မိစ္ဆာချုပ်နှောင်သေတ္တာ
Vol. 25 Ch. 249
“ငါ့ရဲ့ အင်းချပ်... ကွဲသွားတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ငါတို့ တိုကူဂါဝါ မိသားစုရဲ့ မိစ္ဆာနှိမ်နင်းအင်းချပ်လေ...”
တိုကူဂါဝါကာဇူယာ မယုံကြည်နိုင် ဖြစ်နေသည်။
စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်လည်နိုးထလာချိန်ကတည်းက တိုကူဂါဝါမိသားစုမှာ ရေတွက်၍ မရနိုင်သော သရဲတစ္ဆေနှင့် ဝိညာဉ်ဆိုးများကို နှင်ထုတ်ခဲ့ဖူးသည်။ ယနေ့ခေတ် အိုဆာကာမြို့၏ ဝိညာဉ်၁၀၀လှည့်လည်ပွဲညတွင် ဝိညာဉ်ဆိုးများကို ခုခံနေသည့် အဓိကအင်အားစုမှာ သူတို့၏ တိုကူဂါဝါမိသားစုပင် ဖြစ်သည်။ နတ်ဆိုးနှင်ပညာရပ်တွင် သူတို့မိသားစု၏ ယင်ယန်ဆရာသခင် များမှာ လုံးဝ ပညာရှင်အဆင့်များဟု ဆိုနိုင်သည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။
အင်းချပ်က... တကယ်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတာလား...
နားလည်ထားရမည်မှာ ထိုအင်းချပ်က သူတို့၏ နက်နဲလှသော ဘိုးဘေးနတ်ကွန်းမှ ယူဆောင် လာသည့် စိတ်ဝိညာဉ်ရတနာ တစ်ခုပင်။
အင်းချပ် ကွဲသွားသည့် အရှိန် မပြေသေးခင်မှာပင် အေးစက်လှသော ယင်လေပြင်း တစ်ခုက သူ့ဆီသို့ တိုက်ခတ်လာသည်။
“သွားပြီ...”
အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိသည်နှင့် သူ လက်ချောင်းများဖြင့် ချက်ချင်းပင် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ သူ့လက်အင်္ကျီအတွင်းမှ ထွက်ပေါ်လာသော အပြာရောင်မီးတောက် လောင်ကျွမ်းနေသည့် အဆောင်တစ်ခုက မြေပြင်ပေါ်သို့ ကျသွားပြီး မျက်လုံးသုံးလုံးပါသော ဝံပုလွေဖြူအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ တိုက်စစ်ရော ခံစစ်ပါ ကျွမ်းကျင်သည့် သူ၏ ရှိခီဂါမီ(ဝိညာဉ်)တစ်ကောင်ဖြစ်သော ဘန်ဟီနာပင်။
ထိုရှိကီဂါမီနှင့် ပဋိညာဉ်ဖွဲ့နိုင်ရန် သူ အတော်လေး ကြိုးစားခဲ့၏။
“သွား။ ဘန်ဟီနာ... သူကို တားလိုက်...”
မျက်လုံးသုံးလုံး ဝံပုလွေဖြူကြီးက ဟိန်းဟောက်ပြီး အရိုးကြွေထည် မိန်းကလေးဆီသို့ ပြေးဝင်သွားသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် မိစ္ဆာမ၏ ဝိညာဉ်လက်သည်းချက် တစ်ချက်တည်းဖြင့်ပင် ရိုက်ထုတ်ခံလိုက်ရပြီး လွင့်ပျံနေသော အဆောင်စက္ကူစများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
တိုကူဂါဝါကာဇူယာ၏ မျက်လုံးများ ပြူးကျယ်သွား၏။
သူ၏ အစွမ်းအထက်ဆုံး ရှိခီဂါမီပင် ထိုကျိန်စာသင့်ဝိညာဉ်၏ လက်ချက်ဖြင့် ချက်ချင်း ပျက်စီးသွားရသည်လား။
ဒါကြီးက ဘာအဆင့်လဲဟ...
