လျို့ဝှက်ချက်များ
Vol. 25 Ch. 243
ဝိညာဉ်ချောက်နက် မိစ္ဆာဓားသည် မရေမတွက်နိုင်သော အသက်များကို ခြွေယူခဲ့ပြီးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က မိမိထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သော အစွမ်းကို မဆင်မခြင် အသုံးပြုခဲ့မည်ဆိုလျှင် (ဥပမာ- ရွှေရောင်အနှစ်သာရအဆင့်ဖြင့် ဓားပိုင်နက်ကို အသက်သွင်းခြင်းမျိုး) မိစ္ဆာစွမ်းအင်၏ တန်ပြန်မှုကို ရှောင်လွှဲ၍မရနိုင်ပေ။
ပြင်းထန်လှသော နာကျင်မှုအပြင် အသုံးပြုသူ၏ ခန္ဓာကိုယ်က ဓားအတွင်း ပိတ်မိနေသော နာကျည်းဝိညာဉ်များ၏ ခေတ္တပူးကပ်ခြင်းကို ခံရနိုင်သည်။ ထိုဝိညာဉ်များက သတ်ဖြတ်ခြင်းကို အားရကျေနပ်သွားပြီး အငြိုးအတေးစွမ်းအင်များကို လုံလောက်စွာ စုပ်ယူပြီးမှသာ ပူးကပ်မှု ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် ၎င်းတို့ စုပ်ယူလိုက်သော အငြိုးအတေး စွမ်းအင်များက ဝိညာဉ်ချောက်နက်ဓားကို ပိုမိုအစွမ်းထက်လာစေပြီး ၎င်း၏ပိုင်ရှင်ကို ပြန်လည်လွှမ်းမိုးနိုင်သည့် အခြေအနေသို့ တွန်းပို့ကာ အသိစိတ်မဲ့သော ရုပ်သေးရုပ်၊ ဓား၏ ကျေးကျွန်တစ်ဦးအဖြစ် လုံးလုံး ပြောင်းလဲသွားစေနိုင်သည်။
အခြေခံအားဖြင့် ဝိညာဉ်ချောက်နက်က အတွင်းရှိ နာကျည်းဝိညာဉ်များထံမှ အစွမ်းကို ရယူခြင်း ဖြစ်ပြီး ၎င်းတို့ကို တိုက်ခိုက်ရန် စေခိုင်းနိုင်သည်။ သို့သော် မိစ္ဆာစွမ်းအင် ပြန်ကန်လာသော အခါတွင်မူ ထိုဝိညာဉ်များ ထွက်ပေါ်လာခြင်း ရှိမရှိကို ၎င်းကိုယ်တိုင်က မထိန်းချုပ်နိုင်တော့။ ၎င်းမှာ အချိန်အတော်ကြာ အထဲတွင် ပိတ်လှောင်ခံထားရသော ခွေးတစ်ကောင်နှင့် တူသည်။ တံခါး အနည်းငယ်ပွင့်သွားသည်နှင့် တားမရဆီးမရ ဝုန်းခနဲ ပြေးထွက်လာတော့သည်။
ယခုကဲ့သို့ပင်။
ဓားကိုယ်တိုင်ကလည်း ထိုမိစ္ဆာစွမ်းအင် တန်ပြန်မှုကို မဖြစ်စေချင်ခဲ့။ အကြောင်းမှာ ထိုနေရာက ဓားကျောင်းတော် ဖြစ်နေ၍ပင်။
မိန်းကလေးငယ် တစ်ဦး ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းလာစဉ် ချန်ဟွိုက်အန်က မျက်မှောင် ကြုတ်လိုက်သည်။
[ မိုရှုမိန် ]
[ အခြေအနေ - မိစ္ဆာစွမ်းအင် တန်ပြန်ခံရခြင်း ]
“မိစ္ဆာစွမ်းအင် တန်ပြန်တာလား။ စိတ်ဝင်စားစရာပဲ...”
