← Chapters

အရိုးသန့်စင်ဆေးလုံး သောက်ကြည့်ချင်လား

Vol. 25 Ch. 250

အရိုးသန့်စင်ဆေးလုံး သောက်ကြည့်ချင်လား

Vol. 25 Ch. 250

နှစ်နာရီကြာပြီးနောက် ဝမ်လွေ့က အခုတွင် အတော်လေး ခြောက်ကပ်သွားပြီ ဖြစ်သော ဝမ်မိသားစု အိမ်ဂေဟာကြီးထဲ မျက်ရည်ဝဲလျက် ရပ်နေသည်။

ထိုကုဋေတစ်သိန်းခွဲကို အသည်းအသန် စုဆောင်းရန် သူ ပိုင်ဆိုင်သမျှ အကုန်ပုံအောလိုက်ရ၏။ ရောင်းလို့ရသမျှ အကုန် ရောင်းချခဲ့ရသည်။ ယခုအခါ ဝမ်မိသားစုက ထိုအိမ်ဂေဟာကြီးကို နောက်ထပ် တစ်ရက်သာ အသုံးပြုခွင့်ရှိတော့သည်။ မနက်ဖြန်ဆိုလျှင် အိမ်ကြီးကို သိမ်းယူ၍ သွားတော့မည် ဖြစ်သည်။

ရလဒ်က ထိုသို့ဖြစ်သွားသော်လည်း ဝမ်လွေ့ နောင်တမရပေ။

သူ့မျက်ရည်များမှာ လွမ်းဆွတ်မှုနှင့် ဝမ်းနည်းမှုအချို့ကြောင့်သာ ဖြစ်သည်။

မည်သို့ဆိုစေ ထိုနေရာက သူ၏ ကလေးဘဝ အမှတ်တရများစွာ ရှိခဲ့သည့်နေရာ မဟုတ်ပါလား။

C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုက အရိုးကြွေထည်မိန်းကလေးကို ဖမ်းဆီးသွားပုံမှာ အနည်းငယ် ပေါ့ပျက်ပျက်နိုင်လှသော်လည်း အနည်းဆုံးတော့ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ထို့အပြင် ယခုအခါ သူ၏လက်ထဲ သာမန်သစ်သားသေတ္တာဟု ထင်ရသော်လည်း တန်ဖိုး မဖြတ်နိုင်သော မိစ္ဆာချုပ်နှောင်သေတ္တာ ငါးလုံး ရှိနေလေပြီ။

“တောင်တန်းကြီးသာ ကျန်ရှိနေပါစေ၊ လောင်စာအတွက် ပူစရာမလိုပါဘူး...” ထိုသေတ္တာများက ဝမ်မိသားစုအတွက် သူ ချန်ရစ်ပေးခဲ့သော တောင်တန်းကြီးများပင်...

“ဘုရင်အဆင့် ကျိန်စာသင့်ဝိညာဉ်ကိုတောင် နှိမ်နင်းနိုင်တာ မဆန်းပါဘူး... ကြည့်လိုက်တာနဲ့ ထူးခြားတယ်ဆိုတာ သိသာနေတာပဲ...”

ဝမ်လွေ့က စားပွဲပေါ်ရှိ သေတ္တာတစ်လုံးကို အသည်းစွဲသလို မျက်လုံးများဖြင့် အသာအယာ ပွတ်သပ်နေမိသည်။

သူက ၎င်းကို ကျွမ်းကျင်သူများဖြင့် အကဲဖြတ်ခိုင်းပြီးပြီ ဖြစ်သည်။

ကြည့်ရသည်မှာ သစ်သားနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး တကယ်လည်း သစ်သားပင် ဖြစ်သည်။ သို့သော် ထိုကမ္ဘာပေါ်တွင် သိရှိထားသော သစ်သား အမျိုးအစားထဲမှ မဟုတ်ပေ။ ၎င်းမှာ အမျိုးအစားသစ် သစ်ပင်တစ်မျိုး သို့မဟုတ် အင်မော်တယ်သစ်ပင် တစ်မျိုးမျိုးပင် ဖြစ်နိုင်သည်။

ပို၍ အရေးကြီးသည်မှာ ထိုမိစ္ဆာချုပ်နှောင်သေတ္တာကို တကယ့် ပညာရှင်တစ်ဦးက ကိုယ်တိုင် လက်မှုပညာဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ ပန်းပုလက်ရာများမှာ ထက်မြက်ပြီး သိမ်မွေ့လှကာ ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေ၏။ ပန်းပုဆရာ၏ ပြတ်သားသော စိတ်နေ စိတ်ထားကို ထိုထွင်းထုမှုများမှတစ်ဆင့် ခံစားနေရသလိုပင်။

