အခန်း (၂၉၀)
Vol. 29 Ch. 290
စုန့်ရှီးယန် ပစ္စည်းများအားလုံးကိုဝယ်ယူပြီးနောက် အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
“ပစ္စည်းတွေအားလုံး စုံမစုံ စစ်ဆေးပြီးပြီလား၊ ပစ္စည်းတွေစုံရင် ကားပေါ်ကိုသွားတင်ကြရအောင်”
“ရှင် ခုနက ဘာတွေသွားဝယ်နေတာလဲ”
လင်းရန်တစ်ယောက် သတိပြန်ဝင်လာခဲ့ပြီး မတိုင်ခင်က စုန့်ရှီးယန် ခဏမျှ ပျောက်ကွယ်သွားသည်ကို သတိပြုမိကာ သံသယဖြင့် ကြည့်လိုက်လေသည်။
စုန့်ရှီးယန် နှာခေါင်းကို အသာပွတ်လိုက်မိသည်။
“ပစ္စည်းလေးတွေနည်းနည်းလောက် သွားဝယ်တာပါ”
လင်းရန်က ထပ်မံ မေးမြန်းလာမည်ကိုစိုးရိမ်သောကြောင့် သူ ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလိုက်လေ၏။
“ဒါနဲ့ ကိုယ်ပြောဖို့ မေ့နေတာ၊ မနေ့က ရော၊ အခုရော ကိုယ် မင်းရဲ့ အစ်မစုန့်စစ်ယွီနဲ့ တွေ့ခဲ့တယ်...”
လင်းရန်အနေဖြင့် ‘စုန့်စစ်ယွီ’ ဆိုသောနာမည်ကို ကြားလိုက်လျှင် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။
စုန့်ရှီးယန်လည်း သူ မြင်တွေ့ခဲ့သော အခြေအနေ နှစ်ခုလုံးကို လျှင်မြန်စွာ ပြောပြလိုက်လေ၏။ လင်းရန်တစ်ယောက် ထိုအကြောင်းကို ကြားလိုက်ရလျှင် အံ့အားသင့်သွားရသည်။
စုန့်စစ်ယွီက ဘာလို့ ဒီလိုမျိုးလုပ်နေရတာလဲ။
သူမက ပြန်လည်မွေးဖွားလာတဲ့လူ မဟုတ်ဘူးလား။
ပြီးတော့ စုန့်ဝေ့ကရော?
သူက သူ့သမီးကိုပဲ အချစ်ဆုံးမဟုတ်ဘူးလား။
ဘာဖြစ်လို့ အဖေနဲ့ သမီးကြားမှာ ဒီလောက်တောင် အက်ကွဲသွားရတာလဲ။
လင်းရန်က သူမကိုယ်တိုင် မမြင်တွေ့ခဲ့ရသောကြောင့် ပို၍ပင်သိချင်နေခဲ့သည်။
သူမ အသိချင်ဆုံးကိစ္စမှာ စုန့်စစ်ယွီ ချိန်းတွေ့နေသော အမျိုးသားအကြောင်းကိုပင်။
စုန့်ရှီးယန်၏ပါးစပ်မှပင် အသက်ကွာခြားချက် ကြီးမားကြောင်း ပြောလာပါက တစ်ဖက်လူမှာ အမှန်တကယ်ပင် လူအိုကြီးတစ်ဦးဖြစ်နေနိုင်သည်။
အိုက်ယား။ စုန့်စစ်ယွီကတော့ တကယ်ကို အစွန်းရောက်တဲ့ စွန့်စားမှုတွေ လုပ်နေတာပဲ။
အဲဒီလူကြီးရဲ့ အရေပြားက ထူလွန်းလို့ သူမရဲ့ သွားတွေ ကျိုးသွားမှာကိုတောင် မကြောက်ဘူးလား။
တစ်ဘက်တွင်တော့ အပ်ချုပ်စက်အရောင်းကောင်တာသို့ ရောက်ရှိနေပြီဖြစ်သည့် စုန့်စစ်ယွီက သူမ၏ နားရွက်နားသို့ တိုးကပ်၍ပြောလာသော အမျိုးသား၏ စကားကို ကြားလိုက်ရလေ၏။
“မင်း အပ်ချုပ်စက် သုံးတတ်လား? သုံးတတ်ရင် တစ်လုံးဝယ်လိုက်လေ၊ နောက်ကျရင် အိမ်က အဝတ်အစားတွေကို ကိုယ်တိုင်ချုပ်ပြီးဝတ်ဆင်တာက ပိုပြီးတော့ အဆင်ပြေလိမ့်မယ်”
စုန့်စစ်ယွီ၏ အပြုံးက ခဏတာ တောင့်တင်းသွားရပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မရဲ့ အဝတ်အစားချုပ်တဲ့ အရည်အချင်းက သိပ်မကောင်းဘူး၊ အဝတ်အစားတွေက ကြည့်မကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊
ပြီးတော့ လူတွေပြောတာကို ကြားဖူးတယ်၊ အဝတ်အစားတွေ အများကြီးချုပ်ရင် လက်တွေက ကြမ်းတမ်းလာတတ်တယ်တဲ့...”