စုချီနျန်က တဟားဟား ရယ်မောလိုက်သည်။ “ဘိုးဘေး။ ဒါ ချင်းရန် ခေါ်လာတဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူက ဒီကလေးမလေးပေါ့။ စိတ်ဝင်စားစရာပဲ။”
အကြီးအကဲ တစ်ဦးကလည်း မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ “မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်ကို အနီးကပ် မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ တကယ့်ကို ထူးဆန်းတာပဲ။”
နာကျည်းဝိညာဉ်၏ အမြင်အာရုံမှာ ခဏမျှ ဝေဝါးသွား၏။ နောက်စက္ကန့်တွင်မူ ၎င်းသည် ကျင့်ကြံသူတစ်စု၏ ဝန်းရံခြင်းကို ခံထားရသည်ကို သတိပြုမိသွားသည်။
လူတိုင်းဆီမှ အခြေတည်ဝိညာဉ်အဆင့်၏ ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေပြီး အချို့မှာမူ ပို၍ပင် အတိုင်းအဆမရှိ နက်နဲလှသည်။
“သတ်...သတ်ပစ်မယ်...” နာကျည်းနေသော ဝိညာဉ်၏ အသံမှာ တုန်ရီသွားသည်။ ထို့နောက် ရုတ်တရက် ထူးထူးဆန်းဆန်းပင် ကျေးလက်သီချင်းတစ်ပုဒ်ကို စတင်သီဆိုလေတော့သည်။
“လေထဲ လွင့်နေတဲ့ သဲပွင့်လေးတွေ၊ ရေပေါ် မျောနေတဲ့ ပန်းလေးတွေ...”
“အို... ငါ့ရဲ့ ချစ်ရတဲ့ကောင်မလေး၊ အခု မင်း ဘယ်မှာလဲ...”
ထို့နောက် အရှိန်မပျက်ဘဲ ကကွက်အနည်းငယ်ကိုပါ ကပြလိုက်သေးသည်။
ထိုသို့ ကပြပြီးသည်နှင့် ချက်ချင်းပင် မိုရှုမိန်၏ ခန္ဓာကိုယ်အတွင်းမှ ပြေးထွက်ကာ ဝိညာဉ်ချောက်နက်ဓားအတွင်းသို့ ပြန်လည်ဝင်ရောက် ပုန်းအောင်းသွားတော့သည်။
မိစ္ဆာစွမ်းအင် တန်ပြန်မှု ရပ်တန့်သွားသည်။
မိုရှုမိန်၏ မျက်လုံးများ ပွင့်လာ၏။
သူက လန့်ဖျပ်ကာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။
“အမေရေ ကယ်ပါဦး...”
သူ၏ အကြည့်မှာ ထိုကျင့်ကြံသူများ၏ ခါးတွင် ချိတ်ထားသော “ဓားကျောင်းတော်”ဟု ထွင်းထုထားသည့် တောက်ပသော ကျောက်စိမ်းပြားများပေါ်သို့ ကျရောက်သွားသည်။
သူက သေမင်းနှင့် အလွန်နီးကပ်နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက အပေါ်မှ မိုးကြည့်လာ၏။
“ကလေးမလေး...” စုချီနျန်က သူ၏ လက်ဆစ်များကို ချိုးလိုက်ပြီး မျက်နှာကို ခန့်မှန်းရခက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိစ္ဆာလမ်းစဉ်ကို ရွေးချယ်ခဲ့တာလား။ ပြဿနာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်း ငါ့ရဲ့ ဓားကျောင်းတော်ထဲ ခြေချလိုက်ပြီ ဆိုမှတော့ အရင်က ဘာတွေပဲ လေ့ကျင့်ခဲ့ပါစေ အရေးမကြီးတော့ဘူး။ နောင်မှာ မင်းဟာ စံပြဓားသမား တစ်ယောက်ပဲ ဖြစ်ရမယ်။”
သူ၏ အကြည့်မှာ စူးရှသွားသည်။
“ယောင်ချီမြင့်မြတ်နယ်မြေမှာ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်။ မင်း ဘာတွေ သိထားလဲ။”
မိုရှုမိန်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။