ဝမ်လွေ့မှာ ၎င်းကို ဖော်ပြရန် စကားလုံး မရှိပေ။ သို့သော် သူ သိထားသည်မှာ ထိုအရာက အလွန်ကောင်းမွန်သော သေတ္တာတစ်လုံး ဖြစ်ခြင်းပင်။

“C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးကတော့... အဟက်... တကယ့် လူအပဲ...” ဝမ်လွေ့က ထိုကဲ့သို့ ကောင်းမွန်သော အရာကို ကုဋေတစ်သိန်းခွဲနှင့် လဲလိုက်ရသည်ကို တွေးမိပြီး မရယ်ဘဲ မနေနိုင်ပေ။ မှန်ပေသည်။ ယခုအချိန်တွင် ပိုက်ဆံဖြင့် အရင်းအမြစ်များကို ဝယ်ယူနိုင်သေးသော်လည်း စိတ်ဝိညာဉ်ချီစွမ်းအင်များ ဆက်လက်၍ နိုးထလာသည်နှင့်အမျှ ငွေကြေးစနစ် ပျောက်ကွယ်မသွားလျှင်ပင် အဆင့်မြင့် အရင်းအမြစ်များကို အခြားအဆင့်မြင့် အရင်းအမြစ်များနှင့်သာ လဲလှယ်နိုင်တော့မည် ဖြစ်သည်။

ထိုအုပ်ချုပ်ရေးမှူးမှာ အစွမ်း ရှိကောင်းရှိလိမ့်မည်။ သို့သော် အမြင်ကျဉ်းလွန်း၏။

ယခု ကြည့်လျှင် ဝမ်လွေ့ကပင် အရှုံးပေါ်ပြီး မိသားစုတစ်ခုလုံး လက်ဗလာဖြင့် ထွက်ခွာ၍ သွားရသလို ထင်ရသော်လည်၊ အမှန်စင်စစ် သူက အမြော်အမြင်ရှိသူ ဖြစ်သည်။

အုပ်ချုပ်ရေးမှူးချန်နှင့် ယှဉ်လျှင် သူသာလျှင် တကယ့် ပညာရှိကြီး ဖြစ်သည်။

ထိုခေတ်သစ်ကြီးတွင် သူ့လို ပညာရှိသူများသာလျှင် ခရီးဝေး သွားနိုင်ပေမည်။

“ဝမ်ဒယ်ပြောင် ဒီကိုလာခဲ့...”

ဝမ်လွေ့က သူအချစ်ဆုံး မြေးဖြစ်သူကို လှမ်းခေါ်လိုက်သည်။

ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှသော ဝမ်ဒယ်ပြောင်မှာ လိမ္မာစွာ ပြေးလာပြီး သူ၏အဘိုး ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။

“မြေးကြီး၊ ဒီသစ်သားသေတ္တာ ငါးလုံးကို မြင်လား။”

“မြင်ပါတယ် အဘိုး...”

ဝမ်လွေ့က မြေးဖြစ်သူ၏ ပခုံးကို ပုတ်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ “အခု မင်းကို သုံးလုံးပေးမယ်။ ကျန်တဲ့ နှစ်လုံးကတော့ မင်းရဲ့ အစ်ကိုကြီးနဲ့ အစ်မလတ် အတွက်ပဲ။ ခွန်းလွန်အင်မော်တယ်နန်းတော်က ဦးဆောင်ကျင်းပမယ့် သားရဲဖမ်းပြိုင်ပွဲမှာ ကောင်းကောင်း စွမ်းဆောင်ရမယ်။ ဝမ်မိသားစုကို မျက်နှာပျက်ရအောင် မလုပ်နဲ့။ ဒီမိစ္ဆာချုပ်နှောင်သေတ္တာ သုံးလုံးသာ မင်းရဲ့ လက်ထဲရှိရင် မိသားစု ပြန်လည်နိုးထဖို့ မျှော်လင့်ချက်က မင်းပခုံးပေါ်မှာပဲ...”

“ကျေးဇူးတင်ပါတယ် အဘိုး...”

