အခန်း (၂၈၉)
Vol. 29 Ch. 289
စုန့်ရှီးယန်မှ ထိုကဲ့သို့ တန်ဖိုးကြီးပပစ္စည်းများကို ဝယ်ယူမည်ဖြစ်ကြောင်းကို သိရှိသွားခဲ့ပါက အဘွားလင်းမှာ ဈေးကြီးသည့်အတွက် သေချာပေါက် တားမြစ်လာပေလိမ့်မည်။ ထို့ကြောင့် ချင်းယွင်ကျစ်က ဝယ်ယူ၍မပြီးသေးခင် သူတို့ကိုအသိမပေးရန်ပြောခဲ့ခြင်းဖြစ်ပေသည်။
ကုန်တိုက်က နှစ်ထပ်ရှိပြီး စျေးနှုန်းချိုသာသောပစ္စည်းများကို ပထမထပ်တွင် ရနိုင်သည်။ ပိုမိုဈေးကြီးသော ပစ္စည်းကြီးများကိုတော့ ဒုတိယထပ်တွင်သာ ရောင်းချလေသည်။
ပထမထပ်၏ စည်ကားသိုက်မြိုက်သော အခြေအနေနှင့်မတူဘဲ ဒုတိယထပ်က သိသိသာသာပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ ဈေးဝယ်သူများကလည်း များများစားစားမရှိပါချေ။
မိသားစုဝင်များကို လှည့်ပတ်ကြည့်ရှုရန်ခေါ်လာသူ အနည်းငယ်သာ ရှိသည်။ ဤအထပ်တွင်ရှိနေသော ပစ္စည်းများက ယွမ်ရာဂဏန်းမှ စတင်ခြင်းဖြစ်သောကြောင့် မိသားစုဝင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဝယ်ယူကြခြင်းဖြစ်ပေသည်။
ထို့ကြောင့် တစ်ဦးတည်း လာရောက်သော စုန့်ရှီးယန်က လူအများကြားတွင် ထင်ရှားနေခဲ့သည်။
အထူးသဖြင့် သူက စစ်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဘေးနားမှ လူတိုင်းက သူ့ကို ပြန်လှည့်ကြည့်နေခဲ့ကြသည်။
အရောင်းစာရေးတစ်ဦးက စုန့်ရှီးယန်ထံသို့ ချဉ်းကပ်လာကာ မည်သည့်ပစ္စည်းများကို ကြည့်ရှုလိုကြောင်း မေးမြန်းလာခဲ့သည်။
စုန့်ရှီးယန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ရေဒီယို၊ စက်ဘီး၊ အပ်ချုပ်စက်နဲ့ အမျိုးသမီး လက်ပတ်နာရီ.. ဒါတွေအားလုံးကို ဒီမှာ ဝယ်လို့ရမလား၊ ကျွန်တော် အရေးတကြီး လိုချင်လို့ ဒီနေ့ရမှဖြစ်မယ်”
စက်ပစ္စည်းလေးမျိုးလုံးကိုလိုချင်နေတာလား။ ရောက်လာတာနဲ့ အစုံလိုက် ဝယ်ယူတော့မှာလား။
အရောင်းစာရေးအနေဖြင့် ဤမျှ ရက်ရောသော ဖောက်သည်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သောကြောင့် ခေတ္တမျှ မှင်သက်သွားရသည်။
ဘေးနားမှဖြတ်သွားသူများမှာလည်း ပြူးဝိုင်းသောမျက်လုံးများဖြင့် စုန့်ရှီးယန်ကို လှည့်ကြည့်လာကြလေ၏။
ဤသည်က မင်္ဂလာဦးပစ္စည်းများ ဝယ်ယူနေခြင်းဖြစ်ရမည်။ သို့သော်လည်း ဤပစ္စည်းများကို တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်သည်ဆိုပါက ဤရဲဘော်မှာ သာမန်စစ်သားတစ်ယောက် မဟုတ်နိုင်ပါပေ။
အရေးကြီးဆုံးအချက်မှာ ထိုသူက အလွန်ချောမောခန့်ညားလွန်းသည်။
သူ့ရဲ့ ဇနီးလောင်းက ဘယ်လောက်တောင်ကံကောင်းလိုက်တာလဲ။
စုန့်ရှီးယန်သည်ကား ဘေးပတ်ဝန်းကျင်မှ မနာလိုသော အကြည့်များကို သတိမထားမိဘဲ အရောင်းစာရေး၏ အဖြေကိုသာ စောင့်နေခဲ့လေသည်။
