူခြင်းအားဖြင့် ဤကဲ့သို့ လှပလာနိုင်သည်ဟု သူမ တွေးတောလိုက်သည်။

ထို့ကြောင့် လင်းကျန်းဖူက အလှကုန်ပစ္စည်းများနှင့် မိတ်ကပ်လိမ်းခြယ်ခြင်း အတတ်ပညာကို နောက်ထပ် လေ့လာခဲ့ပြီး မည်သို့လိမ်းလျှင် ပို၍သဘာဝကျပြီး လှပမည်ကို စမ်းသပ်ကြည့်လေသည်။

နောက်ဆုံးတွင်တော့ သူမက လင်းရန်၏ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ပုံဖော်ကြည့်ကာ မျက်နှာအသားအရည်ကို ကောင်းမွန်စေရုံသာမက မိတ်ကပ်လိမ်းထားကြောင်းလည်း မသိသာစေသည့် နည်းလမ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့၏ ။

သေသေချာချာ အနီးကပ်ကြည့်ရှုခြင်း မပြုပါက ဤသည်မှာ မူလရုပ်ရည်အတိုင်းဟုပင် လူတိုင်းက ထင်မှတ်သွားကြပေလိမ့်မည်။

လင်းကျန်းဖူက ဤမိတ်ကပ်လိမ်းခြယ်မှုကို “လျှို့ဝှက်မိတ်ကပ်လိမ်းခြယ်နည်း” ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ဤမိတ်ကပ်က လိမ်းပြီးသည့်နောက်တွင် မည်သည့်ခြေရာလက်ရာမှ မကျန်ရှိဘဲ ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ သူမသာ နောက်ပိုင်းမျိုးဆက်တွင် မွေးဖွားခဲ့ပါက ဤမိတ်ကပ်မျိုးကို ‘လိမ်းထားကြောင်း မသိသာသော မိတ်ကပ်’ဟု ခေါ်ဆိုကြောင်းကို သိရှိသွားပေလိမ့်မည်။

သို့သော် နာမည်က အရေးမကြီးပါချေ။ အရေးကြီးသည်မှာ လင်းကျန်းဖူက သူမ၏ မိတ်ကပ်အတတ်ပညာဖြင့် လှပချင်သော်လည်း မိတ်ကပ်လိမ်းထားသည်ဟု အပြောခံရမည်ကို ကြောက်ရွံ့နေကြသော အမျိုးသမီးများကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့သည်။

လူအများ မြင်တွေ့နေကျဖြစ်သော နီရဲနေသာ နှုတ်ခမ်းနီ၊ မှင်လိုမည်းနက်နေသည့် မျက်ခုံးနှင့် မျောက်ဖင်ကဲ့သို့ နီမြန်းနေသည့် ပါးပြင်များမှာ ပွဲလမ်းသဘင်အခင်းအကျင်းအတွက် သင့်တော်ပြီး တောက်ပသော်လည်း မိတ်ကပ်လိမ်းထားကြောင်းကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ တခြားသူများ၏ လက်ညှိုးထိုး ကဲ့ရဲ့ခြင်းကို ခံရနိုင်လေသည်။

ယခုအချိန်တွင် လင်းကျန်းဖူ၏ မိတ်ကပ်မှာ ချဲ့ကားထားခြင်းမရှိသည့်အပြင် လူများကိုလည်း ပိုမိုကြည့်ကောင်းစေ၏။

ထို့ကြောင့် လင်းကျန်းဖူက မိတ်ကပ်လိမ်းနည်းကို သင်ကြားပေးခဲ့ကာ ယခင်လများက ရောင်းအားထက် အဆပေါင်း ၃၀ ကျော်အထိ ပိုမိုရောင်းချနိုင်ခဲ့သည်။

ဤသည်မှာ ပထမဆုံးလသာ ရှိသေးသောကြောင့် နောက်ပိုင်းတွင် လူသိများလာပြီး ပုံမှန်ဖောက်သည်များ ရရှိလာပါက မည်မျှတိုးတက်လာလောက်မည်ကို တွက်ချက်ကြည့်လျှင် လင်းကျန်းဖူတစ်ယောက် အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ရလေသည်။