ဝမ်ဒယ်ပြောင်၏ ကျားမျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သူက အဘိုးဖြစ်သူကို သုံးကြိမ်တိုင်တိုင် ဦးချလိုက်ပြီး ဝမ်လွေ့၏လက်ထဲမှ မိစ္ဆာချုပ်နှောင်သေတ္တာ သုံးလုံးကို ရိုသေစွာ လက်ခံရယူလိုက်သည်။

ထိုအရာများက ဘုရင်အဆင့် ကျိန်စာသင့်ဝိညာဉ်များကိုတောင် နှိမ်နင်းနိုင်သည့် ရတနာများ မဟုတ်ပါလား။

သူ့အဘိုးက ၎င်းတို့ကို မဆိုင်းမတွ သုံးလုံးပင် ပေးလိုက်သည်။

သတင်းများအရ ထိုပြိုင်ပွဲ၌ ထိပ်တန်းဆယ်ဦးထဲ ဝင်သူများက ရှားပါးသော အရိုးသန့်စင်ဆေးလုံး ကို ဆုအဖြစ် ရရှိမည်ဖြစ်ပြီး ထိပ်ဆုံး သုံးဦးမှာမူ လျို့ဝှက်အင်အားစုများဆီမှ ပိုမိုတန်ဖိုးကြီးသော အရင်းအမြစ်များကို ရရှိမည် ဖြစ်သည်။ ယခင်က သူ ယုံကြည်မှု မရှိခဲ့သော်လည်း ယခုအခါ ထိုသေတ္တာများ ရှိနေပြီဖြစ်ရာ အဘိုးဖြစ်သူ စိတ်ပျက်အောင် မလုပ်တော့ဟု ဆုံးဖြတ်လိုက်သည်။

“ခေါင်းဆောင်။ တိုကူဂါဝါ မိသားစုက လူတစ်ယောက် တွေ့ချင်လို့ ရောက်နေပါတယ်။” လက်အောက်ငယ်သား တစ်ဦးက ဝမ်လွေ့၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

“တွေ့ရမယ်။ ငါ့ဖင်ကိုပဲ လာတွေ့ခိုင်းလိုက်...” ဝမ်လွေ့က ယင်ကောင်ကို မောင်းထုတ်သလို လက်ခါပြကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။ “လာတဲ့လမ်းအတိုင်း ပြန်တွားသွားခိုင်းလိုက်...”

...

“ကျုပ်တို့ ခေါင်းဆောင်က ပြောလိုက်တယ်... လစ်လိုက်တော့တဲ့...”

ဝမ်မိသားစုဝင်တစ်ဦးက လူသေအိတ် တစ်အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လှည့်ထွက်ကာ အိမ်ကြီးထဲ ပြန်ဝင်သွားသည်။

ဂိတ်တံခါးဝတွင် ရပ်နေသော ဝတ်ရုံနက် ဝတ်ထားသည့် လူတန်းကြီးမှာ အတော်ကြာအောင် တိတ်ဆိတ်သွားသည်။

ခေါင်းဆောင်ဖြစ်သူက ရှေ့သို့တိုးကာ အိတ်ဇစ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်းမှ အရာကို မြင်သည်နှင့် ဒေါသကြောင့် တုန်ရီလာတော့သည်။ သူက ဇစ်ကို ပြန်ပိတ်လိုက်ရင်း ပြောသည်။ “အယုတ်တမာတွေ... ကာဇူယာ။ မစိုးရိမ်နဲ့။ ငါတို့ မင်းအတွက် သေချာပေါက် ကလဲ့စား ချေပေးမယ်...”

လူသေအိတ်ထဲတွင် တိုကူဂါဝါ ကာဇူယာ၏ အလောင်းမှာ မှတ်မိစရာ မရှိတော့ပေ။

သူ၏ရုပ်အလောင်းမှာ အသားစိုင်လေးများ ဖြစ်သွားအောင် အပိုင်းပိုင်း အခုတ်ခံထားရခြင်းပင်။

အကြောင်းရှိမှ အကျိုးရှိမည်။ တိုကူဂါဝါ ကာဇူယာက ကျိန်စာသင့်ဝိညာဉ်၏ သတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်ရာ သူတို့က ထိုကျိန်စာသင့်ဝိညာဉ်ကို ကလဲ့စားချေမည် ဖြစ်သည်။

