← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

သူတော်စင်အဆင့်ရှိသည့် ဤကျောက်ရုပ်မိစ္ဆာနှစ်ကောင်သည် အေးစက်ရက်စက်ပြီး မည်သည့်ခံစားချက်မျှ မရှိကြချေ။ လာရောက်သူမှာ မည်သူမည်ဝါဖြစ်သည်ကို သူတို့ လုံးဝဂရုမစိုက်ဘဲ ရှီးရွှယ်မိစ္ဆာနန်းတော်အနီးသို့ ချဉ်းကပ်လာသူမှန်သမျှကို လက်ထဲမှ သုံးခွလှံဖြင့် ထိုးနှက်တိုက်ခိုက်ရန်သာ သိကြသည်။ သူတို့၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှရာ သူတော်စင်စစ်စစ် တစ်ဦးပင်လျှင် သတိမထားမိပါက ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်ပေသည်။

သွေးရောင်တောက်နေသော ချွန်ထက်သည့် ခက်ရင်းခွများ နီးကပ်လာသည်ကို မြင်သောအခါ ကျုံးရှန်၏ မျက်လုံးများ အေးစက်သွားသည်။

"သူတော်စင်အဆင့် ကျောက်ရုပ်တုလောက်နဲ့ ငါ့ရှေ့မှာ ရိုင်းပြရဲတယ်လား"

“ရှီးရွှယ် ငရဲဘုံအရှင်သခင်... မင်းက တကယ်ကို သတ္တိကောင်းတာပဲ”

ကျုံးရှန်၏ အသံမှာ အေးဆေးတည်ငြိမ်စွာပင် ထွက်ပေါ်လာသော်လည်း ထိုအသံသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နန်းတော်အမြင့်ဆုံးထပ်တွင်ရှိသည့် ရှီးရွှယ်ငရဲအရှင်သခင်၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။ သူ၏ ပစ်မှတ်မှာ ရှေ့မှ ကျောက်ရုပ်မိစ္ဆာများ မဟုတ်ဘဲ နန်းတော်အထက်မှ အရှင်သခင်သာ ဖြစ်သည်။

ကျုံးရှန်သည် ဤမိစ္ဆာကြယ်သို့ ရောက်ကတည်းက ထိုငရဲအရှင်သခင်၏ အငွေ့အသက်ကို အာရုံခံမိပြီးသားဖြစ်သည်။ ကျုံးရှန်၏ စိတ်အာရုံထဲတွင်ရက်စက်ကြမ်းကြုတ်ခြင်း၊ သွေးဆာခြင်းစသည်ဖြင့် မကောင်းမှုဖော်ဆောင်သောစိတ်ခံစားမှုမျိုးစုံသည် အနှစ်သာရတစ်ခုအဖြစ် စုစည်းနေပြီး ထိုမိစ္ဆာ၏ ခေါင်းပေါ်၌ သွေးစွန်းနေသော ဓါးမြောင်ကဲ့သို့ချွန်ထက်သည့်လက်သည်းအစွယ်များအသွင် မြင်နေရသည်။ ထိုသွေးစွန်းလက်သည်းများမှ လူတို့၏ စိတ်ဝိညာဉ်ကို အချိန်မရွေး ဆွဲဖြဲပစ်နိုင်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။

"ဟမ်"

နန်းတော်ထိပ်ဆုံးတွင် ရပ်နေသော သွေးစွန်းသတ်ဖြတ်ခြင်းငရဲအရှင်သခင်သည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး ကျုံးရှန်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို အာရုံခံလိုက်သည်။

"အင်း... ဒီမွေးကြိုင်တဲ့ဝိညာဉ်ရနံ့က ငရဲဘုံက အငွေ့အသက်မျိုး မဟုတ်ဘူး... သူက အဓိကအခြေခံကမ္ဘာက လာတာလား”