သူမကို အလုပ်ခန့်အပ်ခဲ့သော မန်နေဂျာ စုန့်ယင်းသည်လည်း လင်းကျန်းဖူမှ အလုပ်ဝင်ပြီး တစ်လ၊ နှစ်လအတွင်းမှာပင် ဤမျှကြီးမားသော အံ့ဩမှုကို ပေးလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။လင်းကျန်းဖူ၏ ကျေနပ်ဖွယ်ရာ ရလဒ်ကောင်းများကြောင့် သူမကို ပိုမိုအထင်ကြီးသွားကာ နောက်နှစ်လအတွင်း ဤရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ပါက အရောင်းကောင်တာ ဧရိယာကို တိုးချဲ့ပေးမည့်အပြင် သူမကိုလည်း ရာထူးတိုးပေးမည်ဟုလည်း ကတိပေးလိုက်လေသည်။

…

ထမင်းဝိုင်းတွင် လင်းကျန်းဖူ၏ ပြောင်းလဲမှုများနှင့် အခွင့်အလမ်းများကို နားထောင်ပြီးနောက် လင်းရန်နှင့် အဘွားလင်းတို့က မသိစိတ်ဖြင့် ပြုံးလိုက်ကြမိ၏။

“ဒေါ်လေးက တကယ့်ကို တော်တာပဲ၊ ဘယ်သူမှ မသင်ဘဲနဲ့ ဒီလောက်အထိ တတ်မြောက်သွားပြီ!”

လင်းရန်က လက်မထောင်ပြလိုက်ပြီး လင်းကျန်းဖူကို ချီးကျူးလိုက်လေသည်။

အဘွားလင်းသည်လည်း ပျော်ရွှင်စွာ ရယ်မောနေခဲ့ကာ မျက်လုံးများပင် မှေးစင်းနေခဲ့သည်။

“အရမ်းတော်တယ်၊ ငါ့ရဲ့သမီးက တကယ့်ကို မဆိုးဘူးပဲ! နောက်လည်း ကြိုးစားရမယ်၊ မင်းရဲ့အမေက မင်း ဒီထက်ပိုပြီး တိုးတက်လာမှာကို စောင့်ကြည့်နေမယ်”

ဤသို့ဆိုပါက သူမအနေဖြင့် လော့ပင်း၏ မိသားစုထံသို့ သွားရောက်ပြီး ထိုလူယုတ်မာတစ်စုကို စိတ်ချလက်ချ ဆဲဆိုနိုင်ပေလိမ့်မည်။

ဟမ့်! ငါ့သမီးကို ဒီလိုလုပ်တဲ့လူတွေ၊ တကယ့်ကို ခွေးရူးလိုကောင်တွေပဲ!

လင်းကျန်းဖူကတော့ များစွာမတွေးမိပေ။ သူမက ကြိုးစားအားထုတ်ပြီး ဤအခွင့်အရေးကို အရယူကာ ရာထူးတိုးချင်ရုံသာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ကြိုးစားလေလေ၊ ပို၍ ကောင်းမွန်လာလေလေပင် မဟုတ်ပါလား။

ထမင်းဝိုင်းတွင်ရှိနေသော စုန့်ရှီးယန်သည်က ဤစကားဝိုင်းထဲ၌ မပါဝင်လိုသောကြောင့် သူတို့သုံးဦးအတွက် ရေနွေးကိုသာ တိတ်တဆိတ်လောင်းထည့်ပေးနေခဲ့သည်။

သူတို့ စကားပြောပြီးကြောင်းကို မြင်မှသာ စားချင်သည့်အရာများကို စတင်မေးမြန်းခဲ့လေသည်။

သူတို့အနေဖြင့် ယခုအချိန်တွင် နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုသို့ ရောက်ရှိနေခဲ့ကြသည်။

လင်းကျန်းဖူက ညနေပိုင်းတွင် အလုပ်ဆင်းရဦးမည်ဖြစ်သောကြောင့် အဘွားလင်းနှင့် ကျန်ရှိသည့်မိသားစုဝင်များက ဟင်းချက်နေခြင်းဖြင့် အချိန်မဖြုန်းလိုသောကြောင့် စားသောက်ဆိုင်သို့ တိုက်ရိုက်လာခဲ့ကြလေသည်။