ဒါပေမဲ့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက ဒီဝိညာဉ်ကို ဖမ်းတုန်းက ငါ အစအဆုံး ကြည့်ခဲ့တာပဲ။ အဲဒီတုန်းက ဒီလောက်အထိ မသန်မာပါဘူး။
အလွန်ဆုံးရှိလှ KSC-01 နဲ့ KSC-02 ထက် နည်းနည်းလေးပဲ ပိုသန်မာတာ။
“မစ္စတာ ဝမ်လွေ့... ကျွန်တော်တို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးနဲ့ ပြန်ပြီး ဆွေးနွေးဖို့ လိုမယ်ထင်တယ်။” တိုကူဂါဝါကာဇူယာက မျက်နှာဖြူဖျော့စွာဖြင့် နောက်သို့ တစ်လှမ်းချင်း ဆုတ်ရင်း ပြောလိုက်သည်။
သို့သော် အရိုးကြွေထည်မိန်းကလေးမှာမူ ပန်းခြံထဲ လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာပင် သူ့ဆီသို့ တိုးလာနေသည်။
သူက ချက်ချင်း တိုက်ခိုက်ရန်လည်း မလောဘဲ ပတ်ပတ်လည်တွင် ရှေ့နောက်ဝဲယာ ပေါ်လိုက်ပျောက်လိုက် လုပ်နေသည်။ ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ပင်။
“မစ္စတာ ဝမ်လွေ့... ဝမ်လွေ့...”
တိုကူဂါဝါကာဇူယာ နောက်လှည့်ကြည့်ရာ ဝမ်လွေ့၏ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။
ဝမ်လွေ့၏ လက်အောက်ငယ်သားများပင် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
မည်သည့်အချိန်ကတည်းက ဖြစ်မည်မသိ၊ အစည်းအဝေးခန်းမတစ်ခုလုံး သူတစ်ယောက်တည်း ကျန်ရစ်တော့သည်။
“ခွေးကောင်တွေ...” တိုကူဂါဝါကာဇူယာက ဒေါသကြောင့် တုန်ရီနေ၏။
ထိုစဉ်မှာပင် အရိုးကြွေထည်မိန်းကလေး၏ လက်မှာ သူ့လည်ပင်းကို ရစ်ပတ်သွားတော့သည်။
ဂျွတ်...
သူ့လည်ပင်း နှစ်ပိုင်းပြတ်မတတ် လိမ်ချိုးခံလိုက်ရလေသည်။
......
“အုပ်ချုပ်ရေးမှူးချန်... ကျုပ်တို့ကြား နည်းနည်း နားလည်မှု လွဲသွားတယ်လို့ ထင်ပါတယ်။” ဝမ်လွေ့က ချန်ဟွိုက်အန်၏ လက်ကို ဆုပ်ကိုင်ထားရင်း မျက်ရည်များ နှာရည်များ အကြားမှ တွန့်လိမ်နေသော မျက်နှာအိုကြီးကို အားနာစရာ အပြုံးမျိုးဖြင့် ပြုံးပြနေ၏။
“သေချာ ပြန်စဉ်းစားကြည့်တော့ ဒီကျိန်စာသင့်ဝိညာဉ်ကို အစကတည်းက ဖမ်းမိတဲ့သူကပဲ ကိုင်တွယ်တာ အကောင်းဆုံးပါပဲ။ မင်းတို့ C ပြည်နယ် ဌာနခွဲက ဒါကို ကိုင်တွယ်ဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တာပဲ။ မင်းတို့ပဲ ဒါကို ပြန်ယူသွားတာ အကောင်းဆုံးပါ။”
