← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

“ကြည့်ရတာ... အမှန်တရားကို စူးစမ်းနိုင်ဖို့ဆိုရင် အမြင့်မြတ်ဆုံးနတ်ဘုရား တစ်နည်း အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဖြစ်လာဖို့လိုတဲ့ပုံပဲ”

အာမန်ရာက ခပ်တိုးတိုး ပြောလိုက်သည်။

“ ငါတို့နှစ်ယောက်လုံးက ကံတူအကျိုးပေးတွေပဲ..... စကားခဏလောက်‌ ပြောကြရအောင်လား”

ကျုံးရှန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်သူက လက်ချောင်းကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ခြံဝင်းအတွင်း၌ စိမ်းဖန့်ဖန့် ကျောက်စိမ်းစားပွဲတစ်ခု ပေါ်ထွက်လာလေသည်။ စားပွဲပေါ်တွင် မီးတောက်ကဲ့သို့ နီရဲနေသော ဝိုင်အိုးလေးတစ်လုံးက အသင့်နေရာယူထားလေ၏။ နှစ်ယောက်သား ယဉ်ကျေးမနေတော့ဘဲ နှစ်ပေါင်းများစွာ မတွေ့ရသည့် မိတ်ဆွေဟောင်းများကဲ့သို့ ကျောက်စိမ်းစားပွဲတွင် ဝင်ထိုင်လိုက်ကြပြီး တစ်ခွက်ပြီးတစ်ခွက် သောက်ကြတော့သည်။

“ဒီဝိုင်က တကယ်ကောင်းတာပဲ... အဆင့်မြင့် ဝိုင် ကောင်းပီသပါပေတယ်”

အာမန်ရာက မြည်းစမ်းကြည့်ရင်း ချီးကျူးလိုက်သည်။

ထို့‌နောက်သူမ၏ အကြည့်များက ကျုံးရှန်၏ ကိုယ်ပေါ်သို့ ရောက်သွားပြီး လေသံ ပြောင်းသွားသည်။

"ဒါပေမဲ့ ရှင့်ကိုယ်ပေါ်က ကောင်းကင်တာအိုကျိန်စာကတော့ အခြေအနေ မကောင်းဘူးနော်... အဆင့်မြင့်တဲ့ ကျိန်စာဖြေ အစီအရင် ဒါမှမဟုတ် ရတနာ မရှိရင်တော့ ဒီကျိန်စာ ကုန်ခမ်းသွားဖို့ နှစ်ပေါင်း သန်းချီ စောင့်ရလိမ့်မယ်... ရှင် ဘာတွေများ လုပ်ခဲ့လို့ ကောင်းကင်တာအိုက နှစ်သန်းချီတဲ့ ကံတရားတွေကို အသုံးချပြီး ရှင့်တစ်ယောက်တည်းကို ကျိန်စာတိုက်ရတာလဲ ဆိုတာ တကယ် သိချင်မိတယ်”

အာမန်ရာက စိတ်ဝင်တစား မေးလိုက်သည်။

ကျုံးရှန်က ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ဂရုမစိုက်သလို ပြန်ပြောလာသည်။

"ဘာမှ အကြီးကြီးမလုပ်ပါဘူး... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ ကမ္ဘာ့မူလဇစ်မြစ် ကို သွားထိမိရုံလေးပါ"

“ငါ့အကြောင်း ထားပါဦး... မင်းရဲ့ ကံတရားကလည်း သိပ်မထူးပါ့လား.... ထိပ်တန်း နတ်ဘုရားမတစ်ပါး ဖြစ်ပါလျက်နဲ့ မူလစရိုက်ဖြစ်တဲ့ မင်းက... ဆန့်ကျင်ဘက် အမှောင်စွမ်းအားတွေ စုစည်းထားတဲ့ ကိုယ်ပွား ရဲ့ နှင်ထုတ်တာကို ခံလိုက်ရပြီး အခုလို ကိုယ်ပွားဘဝ ရောက်နေရတာဆိုတော့...”

"နတ်ဘုရားဖြစ်တယ်ဆိုမှ....ပြောရရင်... ကမ္ဘာဦးကာလ မှာ ခင်ဗျား အလျင်အမြန် ကြီးထွားလာနိုင်တာက ဒီကမ္ဘာနဲ့ မတူညီတဲ့ စွမ်းအားတချို့ ပိုင်ဆိုင်ထားလို့ မဟုတ်လား"

အာမန်ရာက မျက်မှောင်ကြုတ်လိုက်ပြီးနောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

