← Chapters

ယောင်ချီ၏ ရည်ရွယ်ချက်

Vol. 25 Ch. 242

ယောင်ချီ၏ ရည်ရွယ်ချက်

Vol. 25 Ch. 242

ပျောက်ဆုံးနေသော ဓားကျောင်းတော်တပည့် သုံးယောက်ကို တာ့ဟာ၏ အောင်းသိုက်ထဲတွင် ပြန်တွေ့ခဲ့ရသည်။

အမှန်အတိုင်း ပြောရလျှင် ကောင်းကင်နက္ခတ် တွက်ချက်ခြင်းသာ မရှိခဲ့လျှင် ချန်ဟွိုက်အန် ကိုယ်တိုင်ပင် တိုက်ရိုက်တပည့် သုံးယောက်က တာ့ဟာ၏ နံစော်နေသော ခွေးအောင်းသိုက်ထဲ ပိတ်မိနေလိမ့်မည်ဟု ထင်မည် မဟုတ်ပေ။

ယခုအချိန်တွင်တော့ ထိုတပည့် သုံးဦးက လျိုရှားတောင်ထွတ်၏ ကမ်းပါးအစွန်းတွင် သတိလစ်မေ့မြောလျက် လဲလျောင်းနေကြသည်။

သူတို့ဆီမှ ညစ်ပတ်သော အနံ့အသက်များ ထွက်နေသော်လည်း မည်သူမှ ရွံရှာသော အမူအရာ မပြကြပေ။

“သူတို့ရဲ့ စိတ်ဝိညာဉ်အမြစ်တွေနဲ့ တာအိုခန္ဓာတွေ လုံးဝ ပျက်စီးသွားပြီ။ သူတို့ရဲ့ ဒန်တျန်လည်း အဖျက်ဆီးခံလိုက်ရတယ်။ ဒီမြင့်မြတ်နယ်မြေ သုံးခုဆိုတဲ့ လူတွေက တကယ့်ကို လူမဆန် ကြတာပဲ...”

စုချီနျန်က ထိုမျှအထိ သနားစရာကောင်းအောင် နှိပ်စက်ခံထားရသော တပည့်များကို ကြည့်ပြီး မျက်လုံးများ နီရဲလာ၏။ ဓားကျောင်းတော် အကြီးအကဲ လေးဦး၏ မျက်နှာများမှာလည်း နာကျည်းမှုများ အထိုင်းအသား ရှိနေကြသည်။

လီချင်းရန်က ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ရှင်းပြပြီးပြီ ဖြစ်သည်။

လီချင်းရန်၏ စကားများက မှန်ကန်ကြောင်း ခိုင်မာသောသက်သေ မရှိသော်လည်း စုချီနျန်နှင့် အကြီးအကဲ လေးဦးက ချက်ချင်းပင် ယုံကြည်လိုက်ကြ၏။

၎င်းမှာ ဘိုးဘေးက လီချင်းရန်၏ နောက်တွင် ရှိနေ၍သာ မဟုတ်ပေ။

ယွဲ့ချန်ချီ နောက်ဆုံး ပေးပို့ခဲ့သော သတင်းစကားကြောင့်လည်း ပါ၏။

အကယ်၍ ၎င်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ လက်ချက်ဆိုလျှင် ယွဲ့ချန်ချီ၏ သတင်းစကားက အဘယ်ကြောင့် စုန့်ချီယွဲ့ကို သတ်ရန် ပြောခဲ့သနည်း။

ထို့ပြင် ပိုထူးဆန်းသည်မှာ...

ဘိုးဘေး၏ ပြောကြားချက်အရ စုန့်ချီယွဲ့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည် စုန့်ချီယွဲ့ ကိုယ်တိုင် မဟုတ်ခြင်းပင်။ ထိုသူက ယောင်ချီမြင့်မြတ်နယ်မြေမှ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အကြီးအကဲယွိချင်း၏ ဝိညာဉ် ဖြစ်နေ၏။

ဖြစ်နိုင်ခြေများ အားလုံးကို ဖယ်ထုတ်လိုက်လျှင် အဖြစ်နိုင်ဆုံး အဖြေကတော့ အမှန်တရားပင်။

ဂိုဏ်းပေါင်းစုံက ပါရမီရှင်များ ပျောက်ဆုံးနေမှု၏ နောက်ကွယ်တွင် ရှိနေသည်မှာ ယောင်ချီနှင့် ဖန်ကျင်း မြင့်မြတ်နယ်မြေများသာ ဖြစ်ကြသည်။