“ဟုတ်လို့လား။” ချန်ဟွိုက်အန်က ဖြူဖွေးနေသော သွားများကို ပေါ်အောင် ရယ်ပြလိုက်သည်။ “မစ္စတာဝမ်ကလည်း အားနာစရာကြီး။ ဝမ်မိသားစုမှာ လူတော်တွေ အများကြီးပဲ။ ဒီကျိန်စာသင့် ဝိညာဉ်က အတော်သန်မာတာပဲ။ ခင်ဗျားတို့ မိသားစု အိမ်ဂေဟာမှာ အစောင့်အရှောက်ဝိညာဉ် အဖြစ် ထားဖို့ အတော်ပဲပေါ့။”
“မလုပ်ပါနဲ့... မဖြစ်နိုင်တာပဲ...” ဝမ်လွေ့သည် ဖားတစ်ကောင်ကို အရှင်မျိုချလိုက်ရသလို မျက်နှာမျိုး ဖြစ်သွား၏။
အဲဒါကြီးကို ဝမ်မိသားစု ခြံထဲမှာ ထားရမယ် ဟုတ်လား။
ဒါက အစောင့်အရှောက်ဝိညာဉ် မဟုတ်ပါဘူး။ အိမ်ကြီးကို သရဲအိမ်ဖြစ်အောင် လုပ်လိုက်မှာ။
“ကျွန်တော်တို့ ဆက်ပြီး ချိပ်ပိတ်ပေးလို့တော့ ရပါတယ်။” ချန်ဟွိုက်အန်က ဆက်ပြောသည်။ “ဒါပေမဲ့ အရင်တစ်ခါ ဖမ်းတုန်းက ကျွန်တော်တို့ အရင်းအမြစ်တွေ အများကြီး သုံးလိုက်ရတယ်။ နောက်တစ်ခါ ထပ်လုပ်ဖို့ဆိုရင် မလောက်ငတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပြည်နယ်အဆင့် ဌာနခွဲ တစ်ခုပဲလေ။ အရင်းအမြစ်က အကန့်အသတ် ရှိတယ်။ အခုဆိုရင် ပြန်ဖို့ ရဟတ်ယာဉ် ဆီဖိုးတောင် မရှိတော့ဘူး။”
သူက ဝမ်လွေ့၏ တွန့်လိမ်နေသော လက်အိုကြီးကို အသာအယာ ဖယ်ထုတ်လိုက်ပြီး အားကိုးရာ မဲ့နေသည့် မျက်နှာပေးမျိုး လုပ်ပြလိုက်လေသည်။ “ဒါကြောင့်... မေ့လိုက်တာပဲ ကောင်းမယ် ထင်တယ်နော်။”
“ကျုပ်တို့ ဝမ်မိသားစုက အရင်းအမြစ်တွေ ထောက်ပံ့ပေးပါ့မယ်။ ဘာလိုအပ်သလဲ ပြောရုံပါ...”
ဝမ်လွေ့က တုံးအသည်တော့ မဟုတ်ပေ။
ချန်ဟွိုက်အန်မှာ အကျိုးအမြတ်ကို မျှားနေခြင်းဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။
ကောင်းပြီလေ။ ပေးလိုက်မယ်။ အရိုးကြွေထည်မိန်းကလေးကိုသာ ပြန်ယူသွားပေးရင် ဘာမဆို သဘောတူမယ်။
သူ တကယ်ကို မတတ်နိုင်တော့ခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင် အင်အားကြီး မိသားစုတိုင်းမှာ ပူးပေါင်းလုပ်ဆောင်ရန် လျို့ဝှက်အင်အားစု တစ်ခုစီကို ရှာဖွေထားကြသည်။ ဥပမာ ခွန်းလွန် အင်မော်တယ်နန်းတော်၊ မဟာမိုးကြိုး ကျောင်းတော် အစရှိသည့် အင်အားကြီး စိတ်ဝိညာဉ်အင်အားစုများပင်။
ထိုမိသားစုများက လူတော်များကို ထောက်ပံ့ပေးသည်။
လျို့ဝှက်အင်အားစုများက အရင်းအမြစ်များကို ထောက်ပံ့ပေးသည်။