“ကိုယ်ပွား ဖြစ်ရတာလည်း မဆိုးပါဘူး.. အနည်းဆုံးတော့ လွတ်လပ်တာပေါ့... ငါလုပ်ချင်တာကို စိတ်တိုင်းကျ လုပ်လို့ရတယ် လေ....တကယ်တော့ ငါ ဒီကမ္ဘာကို ရောက်လာတုန်းက စွမ်းအားတစ်ခုကို ကျပန်းရွေးချယ်ပြီး အဆပေါင်း တစ်သောင်း မြှင့်တင်နိုင်တဲ့ အခွင့်အရေး ရခဲ့တာ...အဲဒီတာအိုလမ်းစဉ် သုံးထောင်ထဲကမှ ကျိန်စာစွမ်းအားကို မဲပေါက်သွားတာလေ"

သူမက လက်ကို ဖြန့်ပြရင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

ကျုံးရှန်က ခေါင်းညိတ်ကာ နားလည်သွား‌ လေသည်။ မဲနှိုက်ပြီး အဆတစ်သောင်း တိုးမြှင့်ပေးတာက ရွှေလက်ချောင်း အကောင်းစားပင်ဖြစ်၏။ ဘယ်တာအိုလမ်းစဉ်ကိုပဲ ရရ အဆတစ်သောင်းရခြင်းဖြင့် နတ်ဘုရားဖြစ်လာဖို့ပင် အရည်အချင်း ပြည့်မီလှသည်။ သို့ပေမဲ့ ကျိန်စာစွမ်းအားကို မဲပေါက်သွားခြင်းသည် ကံကောင်းသည်ဟုဆိုရမည်လား ၊ ကံဆိုးသည်ဟုဆိုရမည်လားပင် မသိတော့ချေ။

“မင်းရဲ့ မူလခန္ဓာကိုယ်က ကျိန်စာစွမ်းအားတွေကြောင့် ရက်စက်လာပြီး မင်းနဲ့ မတည့်တာက မင်းရဲ့ ခန္ဓာကိုယ်ဟာ အထွတ်အထိပ် နတ်ဘုရားအဆင့်ကို မရောက်သေးလို့ပဲ.... အထွတ်အထိပ် နတ်ဘုရား ဖြစ်လာပြီဆိုရင်တော့ အရာအားလုံးကနေ လွတ်မြောက်သွားပြီး ထာဝရကောင်းကင်ဘုံတွေကိုတောင် ငုံ့ကြည့်လာနိုင်လိမ့်မယ်...ငါတို့လိုကူး‌ ပြောင်းလာသူတွေအတွက်က... အထွတ်အထိပ် နတ်ဘုရား ဖြစ်လာမှသာ စစ်မှန်တဲ့ အစပြုခြင်းလို့ ခေါ်လို့ရမယ်လေ..."

ကျုံးရှန်၏ စကားကြောင့် အာမန်ရာ အတန်ကြာ ငြိမ်သက်သွားသည်။

“အခုချိန်မှာတော့ ရွေးချယ်စရာ မရှိတော့ဘူးလေ....မူလခန္ဓာကိုယ်ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားနယ်ပယ် တတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ.... အမြင့်မြတ်ဆုံးသော နတ်ဘုရား ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ.... ရှင်က သူမရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တာဆိုတော့ သူမ ရှင့်ကို လွှတ်ထားမှာ မဟုတ်ဘူး”

အာမန်ရာသည် ကျုံးရှန်အပေါ် မျိုးနွယ်ခြားဟူသော သဘောထား မရှိပေ။ ယခုအချိန်တွင် သူမသည် ကြယ်ပြာမှ ရဲမေတစ်ဦး ပြန်ဖြစ်သွားသကဲ့သို့ ခံစားရသည်။ တူညီသောကံကြမ္မာဆိုးရှိ‌ နေသူအချင်းချင်း နားလည်မှု့ရလိုက်ကြခြင်းမျိုးဖြစ်၏။

ကျုံးရှန်ကမူ အာမန်ရာ၏သတိပေးစကားများ ကြောင့် ကြောက်ရွံ့သွားခြင်းမရှိခဲ့ချေ။

"ကိစ္စမရှိပါဘူး... မင်းသာ မကြာခင်မူလခန္ဓာကိုယ်ရဲ့ ဝါးမြိုတာကို ခံရတော့မှာလေ"

"မူလခန္ဓာကိုယ်က အမြင့်မြတ်ဆုံးသော နတ်ဘုရားအဆင့်ဖြစ်တဲ့ အထွတ်အထိပ်နတ်ဘုရားအဖြစ် တက်လှမ်းတဲ့အခါကျရင် ကိုယ်ပွားတွေအားလုံးကို ပြန်လည်ပေါင်းစည်းပြီးအဆင့်ချိုးဖောက်ဖို့ကြိုးစားမှာလေ...အဲ့ကျရင်မင်းဆိုတာပျောက်ကွယ်သွားလိမ့်မယ်..."