အဆင့်မြင့် ဓားကျောင်းတော် ကျင့်ကြံသူများကြားမှ ဟာကွက်လေး တစ်ခုတွင် တံခါးဝမှ ချောင်းကြည့်နေသော လီချင်းရန်ကို သူ မြင်လိုက်ရသည်။
၎င်းက သူ၏ စိတ်ကို အနည်းငယ် တည်ငြိမ်သွားစေသည်။
သူ ထိုနေရာသို့ မည်သို့ရောက်လာသည်ကို မမှတ်မိတော့ပေ။
လျို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် မိစ္ဆာစွမ်းအင် တန်ပြန်မှုကို သူ အနိုင်နိုင် ထိန်းချုပ်ခဲ့ရ၏။
သို့သော် ထိုဗုဒ္ဓအလင်းတန်းက သူ့ကို ထိမှန်သွားခဲ့သည်။
သူ၏ မိစ္ဆာစွမ်းအင်များက ရေနွေးအိုးထဲမှ ဆူပွက်နေသော ရေများကဲ့သို့ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သည်။
ထို့နောက်တွင် သူ သတိလစ်သွားခဲ့ခြင်းပင်။
သေချာသည်မှာ ထိုအမျိုးသမီး ကျင့်ကြံသူက သူ့ကို ဓားကျောင်းတော်အထိ တရွတ်တိုက် ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ၎င်းက အရေးမကြီးပေ။
သူ အမှန်အတိုင်း ပြောပြလျှင်တောင် သူတို့ ယုံကြည်ကြမည်မဟုတ်ပေ။
မိုရှုမိန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ခြေရင်းမှ မြက်ခင်းပြင်ကိုသာ ငုံ့ကြည့်နေလိုက်သည်။
ဓားကျောင်းတော်သည် ဖြောင့်မှန်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ ထို့အပြင် ဖြောင့်မှန်သော ဂိုဏ်းများသည် မဟာမြင့်မြတ်နယ်မြေ သုံးခုကို မည်သည့်မေးခွန်းမျှ မထုတ်ဘဲ ကိုးကွယ်ကြသည် မဟုတ်ပါလား။
အကယ်၍ သူတို့ သံသယရှိခဲ့လျှင်ပင် မြင့်မြတ်နယ်မြေတစ်ခုက ထိုမျှအထိ ယုတ်မာညစ်ပတ် နေမည်ဟု သူတို့ လုံးဝ ယုံကြည်ကြမည် မဟုတ်ပေ။
၎င်းအပြင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ ပြောသမျှက သူတို့မျက်လုံးထဲတွင် အလိုလိုပင် ယုံကြည်၍မရသော အရာများ ဖြစ်နေလိမ့်မည်။
“အရင်ဆုံး ပြောပြကြည့်ပါဦး။” ချန်ဟွိုက်အန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ မြင့်မြတ်နယ်မြေတွေက အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲတွေ အများကြီးကို သတ်ခဲ့ပြီးပြီ။ ယောင်ချီနဲ့ ဖန်ကျင်းရဲ့ စခန်းတွေကိုတောင် ဖျက်ဆီးပစ်ခဲ့ပြီ။ အခုလောလောဆယ် ငါလည်း ချင်းယွန်ဘုံမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်လိုပဲ အများပြည်သူရဲ့ ရန်သူ ဖြစ်နေပြီ။ မင်းက ဘယ်သူဖြစ်ဖြစ် ငါ့မှာ ဘာအစွဲမှ မရှိဘူး။”
သူ ခေတ္တရပ်လိုက်၏။
“ပြီးတော့ မင်းကို ငါ့တပည့်က ခေါ်လာတာ။”
သူ၏လေသံမှာ အနည်းငယ် နူးညံ့သွားသည်။
“ငါ သူ့ကို ယုံကြည်တယ်။”
ထိုစကားကြောင့် လီချင်းရန်၏ မျက်နှာမှာ နီမြန်းသွားသည်။ သူက တံခါးနောက်သို့ ပုန်းကာ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတော့သည်။
သို့သော် မိုရှုမိန်မှာမူ အံ့အားသင့်ကာ မှင်တက်သွားသည်။
“ရှင်... ဘာပြောလိုက်တာလဲ။ ရှင်က မြင့်မြတ်နယ်မြေက အကြီးအကဲတွေကို သတ်ခဲ့တယ်။ သူတို့ရဲ့ စခန်းတွေကို ဖျက်ဆီးခဲ့တယ် ဟုတ်လား...”