အဘွားလင်းအတွက်တော့ သူမ၏ဘဝတွင် ပထမဆုံးအကြိမ် စားသောက်ဆိုင်သို့ လာဖူးခြင်းဖြစ်သောကြောင့် တိတ်တဆိတ် စိတ်လှုပ်ရှားနေခဲ့သည်။

လင်းကျန်းဖူတစ်ယောက် အမေဖြစ်သူ၏အမူအရာကို မြင်တွေ့ပြီးနောက် အားနာလာခဲ့ရလေ၏။

သို့သော်လည်း မကြာမီတွင် မိခင်ဖြစ်သူကို မြို့ပေါ်သို့ ခေါ်ဆောင်ပြီး အတူတကွနေထိုင်နိုင်တော့မည်ဟု တွေးတောမိချိန်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရသည်။

သူတို့မှာကြားလိုသည့်အရာများကို နားထောင်ပြီးနောက် စုန့်ရှီးယန်တစ်ယောက် ရောင်းချသည့်နေရာသို့ အပြေးတစ်ပိုင်းသွားပြီး အစားအစာများကို မှာယူလိုက်သည်။

“ဒါနဲ့ အမေပြောတော့ ဒုတိယအစ်ကိုလည်း ဒီကိုရောက်နေတယ်ဆို၊ သူက ကျွန်မတို့နဲ့ ထမင်းအတူမစားဘူးလား”

လင်းကျန်းဖူတစ်ယောက် သူမ၏ အစ်ကိုဖြစ်သူ လင်းကျန်းအန်းကို မတွေ့ရသည့်အတွက် အနည်းငယ်လောက် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။

အဖေဖြစ်သူအကြောင်းကိုကြားလျှင် လင်းရန်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ပြည့်လိုက်မိလေ၏။

“အဖေက သူ လုပ်စရာရှိတာလေးတွေ ရှိသေးလို့တဲ့၊ နေ့လယ်စာကို သူ့ဘာသာသူပဲ စီစဉ်လိုက်မယ်၊ မွန်းလွဲပိုင်းကျမှ ပြန်ဆုံမယ်လို့ ပြောသွားတယ်”

“ဒီလောက်တောင် လျှို့ဝှက်ချက်တွေ များနေရတာလား”

လင်းကျန်းဖူတစ်ယောက် ပို၍ပင် စပ်စုချင်စိတ် ဖြစ်ပေါ်လာရသည်။

သို့သော် သူမ စဉ်းစားကြည့်ပြီးနောက်တွင် ဖြစ်နိုင်ခြေရှိသော အဖြေတစ်ခုကို ရုတ်တရက် တွေးမိသွားရလေ၏။

သူမအနေဖြင့် ထိုအကြောင်းကို ဖွင့်ဟပြောဆိုချင်သော်လည်း လင်းရန်၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်လိုက်ပြီးနောက်တွင် စကားလုံးများကို ချက်ချင်းပင် ပြန်လည်မျိုသိပ်လိုက်ရလေသည်။

သူမသာ ဤကိစ္စကို မတော်တဆကြိုတင်ဖွင့်ဟလိုက်မိပါက သူမ၏ အစ်ကိုဖြစ်သူက စိတ်ဆိုးသွားပေလိမ့်မည်။

ဤသို့ဖြင့် သူတို့လေးယောက်က နေ့လယ်စာကို အတူတကွစားသောက်ကြလေသည်။

စုန့်ရှီးယန်က ထမင်းဝိုင်းတွင်လည်း စကားတစ်ခွန်းမှ ဝင်မပြောခဲ့ဘဲ သူတို့အတွက် ဟင်းများထည့်ပေးခြင်းဖြင့်သာ စက်ပစ္စည်းတစ်ခုကဲ့သို့ လုပ်ဆောင်နေခဲ့သည်။

သို့သော်လည်း သူ၏ ပြုစုမှုက အမျိုးသမီးသုံးဦးလုံးကို အထူးပင် ကျေနပ်အားရစေခဲ့သည်။

အထူးသဖြင့် လင်းရန်ပင်။

သူမက စိတ်ထဲမှ စုန့်ရှီးယန်ကို တိတ်တဆိတ် ချီးကျူးခဲ့သည်။

‘မဆိုးဘူး၊ ဒီလူက အတော်လေး သိတတ်သားပဲ နောက်ကိုလည်း ဒီလို အခြေအနေမျိုးကို ဆက်ထိန်းထားသင့်တယ်၊ ဒါက ခင်ပွန်းသည်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းပဲ!’