သို့သော် သူမ စကားမဆုံးမီ ဘေးနားရှိ အမျိုးသားက မျက်မှောင်ကြုတ်ကာ သူမကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်လာလေသည်။
“ဘယ်မိန်းမကများ အဝတ်အစားမချုပ်တတ်လို့လဲ? မင်း ငါ့အိမ်ကို ရောက်လာပြီးရင် ငါနဲ့ ငါ့သားကို အပြင်ကဝယ်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်ခိုင်းလို့ မရဘူးလေ
အဝတ်တွေ ပြဲသွားရင်လည်း မင်းကိုယ်တိုင် ဖာထေးပေးရမှာ မဟုတ်ဘူးလား? ဒါမှမဟုတ်ရင် မင်းက ဘာတွေများလုပ်ချင်သေးလို့လဲ?”
စုန့်စစ်ယွီတစ်ယောက် ထိုစကားကို ကြားလျှင် ဒေါသထွက်လွန်းပြီး အံကိုတင်းတင်းကြိတ်ထားမိလေ၏။
တကယ်လို့သူသာ အဝတ်ချုပ်တတ်ပြီးအပေါက်အပြဲတွေ ဖာထေးတတ်တဲ့လူကို လိုချင်နေရင် အပ်ချုပ်သမားတစ်ယောက်ကို သွားရှာသင့်တာ မဟုတ်ဘူးလား။
သို့သော်လည်း ယခုအချိန်တွင် သူမအနေဖြင့် ထိုအမျိုးသားကိုသာ အားကိုးနေရသည်ဖြစ်၍ စုန့်စစ်ယွီတစ်ယောက် သူမ၏နှလုံးထဲရှိ ဒေါသများကို အစွမ်းကုန် မျိုသိပ်လိုက်ရလေ၏။
ထို့နောက် သူမက အလျှင်အမြန်ပင် အားနည်းမှုကို ဖော်ပြပြီး ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်မက မသင်ဘူးလို့ မပြောပါဘူး၊ ကျွန်မရဲ့ လက်ရာမကောင်းရင် ရှင် အလိုမကျဖြစ်မှာကို စိုးရိမ်လို့ပါ”
“လက်ရာမကောင်းရင် ကောင်းအောင် သင်ယူရမှာပေါ့၊ အကြိမ်ကြိမ် လုပ်ကြည့်ရင် တတ်သွားမှာပဲ၊
ဒါဆို မင်းအတွက် စက်တစ်လုံးဝယ်ပေးမယ်၊ ညဘက်အိမ်ကိုရောက်ရင် စပြီးတော့ သင်လိုက်တော့၊
နောက်ပြီး ရှောင်ဟိုင်ရဲ့အမေကလည်း အဝတ်ချုပ်တာ အရမ်းတော်တယ်၊ မင်းသာ အဝတ်ချုပ်တတ်ရင် သူက မင်းကို အမြန်လက်ခံလာပဲ၊
စစ်ယွီ ငါကလည်း မင်းရဲ့ကောင်းကျိုးအတွက် ပြောနေတာ”
တစ်ဖက်လူက ဆုံးဖြတ်ပြီးနောက် စကားများ ဆက်ပြောလာလျှင် စုန့်စစ်ယွီသည်လည်း စိတ်လှုပ်ရှားသွားသကဲ့သို့ ဟန်ဆောင်လိုက်ရသည်။
“ကျွန်မ သိပါတယ်၊ ကျွန်မ သေချာပေါက် ကြိုးစားသင်ယူပြီး ရှောင်ဟိုင်က ကျွန်မကို တတ်နိုင်သမျှ မြန်မြန်လက်ခံလာအောင် ကြိုးစားပါ့မယ်”
“ဒါပေါ့၊ မိထွေးလုပ်ရတာ မလွယ်ဘူးဆိုပေမဲ့ မင်း လုပ်နိုင်မယ်လို့ ငါယုံကြည်ပါတယ်”