“ဟုတ်တယ်...” ချန်ဟွိုက်အန်က ခေါင်းညိတ်ပြလိုက်ပြီး အခြေတည်ဝိညာဉ်အဆင့်၏ ဖိအား အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
၎င်းမှာ အလွန်သေးငယ်သော ပမာဏမျှသာဖြစ်သည်။ မိုရှုမိန်ကဲ့သို့ ရွှေရောင်အနှစ်သာရအဆင့် မျှသာ ရှိသူကို လုံးလုံးလျားလျား ဖိနှိပ်ခြင်း မဟုတ်ဘဲ သူ၏ ခွန်အားကို သက်သေပြရန် လုံလောက်ရုံမျှသာ ဖြစ်သည်။
သို့သော် ၎င်းက ဝိညာဉ်ချောက်နက်ဓားကို တုန်ရီသွားစေရန် လုံလောက်ပေသည်။
အမြဲ မာန်တက်နေတတ်သော မိစ္ဆာဓားမှာ ထူးထူးဆန်းဆန်းပင် ငြိမ်သက်သွားတော့သည်။
လျို့ဝှက်နယ်မြေထဲသို့ စတင်ဝင်ရောက်စဉ်က ဝိညာဉ်ချောက်နက်သည် ဖြောင့်မှန်သော ဂိုဏ်းများကို လှောင်ပြောင်ခဲ့ဖူးသည်။ သူတို့က ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ထုတ်နိုင်ပြီး မဟာမြင့်မြတ်နယ်မြေ သုံးခု၏ ခွေးများကဲ့သို့ နှိပ်စက်ခြင်းကို ခံနေရသည်ဟု ဆိုခဲ့ဖူးသည်။
သို့သော် ယခုတော့...
ဓားက တုန်ရီနေသည်ကို မြင်ရာ မိုရှုမိန်က ထိုဓားကျောင်းတော်ဘိုးဘေးကို အလေးအနက် ထားရန်မှတစ်ပါး အခြားမရှိတော့ပေ။
သူ ကြွားလုံးထုတ်နေခြင်း မဟုတ်။
သူ့ကို လိမ်ညာနေစရာ အကြောင်းလည်း မရှိပေ။
“...ကောင်းပြီလေ။ ကျွန်မ ပြောပြပါမယ်။” သူက လက်ပိုက်လိုက်ရင်း နောက်ဆုံးတွင် ပြောလိုက်သည်။ “ဒါပေမဲ့ ဘာမှတော့ ထူးခြားသွားမှာ မဟုတ်ပါဘူး။ မြင့်မြတ်နယ်မြေက သူတို့ရဲ့ လူကောင်း မျက်နှာဖုံးကို ထာဝရ စွပ်ထားမှာ မဟုတ်ဘူး။ မကြာခင် ဒါမှမဟုတ် နောက်ကျရင် သူတို့ရဲ့ အစွယ်တွေကို ထုတ်ပြကြမှာပဲ။”
သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ယောင်ချီမြင့်မြတ်နယ်မြေရဲ့ အစစ်အမှန်သူတော်စင် ယွိယောင်က သက်တမ်းကုန်ခါနီးနေပြီ။ သူက ဓာတ်ငါးပါး ပြီးပြည့်စုံတဲ့ ခန္ဓာတစ်ခုကို ဖန်တီးပြီး ဝိညာဉ်ကူးပြောင်းဖို့ ကြိုးစားနေတာ။”
သူ၏ အသံမှာ ပို၍ အေးစက်လာသည်။