ကျန့်ဝူမြင့်မြတ်နယ်မြေကတော့ ထိုကိစ္စတွင် ပါဝင်ခြင်း ရှိမရှိ မသေချာသေးပေ။

“ဂိုဏ်းချုပ်၊ ဘိုးဘေး... ယွဲ့ချန်ချီက မြင့်မြတ်နယ်မြေ သုံးခုထဲက တစ်နေရာရာမှာ အကျဉ်းချခံ ထားရတာ သေချာပါတယ်။ သူ့ကို သွားကယ်ဖို့ ချက်ချင်း ပြင်ဆင်ကြရအောင်...”

ချန်းကျန်းတောင်ထွတ်မှ အကြီးအကဲလီက ဦးညွှတ်ရင်း တောင်းဆိုလိုက်သည်။

သူက ယွဲ့ချန်ချီ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသူ ဖြစ်၏။

ယွဲ့ချန်ချီ၏ ဝမ်းနည်းစရာကောင်းသော အတိတ်က သူ့နှလုံးသားထဲ စွဲထင်နေလေသည်။

သူ ငယ်ငယ်လေးမှာတင် မိဘနှစ်ပါးစလုံး မီးလောင်မှုမှာ ဆုံးပါးသွားခဲ့ပြီး မိဘမဲ့ ဖြစ်ခဲ့ရရှာ၏။

ထိုစဉ်က ဂိုဏ်းချုပ်သာ အချိန်မီ ဖြတ်မသွားခဲ့လျှင် သူက လူကုန်ကူးသူများ၏ လက်ထဲသို့ ပါသွားပြီး ရောင်းစားခံလိုက်ရပေမည်။

ထို့ကြောင့်လည်း ဓားကျောင်းတော်မှ အကြီးအကဲ အားလုံးက သူ့ကို သမီးအရင်းလို ချစ်ကြခြင်းပင်။

သူကလည်း သူတို့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ပေ။

အသက်၃၀ မပြည့်ခင်မှာပင် ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်ရှိခဲ့ပြီး အံ့မခန်း ပါရမီများကို ပြသခဲ့ကာ ဓားကျောင်းတော်သားများ၏ စံပြစီနီယာအစ်မကြီး ဖြစ်ခဲ့သည်။

ယခု သူက ရန်သူ့လက်ထဲ ရှိနေသည်ကို မြင်နေရသော် သူတို့ မည်သို့ ငြိမ်နေနိုင်မည်နည်း။

“ထိုင်နေစမ်းပါ...”

စုချီနျန်က အကြီးအကဲလီကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။

“ကယ်မယ်။ ဘယ်လိုကယ်မှာလဲ။ ကိစ္စတွေကို ဒီထက်ပိုပြီး ရှုပ်ထွေးအောင် လုပ်ချင်တာလား...”

“ဂိုဏ်းချုပ်... ရှောင်ယွဲ့က ခင်ဗျားရဲ့ တပည့်အရင်းပါ...” အကြီးအကဲလီ ဒူးထောက်ကျသွားပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ သူ့စကားလုံးတိုင်းတွင် ပြင်းထန်သော ခံစားချက်များ ပါဝင်နေ၏။

စုချီနျန် သူတို့ကို ကျောခိုင်းလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

သူက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချင်၏။

သို့သော် သူလည်း ငိုချင်စိတ်ကို ထိန်းမရတော့ပေ။

“ယွဲ့ချန်ချီဟာ ငါ့တပည့်ဆိုတာ ငါမသိဘူးလို့ မင်းထင်နေတာလား။”

“ဒါပေမဲ့ မင်းတို့ အားလုံးကလည်း ငါ့ရဲ့ ဓားကျောင်းတော် တပည့်တွေပဲ။ ငါ့နှလုံးသားထဲမှာ မင်းတို့ရဲ့ အသက်တွေဟာ သူရဲ့အသက်နဲ့ ထပ်တူ အရေးကြီးတယ်။ မြင့်မြတ်နယ်မြေတွေက အန္တရာယ်များတယ်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတာ။ မင်းတို့ အသက်တွေကို အလဟဿ အဆုံးရှုံးမခံနိုင်ဘူး...”

“ဒါပေမဲ့... ဂိုဏ်းချုပ်...”