စားသောက်နေစဉ်အတွင်း လင်းကျန်းဖူက မနက်ဖြန်တွင် ကျင်းပမည့် လင်းရန်၏ မင်္ဂလာစားသောက်ပွဲသို့ လိုက်ပါပြီး မင်္ဂလာဝိုင် မသောက်နိုင်သည့်အတွက် အားနာမိကြောင်း ပြောဆိုလာသည်။

သူမအနေဖြင့် ယခုအချိန်တွင် အလွန်အမင်း အလုပ်များနေခဲ့သည်။ အလုပ်မှ ခဏလောက်ပင် ပျောက်မသွားနိုင်သောကြောင့် သွားချင်စိတ်မည်မျှရှိနေသည်ဖြစ်စေ မပြန်နိုင်ပါချေ။

လင်းရန်နှင့် အဘွားလင်းတို့မှာလည်း ယနေ့တွင် သူမက အလွန် အလုပ်များနေသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သောကြောင့် လင်းကျန်းဖူကို အတူပြန်ရန် မတိုက်တွန်းတော့ပေ။မည်သို့ပင်ဖြစ်စေည သူတို့က မိသားစုဝင်များဖြစ်သောကြောင့် စိတ်ထဲတွင် ရှိနေလျှင်ပင် လုံလောက်ပေပြီ။ အပေါ်ယံ ဟန်ဆောင်မှုများကို ဂရုစိုက်နေစရာမလိုတော့ပါချေ။

ထို့အပြင် မင်္ဂလာပွဲသည်လည်း ရုတ်တရက် စီစဉ်လိုက်ခြင်း ဖြစ်သောကြောင့် လင်းရန်အနေဖြင့် လင်းကျန်းဖူ အလုပ်နားရက် မရနိုင်သည်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပေသည်။

သို့သော် လင်းကျန်းဖူအနေဖြင့် လက်ထပ်ပွဲသို့ မပြန်နိုင်လျှင်ပင် သူမ၏ လက်ဖွဲ့ပစ္စည်းကို နောက်ကျန်မခံနိုင်ပါချေ။

လင်းရန်နှင့် တခြားသူများက ပစ္စည်းဝယ်ရန်အတွက် ကုန်တိုက်သို့ ပြန်သွားကြချိန်တွင် လင်းကျန်းဖူက သူတို့ကို အရင်ဆုံး ဈေးဝယ်ရန် ပြောခဲ့သည်။

ပြီးနောက် ဧည့်သည်မလာသေးသော အချိန်ကို အခွင့်ကောင်းယူကာ လင်းရန်အတွက် ပစ္စည်းတစ်ခုသွားယူရန် အဆောင်သို့ အပြေးအလွှားပြန်သွားခဲ့လေသည်။

ဘေးနားတွင်ရှိနေသည့် အဘွားလင်းက သူမ၏ သမီးဖြစ်သူမှ လင်းရန်ကို ပေးလာမည့်လက်ဖွဲ့အကြောင်းကို တွေးတောနေမိခဲ့သည်။

သို့သော်လည်း လင်းရန်က မည်သည့်အရာကိုပေးသည်ဖြစ်စေ အဆင်ပြေကြောင်း အပြုံးတစ်ခုဖြင့် ပြောလာလေ၏။

စုန့်ရှီးယန်သည်လည်း ဤအခွင့်အရေးကို အသုံးချပြီး ဒုတိယထပ်သို့ တက်သွားခဲ့ာာ ချင်းယွင်ကျစ် မှာထားသော ပစ္စည်းများကို သွားရောက်ဝယ်ယူခဲ့သည်။

ချင်းယွင်ကျစ်က ပစ္စည်းဝယ်သည့်အချိန်တွင် လင်းရန်နှင့် တခြားသူများ မသိစေရန်အတွက် တစ်ဦးတည်း သွားဝယ်ရန် မှာလိုက်သည်ပင်။

All Chapters