သို့သော် ထိုကဲ့သို့သော အင်အားစုများမှာ အနည်းငယ်သာ ရှိသည်။ ကိတ်မုန့်ကို အများစုက ခွဲဝေစားသောက်ပြီးကြလေပြီ။ ဝမ်မိသားစုက နောက်ကျမကျန်ချင်သောကြောင့် တာ့ရှား ပြင်ပမှ တစ်စုံတစ်ယောက်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုလက်တွဲဖော် အသစ်က အမှန်တကယ် တော်သည်ဟု သူ ထင်ခဲ့သည်။ ထိုလူက နီယွန်နိုင်ငံ မိစ္ဆာနှိမ်နင်းသူများ အကြားတွင် ထောက်တိုင်တစ်တိုင်ဟူ၍ ကြွားလုံးထုတ်ခဲ့သည်။ ယခုတော့ အပေါ်ယံသာရှိပြီး အတွင်းသား မပါသည်မှာ ပေါ်သွားလေပြီ။ သူ၏ စတိုင်ကျလှသော ပညာရပ်များက ကြည့်၍ ကောင်းသော်လည်း အသုံးမဝင်လှပေ။ ကျိန်စာသင့်ဝိညာဉ်၏ တစ်ချက်တည်းနှင့်ပင် ပွဲသိမ်းသွားခဲ့လေသည်။
“ခင်ဗျားပြောချင်တာက ကျုပ် ကြိုက်တဲ့ဈေး ခေါ်လို့ရတယ်ပေါ့။” ချန်ဟွိုက်အန်က ဝမ်လွေ့ကို စိုက်ကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူ သင်ခန်းစာ ရသွားလေပြီ။ ထိုမိသားစုကြီးများတွင် ပိုက်ဆံများ အပုံလိုက်ရှိကြောင်း သူ သိသွားပြီဖြစ်ရာ အကြီးစား တောင်းရန် ဆုံးဖြတ်လိုက်သည်။ “ကျုပ် ကုဋေ တစ်သောင်း လိုချင်တယ်။”
“ဘယ်လောက်...” ဝမ်လွေ့ ဆွံ့အသွား၏။
မှန်ပေသည်။ ပိုက်ဆံက အရင်ကလောက် တန်ဖိုးမရှိတော့သော်လည်း ငွေကြေးစနစ်ကတော့ ပြိုလဲမသွားသေးပေ။
အခြားအင်အားစုများနှင့် အရင်းအမြစ်များ ဖလှယ်ရန် ပိုက်ဆံ လိုအပ်နေဆဲပင်။
သို့သော် တပြိုင်နက်တည်း ကုဋေတစ်သောင်း ထုတ်ပေးရန်မှာ ဝမ်မိသားစုအတွက် တကယ့်ကို အထိနာစေပေလိမ့်မည်။
“အုပ်ချုပ်ရေးမှူးချန်... ဒါက ကျိန်စာသင့်ဝိညာဉ် တစ်ခုတည်းပါ။ ဒါကို ပြန်ဖမ်းဖို့အတွက်ကို အဲဒီလောက်အထိ ကုန်ကျမှာလား။” ဝမ်လွေ့က သူ့ကို ဒေါသမထွက်ရဲပေ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ဖျောင်းဖျရန် ကြိုးစားသည်။ “ဘယ်လို အရင်းအမြစ်တွေ အတိအကျ လိုသလဲဆိုတာပဲ ပြောပေးပါ။ ရှာပေးပါ့မယ်။”
“နတ်အသွင်ပြောင်းလဲခြင်းအဆင့်မိစ္ဆာသားရဲရဲ့ သွေးလိုတယ်။ သွားရှာပေး။”
“...ဘာပြောတယ်။” ဝမ်လွေ့ ကြောင်သွားသည်။
ချန်ဟွိုက်အန်က ဆက်ပြောလိုက်သည်။ “ပြီးတော့လည်း ဝိညာဉ်ပုံဆောင်ခဲတွေ၊ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးတွေ၊ ထိပ်တန်း ဝိညာဉ်ရတနာတွေ။ အဲဒါတွေ ပေးရင်လည်း ရပါတယ်။”
ဝမ်မိသားစုထဲမှ မည်သူမှ ခွန်းလွန်အင်မော်တယ်နန်းတော်ထဲကို မရောက်ဖူးကြပေ။
သို့သော် တခြားမိသားစုများဆီမှ သတင်း အများအပြား ကြားဖူးပေသည်။