“ငါ သွားမယ်။ ယွဲ့ချန်ချီကို ငါကိုယ်တိုင် သွားခေါ်လာမယ်။”

“တော်ကြစမ်း... အားလုံး ပါးစပ်ပိတ်ထားကြ...”

ချန်ဟွိုက်အန်က သူ့ဓားနှောင့်ကို အသာအယာ တောက်လိုက်၏။

သူက ယွဲ့ချန်ချီ၏ တည်နေရာကို ရှာရန် ကောင်းကင်နက္ခတ်ကို တွက်ချက်ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် တစ်ခုခုက တားဆီးနေ၏။

သူ၏ လက်ရှိ ကံကြမ္မာတန်ပြန်မှု အဆင့်ဖြင့် ယွဲ့ချန်ချီ၏ တိကျသော တည်နေရာကို မသိနိုင်ပေ။

သို့သော် ကောင်းကင်နက္ခတ်မျက်လုံး၏ ညွှန်ပြချက်အရ သူသည် ယောင်ချီမြင့်မြတ်နယ်မြေထဲ ရှိနေသည်မှာ သေချာပေသည်။

သို့သော် ပြဿနာမှာ...

ယောင်ချီမြင့်မြတ်နယ်မြေဟာ ချင်းယွန်ဘုံထဲ ရှိမနေခြင်းပင်။

၎င်းမှာ အခု ဓားကျောင်းတော်က သူ၏ကမ္ဘာငယ်ထဲ ရှိနေသလိုမျိုးပင် နေရာလွတ် အခွံတစ်ခုထဲ ပုန်းကွယ်နေခြင်း ဖြစ်သည်။

မြင့်မြတ်နယ်မြေ သုံးခုစလုံးက သူတို့၏ သီးခြားကမ္ဘာငယ်များထဲမှာ ရှိနေကြသည်။

ထိုကမ္ဘာငယ်များ၏ မြစ်ဖျားခံရာကို မသိရသော်လည်း ၎င်းတို့က ပြင်ပဝိညာဉ်စွမ်းအင်များနှင့် အဆက်အသွယ် ပြတ်နေပြီး အစွမ်းထက်သော အခင်းအကျင်းများမှတဆင့် ချင်းယွန်ဘုံမှ စွမ်းအင်များကို စုပ်ယူပြီး ရှင်သန်နေကြခြင်းပင်။

ထို့ကြောင့် မြင့်မြတ်နယ်မြေများထဲမှ စိတ်ဝိညာဉ်ချီစွမ်းအင်များသည် ချင်းယွန်ဘုံထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းနေရခြင်း ဖြစ်သည်။

မြင့်မြတ်နယ်မြေ၏ ကမ္ဘာငယ်ထဲကို ဝင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် တကယ့်ပြဿနာက အင်အားပင်။

အကယ်၍ သူ့တွင် မဟာတက်လှမ်းခြင်းအဆင့် ခွန်အားသာ ရှိခဲ့ရင် ယွဲ့ချန်ချီကို ကယ်ထုတ်ရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

“ချင်းရန်... မင်းမှာ ယွဲ့ချန်ချီရဲ့ ကိုယ်ပိုင်ပစ္စည်း တစ်ခုခု ရှိလား။ တစ်ခုလောက် ယူလာခဲ့။”

ယွဲ့ချန်ချီက လီချင်းရန်၏ နေရာကို ခဏခဏ လာတတ်သလို၊ တစ်ခါတလေ လီချင်းရန်၏ စိတ်ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူရန်အတွက် ညအိပ်ညနေပင် နေတတ်တာကြောင့် သူ၏ ပစ္စည်းတစ်ခုခု ကျန်ခဲ့မည်မှာ သေချာပေသည်။

၎င်းမှာ သူ ယခင်က မြင်ခဲ့ဖူး၍ သိနေသည်တော့ လုံးဝ မဟုတ်ပေ။

လီချင်းရန်က အိမ်လေးထဲ ခဏလောက် ရှာပြီးနောက် အဝတ်နှင့် ထုပ်ထားသော ပစ္စည်းတစ်ခုကို ယူလာခဲ့သည်။

“ဆရာ... ဒါက စီနီယာအစ်မရဲ့...”

လီချင်းရန်က ထိုအထုပ်လေးကို ဘာမှန်းမသိအောင် သေသေချာချာ ထုပ်ပိုးထား၏။

သူက ဘိုးဘေး၏ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောရန် ရှေ့တိုးလိုက်သော်လည်း...