ထိုစကားကြောင့် အာမန်ရာ၏ ကိုယ်ပွားသည် တိတ်ဆိတ်သွားပြီး ပြန်မပြောနိုင်တော့ချေ။

ကျုံးရှန်လက်ဖျောက်တစ်ချက် တီးလိုက်လျှင် မင်ရည်ကဲ့သို့ နက်မှောင်နေသော ကျောက်တုံးတစ်တုံး ကျောက်စိမ်းစားပွဲပေါ်တွင်ပေါ်လာသည်။

“ဒါ... ဒါနတ်ဘုရားအသွင်‌ပြောင်းကျောက်

မလား..."ရှင်က နိယာမနယ်ပယ်ပဲ ရှိသေးတာကို... ဘယ်လိုလုပ် ဒီလိုပစ္စည်းမျိုး ရှိနေတာလဲ"

အာမန်ရာ အံ့သြစွာ မေးလိုက်သည်။

နတ်ဘုရားအသွင်ပြောင်းကျောက် ဆိုသည်မှာ တတိယအသွင်ပြောင်းလဲခြင်း ကျော်လွန်၍ အထွတ်အထိပ် နတ်ဘုရားအဖြစ် တက်လှမ်းချိန်တွင် ထွက်ပေါ်လာသည့် အဖိုးတန်ပစ္စည်းဖြစ်သည်။ အမြင့်မြတ်ဆုံးသော နတ်ဘုရား ဖြစ်သည့် အထွက်အထိပ်နတ်ဘုရားဖြစ်လာချိန်တွင် ခန္ဓာကိုယ်ဟောင်းကို စွန့်ပစ်ပြီး နတ်ဘုရားစိတ်အာရုံများကို ဖယ်ရှားကာ နတ်ဘုရားအဆင့်အတန်းကို သန့်စင်ပြီး လွတ်မြောက်သော တည်ရှိမှု ဖြစ်လာသည်။ ဤကျောက်တုံးသည် ထိုသို့ စွန့်ပစ်လိုက်သော ခန္ဓာနှင့် စိတ်အာရုံတို့ ပေါင်းစည်းဖြစ်တည်လာခြင်း ဖြစ်ပြီး အကြီးမားဆုံး အသုံးဝင်ပုံမှာ နတ်ဘုရားဝိညာဉ်ကို လက်ခံသိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ဤနတ်ဘုရားအသွင်ပြောင်းကျောက်ကို တတိယအဆင့် နတ်ဘုရားများပင် အင်အားသုံး၍ မဖျက်ဆီးနိုင်ပေ။ နတ်ဘုရားဝိညာဉ်အတွက် အကောင်းဆုံး ပုန်းခိုရာဖြစ်ကာ စိတ်ဝိညာဉ်ကို ထိန်းသိမ်းရန်နှင့် ချို့ယွင်းချက်များကို ဖြည့်ဆည်းရန် အကောင်းဆုံး ရတနာပင် ဖြစ်လေတော့သည်။

“ဒီကျောက်တုံးကို မင်းကို လက်ဆောင်ပေးလိုက်မယ်...နောင်တစ်ချိန်မှာ မင်းရဲ့အသက်ကို ကယ်နိုင်လိမ့်မယ်”

ကျုံးရှန်က ပြုံးရင်း ဆက်ပြောသည်။

“နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ပြောပြရရင်... မင်းရဲ့ မူလခန္ဓာကိုယ် အထွတ်အထိပ် နတ်ဘုရား ဖြစ်ဖို့ ကိုယ်ပွားတွေအားလုံးကို ပြန်လည် ပေါင်းစည်းတဲ့အချိန်ကျရင် မင်းရဲ့ စိတ်အာရုံကို ဒီ နတ်ဘုရားအသွင်‌ပြောင်းကျောက်တုံးထဲမှာ ထည့်ပြီး မွေးမြူထားလိုက်...အဲဒါဆိုရင် မင်းက မူလခန္ဓာကိုယ်ရဲ့ ဝါးမြိုတာကို ခံရမယ့်အစား သူမကို ပြန်ပြီး ဝါးမြိုပစ်နိုင်တဲ့ အခွင့်အရေး ရလာလိမ့်မယ်”

“ငါက အင်မော်တယ်တစ်သန်းတောင်တန်း ရဲ့ ချင်းထျန်း တောင်ထိပ်မှာ နေတယ်... မင်းအားရင် လက်ဖက်ရည်သောက်ဖို့ လာခဲ့ပေါ့...”