သူတို့ သိရသလောက်တော့ ခွန်းလွန်တွင် အင်မော်တယ် ဖြစ်လာရန် ပထမဆုံးအဆင့်က ချီသန့်စင်ခြင်း ဖြစ်သည်။ ထိုနောက် အခြေခံအုတ်မြစ်၊ ရွှေရောင်အနှစ်သာရ၊ အခြေတည် ဝိညာဉ်အဆင့် ဖြစ်၏။ ပြီးမှသာ နတ်အသွင်ပြောင်းခြင်းအဆင့် ရောက်ရှိခြင်းပင်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက ဗိုလ်ချုပ်အဆင့်နှင့် တူညီသည်။ အခြေခံအုတ်မြစ် အဆင့်က ဗိုလ်ချုပ်မှ ဘုရင်အဆင့်ကြားတွင် ရှိသည်။ ရွှေရောင်အနှစ်သာရအဆင့်က ဧကရာဇ် အဆင့်နှင့် ညီမျှသည်။ ယခုအချိန်တွင် ဧကရာဇ်အဆင့် နတ်ဆိုးများပင် မရှိသေးပေ။
ဒါကို ချန်ဟွိုက်အန်က နတ်အသွင်ပြောင်းခြင်းအဆင့် သားရဲရဲ့သွေးကို ပေါ့ပေါ့ပါးပါး တောင်းနေတာလား။
ပြီးတော့ အဲဒါက ကျိန်စာသင့်ဝိညာဉ်ကို နှိမ်နင်းဖို့ လိုတာတဲ့။
သူ့ဆီမှာရော အဲဒီလို ပစ္စည်းတွေ ရှိလို့လား။
“ကျေးဇူးပြုပြီး နောက်မနေပါနဲ့ဗျာ... ကျုပ်က နတ်အသွင်ပြောင်းခြင်းအဆင့် သားရဲရဲ့သွေးကို ဘယ်မှာ သွားရှာရမှာလဲ...” ဝမ်လွေ့က ခါးသီးစွာ ပြုံးလိုက်သည်။
“အဲဒါမရှိရင် ကုဋေတစ်သောင်းပဲ ပေးတော့။”
ချန်ဟွိုက်အန်၏ လက်ချောင်းများမှာ ကုတ်အင်္ကျီအိတ်ကပ်ထဲ အနည်းငယ် လှုပ်ရှားသွား၏။
ယင်ယန်ဆရာသခင်ကို သတ်ပြီးပြီဖြစ်သော အရိုးကြွေထည်မိန်းကလေးမှာ ပျက်စီးနေသော တံခါးများမှတစ်ဆင့် တစ်လှမ်းချင်း အပြင်သို့ ထွက်လာသည်။
သူ ဖြတ်သန်းသွားရာ နေရာတိုင်း ကြွေထည်သွေးများနှင့် နှင်းခဲများ လွှမ်းခြုံသွားတော့သည်။ သူ၏ ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိသော မျက်နှာမှာ ပုံမှန်မဟုတ်သော ထောင့်ချိုးတစ်ခုသို့ လိမ်သွားကာ နီမြန်းသော မျက်လုံးများဖြင့် ဝမ်လွေ့ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ထိုအကြည့် တစ်ချက်တည်းနှင့်ပင် ဝမ်လွေ့၏ဝိညာဉ်မှာ ကိုယ်ထဲမှပင် လွင့်ထွက်သွားမတတ် ဖြစ်သွား၏။
“ကောင်းပါပြီ။ ကောင်းပါပြီ... ကျုပ်ရဲ့ လက်ထဲမှာ အခုချက်ချင်း ကုဋေတစ်သောင်းတော့ မရှိဘူး။ ဒါပေမဲ့ ရှိတဲ့ ငွေသားတွေ အကုန်လုံးကို အရင်ပေးပါ့မယ်...”
စကားပြောနေရင်း ဝမ်လွေ့က ရွှေရောင်အနားသတ်ပါသော အမည်းရောင်ကတ် တစ်ကတ်ကို ထုတ်ယူကာ ချန်ဟွိုက်အန်၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။
“ဒီထဲမှာ ကုဋေလေးထောင်ကျော် ရှိတယ်။ ကုဋေလေးထာင်လို့ပဲ မှတ်လိုက်ပါ... ကျန်တဲ့ ကုဋေခြောက်ထောင်ကိုလည်း ချက်ချင်း လွှဲပေးပါ့မယ်။ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်... ဒီကျိန်စာသင့်ဝိညာဉ်ကို နှိမ်နင်းပေးပါဦး...”
