သူတို့ထွက်လာမှာကိုစောင့်နေတာ
Vol. 25 Ch. 248
“ကပ္ပတိန်ကျောက်။ ငါတို့က မင်းတို့ ကောင်းကျိုးအတွက် အရိုးကြွေထည် မိန်းကလေးကို လွှဲပြောင်းယူရတာပါ။ သူက သုတေသနလုပ်ဖို့ တန်ဖိုးရှိရုံတင် မကဘူး။ သူ့ရဲ့ အန္တရာယ်ကလည်း သိသာလွန်းတယ်။ တကယ်လို့ သူက ထိန်းချုပ်မှု ကင်းမဲ့သွားရင် C ပြည်နယ် မိစ္ဆာနှိမ်နင်းရေး ဗျူရိုတစ်ခုလုံး အမှုန့်ဖြစ်သွားမှာပေါ့။ အဲဒါဆိုရင် ငါတို့လည်း တကယ် စိတ်မကောင်းဖြစ်ရမှာ...”
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က သူတို့ အရှေ့တွင် ပြုံးဖြီးဖြီးလုပ်နေသော အဘိုးကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။ သူ့စကားများက တကယ့်ကို အရှက်မရှိလွန်းလှ၏။
အရိုးကြွေထည် မိန်းကလေးကို ဖမ်းဆီးနိုင်ရန်အတွက် C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုဟာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရလေသည်။
အထူးသဖြင့် KSC-01 (စတော်ဘယ်ရီဝက်ဝံ) နှင့် KSC-02 (ပုစွန်တုပ်ဘုရင်)တို့ဆိုလျှင် အဆင့်အတန်း ခွဲခြား၍မရသော ထိုမိစ္ဆာမနှင့် အကြိမ်ပေါင်း သုံးရာမက ယှဉ်ပြိုင်တိုက်ခိုက် ခဲ့ရသည်။
သူတို့နှစ်ကောင်သာ သူ၏ အင်အားတွေကို ကုန်ခမ်းအောင် မလုပ်ခဲ့လျှင် ဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးရေးအဆောင်ကို သုံးရန်ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။
သူ့ကို ချိပ်ပိတ်ရန် နေနေသာသာ အနားကိုပင် ကပ်နိုင်ကြမည် မဟုတ်။
သို့သော် တိုက်ပွဲဖြစ်နေသော အချိန်တုန်းက ထိုလူများကို အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။
ယခု တိုက်ပွဲလည်းပြီးရော၊ အဆင်သင့် အသီးအပွင့်လာစားရန် ပေါ်လာကြ၏။
သူတို့ရှေ့မှ အဘိုးကြီးက ဝမ်မိသားစု၏ ဘိုးဘေးဖြစ်သလို မိစ္ဆာနှိမ်နင်းရေး ဌာနာချုပ်၏ ဝါရင့်အဖွဲ့ဝင် တစ်ယောက်ဖြစ်သော ဝမ်လွေ့ပင်။
ဌာနချုပ်တွင် လူသတ်ပွဲ ဖြစ်နေစဉ်က သူ တိုက်တိုက်ဆိုင်ဆိုင် အပြင်သို့ ရောက်နေခဲ့သည်။ လူသတ်ပွဲ စတင်သော အခါမှာလည်း သူက ဘေးမှ ကြည့်နေပြီး ပြည်နယ်ဌာနခွဲများကိုသာ အကူအညီလာပေးရန် တိုက်တွန်းနေခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာနှိမ်နင်းရေးဗျူရို၏ ရှေးစည်းမျဉ်းအရ ဖမ်းဆီးရမိသော ပစ္စည်းကို အဓိက စွမ်းဆောင်ခဲ့သော ဌာနခွဲကသာ ပိုင်ဆိုင်ရမည် ဖြစ်သည်။ အဖြစ်အပျက်က ဌာနချုပ်မှာ ဖြစ်ခဲ့၍ ဌာနချုပ်က သိမ်းရမည် ဆိုသည်မျိုး မရှိပေ။
“အစ်မရင်း... ကျွန်မတို့ အုပ်ချုပ်ရေးမှူး စကားကို နားထောင်ခဲ့သင့်တာ။ ဒီပြဿနာထဲကို လုံးဝ မပါခဲ့သင့်ဘူး...” ရှန့်ရှောင်ယွမ်က ဒေါသကြောင့် ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
“စီနီယာဝမ်... ကျွန်မတို့ အရိုးကြွေထည်မိန်းကလေးကို ဖမ်းနိုင်ခဲ့သလိုပဲ သူ ထိန်းချုပ်မှု မလွတ်သွားအောင်လည်း သေချာပေါက် လုပ်နိုင်ပါတယ်။ တကယ်လို့ လွတ်သွားခဲ့ရင်တောင် ကျွန်မတို့ C ပြည်နယ်ဌာနခွဲမှာ သူကို နှိမ်နှင်းဖို့ KSC-0 ရှိပါတယ်။ အခု KSC-01 နဲ့ KSC-02 က KSC-0 ရဲ့ တိုက်ရိုက်အမိန့်ကို ခံယူနေတာပါ...”