တိုကူဂါဝါဒိုင်ရိုက လက်အောက်ငယ်သားများဘက်သို့ လှည့်ကာ ဂမ္ဘီရဆန်သော လေသံဖြင့် ပြောလိုက်သည်။ “ညီအစ်ကိုတို့၊ ငါတို့ တာ့ရှားကို လာတာက ငါတို့ တိုကူဂါဝါ မိသားစုရဲ့ ယင်ယန်ဆရာသခင်တွေရဲ့ စွမ်းအားကို သက်သေပြဖို့ပဲ။ အခု ကာဇူယာက ကျိန်စာသင့်ဝိညာဉ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ။ ငါတို့နဲ့ ပူးပေါင်းဖို့ သဘောတူထားတဲ့ ဝမ်မိသားစုကလည်း ငါတို့ကို အထင်သေးနေတယ်။ တိုကူဂါဝါဆိုတဲ့နာမည်ကို ဒီလို အနင်းခံပြီး အရှက်ခွဲမခံနိုင်ဘူး...”

“ဒါပေမဲ့... အဲဒီကျိန်စာသင့်ဝိညာဉ်ကို C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုက ဖမ်းသွားပြီလေ။”

“အဲဒီတော့ ဘာဖြစ်လဲ။” တိုကူဂါဝါဒိုင်ရိုက စကားပြောသူကို စိုက်ကြည့်လိုက်ရာ ထိုသူက ခေါင်းငုံ့သွားတော့သည်။ “ငါတို့ တိုကူဂါဝါ မိသားစုက ဘုရင်အဆင့် ကျိန်စာသင့်ဝိညာဉ်တွေကို နှိမ်နင်းနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြရမယ်။ အဲဒါမှ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးတွေ ရလာမှာ... သူ အဖမ်းခံထားရရင်တောင် ငါတို့က သူကို ပြန်လွှတ်ပေးမယ်။ ပြီးမှ ငါတို့ကိုယ်တိုင် သူ့ကို သတ်ပြမယ်...”

သူ့အသံမှာ တိုးသော်လည်း ပြတ်သားလှ၏။

နီယွန်နိုင်ငံတွင် အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေသည်။

တိုကူဂါဝါ မိသားစုက ဝိညာဉ်၁၀၀လှည့်လည်ပွဲညကို နှိမ်နင်းနေသည့် အဓိကအင်အားစု တစ်ခုအဖြစ် ကြွားဝါနေသော်လည်း...

တကယ်တမ်းတွင်မူ “နှိမ်နင်း”နေခြင်း မဟုတ်ပေ။ ဝိညာဉ်ဆိုးများက သူတို့နောက်ကို လိုက်လံ အမဲလိုက်နေခြင်းသာ ဖြစ်သည်။ သူတို့က သာမန်နိုးထသူများထက် စည်းကမ်းပိုရှိပြီး စနစ်တကျ ရှိရုံသာ ဖြစ်သည်။ ထိုအချက်က သူတို့ကို အနည်းငယ် အသာစီးရစေသော်လည်း များများစားစား မဟုတ်ပေ။

ထိုအတိုင်းသာ ဆက်သွားလျှင် ဝိညာဉ်ဘုရင်များ မကြာမီ ပေါ်ထွက်လာပေတော့မည်။

သူတို့က အီဘာရာကီဒိုဂျီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များကိုတောင် မြင်တွေ့ ရနိုင်သည်။

ထိုသို့ ဖြစ်လာလျှင် တိုကူဂါဝါ မိသားစုရော အားလုံးပါ ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် တာ့ရှားတွင် ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်ကဲ့သို့ အင်အားစုများ ရှိသည်ဟု ကြားသောအခါ သူတို့က ထိုနေရာကို မျက်စိကျလာခြင်း ဖြစ်သည်။ နီယွန်တွင် ကိုယ်ပိုင် လျို့ဝှက်အင်အားစုများ မရှိသောကြောင့် တာ့ရှား၏ အင်အားစုများကို အသုံးချပြီး ဝိညာဉ်၁၀၀လှည့်လည်ပွဲညကို နှိမ်နင်းရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

မျိုးနွယ်စုကြီးများနှင့် မဟာမိတ်ဖွဲ့ခြင်းမှာ ပထမအဆင့် ဖြစ်သည်။

တာ့ရှားတွင် ရှေးစကားပုံတစ်ခု ရှိသည်။ “လူရိုင်းတွေ့ရဲ့ အားသာချက်ကို ယူပြီး လူရိုင်းတွေကို ပြန်နှိမ်နင်း...”

သူတို့၏ တကယ့်ရည်မှန်းချက်မှာ ထိုမိသားစုများကို လှေကားထစ်သဖွယ် အသုံးချပြီး လျို့ဝှက် အင်အားစုများနှင့် ဆက်သွယ်ရန် ဖြစ်သည်။ ထို့နောက် သူတို့၏ နည်းစနစ်များကို သင်ယူရန်ပင်။

“နားလည်ပါပြီ ဆရာ...”