စုန့်ရှီးယန် အပ်ချုပ်စက်ကို ဝယ်ယူနေချိန်က ဖြတ်သွားဖြတ်လာတစ်ဦးသည် ထိုမြင်ကွင်းကို မြင်သွားခဲ့လေ၏။ သူမ နေရာမှမထွက်ခွာမီ စုန့်စစ်ယွီနှင့် သူမ၏ဘေးမှ အမျိုးသားသည်လည်း အပ်ချုပ်စက်ဝယ်ရန် ရောက်ရှိလာကြောင်းကို တွေ့လိုက်ရသည်။ထိုအမျိုးသားက အပ်ချုပ်စက်ကို အလွန်လျှင်မြန်စွာ မှာယူလိုက်ပုံအရ သူသည်လည်း ငွေကြေးချို့တဲ့ပုံမရပါချေ။ သို့သော်လည်း ဤသည်မှာ ဒုတိယအိမ်ထောင်ဖြစ်နေပုံရပြီး ဘေးနားရှိ မိန်းကလေးထက်လည်း အသက်ကြီးပုံရသည်။
တစ်ဖက်မှ မိန်းကလေးမှာ အသက်မကြီးသေးသော်လည်း တခြားအမျိန်းသမီး၏ကလေးအတွက် မိထွေးဖြစ်တော့လာတော့မည့်ပုံပင်။
အိုက်ယား။ ဒီဘက်ခေတ်က မိန်းကလေးတွေကတော့ ပိုက်ဆံအတွက်ဆိုရင် ဘာကိုမဆိုလုပ်ချင်ကြတာပဲ။
ဤခဏတွင် လူတိုင်းက စုန့်စစ်ယွီကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်လာကြလေ၏။
စုန့်စစ်ယွီသည်က စုန့်မိသားစုအိမ်မှ ထွက်လာကတည်းက ထိုကဲ့သို့သော အကြည့်များကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိလာခဲ့သည်။ တစ်ဖက်မှလူများက သူမကို အထင်သေးနေကြောင်းကို သူမ မြင်နိုင်ပေသည်။
ဒါပေမဲ့ ဘာဖြစ်လဲ။
သူမက ဘာကိုမျှ ခိုးယူထားတာမဟုတ်ဘူး။
သူမရဲ့ ကိုယ်ပိုင်ရည်မှန်းချက်အတွက် လျှောက်လှမ်းဖို့ကြိုးစားနေတာပဲလေ။
ဘယ်နေရာက မှားနေလို့လဲ။
သူမက ဇနီးဖြစ်သူသေဆုံးသွားသည့် လူအိုကြီးတစ်ယောက်နှင့် ရှိနေတော့မည်ဖြစ်သော်လည်း၊ သို့မဟုတ် မိထွေးတစ်ယောက်ဖြစ်လာတော့မည် ဖြစ်သော်လည်း ဂရုမစိုက်ပါချေ။
“ဆင်းရဲသားတွေ ကို ရယ်လို့ရတယ်၊ ဒါပေမဲ့ ပြည့်တန်ဆာတစ်ယောက်ကိုတော့ မရယ်မောလိုက်နဲ့” ဟူသော စကား ရှိပေသည်။
ဆင်းရဲသားများအနေဖြင့် သူမ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ရန် အရည်အချင်းမရှိပါချေ။
အကယ်၍ သူတို့ကသာ ဤအမျိုးသား၏ အဆင့်အတန်းကို သိရှိခဲ့ပါက ဒူးထောက်ပြီး သူ့၏ခြေထောက်ကိုပင် ဖက်တွယ်ထားကြလိမ့်မည်။
သူမအနေဖြင့် ထိုအမျိုးသားနှင့် ခေတ္တမျှ အတူရှိနေပြီး သူ၏သားဖြစ်သူကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ကာ သားအဖနှစ်ယောက်လုံး၏ ယုံကြည်မှုကို ရယူနိုင်သည်နှင့် ထိုအမျိုးသားဘက်က သူမ၏ မည်သည့်တောင်းဆိုမှုကိုမဆို ငြင်းပယ်မည်မဟုတ်ပါချေ။