ကျောက်ရင်းက KSC-0 ဆိုသည်မှာ ချန်ဟွိုက်အန်ကိုယ်တိုင် ဖြစ်ကြောင်း တမင်တကာ ဖုံးကွယ်ထားလိုက်သည်။ ၎င်းကို ရှင်းပြရသည်က သိပ်ပြီး အဓိပ္ပာယ် မရှိ၍ပင်။
ထို့ကြောင့် သူက ဝမ်လွေ့ကို ခြောက်လှန့်ဖို့အတွက် KSC-0 ဆိုသည့် နာမည်ကိုသာသုံးလိုက်၏။
“KSC-0... အဲဒီအာဏာရှင်လား။”
လျို့ဝှက်ဖိုင်အချို့ကို သိခွင့်ရှိသော ဝမ်လွေ့က ခပ်ဟဟ ရယ်မောရင်း ခေါင်းခါလိုက်သည်။
“အရိုးကြွေထည်မိန်းကလေးက ဘုရင်အဆင့်လို့ သတ်မှတ်ထားတာ။ မင်းတို့ ဌာနခွဲရဲ့ နံပါတ်(၀) ကတော့ ဗိုလ်ချုပ်အဆင့်ပဲ ရှိတယ်။ ဗိုလ်ချုပ်အဆင့်က ဘုရင်အဆင့်ကို နှိမ်နှင်းမယ်ဆိုတာ... ဒါ ရယ်စရာကြီးလို့ မထင်ဘူးလား။”
“ဒါပေမဲ့... ငါတို့ ဝမ်မိသားစုမှာတော့ ဘုရင်အဆင့်ရှိတဲ့ အရာတွေကို နှိမ်နှင်းနိုင်စွမ်း တကယ် ရှိတယ်။”
“အိုး။ ဟုတ်လား။”
အသံတစ်သံ ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန်က အစည်းအဝေး ခန်းမတံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ ဝင်လာပြီး ဝမ်လွေ့ကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
“မစ္စတာဝမ်... ခင်ဗျား အခုပြောလိုက်တဲ့ စကားအတွက် တာဝန်ယူနိုင်လား။”
“မင်းက ဘယ်သူလဲ။” ဝမ်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
သူ စကားဖြတ်ပြောခံရသည်ကို အလွန်မုန်းသည်။ အထူးသဖြင့် ဒေါသထွက်စရာ ကောင်းလောက်အောင် ချောမောသော လူငယ်များဆိုလျှင် ပို၍ပင် မုန်းတီး၏။
“ကျုပ်က C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုရဲ့ အုပ်ချုပ်ရေးမှူး ချန်ဟွိုက်အန်ပဲ။”
ချန်ဟွိုက်အန်က ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ချွတ်လိုက်ပြီး နောက်မှ လင်းလင်လင်ဆီ လှမ်းပစ်ပေးလိုက်သည်။
သူက ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ကို ကြည့်ကာ မျက်ရိပ်ပြလိုက်သည်။
“မစ္စတာဝမ်က ဒါကို နှိမ်နှင်းနိုင်တယ်လို့ အခိုင်အမာ ပြောနေမှတော့... သူ့ကို လွှတ်ပေးလိုက်လေ။”
သူ အထဲသို့ ဝင်လာကတည်းက စတော်ဘယ်ရီဝက်ဝံနဲ့ ပုစွန်တုပ်ဘုရင်ကို တွေ့ပြီးသား ဖြစ်၏။
ထိုနှစ်ကောင်က အနှိမ်နှင်းခံလိုက်ရသည် ဆိုသော်လည်း တကယ်တမ်း မည်သည့် ဒဏ်ရာမှ မရထားကြပေ။
သူတို့က ထူးဆန်းသော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံထားရရုံသာ ဖြစ်သည်။
ထိုစွမ်းအားက ဝမ်လွေ့ အနောက်တွင် ရပ်နေသော ဝတ်ရုံနက်နှင့်လူဆီမှ လာခြင်းပင်။
ထိုလူက အမှောင်ထုထဲတွင် လုံးဝ ဖုံးကွယ်နေပြီး လက်ထဲတွင် တည်ငြိမ်၍ လေးလံသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရှေးဟောင်း အင်းချပ်တစ်ခုကို ကိုင်ထား၏။