အရောင်းစာရေးသည်လည်း သတိပြန်ဝင်လာပြီးနောက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်၏။
“ရပါတယ်၊ ရပါတယ်၊ ရှင်ပြောတဲ့ ပစ္စည်းတွေအကုန်လုံး ဒီမှာ ရှိပါတယ်၊ ကျွန်မ တစ်ခုချင်းစီ လိုက်ပြပါ့မယ်”
အရောင်းစာရေးက စုန့်ရှီးယန်ကို ခေါ်ဆောင်သွားပြီး စိတ်ကြိုက်ရွေးချယ်စေခဲ့သည်။ သို့သော် ထိုအချိန်တွင် စုန့်ရှီးယန်တစ်ယောက် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရလေသည်။
သူမသည်က နာရီကောင်တာရှေ့တွင် အမျိုးသားတစ်ဦးနှင့်အတူ ရပ်နေခဲ့သော စုန့်စစ်ယွီပင် ဖြစ်ပေ၏။
ထိုနှစ်ယောက်က အချင်းချင်း စကားပြောဆိုပြီး၊ ရယမောနေခဲ့ကြကာ နာရီများကိုရွေးချယ်နေကြသည်။ စုန့်ရှီးယန်က အသာစောင်းကြည့်လိုက်လျှင် သူတို့က အမျိုးသမီးပတ် နာရီများကို ကြည့်နေကြခြင်းဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
သူ မျက်ခုံးကိုအသာ ပင့်မ,လိုက်မိပြီး စုန့်စစ်ယွီ၏ ကိစ္စနှင့်ပတ်သက်ပြီး လင်းရန်ကို ပြောပြရန် မေ့နေသည်ကို ရုတ်တရက် သတိရသွားသည်။
ဤအကြောင်းကို မကြာခင် လင်းရန်ကိုပြောပြရပေမည်။
လက်ရှိတွင်တော့ သူ့အနေဖြင့် အလောတကြီးလုပ်စရာကိစ္စများရှိနေသောကြောင့် စုန့်စစ်ယွီကို ထပ်မကြည့်တော့ပေ။
သူက စုန့်စစ်ယွီနှင့်အတူ ရှိနေသော အမျိုးသားကိုသာ အနည်းငယ် သတိထားကြည့်လိုက်မိသည်။
တ်စ်ဖက်လူက သူမထက် အသက်အတော်လေးကြီးပုံရသည်။
မသိသူများဆိုလျှင် သူတို့ကို မောင်နှမ သို့မဟုတ် ဦးလေးနှင့် တူမဟုပင်ထင်မှတ်နိုင်ပေသည်။
“ရဲဘော် ဒါကတော့ ကျွန်မတို့ဆီကို အသစ်ရောက်တဲ့ လိပ်ပြာတံဆိပ် အပ်ချုပ်စက်ပါ၊ ကြည့်လိုက်ပါဦး၊ သုံးရတာ တကယ့်ကို ကောင်းပါတယ်၊ ခြေနင်းကို နင်းရတာက ဘယ်လောက်လွယ်သလဲဆိုတာ ကြည့်လိုက်ဦး”
ဘေးနားရှိ အရောင်းစာရေး၏ အသံကြောင့် စုန့်ရှီးယန်၏ အာရုံက လက်ရှိသို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် သူ့အနေဖြင့် မည်းနက်နေသော အပ်ချုပ်စက်ကို ကြည့်ပြီး နားမလည်သောကြောင့် နောက်ဆုံးတွင် မေးခွန်းတစ်ခုကိုသာ မေးလိုက်တော့သည်။
“ဒါက အကောင်းဆုံးလား၊ အင်္ကျီမချုပ်တတ်တဲ့သူတွေသုံးရင်ရော လွယ်လောက်လား”
သူ လင်းရန်၏အကြောင်း သိထားသလောက်ဆိုလျှင် လင်းရန်က အဝတ်အထည်ချုပ်လုပ်ခြင်းကို ကျွမ်းကျင်ပုံမရပေ။
သူ့အနေဖြင့်လည်း လင်းရန်ကို ထိုအတတ်ပညာအား သင်ယူစေရန် မတွေးထားပါချေ။ ထို့ကြောင့် သူမသာ မဖြစ်မနေ အသုံးပြုစရာရှိလာပါက သူမ၏လက်ကို မထိခိုက်စေရန်သာမျှော်လင့်မိသည်။
“ဒါပေါ့! ဒါက...”
အရောင်းစာရေးက သူမ ရောင်းချသော အပ်ချုပ်စက်၏ စွမ်းဆောင်ရည်ကို ဆက်လက် ရှင်းပြလိုသော်လည်း စုန့်ရှီးယန်က လက်ကာပြလိုက်သည်။
“ဒါဆို ဒါကိုပဲ ထုပ်ပိုးပြင်ဆင်ပေးထားလိုက်ပါ၊ ပြီးရင် တခြားဟာတွေ သွားကြည့်ရအောင်”
အရောင်းစာရေး: “!!!”