“အမိန့်သာ ပေးပါ...”

တိုကူဂါဝါဒိုင်ရို ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်လုံးများ တောက်ပလာ၏။

“ညီအစ်ကိုတို့၊ C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရိုက အစွမ်းထက်တယ်။ ငါ သိရသလောက်တော့ သူတို့မှာ အဓိက အကျဉ်းသား သုံးယောက် ရှိတယ်။ KSC-01၊ KSC-02 နဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ KSC-0 ပဲ။ အရိုးကြွေထည်မိန်းကလေး ကို လွှတ်ပေးဖို့ ခိုးဝင်ရတာ မလွယ်ဘူး။ ဒါကြောင့် သူတို့ရဲ့ အာရုံကို လွှဲပစ်ဖို့ လိုတယ်။ တာ့ရှားစကားပုံ တစ်ခုရှိတယ်။ ကျားကို တောင်ပေါ်က မျှားခေါ်တဲ့...”

“အဟာ့... တကယ့်ကို ထက်မြက်တာပဲ... ဆရာကတော့ ခေါင်းဆောင် ပီသပါပေတယ်...”

“ဆရာ... နီယွန်မှာကော အဲဒီလို အမြော်အမြင်ရှိတဲ့ စကားပုံတွေ မရှိဘူးလား။”

“အသုံးမကျတဲ့ကောင်... ငါတို့ဆီမှာ ရှေးစကားပုံတွေ မရှိဘူး၊ ဟုတ်ပြီလား။...” တိုကူဂါဝါဒိုင်ရိုက လက်ပိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ “မိစ္ဆာနှိမ်နင်းသူဗျူရိုက ရှူတုမြို့မှာ အခြေစိုက်တာ။ မင်းတို့ရဲ့ အလုပ်က မြို့ထဲမှာ ကျိန်စာသင့်ဝိညာဉ်တွေကို လွှတ်ပေးဖို့ပဲ။ ဒါပေမဲ့ နေရာတွေကို ခပ်ကျဲကျဲမှာ ထားထားခဲ့။ အဲဒါမှ သူတို့ရဲ့ မိစ္ဆာနှိမ်နင်းသူ အများစုကို မြို့အနှံ့ လွင့်သွားအောင် လုပ်နိုင်မှာ...”

“ဆရာကရော ဘာလုပ်မှာလဲ။”

“ငါလား။ ငါကတော့ မိစ္ဆာနှိမ်နင်းသူဗျူရိုထဲကို ခိုးဝင်ပြီး ကျိန်စာသင့်ဝိညာဉ်ကို ကိုယ်တိုင် သွားလွှတ်မယ်။ နောက်ထပ် တာ့ရှားစကားပုံ တစ်ခု ရှိသေးတယ်။ မြားတစ်စင်းက စစ်သည် သောင်းချီ ရောက်လာတာကို အချက်ပြတယ်တဲ့။ ငါ အချက်ပြလိုက်တာနဲ့ မင်းတို့ အကုန်လုံး လာပြီး ငါ့ကို ဝိုင်းကူကြ...”

တိုကူဂါဝါဒိုင်ရိုက လက်အောက်ငယ်သားများကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ “ညီအစ်ကိုတို့၊ ဘာမေးစရာ ရှိသေးလဲ။...”

“မရှိပါဘူး ဆရာ...”

“ကောင်းပြီလေ။ စစ်ဆင်ရေး စတော့...”

C ပြည်နယ် မိစ္ဆာနှိမ်နင်းရေးဗျူရို၌။

“ပိုက်ဆံတွေ လာပြီ။ ပိုက်ဆံတွေ ပိုက်ဆံတွေဟေ့...”