“ဓာတ်ငါးပါး ပြီးပြည့်စုံတဲ့ ခန္ဓာက အစွမ်းထက်ဆုံး ကျင့်ကြံခြင်း ခန္ဓာကိုယ်ပဲ။ အဲဒါအတွက် ထူးခြားတဲ့ သီးခြားစိတ်ဝိညာဉ်အမြစ် ငါးခုနဲ့... ပထမတန်းစား ဒန်တျန်တစ်ခု လိုအပ်တယ်။”
“ယွိယောင်ဟာ အင်မော်တယ် ဖြစ်ချင်နေတာ။”
“နေဦး။ အဲဒါက အဓိပ္ပာယ်မရှိဘူး...” စုချီနျန်၏ မျက်လုံးများမှာ မယုံကြည်နိုင်သလို ပြူးကျယ် သွားသည်။ “ခန္ဓာကိုယ်ကို ခိုးယူတာကို နားလည်နိုင်တယ်။ စိတ်ဝိညာဉ်အမြစ်တွေကို ပြောင်းလဲ တပ်ဆင်တာကိုလည်း ငါ နားလည်နိုင်တယ်။ ဒါပေမဲ့ ဒန်တျန်လား။ အဲဒါက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလေ။ အဲဒါကို ဘယ်လိုများ ထုတ်ယူလို့ ရမှာလဲ...”
မိုရှုမိန်က မျက်လုံးများကို အပေါ်သို့ လန်ကြည့်လိုက်သည်။
“ရှင်တို့ မယုံဘူးဆိုတာ ကျွန်မ သိသားပဲ။” သူက လှောင်ပြောင်လိုက်ပြီး ပါးစပ်ပိတ်ထား လိုက်တော့သည်။
“ကြားဖြတ်မပြောနဲ့...” ချန်ဟွိုက်အန်က စုချီနျန်ကို စိုက်ကြည့်လိုက်ပြီးနောက် မိုရှုမိန်ဘက်သို့ ပြန်လှည့်လိုက်သည်။
“ဆက်ပြော။ ယောင်ချီရဲ့ အစီအစဉ်ကို မင်း ဘယ်လို သိတာလဲ။ ပြီးတော့ သူတို့က ဒန်တျန်တွေနဲ့ ခန္ဓာကိုယ်တွေကို ဘယ်လိုမျိုး အတိအကျ ထုတ်ယူနေတာလဲ။”
“...ဘာလို့လဲဆိုတော့ ကျွန်မမှာ အရင်က ရွှေဓာတ် စိတ်ဝိညာဉ်အမြစ် ရှိခဲ့ဖူးလို့ပဲ။”
မိုရှုမိန်၏ အသံမှာ တိုးညင်းသွား၏။
“ဒါပေမဲ့ ယောင်ချီက အဲဒါကို အတင်းဆွဲထုတ်ခဲ့တယ်။”
သူ၏ လက်ချောင်းများမှာ ဝိညာဉ်ချောက်နက်ဓားနှောင့်ကို ခပ်တင်းတင်း ဆုပ်ထားရင်း တုန်ရီနေသည်။
“အဲဒီတုန်းက ကျွန်မ အသက်ငယ်သေးတယ်။ ကျွန်မရဲ့ မိသားစုက ဒါကို ကံကောင်းခြင်းကြီးလို့ ထင်ပြီး အရှေ့တိုက်က ယောင်ချီရဲ့ အစောင့်အရှောက်စခန်းဆီ ပို့ခဲ့ကြတာ။ ကျွန်မ သူတို့ရဲ့ တပည့်ဖြစ်လာမယ်လို့ ယုံကြည်နေကြတာလေ။”
“ဒါပေမဲ့ အဲဒီညမှာတင် စုန့်ချီယွဲ့က ကျွန်မရဲ့ စိတ်ဝိညာဉ်အမြစ်ကို ဆွဲထုတ်ခဲ့တယ်။ ကျွန်မရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ခဲ့ပြီးတော့ ကျွန်မကို သားရဲတွေ စားဖို့ အစာအဖြစ် သားရဲခြံထဲ ပစ်ထည့်ခဲ့တယ်။”