စတော်ဘယ်ရီဝက်ဝံနှင့် ပုစွန်တုပ်ဘုရင်ကို မလှုပ်နိုင်အောင် လုပ်ထားသည်မှာ ထိုအရှိန်အဝါပင်။
ဝမ်လွေ့၏မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူ အစည်းအဝေးစားပွဲကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်လိုက်သည်။
“အုပ်ချုပ်ရေးမှူးချန်... အခု ဒီအရာကို ဖမ်းဆီးထားနိုင်ပြီပဲ။ ပြန်လွှတ်ပေးဖို့ မလိုတော့ပါဘူး။ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသွားရင် ဒါ ကြီးမားတဲ့ အမှားအယွင်း ဖြစ်သွားလိမ့်မယ်။”
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ချန်ဟွိုက်အန်က သွေးကြွေထည်အိုးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ထို့နောက် အိုးမျက်နှာပြင်ပေါ်သို့ တာ့ဟာ၏ မိစ္ဆာသွေးကို တိတ်တဆိတ် သုတ်လိမ်းလိုက်ပြီး ဝမ်လွေ့ဆီ လှမ်းပစ်ပေးလိုက်သည်။
“မစ္စတာဝမ်... ခင်ဗျား နောက်နေတာပဲ။ ကျွန်တော်တို့ C ပြည်နယ်ဌာနခွဲက ဒီလို အန္တရာယ်မျိုးကို မကိုင်တွယ်နိုင်တော့မှတော့ ခင်ဗျားတို့နဲ့ အငြင်းပွားမနေတော့ပါဘူး။”
ထိုသို့ပြောပြီးနောက် သူက အဖွဲ့ကို လက်လှမ်းပြလိုက်သည်။
“အားလုံး... ဆုတ်ခွာကြမယ်...”
သူက စတော်ဘယ်ရီဝက်ဝံကို ပခုံးတစ်ဖက်မှာ ထမ်း၊ ပုစွန်တုပ်ဘုရင်ကို နောက်လက်တစ်ဖက်နဲ့ မကာ အပြင်သို့ ခပ်တည်တည် လျှောက်ထွက်သွားတော့သည်။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့မှာ မကျေနပ်သော်လည်း အုပ်ချုပ်ရေးမှူးက အမိန့်ပေးထားပြီ မဟုတ်ပါလား။
သူတို့ လိုက်ထွက်လာခဲ့ကြရသည်။
သို့သော် အပြင်သို့ ရောက်သောအခါမှ ချန်ဟွိုက်အန် လုံးဝ ထွက်မသွားသေးသည်ကို သတိပြုမိ လိုက်ကြသည်။
သူက KSC-01 နှင့် KSC-02 တို့နှင့် ပေါ့ပေါ့ပါးပါး စကားပြောရင်း ရယ်မောနေခြင်း ဖြစ်သည်။
“အုပ်ချုပ်ရေးမှူးက အဲဒီဖမ်းဆီးခံ အရာတွေနဲ့ တကယ်ကို ရင်းနှီးတာပဲနော်။” ရှန့်ရှောင်ယွမ်က အားကျစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အုပ်ချုပ်ရေးမှူးမှလွဲရင် ဘယ်သူက ဒီလိုလုပ်နိုင်မှာလဲ။” ကျောက်ရင်းကလည်း စိတ်ပျက်မှုများ ဖျောက်ဖျက်ရင်း သက်ပြင်းချလိုက်သည်။
အမှန်တကယ်တော့ သူတို့အတွက် အရေးကြီးသော အရာတစ်ခု ဆုံးရှုံးသွားသည်မှာ မှန်ပေသည်။
သို့သော် အနည်းဆုံးတော့ မည်သူမှ ဒဏ်ရာမရခဲ့ကြပေ။
၎င်းမှာ C ပြည်နယ်ဌာနခွဲမှ လူတိုင်းအတွက် အောင်မြင်မှုတစ်ခုပင်။
သူတို့ အနားကို ချဉ်းကပ်သွားချိန်မှာတော့ ချန်ဟွိုက်အန် ပြောနေသည်ကို ကြားလိုက်ရ၏။
“မင်းတို့ အသုံးမကျတဲ့ အမှိုက်ကောင်တွေ။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ ဒီနေ့ကစပြီး... မင်းတို့တွေ မတ်တပ်ရပ်ပြီး အိပ်ရမယ်...”