ယခုခေတ်ကာလတွင် ယွမ်ရာဂဏန်းတန်သည့် ပစ္စည်းကြီးများကို ဤမျှ လွယ်လွယ်ကူကူ ဝယ်ယူသူမျိုး ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။
အရောင်းစာရေးမက ပျော်လွန်းပြီး မူးမေ့မတတ် ဖြစ်သွားရလေသည်။
ထို့အပြင် သူက မသုံးတတ်သည့်သူများအတွက် လွယ်ကူခြင်း ရှိ၊ မရှိကိုပါ မေးမြန်းခဲ့သေးသည်။ သူ၏ လက်တွဲဖော်ထံတွင် ထိုအတတ်ပညာကို မတတ်မြောက်ထားကြောင်း ထင်ရှားပေ၏။
ယနေ့ခေတ်ကာလတွင် အဝတ်အထည်မချုပ်တတ်သော မိန်းကလေးများကို အထင်သေးလေ့ ရှိကြသည်။ သို့သော်လည်း ယခုမြင်တွေ့နေရသော စစ်သားရဲဘော်သည်က သူ၏ လက်တွဲဖော် ထိခိုက်ဒဏ်ရာရမည်ကိုသာ စိုးရိမ်နေပေသည်။
ဤခဏအတွင်း အပ်ချုပ်စက်အနားတွင်နေသောရှိ အရောင်းစာရေးနှင့် ဖြတ်သွားဖြတ်လာများမှာ စုန့်ရှီးယန်၏ ဇနီးလောင်းအပေါ် မနာလိုစိတ်များဖြင့် ပြည့်နှက်သွားကြတော့၏။
အရောင်းစာရေးက စုန့်ရှီးယန်ကဲ့သို့ ဖောက်သည်ကြီးကို လက်လွှတ်မခံလိုသောကြောင်း တခြားပစ္စည်းများကို အလျှင်အမြန်ပင် လိုက်ပြခဲ့သည်။
စုန့်ရှီးယန်က နာရီတစ်လုံးကို ရွေးချယ်ရာတွင်သာ အချိန်အနည်းငယ် ယူခဲ့ရပြီး ကျန်ရှိသော ပစ္စည်းများကိုတော့ တိုက်ရိုက်ပင် ဝယ်ယူလိုက်လေသည်။
စုန့်ရှီးယန်က အရာအားလုံးကို လျင်မြန်စွာ ဝယ်ယူပြီးချိန်တွင် ပထမထပ်ရှိ လင်းရန်သည်လည်း သူမ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူ ပေးလာသော လက်ဆောင်ကို ရရှိထားပြီးဖြစ်သည်။
လင်းကျန်းဖူအနေဖြင့် အလုပ်လုပ်သည်မှာ တစ်လကျော်သာ ရှိသေးသောကြောင့် ငွေအမြောက်အမြား မရှိသေးပါချေ။
သို့သော်လည်း သူမ၏ ပထမဆုံးလစာကို အသုံးပြု၍ မိသားစုအတွက် ပစ္စည်းတချို့ကိုဝယ်ယူခဲ့သည်။
ထိုအထဲတွင် တန်ဖိုးအရှိဆုံးမှာ လင်းရန်အတွက် လက်ဆောင်ပင် ဖြစ်ပေ၏။
ဆိုရလျှင် သူမထံ၌ ဤကဲ့သို့ အခွင့်အရေးများ ရရှိခဲ့ခြင်းမှာ လင်းရန်က သူမကို မြို့ပေါ်သို့ ခေါ်ဆောင်လာခဲ့ပြီး ခေါင်းဆောင်မိသားစုနှင့် တွေ့ဆုံရန်ဖန်တီးပေးခဲ့ခြင်းကြောင့်သာ ဖြစ်ပေ၏။
ထို့ကြောင့် လင်းရန်သာ မရှိခဲ့လျှင် သူမ၏ ယနေ့ကဲ့သို့ အခြေအနေမျိုး ရှိလာမည် မဟုတ်ပေ။
ထို့အတွက် သူမ၏ ကျေးဇူးရှင်ဖြစ်သည့် လင်းရန်ကိုကျေးဇူးတင်လက်ဆောင်အဖြစ်ပေးရန် ရည်ရွယ်ခဲ့သည်။
လက်ရှိတွင် သူမ၏ မင်္ဂလာပွဲက ရုတ်တရက်ဖြစ်သွားခဲ့သောကြောင့် သူမအနေဖြင့် တခြားသောလက်ဆောင်များကို ပြင်ဆင်မထားနိုင်တော့ပေ။
ထို့ကြောင့် သူမ ကြိုတင်ဝယ်ယူထားသော ပစ္စည်းကိုသာ ပေးလိုက်ရပေတော့မည်။