တစ်ဖက်လူက သူမ မှတ်မိနေသော ထိုနေရာသို့ ရောက်ရှိရန် စီစဉ်ပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
ထိုအချိန်ကျလျှင် သူမက သူမ၏ ယခင်ဘဝမှ လမ်းကြောင်းအတိုင်း လိုက်လျှောက်နိုင်ပြီး ထိပ်ဆုံးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။
ရှုမိသားစု၊ ဟောင်ဖင်း သို့မဟုတ် သူမ၏ တစ်ကိုယ်ကောင်းဆန်သော အဖေ စုန့်ဝေ့တို့၏ အကူအညီ မပါလျှင်ပင် သူမက အောင်မြင်နိုင်သေးသည်။
စောင့်ကြည့်နေလိုက်ကြစမ်းပါ။
*
လင်းရန်တစ်ယောက် စုန့်စစ်ယွီနှင့်ပတ်သက်၍ သိချင်စိတ်များ ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ တိုက်ဆိုင်မှုမျိုး ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
စုန့်စစ်ယွီက သူမ၏ လက်ရှိလက်တွဲဖော်နှင့်အတူ သူမ၏ရှေ့တွင် ပေါ်ထွက်လာခဲ့လေ၏။
စကားပုံတစ်ခု ရှိသည်။
ရန်သူအချင်းချင်း တွေ့ဆုံပါက မုန်းတီးမှုများပေါ်ထွက်လာတတ်သည် ဟူ၏။
လင်းရန်အနေဖြင့် သူမနှင့် စုန့်စစ်ယွီကြားရှိ ဆက်ဆံရေးက အာဃာတကြီးကြီးမားမားမရှိဟု ခံစားရသော်လည်း ထိုသည်က မူရင်းဇာတ်လမ်းအရ ဖြစ်လာမည် စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့မှ “လင်းရန်” အပေါ် ပြုမူခဲ့သမျှကို သူမက ရှောင်ရှားနိုင်ခဲ့သောကြောင့်သာ ဖြစ်ပေသည်။
သို့သော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးက ကောင်းမွန်သည့်အထဲတွင် လုံးဝမပါဝင်ချေ။
ထို့ကြောင့် ယခုအချိန်တွင် သူတို့နှစ်ဦးယောက်က တစ်ယောက်ကိုတစ်ယောက်မြင်လိုက်ရပြီး မျက်လုံးချင်းဆုံမိသွားပြီးနောက် ဓားသွားများကဖြတ်ပြေးသွားသကဲ့သို့ထင်ရလေ၏။
သို့သော်လည်း စုန့်စစ်ယွီသည်က အနာဂတ်အတွက် အားကိုးစရာလူနှင့်အတူ ရှိနေသောကြောင် လင်းရန်ကို မြင်သော်လည်း စကားပြောရန် ရည်ရွယ်ချက်မရှိပေ။
လင်းရန်ကဲ့သို့ ရွံရှာဖွယ်ကောင်းသော မိန်းမက သူမ၏ အစီအစဉ်ကို တမင်တကာ နှောင့်ယှက်ဖျက်ဆီးမည်ကို သူမ စိုးရိမ်မိသည်။
သို့သော်လည်း သူမက လင်းရန်ကို လေကဲ့သို့ သဘောထားပြီး အမြန်ကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်သော်လည်း သူမ၏ဘေးနားမှ အမျိုးသားက ရုတ်တရက် ရပ်တန့်လိုက်ပြီး နားမလည်နိုင်လောက်သော မေးခွန်းတစ်ခုကို မေးလာခဲ့လေ၏။
“မင်း အဲဒီရဲဘော်လေးကို သိလား?”