ရှန့်ရှောင်ယွမ် - “...”
ကျောက်ရင်း - “...”
“အုပ်ချုပ်ရေးမှူး... ကျွန်မတို့ ပြန်မသွားကြတော့ဘူးလား။”
သူတို့ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အပိုရဟတ်ယာဉ် တစ်စီးမှ မရှိတော့ပေ။
ချန်ဟွိုက်အန်ကို တင်လာသော တစ်စီးသည်ပင် ပြန်ထွက်သွားပြီ ဖြစ်သည်။
“ပြန်မယ် ဟုတ်လား။ ဘာလုပ်ဖို့လဲ။ လောင်စာဆီ ဘယ်လောက် ဈေးကြီးလဲ သိလား။”
ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။
သူက လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် ကပ်ဖားရာတွင် အမြဲတမ်း ပထမရသော လင်းလင်လင်က အပြေးအလွှား လာပြီး သူ၏ အမည်းရောင် ကုတ်အင်္ကျီရှည်ကြီးကို ပခုံးပေါ် လွှမ်းပေးလိုက်သည်။
“အုပ်ချုပ်ရေးမှူး... ဆေးလိပ်သောက်မလား။” သူက ဆေးလိပ်တစ်လိပ် ထုတ်ပေးလိုက်သည်။
“ဒါ ဘယ်ကနေ ရတာလဲ။” ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။
“ကလေးတွေက ဆေးလိပ်မသောက်ရဘူး...”
“ကျွန်မ... အဲဒါ... ခုနက အစည်းအဝေးစားပွဲပေါ်ကနေ မသိမသာ ယူလာတာပါ။” လင်းလင်လင် လျှာလေးထုတ်ပြသည်။
“အုပ်ချုပ်ရေးမှူး... ဒါဆို... ကျွန်မတို့ ဘာကို စောင့်နေကြတာလဲ။ ကားလာကြိုမှာလား။” ရှန့်ရှောင်ယွမ်က နားမလည်သေးဘဲ မေးလိုက်သည်။
“ကားကို ဘာလို့ စောင့်ရမှာလဲ။”
ချန်ဟွိုက်အန်က လင်းလင်လင်၏ လက်ထဲမှ ဆေးလိပ်ကို လုယူကာ မြေပြင်ပေါ် ပစ်ချလိုက်ပြီး ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့က သူတို့ အပြင်ထွက်ပြီး လာတောင်းပန်တာကို စောင့်နေတာ။”
“...အပြင်ထွက်လာပြီး... လာတောင်းပန်မှာ ဟုတ်လား”
“ဟုတ်တယ်။ စောင့်ကြည့်နေလိုက်။”
ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းရေး ဌာနချုပ်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။
သူတစ်ယောက်တည်းသာ သိသည်မှာ အရိုးကြွေထည်မိန်းကလေးက ကိုယ်တိုင် အဖမ်းခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင် စတော်ဘယ်ရီဝက်ဝံနှင့် ပုစွန်တုပ်ဘုရင် မည်မျှပင် ကြိုးစားတိုက်ခိုက်ပါစေ၊ သူ့ရှေ့တွင် သုံးရက်တောင် ခံနိုင်မည် မဟုတ်ပေ။
ထိုဇာတ်လမ်းတစ်ခုလုံးက သူတစ်ယောက်တည်း အဆုံးသတ်ကို သိနေသော ဇာတ်ညွှန်းအတိုင်း ကပြနေသည့် ပြဇာတ်တစ်ခုပင်။