ချန်ဟွိုက်အန်က ထိုအမည်းရောင်ကတ်ကို နောက်ဘက်မှ ကျောက်ရင်းဆီ စစ်ဆေးရန် လှမ်းပေးလိုက်သည်။
ယနေ့ခေတ်တွင် နီယွန်နိုင်ငံမှ နတ်ဆိုးဓား မူရာမာဆာ သို့မဟုတ် ဘော်လ်ကန်မှ ဗန်ပိုင်းယား ဘိုးဘေး ကဲ့သို့သော နိုင်ငံတော်အဆင့် ခြိမ်းခြောက်မှုများကို ကုဋေ ထောင်ဂဏန်း၊ သောင်းဂဏန်းအထိ ပေးချေရလေ့ ရှိသည်။
အရိုးကြွေထည်မိန်းကလေးကို ကုဋေတစ်သောင်း သတ်မှတ်သည်မှာ လုံးဝ တရားမျှတ၏။
အမှန်အတိုင်းပြောရလျှင် ချန်ဟွိုက်အန် ဈေးလျှော့ပေးလိုက်မိသည်ဟုပင် သူ တွေးနေမိသည်။
“အုပ်ချုပ်ရေးမှူး။ ကုဋေ ၄၇၈၀ ရှိပါတယ်။ အစစ်ပါပဲ။”
ကျောက်ရင်းက ချန်ဟွိုက်အန်ကို အားကျကြည်ညိုစိတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယနေ့ မနက်တင် သူက ချန်ဟွိုက်အန်သည် ဂိမ်းထဲသို့ ကုဋေတစ်ထောင်လောက် ပုံအောလိုက်၍ ပိုက်ဆံပြတ်တော့မည်ဟူ၍ ရှန့်ရှောင်ယွမ်ကို ညည်းတွားခဲ့၏။ ထို့နောက် C ပြည်နယ်ဌာနခွဲကို မည်ကဲ့သို့ ဆက်လည်ပတ်ရမည်ကို စိတ်ပူနေခဲ့လေသည်။
ယခုတော့ သူတို့ အုပ်ချုပ်ရေးမှူးက ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် အရေးပေါ်ရန်ပုံငွေ အမြောက်အမြားကို ချက်ချင်း ရှာဖွေနိုင်ခဲ့ပြီ မဟုတ်ပါလား။
အလုပ်တစ်ခု အောင်မြင်ဖို့အတွက် ပိုက်ဆံလိုတယ်လေ။
ချန်ဟွိုက်အန်က စတော်ဘယ်ရီဝက်ဝံနဲ့ ပုစွန်တုပ်ဘုရင်ကို ရှေ့သို့ အသာတွန်းလိုက်သည်။
ကျိန်စာသင့်ဝိညာဉ် သုံးကောင်မှာ ပြန်လည် တိုက်ခိုက်ကြပြန်သည်။
စတော်ဘယ်ရီဝက်ဝံက ငါးထပ်တိုက်လောက် မြင့်တဲ့ စူပါဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားသည်။ ပုစွန်တုပ်ဘုရင်က အလောင်းတစ်ခုကို ပူးကပ်ပြီး စနိုက်ပါရိုင်ဖယ်တစ်လက်ကို ဆွဲကိုင်လိုက်၏။
ထိုတိုက်ပွဲကြီး၏ အရှိန်အဝါကြောင့် ဝမ်လွေ့မှာ ဆွံ့အလျက် စကားပင် မပြောနိုင်တော့ပေ။
ပြင်းထန်လှသော အကြိမ် (၃၀၀) တိုက်ခိုက်ပြီးနောက် အရိုးကြွေထည်မိန်းကလေးမှာ အသက်လု ရှူနေရသည့် အခြေအနေဖြင့် သူ၏ ကြွေထည်အိုးထဲသို့ ပြန်ဝင်သွားသည်။ ကျောက်ရင်းကလည်း ချန်ဟွိုက်အန် ပြင်ထားပေးသည့် သစ်သားသေတ္တာကို ထုတ်ကာ သူကို ချိပ်ပိတ်လိုက်တော့သည်။