စုန့်စစ်ယွီ ခေတ္တမျှ ဆွံ့အသွားရလေ၏။ အစပိုင်းတွင် ထိုအမျိုးသားက မည်သူ့ကို မေးမြန်းခြင်းဖြစ်ကြောင်းကို သူမ မသိခဲ့ပေ။
သို့ရာတွင် သူမက တစ်ဖက်လူ၏အကြည့်လားရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်လျှင် တစ်ဖက်လူက လင်းရန်ကိုမေးမြန်းနေခြင်း ဖြစ်ကြောင်းကို သိလိုက်ရလေသည်။
ထိုအမျိုးသား၏ မျက်လုံးထဲရှိ နှစ်သက်သဘောကျမှုနှင့် အံ့ဩမင်သက်မှုများကို ထင်ရှားစွာမြင်လိုက်သောကြောင့် စုန့်စစ်ယွီ၏ နှလုံးသားထဲရှိ ဒေါသများက အလွန်အမင်းတောက်လောင်လာခဲ့ရသည်။
ဒေါသများက သူမ၏ အသိစိတ်ကိုပင် ဝါးမြိုလုနီးပါးဖြစ်လာရသည်။
လင်းရန်ဆိုတဲ့ မြေခွေးမကတော့ သူမရဲ့ မျက်နှာကို အသုံးချပြီး နေရာတကာမှာ လူတွေကို မြှူဆွယ်နေတာပဲ။
သူမက ဘာလို့ ဒီလောက်တောင် အရှက်မဲ့လွန်းတာလဲ။
ဒါ့အပြင် ဒီလူအိုကြီးကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး အကျင့်စာရိတ္တမကောင်းလွန်းတဲ့ ဒီလိုမေးခွန်းမျိုးကိုတောင် သူမရဲ့ရှေ့မှာ ထုတ်ဖော်ပြောရဲသေးတယ်!
အကယ်၍ သူမ၏ အစီအစဉ်ကြောင့်သာ မဟုတ်ပါက သူမက လင်းရန်ကို ဆဲဆိုပြီး ဤရွံရှာဖွယ်ကောင်းသော လူအိုကြီးကိုပါ တစ်ခါတည်း ဆဲဆိုမိလိမ့်မည်။သို့သော် သူမ၏ နှလုံးသားထဲတွင် မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ စုန့်စစ်ယွီက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ခေါင်းကိုခါရမ်းပြီး လိမ်ညာလိုက်သည်။
“ မသိဘူး ၊ ဒါနဲ့... ကျွန်မတို့ အမြန်ပြန်ကြရအောင်လေ၊ ရှောင်ဟိုင်လည်း အပြင်မှာ အကြာကြီးနေတာဆိုတော့ အိမ်ကိုပြန်ချင်နေလောက်ပြီ”
သားဖြစ်သူ၏ နာမည်ကို ကြားရမှသာ ထိုအမျိုးသားလည်း နောက်ဆုံးတွင် မတတ်သာစွာဖြင့် ရှေ့သို့ဆက်လျှောက်လာခဲ့သည်။
သို့သော် သူသည်က စုန့်စစ်ယွီ ထင်ထားသလောက် အရူးလုပ်ရန် လွယ်ကူသည့်လူမျိုး မဟုတ်ခဲ့ပါချေ။
မတိုင်ခင်က စုန့်စစ်ယွီနှင့် ထိုလှပသော မိန်းကလေးတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူတို့၏ မျက်နှာအမူအရာများအရ သူတို့က တစ်ယောက်ကိုတစ်ယောက် သိကျွမ်းနေကြရုံသာမက ပတ်သက်မှုများစွာ ရှိနေကြောင်း ထင်ရှားစွာတွေ့မြင်နိုင်သည်။
သူမက လက်ထပ်ပြီးသားလားမသိသော်လည်း အကယ်၍ လက်မထပ်ရသေးပါက သူ့ဘက်က သူမနှင့် ထပ်မံတွေ့ဆုံရန်ဖြစ်နိုင်ပေလိမ့်မည်။