ကျန်ရှိနေသည့် လက်ဆောင်အတွက်တော့ နောက်ပိုင်း အခွင့်သာမှသာ ပြန်လည်ဖြည့်ဆည်းပေးရပေတော့မည်။
“ရန်ရန်၊ ဒါက ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ တခြားမြို့ကို ပစ္စည်းသွားဝယ်တုန်းက လမ်းကြုံဝယ်ခိုင်းလိုက်တဲ့ ရေမွှေးပုလင်းပဲ
ရှန်ဟိုင်းက မိန်းကလေးတော်တော်များများက ဒါကို သုံးကြတယ်လို့ ပြောတယ်၊ ဒါကို ကိုယ်ပေါ်မှာ နည်းနည်းလောက် ဆွတ်လိုက်ရုံနဲ့ တစ်နေကုန် မွှေးနေတာ၊
ငါ အနံ့ခံကြည့်ပြီးပြီ၊ မင်း ဒီအနံ့ကို ကြိုက်မယ်လို့ ထင်တယ်”
သူမ၏တူမဖြစ်သူလင်းရန်က အလှအပကို အမြဲတစေဂရုစိုက်တတ်သူဖြစ်ပေ၏။ ထို့ကြောင့် ဤကဲ့သို့ ပစ္စည်းမျိုးကို ကြိုက်နှစ်သက်မည်ဖြစ်ကြောင်း လင်းကျန်းဖူ သိနေခဲ့သည်။
သေချာပေ၏။ လင်းရန်အနေဖြင့် သူမရရှိသော လက်ဆောင်က ရေမွှေးဖြစ်နေကြောင်းကို သိလိုက်ရချိန်တွကာ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားတော့၏။
သူမ ဤနေရာသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင်မှ ရေမွှေးရောင်းချသည်ကို မတွေ့ခဲ့ရဖူးပေ။
လင်းကျန်းဖူ၏ ခန့်မှန်းချက်မှာ အလွန်ပင် မှန်ကန်ပေသည်။ သူမက ရေမွှေးကို အမှန်တကယ်ပင် ကြိုက်နှစ်သက်သည်။
သူမသည်က မီးဖိုချောင်ထဲတွင် အချိန်အတော်ကြာအောင် နေရသောကြောင့် အမြဲတစေ ဆီနံ့၊ မီးခိုးနံ့များ စွဲနေတတ်သည်။
အစားအသောက်များက မွှေးကြိုင်သော်လည်း အနံ့က ပြင်းထန်ပေ၏။
သူမအနေဖြင့် နေ့စဉ် ရေချိုးနေလျှင်ပင် မီးဖိုချောင်တွင် အချိန်ကြာမြင့်စွာ နေပြီးနောက် ကိုယ်ပေါ်၌ ဆီနံ့များ စွဲကျန်နေသကဲ့သို့ ခံစားရလေ့ရှိသည်။
ထို့ကြောင့် သူမ၏ ယခင်ဘဝတွင် အလုပ်များသော တစ်နေ့တာ ကုန်ဆုံးပြီးနောက်တွင် ရေချိုးပြီး သူမအကြိုက်နှစ်သက်ဆုံး ရေမွှေးကို ဆွတ်ကာ မွှေးကြိုင်သော မင်းသမီးလေးအဖြစ် ပြောင်းလဲပစ်လေ့ရှိသည်။
ထိုသို့ ရေမွှေးဆွတ်ပြီးနောက်တွင် အပြင်သို့ထွက်ကာ ညနေခင်း လေညင်းကြားတွင် လမ်းလျှောက်လေ့ရှိသည်။
ဤနေရာတွင် ရေမွှေးကို တွေ့ရခဲသောကြောင့် လင်းရန်အနေဖြင့် အလွန်ပင် ပျော်ရွှင်သွားရသည်။
“ကျေးဇူးအများကြီးတင်ပါတယ်ဒေါ်လေး၊ ကျွန်မ ဒီလက်ဆောင်ကို တကယ်ကို သဘောကျတယ်!”
လင်းရန်က လင်းကျန်းဖူ၏ လက်ထဲမှ ရေမွှေးပုလင်းကို ယူလိုက်ပြီး သူမ၏ လက်ကောက်ဝတ်တွင် အနည်းငယ် ဆွတ်လိုက်သည်။
ရနံ့သည်လည်း သူမ နှစ်သက်သော လန်းဆန်းစေသည့် မွှေးရနံ့မျိုး ဖြစ်နေသောကြောင့် ပို၍ ပျော်ရွှင်သွားရလေသည်။