“အဲဒီ သစ်သားသေတ္တာက... ဒီလောက်သန်မာတဲ့ ကျိန်စာသင့်ဝိညာဉ်ကို နှိမ်နင်းနိုင်တာလား။”
ဝမ်လွေ့မှာ သစ်သားသေတ္တာကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေ၏။
“ဒါပေါ့။ မစ္စတာဝမ်။ ခင်ဗျား မသိလို့ပါ။ ဒါကို မိစ္ဆာချုပ်နှောင်သေတ္တာလို့ ခေါ်တယ်။ ကျုပ် ဒါကို ရဖို့ တန်ဖိုးကြီးလှတဲ့ ရင်းနှီးမှုတွေ ပေးခဲ့ရတာ။ C ပြည်နယ် ဌာနခွဲတစ်ခုလုံးမှာတောင် ဒါမျိုး နည်းနည်းပဲ ရှိတာ။” ချန်ဟွိုက်အန်က ပြုံးပြီး ရှင်းပြလိုက်သည်။
လက်တွေ့တွင်မူ ထိုအရာက ဓားကျောင်းတော်မှ ဆေးလုံးထည့်သည့် သေတ္တာ သို့မဟုတ် ဓားထည့်သည့် သေတ္တာမျှသာ ဖြစ်သည်။ သူ့တွင် ထိုအရာမျိုး အပုံလိုက် ရှိလေသည်။
သူက ဓားကျောင်းတော်ဆီကနေ တစ်သုတ်မှာယူပြီး C ပြည်နယ်ဌာနခွဲ ဂိုဒေါင်ထဲမှာ စုပုံထားခြင်း ဖြစ်သည်။ ဂိုဒေါင်ထဲမှာ ထိုအရာမျိုး တစ်ရာကျော် ကျန်နေသေးသည်။
ဝမ်လွေ့က သေတ္တာကို စိုက်ကြည့်ရင်း တံတွေး မျိုချလိုက်မိသည်။
ဒါက ရတနာပဲ။ ဒါကို ပိုက်ဆံနဲ့ ဝယ်လို့ရမယ်ဆိုရင် ဒါဟာ တကယ့်ကို တန်တဲ့ အပေးအယူပဲ။ တခြားအင်အားစုတွေဆိုရင် ဒါမျိုးကို ပစ္စည်းချင်းဖလှယ်မှပဲ ပေးကြတာ။
သူက သတိထားပြီး မေးလိုက်သည်။ “ဟို... အုပ်ချုပ်ရေးမှူးချန်... မိစ္ဆာချုပ်နှောင်သေတ္တာ တစ်လုံး နှစ်လုံးလောက် ရောင်းပေးဖို့ အစီအစဉ်ရှိလား မသိဘူး။”
“အင်း...” ချန်ဟွိုက်အန် သုံးစက္ကန့်လောက် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် မတတ်သာသည့် အလား ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့အားလုံးက မိစ္ဆာနှိမ်နင်းသူတွေပဲလေ၊ တာ့ရှားပြည်သားချင်းတွေပဲ။ တာ့ရှားသားချင်း အချင်းချင်းတော့ မလိမ်ညာပါဘူး။ ကျုပ် တစ်လုံးကို ကုဋေတစ်ထောင်နဲ့ ရောင်းပေးပါ့မယ်။ ငါးလုံးအထိ ဝယ်လို့ရမယ်။ နားလည်ပေးပါ။ ဒါဟာ အစွမ်းကုန် လျှော့ပေးထားတာပဲ။”
“အက်... တစ်လုံးကို ကုဋေတစ်ထောင်တောင်လား။ စိန်တွေ၊ ရှေးဟောင်းပစ္စည်းတွေ ဒါမှမဟုတ် ကဗျာလက်ရေးမူတွေနဲ့ ပေးလို့ရမလား။”
“မရပါဘူး။ ငွေသားပဲ လက်ခံပါတယ်။ ရွှေဆိုရင်လည်း ရတယ်။”
...