ရှီးရွှယ်ငရဲအရှင်သခင်၏ မျက်လုံးများ တောက်ပသွားသည်။

သူသိထားသည့် ရှေးဟောင်းမှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်းများစွာက ငရဲဘုံများနှင့် အခြေခံကမ္ဘာကြီးမှာ တစ်ဆက်တည်း ရှိခဲ့ဖူးသည်။ ထိုမှတစ်ဆင့် ဒဏ္ဍာရီလာ ကောင်းကင်ဘုံသို့ပင် သွားရောက်နိုင်သည့် လမ်းကြောင်းများ ရှိခဲ့ပြီး ထိုခေတ်ကာလက ငရဲဘုံမှ ကျွမ်းကျင်သူများသည် အဓိကအခြေခံကမ္ဘာသို့ သွားရောက်ကာ စစ်ပွဲများဖန်တီးခြင်း၊ ဝိညာဉ်များကို ရိတ်သိမ်းခြင်းနှင့် ဓနဥစ္စာများကို လုယူခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုမျှမက အခြေခံကမ္ဘာတွင် ငရဲမိစ္ဆာနတ်ဘုရားများအပေါ် ကိုးကွယ်ယုံကြည်မှုများကို ပြန့်နှံ့အောင် လုပ်ဆောင်ခဲ့ကြသေးသည်။

ကျုံးရှန်၏ မျိုးဆက်တစ်ခုဖြစ်သည့် ကျုံးချီထျန်း ကျင့်ကြံခဲ့သော ရှေးဟောင်းမိစ္ဆာကျင့်စဉ် အပြစ်ကြွေးငရဲကြီးခြောက်ထပ် ဆိုသည်မှာလည်း ရှေးယခင်က ငရဲအရှင်သခင် ခြောက်ဦး ပေါင်းစပ်ဖန်တီးခဲ့သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ရှီးရွှယ်ငရဲအရှင်သခင်၏ အမြင်တွင် ကျုံးရှန် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ကြီးမားသော အဓိပ္ပာယ်ဆောင်ပြီး နဂါးမဲ့နတ်ဘုရားဘုရင် လုံးဝ ပိတ်ဆို့ထားခဲ့သည့် နယ်ပယ်အတားအဆီးများတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီဟု ဆိုလိုခြင်းဖြစ်သည်။

"သူ့ကို အရှင်ဖမ်းပြီး ဝိညာဉ်ကို ချုပ်နှောင်ထားလိုက်... သူ့မှတ်ဉာဏ်တွေကို ယူရမယ်"

သူသည် ကျောက်ရုပ်မိစ္ဆာများကို အမိန့်ပေးလိုက်သည်။ သူ၏ အာရုံခံစားမှုအရ ကျုံးရှန်၏ ကျင့်ကြံခြင်းမှာ နိယာမနယ်ပယ်ရှိ သူတော်စင်တစ်ပိုင်းအဆင့်သာရှိသဖြင့်ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ပြီး သူကိုယ်တိုင် အာရုံစိုက်ရန် မထိုက်တန်ပေ။

ရှီးရွှယ်ငရဲအရှင်သခင်သည် နောက်သို့ လှည့်လိုက်ပြီး လှပသော အစေခံမလေးတစ်ဦးကို ထပ်မံခေါ်ယူကာ ဝိုင်တစ်ခွက် ပြုလုပ်ခိုင်းရန် ပြင်လိုက်သည်။

“ဒီလို အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဖို့ ဝိုင်တစ်ခွက်သောက်တဲ့ အချိန်လောက်ပဲ ကြာမှာပါ”

သို့သော် သူ လှည့်လိုက်သည့်အချိန်မှာပင် နန်းတော်အပြင်ဘက်၌ ကောင်းကင်နှင့်မြေပြင် တုန်ခါသွားစေသော ပေါက်ကွဲသံ ထွက်ပေါ်လာကာ မိစ္ဆာနန်းတော်ပင် တုန်ခါသွားလေသည်။

“ဘာဖြစ်တာလဲ”