ကျုံးရှန်သည် ပြောပြောဆိုဆိုနှင့်ပင် ထရပ်ကာ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

အာမန်ရာမှာ ကျောက်တုံးကို ကြည့်ရင်း ကြောင်တောင်တောင်ဖြင့်ကျန်ရစ်ခဲ့၏။

“ဒီလူက...ငါ့ကို မူလခန္ဓာကိုယ်ကို ဘယ်လို ပြန်ဝါးမြိုရမလဲ သင်ပေးနေတာလား"

"ဒါပေမဲ့ သူပြောတာ အဓိပ္ပာယ်ရှိသားပဲ"

သူမသည် ကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး ထိုနေရာရှိ ဟင်းလင်းပြင်အတွင်းရှိခြေရာလက်ရာများကို ဖျက်ဆီးကာ မူလခန္ဓာကိုယ်ထံသတင်းပို့ရန် ထွက်ခွာသွား‌ လေသည်။ သူမအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကျုံးရှန် အကြောင်းကို လျှို့ဝှက်ထားပြီး အစီအရင်များ ပျက်စီးမှုကို အလယ်ပိုင်းဒေသမှ လူသားအဖိုးကြီးများအပေါ် ပုံချရန် ဆုံးဖြတ်လိုက်လေသည်။

....

ချင်းထျန်း တောင်ထိပ်…

ကျုံးရှန်သည် တောင်ထိပ်သို့ ပြန်ရောက်လာသောအခါ တပည့်များနှင့် သားရဲများမှာ သူပေးခဲ့သော ဖန်ဆင်းခြင်းအဆင့်လက်နက်များကို သန့်စင်နေကြဆဲ ဖြစ်သည်။ ကျုံးရှန်သည် ကျောက်တုံးပေါ်တွင် ထိုင်ကာ သူ၏ စိတ်အာရုံကို စကြဝဠာ ဟင်းလင်းပြင်အတွင်းသို့ ဖြန့်ကျက်လိုက်သည်။

သူ၏ နောက်ထပ် အစီအစဉ်မှာ ငရဲဘုံ သို့ သွားရန်ဖြစ်သည်။ ငရဲဘုံ ဆိုသည်မှာ ရှေးဟောင်း မှတ်တမ်းများအရ ကမ္ဘာဦးကာလကတည်းက တည်ရှိခဲ့သော နယ်မြေတစ်ခု ဖြစ်သည်။ မူလဘုံတိုင်းတွင် သက်ဆိုင်ရာ ငရဲဘုံကြီးတစ်ခုစီ ရှိကြသည်။ ငရဲဘုံကြီးတစ်ခုစီ၏ အောက်တွင် မရေမတွက်နိုင်သော ငရဲဘုံငယ်လေးများ ရှိပြန်သည်။ အနူးဘစ်ကဲ့သို့သော ယမမင်းများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ငရဲဘုံကြီးအောက်ရှိ ယမမင်းဘုံငယ်လေး တစ်ခုနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ သက်ရှိတိုင်းသည် သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များမှာ ထိုနေရာသို့ ရောက်ရှိသွားလေ့ရှိသည်။

လူအများ ပြောစကားအရ ကျင့်ကြံသူဖြစ်စေ၊ သေမျိုးဖြစ်စေ၊ လူသားဖြစ်စေ၊ မျိုးနွယ်ခြားဖြစ်စေ၊ မိစ္ဆာသားရဲဖြစ်စေ၊ သစ်ပင်ပန်းမန်ဖြစ်စေ သေဆုံးပြီးနောက်တွင် သန့်စင်သော ဝိညာဉ်များသည် ငရဲဘုံကမ္ဘာကြီးထဲသို့ ဝင်ရောက်သွားပြီး ထိုနေရာတွင် မိစ္ဆာတစ်ကောင် ဖြစ်လာတတ်သည်ဟု ဆိုကြသည်။ ထိုနေရာသည် လက်တွေ့ကမ္ဘာ၏ ရောင်ပြန်ဟပ်မှုတစ်ခုနှင့် တူညီပြီး အသက်ရှင်စဉ်က စွမ်းအားကြီးမားလေလေ ငရဲဘုံတွင် မိစ္ဆာဖြစ်လာသောအခါ စွမ်းအား ပိုမိုကြီးမားလေလေ ဖြစ်သည်။

ရှေးကမ္ဘာဦးခေတ်က ငရဲဘုံမှ အရှင်သခင်များသည် လူသားကမ္ဘာကို ကျူးကျော်ရန် ကြိုးစားခဲ့ဖူးသော်လည်း ဝူလုံ နတ်ဘုရားဘုရင်၏ နှိမ်နင်းမှုကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ငရဲဘုံ၏ တံခါးပေါက်များမှာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ကျုံးရှန်သည် ထိုငရဲဘုံအတွင်းသို့ သူ၏ နတ်ဘုရားသန္ဓေသားကို အမြစ်တွယ်စေပြီး ထိုကမ္ဘာ၏မူလဇစ်မြစ်ဖြစ်သည့် ကမ္ဘာဦးအမြုတေ စွမ်းအားများကို ရယူရန် ပြင်ဆင်လိုက်သည်။

All Chapters