ချန်ဟွိုက်အန်က မဆိုင်းမတွဘဲ ထိုအထုပ်ကို လှမ်းယူလိုက်သည်။

“ငါ သိပါတယ်။”

လီချင်းရန်: “...”

နေပါဦး။ ဆရာက ဘယ်လိုလုပ် သိတာလဲ။ အဝတ်ထုပ်ကို ကြည့်ရုံနဲ့ သိသွားတာလား။

ချန်ဟွိုက်အန်က ထိုအဝတ်ထုပ်ကို ယန်ဝိညာဉ်ကြေးမုံဘေး ချထားလိုက်သည်။

သူက လီချင်းရန်ကို စောင့်ကြည့်ရန်အတွက် ဒီကြေးမုံကို သုံးလေ့ရှိသော်လည်း ယွဲ့ချန်ချီက ခဏခဏ ရောက်လာတတ်ရာ တစ်ခါတလေ သူ့ကိုလည်း မြင်ကွင်းထဲ တွေ့ရတတ်သည်။

ယွဲ့ချန်ချီကတော့ ၎င်းကို လုံးဝ မသိခဲ့ပေ။

သူက ပေါ့ပေါ့ပါးပါး နေတတ်သော သဘာဝရှိတာကြောင့် မရည်ရွယ်ဘဲနဲ့ ချန်ဟွိုက်အန်ကို မမျှော်လင့်ထားသော မြင်ကွင်းအချို့ လက်ဆောင်ပေးခဲ့ဖူး၏။

ဥပမာအားဖြင့် သူက ရင်စည်းအင်္ကျီ ဝတ်ရသည်ကို အသက်ရှူကျပ်သည်ဟု ခံစားရတာကြောင့် တစ်ခါမှ မဝတ်ပေ။

ထိုအစား လှုပ်ရှားရလွယ်ကူပြီး သက်သောင့်သက်သာရှိသော ရင်စည်းပတ်တီးသာ သုံးလေ့ရှိ၏။

၎င်းကို ချန်ဟွိုက်အန် သိချင်၍ သိခဲ့သည် မဟုတ်ပေ။

သူက ထိုကဲ့သို့ လူစားမျိုး လုံးဝ မဟုတ်ပေ။

ယန်ဝိညာဉ်ကြေးမုံက ချက်ချင်း အသက်ဝင်လာ၏။

ယွဲ့ချန်ချီ၏ပုံရိပ်က ကြေးမုံထဲတွင် ပေါ်လာလေသည်။

သူက တရားထိုင်နေပြီး ပတ်ဝန်းကျင်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သို့သော် သူ၏ အခြေအနေအရ အသက်အန္တရာယ် မရှိသေးသည်မှာ သိသာပေသည်။

“ဘိုးဘေး... သူ့ရဲ့ အခြေအနေ ဘယ်လိုလဲ။” စုချီနျန်က ကြည့်ချင်သော်လည်း ရှေ့တိုးရန် မဝံ့မရဲ ဖြစ်နေ၏။

“သူ အဆင်ပြေပါတယ်။”

ချန်ဟွိုက်အန်က စုချီနျန် စိတ်အေးသွားအောင် အဖြေပေးလိုက်၏။

“ယောင်ချီမြင့်မြတ်နယ်မြေက သူ့ကို တစ်ခုခုအတွက် သုံးဖို့ ဖြစ်မယ်။ ဒါကြောင့် လောလောဆယ် သူ့ကို သတ်မှာ မဟုတ်ဘူး။ သူ့ကို ကောင်းကောင်းတောင် ဆက်ဆံရင်တောင် ဆက်ဆံဦးမှာ။ အခု ငါတို့မှာ အဓိက စိုးရိမ်စရာ နှစ်ချက် ရှိတယ်။ ပထမတစ်ခုကတော့ မြင့်မြတ်နယ်မြေတွေက ငါတို့ကို လိုက်ရှာပြီးနှိမ်နင်းလိမ့်မယ်။ ဓားကျောင်းတော် တပည့်အားလုံး ငါ့ရဲ့ ကမ္ဘာငယ်ထဲမှာပဲ ကျင့်ကြံကြရမယ်။ ဘယ်သူမှ ဂိုဏ်းတာဝန်နဲ့ အပြင်မထွက်ရဘူး။ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ စီစဉ်ပေးမယ်။ ဒုတိယအနေဲ့ ယွဲ့ချန်ချီကို ကယ်ဖို့အတွက် ငါတို့ အလျင်စလို လုပ်လို့မရဘူး။ အဲဒီ မဟာတက်လှမ်းခြင်းအဆင့် သူတော်စင်နှစ်ပါးက ငါတို့ သွားပြီး ရန်စနိုင်တဲ့ အဆင့်မှာ မရှိသေးဘူး။ ငါတို့ လှုပ်ရှားမှု မလုပ်ခင်မှာ ယောင်ချီမြင့်မြတ်နယ်မြေက သူ့ကို ဘာလို့ လိုချင်နေရတာလဲ အရင် သိဖို့ လိုတယ်။ အဲဒီတော့မှ ငါတို့ အခြေအနေနဲ့အညီ လုပ်နိုင်မှာ။”