ဝမ်လွေ့၏ မျက်နှာမှာ သွေးမရှိသလို ဖြူဖျော့နေသည်။ သူသည် ယခုအခါ ဆိုးယုတ်သော အနီရောင်အလင်းများ ထွက်ပေါ်နေသည့် သွေးကြွေထည်အိုးကို စိုက်ကြည့်နေမိသည်။
အတွင်းထဲက မိစ္ဆာမ လှုပ်ရှားလာပြီ ဖြစ်သည်။
သူက ဝတ်ရုံနက်ဝတ်ထားသော လူကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။
“မစ္စတာ တိုကူဂါဝါ... ခင်ဗျား ဒါကို တကယ် ကိုင်တွယ်နိုင်ရဲ့လား။”
တိုကူဂါဝါကာဇူယာ ဆိုသူက နှာခေါင်းရှုံ့လိုက်၏။
“ဝမ်လွေ့... ခင်ဗျားက တိုကူဂါဝါမျိုးနွယ်စုရဲ့ မိစ္ဆာနှိမ်နင်းပညာရပ်ကို သံသယဝင်နေတာလား။ ဒါက သာမန် နာကျည်းဝိညာဉ် တစ်ခုပါပဲ။ ကျုပ် တိုကူဂါဝါကာဇူယာက ဒါကို အသာလေး နှိမ်နှင်းပြမယ်...
“C ပြည်နယ်ရဲ့ ဖမ်းဆီးထားတဲ့ အရာနှစ်ခုကို ကျုပ် ဘယ်လို မလှုပ်နိုင်အောင် လုပ်ပြခဲ့လဲဆိုတာ ခင်ဗျား မတွေ့ခဲ့ဘူးလား။...”
သူ စကားပြောနေစဉ်မှာပင် အိုးထဲမှ သွေးမြူများ စိမ့်ထွက်လာသည်။
လှည့်ပတ်နေသော အနီရောင်မြူခိုးများထဲမှ အရိုးကြွေထည်မိန်းကလေး၏ ဆွဲဆောင်မှုရှိသော ကိုယ်ဟန် ပေါ်ထွက်လာသည်။
အေးစက်လှသော လေပြင်းတစ်ခုက အစည်းအဝေးခန်းမအတွင်း တိုက်ခတ်သွား၏။
ဝမ်လွေ့က တံတွေး မျိုချလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် တိုကူဂါဝါရဲ့ အာမခံချက်ရှိနေတော့...အဆင်ပြေမှာပါ။ ဟုတ်တယ်မလား။
တိုကူဂါဝါက ညာဘက်လက်ကို မြှောက်လိုက်ရာ အနီရောင်အဆောင် ၁၂ခု ထွက်ပေါ်လာသည်။
အဆောင်ဝိုင်းအတွင်း အပြာဖြူရောင် လျှပ်စီးများ ဖြတ်သန်းနေပြီး အရိုးကြွေထည်မိန်းကလေး၏ ဖြူဖျော့သော မျက်နှာပေါ်သို့ ထူးဆန်းသော အရိပ်များ ကျရောက်နေသည်။
ထောင့်လေးထောင့်ရှိ ဖယောင်းတိုင်မီးများမှာလည်း သရဲခြောက်နေသလို အစိမ်းရောင် ပြောင်းသွားတော့သည်။
“တကယ် အစွမ်းထက်တာပဲ...” ဝမ်လွေ့ အသက်ရှူမှားသွား၏။
အထူးပြုလုပ်ချက်တွေ များလေလေ ပညာရပ်က ပိုအစွမ်းထက်လေလေ မဟုတ်ပါလား။
တိုကူဂါဝါက အင်အားအားလုံးကို စုစည်းကာ ဟိန်းဟောက်လိုက်သည်။
အဆောင် ၁၂စလုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး...
ထို့နောက်တွင်တော့...
အရိုးကြွေထည်မိန်းကလေးက ရိုးရိုးလေးပင် လက်ကောက်ဝတ်ကို တစ်ချက် ခါယမ်းလိုက်၏။
ဂွက်...
တိတ်ဆိတ်သွား၏။
တိုကူဂါဝါကာဇူယာက လက်ကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်သည်။
သူ့လက်ထဲမှ အင်းချပ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေပြီ။
...