“ကံကောင်းချင်တော့ အဲဒီနေ့မှာ သားရဲတွေက ဗိုက်မဆာနေကြဘူး။ ဒါကြောင့် ကျွန်မကို ဂရုမစိုက်ကြဘူး။ အဲဒါနဲ့ ကျွန်မ ထွက်ပြေးဖို့ အခွင့်အရေး ရခဲ့တာ။”
“ဒါပေမဲ့ ကျွန်မရဲ့ ကျင့်ကြံမှုက ပျက်စီးသွားပြီ။ ကျွန်မ နာမည်ပြောင်းပြီး ပုန်းအောင်း နေခဲ့ရတယ်။”
“ဒါတောင် သတင်းက ပေါက်ကြားသွားခဲ့တယ်။ ကျွန်မကို ထွက်လာအောင် လုပ်ဖို့ စုန့်ချီယွဲ့က ကျွန်မရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။”
“ကျွန်မရဲ့ မိဘတွေ သေသွားတဲ့အထိ သူတို့က ကျွန်မ ဘယ်မှာရှိလဲ ထုတ်မပြောခဲ့ကြဘူး...”
“ကျုံးကျိုးလျို့ဝှက်နယ်မြေတစ်ခုမှာ ဒီဝိညာဉ်ချောက်နက် မိစ္ဆာဓားနဲ့ ရက္ခိုက်နှလုံးသား ကျင့်စဉ်ရဲ့ အပိုင်းအစကို ကျွန်မ တွေ့ခဲ့တယ်။ ဒီကျိန်စာသင့်ဓားက ကျွန်မကို မိစ္ဆာလမ်းစဉ်ပေါ် ရောက်အောင် သွေးဆောင်ခဲ့တာ။ ကျွန်မမှာ တခြား ရွေးချယ်စရာ မရှိဘူး။ တကယ်လို့ ကျွန်မ ကလဲ့စားချေချင်ရင် မိစ္ဆာအတတ်တွေကို လက်ခံရုံပဲ ရှိတော့တယ်။”
သူက ဝိညာဉ်ချောက်နက်ဓားကို မြှောက်လိုက်ပြီး ချန်ဟွိုက်အန်ထံသို့ ကမ်းပေးလိုက်သည်။
ဓားမှာ ပြင်းထန်စွာ တုန်ရီနေ၏။
၎င်းကို မြင်သောအခါ မိုရှုမိန် ပြုံးလိုက်ပြီး ဓားကို ပို၍ပင် နီးကပ်အောင် တိုးပေးလိုက်သည်။
အစွမ်းထက်ပြီး ကြွားဝါတတ်သော မိစ္ဆာဓားမှာ ကြောက်လန့်နေသော ကလေးတစ်ယောက်လို တွန့်ဆုတ်နေရှာသည်။
ဒီနေ့ ရှင် ဘယ်လောက်တောင် ကြောက်သွားမလဲ ကြည့်ရသေးတာပေါ့ ကျိန်စာသင့်ဓားစုတ်...
ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွား၏။
“...မင်းက အဖမ်းခံဖို့ ကိုယ့်ကိုယ်ကိုယ် လာအပ်တာလား။ ဒါမှမဟုတ် ဒီဓားကို အကွပ်မျက်ခံဖို့ လာပေးတာလား။”
ဒီကလေးမလေးက ဒါကို တမင်သက်သက် လုပ်နေတာပဲ။
ထိုဓား မည်မျှအထိ တုန်နေသည်ကို ကြည့်ရုံဖြင့် သိသာလှပေသည်။
...