ယောင်ချီမြင့်မြတ်နယ်မြေက ယွဲ့ချန်ချီ၏ ပါရမီကို ဖျက်ဆီးရန် သက်သက်သာ ရည်ရွယ်ခြင်း မဟုတ်ကြောင်းကို ချန်ဟွိုက်အန် ခန့်မှန်းမိသည်။

အကယ်၍ ၎င်းက သူတို့၏ ပန်းတိုင်ဆိုလျှင် သူတို့ လုပ်ပြီးသား ဖြစ်ပေမည်။

မည်သည်ကြောင့် သူ့ကို အသက်ရှင်လျက် ထားထားရမည်နည်း။

စုချီနျန်က မိမိ စိတ်လှုပ်ရှားလွန်းသွားသည်ကို သတိပြုမိသွား၏။

အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်နဲ့ မြင့်မြတ်နယ်မြေထဲကို ဝင်တိုက်မယ် ဟုတ်လား။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ။

အောင်မြင်မှာ မဟုတ်တဲ့အပြင် အသက်ကိုပါ အလဟဿ စတေးလိုက်သလို ဖြစ်သွားမှာ။

ဒါပေမဲ့ မြင့်မြတ်နယ်မြေတွေရဲ့ တကယ့် ရည်ရွယ်ချက်ကို ဘယ်လို သိနိုင်မှာလဲ။

“ဆရာ... လျို့ဝှက်နယ်မြေထဲမှာ ကျွန်မ ကယ်ခဲ့တဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ မိန်းကလေးလေ။ သူက မြင့်မြတ်နယ်မြေတွေနဲ့ ရန်ငြိုး ရှိနေတဲ့ပုံပဲ။ သူ တစ်ခုခုများ သိနေမလား မသိဘူး။”

လီချင်းရန်က အရေးကြီးသော အချက်တစ်ချက်ကို သတိရသွား၏။

ထိုမိန်းကလေးက တိုက်ခိုက်ခံရသည်နှင့် ဟွေ့ခုန်းကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဆိုလိုသည်မှာ သူသည် အရင်ကတည်းက မြင့်မြတ်နယ်မြေများနှင့် ရင်ဆိုင်ခဲ့ဖူးရပေမည်။

သူ စကားပြောအပြီးမှာပင် ချန်းကျန်းတောင်ထွတ်က သစ်သားအိမ်လေးထဲမှ မိစ္ဆာစွမ်းအင်များ အပြင်းအထန် ထွက်ပေါ်လာ၏။

အားလုံး လှည့်ကြည့်လိုက်ကြသည်။

မိန်းကလေး တစ်ယောက်က တံခါးဝတွင် မိစ္ဆာဓားတစ်လက်ကို ဆုပ်ကိုင်ရင်း ရပ်နေ၏။

ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါကြောင့် သူ၏ဝတ်ရုံများ တဖျပ်ဖျပ် လွင့်နေသည်။

သူ၏ အကြည့်များမှ သွေးဆာနေသော အရိပ်အယောင်များသည် လေထုကိုပင် ပုံပျက်၍ သွားစေသည်။

ထို့နောက် သူက သားရဲတစ်ကောင် ဟိန်းသံလို နက်ရှိုင်းသော အသံဖြင့် ပြောလိုက်၏။

“သတ်ပစ်မယ်...”

ထို့နောက် အရူးတစ်ယောက်လို တဟားဟား ရယ်နေသည်။

“သတ်မယ်... သတ်ပစ်မယ်... အကုန်သတ်မယ်... ဟားဟားဟား...”

“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်...”

....

All Chapters