အပန်းဖြေခန်းထဲတွင် ချန်ဟွိုက်အန်က နေကာမျက်မှန် တပ်ထားပြီး ပုစွန်တုပ်ဘုရင်ကို လက်ထဲ ကိုင်ကာ သီချင်းသံနှင့်အတူ ကခုန်နေ၏။

ရှန့်ရှောင်ယွမ်ကတော့ ထောင့်တစ်နေရာတွင် စတော်ဘယ်ရီဝက်ဝံကို ဖက်ထားပြီး ဒရာမာကား ကြည့်ရင်း ရှိုက်ကြီးတငင် ငိုနေသည်။

လင်းလင်လင်ကတော့ အာလူးကြော်အိတ်ခွံ အပုံကြီးရှေ့တွင် ထိုင်နေပြီး အိတ်ကြီးတစ်အိတ်ကို ပွေ့ပိုက်ကာ လေဆင်နှာမောင်း တိုက်သလို ခေါင်းမော့ပြီး အငမ်းမရ စားနေလေသည်။

ကျောက်ရင်း အကြိမ်ကြိမ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် မနေနိုင်ဘဲ စကားဖြတ် ပြောလိုက်သည်။

“အုပ်ချုပ်ရေးမှူးချန်။ အခု အုပ်ချုပ်ရေးမှူး စိတ်ကြည်နေတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောမှဖြစ်မယ်။ ဝမ်မိသားစုက မိစ္ဆာချုပ်နှောင်သေတ္တာ ငါးလုံးအတွက် ကုဋေတစ်သိန်းခွဲ ပေးခဲ့တာက သူတို့ တုံးအသလို ထင်ရပေမဲ့ တကယ်တော့ ကျွန်မတို့ဘက်က အကြီးအကျယ် ရှုံးသွားတာပါ။”

“ရှုံးသွားတာလား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး...”

ချန်ဟွိုက်အန် အနည်းငယ်မျှ စိတ်မဆိုးပေ။

သူက သီချင်းကို ပိတ်လိုက်ပြီး လူတိုင်းကို မိစ္ဆာနှိမ်နင်းသူဗျူရို၏ ဂိုဒေါင်ဆီသို့ ခေါ်သွားသည်။

ရှန့်ရှောင်ယွမ်နှင့် ကျောက်ရင်းတို့မှာ အစကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။

သို့သော် ဂိုဒေါင်တံခါးများ ပွင့်သွားချိန်တွင် ပြင်းထန်သော ဆေးနံ့တစ်ခုက သူတို့နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူတို့အားလုံး ဆွံ့အသွားကြတော့သည်။

တစ်ချိန်က ခြောက်ကပ်နေသော ဂိုဒေါင်ကြီးထဲ ယခုအခါ မိစ္ဆာချုပ်နှောင်သေတ္တာများဖြင့် ပြည့်နှက်နေလေသည်။

တစ်လုံးကို ကုဋေတစ်သောင်း တန်သည်ဟုဆိုသော ထိုသေတ္တာများက တောင်ကုန်းလေးများ သဖွယ် အစီအရီ ပုံထားပြီး အနည်းဆုံး တစ်ထောင်ကျော် ရှိမည်ဖြစ်သည်။

“အုပ်... အုပ်ချုပ်ရေးမှူး... ဒါတွေက...”

ကျောက်ရင်းမှာ အတွေ့အကြုံများသူ ဖြစ်သော်လည်း ယခုလို မြင်ကွင်းကြောင့် နှုတ်ခမ်းများ တုန်ရီနေပြီး စကားများ ထစ်နေမိသည်။

“ကျွန်တော် အရင်က ပြောခဲ့သားပဲ။ အရင်းအမြစ် ကိစ္စကို ကိုင်တွယ်ပေးမယ်လို့...”

ချန်ဟွိုက်အန်က ဓားကျောင်းတော်မှ ပေးလိုက်သော ပစ္စည်းပုံကြီးဆီသို့ လျှောက်သွားကာ တစ်ခုကို အသာကောက်ယူပြီး ဖွင့်လိုက်သည်။ အတွင်းတွင် ကြွေပုလင်းတစ်လုံး ရှိသည်။ ၎င်း၏ သစ်သားအဆို့ပေါ်တွင် လီချင်းရန်၏ လက်ရေးဖြင့် “အရိုးသန့်စင်ဆေးလုံး သာမန်အဆင့်” ဟု ရေးထား၏။

ထိုကောင်မလေးက ပစ္စည်းတိုင်းကို အကူအညီဖြစ်စေရန် တံဆိပ်ကပ်ပေးထားခြင်း ဖြစ်သည်။

ချန်ဟွိုက်အန်က ထိုဆေးပုလင်းကို ကျောက်ရင်းနှင့် အခြားသူများဆီသို့ လှုပ်ယမ်းပြလိုက်သည်။

“ကဲ...အစ်ကိုတို့၊ အစ်မတို့ရေ၊ အရိုးသန့်စင်ဆေးလုံးလေး သောက်ကြည့်ချင်တဲ့သူ ရှိလား။”

....

All Chapters