သူ လျင်မြန်စွာ လှည့်ကြည့်လိုက်သောအခါသူတော်စင်အဆင့်ရှိသည့် ကျောက်ရုပ်မိစ္ဆာ နှစ်ကောင်လုံး၏ ဦးခေါင်းများမှာ ပေါက်ကွဲပျက်စီးနေပြီး ခန္ဓာကိုယ်အထက်ပိုင်းမှာလည်း အပေါက်ကြီးများ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ ခန္ဓာကိုယ်ထဲရှိသူတော်စင်ဘုံဖြစ်သည့် ငရဲတိုင်းပြည် များပင် တစစီ ပြိုကွဲသွားခဲ့သည်။ ကျောက်ရုပ်ကြီး နှစ်ခုမှာ အသက်မဲ့သော ကျောက်တုံးများအလား ဟင်းလင်းပြင်တွင် လွင့်မျောနေတော့သည်။

“ဒါ... သောက်ကျိုးနည်း... မင်းက မင်းရဲ့ တကယ့်စွမ်းအားကို ဖုံးကွယ်ထားတာပဲ”

“ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်... အခုချက်ချင်း ဒူးထောက်ပြီး ငါ့ဆီမှာ အညံ့ခံစမ်း... ပြီးရင် မင်းလာခဲ့တဲ့ ကမ္ဘာဆီကို ငါ့ကို ခေါ်သွားပေးရမယ်”

သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထိုအလင်းတန်းများမှာ အလွန်သိပ်သည်းလွန်းသဖြင့် ငရဲရှိ နာကျင်စွာ အော်ဟစ်နေကြသော ဝိညာဉ်များ၏ မျက်နှာများကိုပင် ထိုအလင်းထဲတွင် မြင်တွေ့နေရသည်။

“ဝှစ်...”

သူ၏ ခန္ဓာကိုယ်မှာ သွေးရောင်မြှားတစ်စင်းအလား ပြောင်းလဲသွားပြီး ကျုံးရှန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

“ရှီးရွှယ်... ကောင်းကင်နှင့်မြေပြင်...ရူးသွပ်စွာ သတ်ဖြတ်ခြင်း”

သူ၏ လက်ထဲတွင် သွေးရောင်ဓားရှည်တစ်လက် ပေါ်လာပြီး ကျုံးရှန်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လျှင် ဓားစွမ်းအင်သည် မိုင်သန်းပေါင်းများစွာ ရှည်လျားသွားပြီး ကြယ်စုတန်းများစွာကို ဖြတ်ကျော်သွားသည်။ ထိုဓားစွမ်းအင် ထိမှန်ရာ နေရာမှန်သမျှမှာ အနီရောင် သွေးမြူများအဖြစ် ပြောင်းလဲကုန်ကာ ရှီးရွှယ်ငရဲဘုံ၏ တစ်စိတ်တစ်ပိုင်းသည်ပင် ထိုဓားချက်ကြောင့် ပြတ်တောက်လုနီးပါး ဖြစ်သွားရသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူတော်စင်အဆင့်များ ထုတ်ဖော်နိုင်ခြင်း မရှိရာ ထိုရှီးရွှယ်ငရဲဘုံ၏အရှင်သခင်သည် နတ်ဘုရားအဆင့်ရှိသူပင်ဖြစ်နိုင်၏။

ကျုံးရှန်မှာမူ ထိုဓားချက်ကို ကြည့်ကာ အေးအေးဆေးဆေးပင် ရှိနေသည်။

“မင်းရဲ့ အရည်အချင်းက ဒါပဲလား”

စကားအဆုံးတွင် ကျုံးရှန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏ နောက်ကျောဘက်မှ အနီရောင်သဲမြစ်တစ်စင်း ထွက်ပေါ်လာကာ မရေမတွက်နိုင်သော နီရဲသည့် သဲပွင့်လေးများသည်တောက်ပသော အလင်းတန်းများအသွင်ပြောင်းသွားပြီး သွေးရောင်ဓားစွမ်းအင်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

ထိုသဲမြစ်သည် ဟွမ်ရှား ကုန်သွယ်ရေးအဖွဲ့ ၏ အဖိုးတန်ရတနာဖြစ်သော အနီရောင်သဲမြစ်ပင် ဖြစ်သည်။ ထိုနေ့က ဟွမ်ရှားကုန်သည်အသင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျုံးရှန် ဤရတနာကို ရယူခဲ့ခြင်း ဖြစ်သည်။ ကျုံးရှန်၏ လက်ထဲတွင် အနီရောင်သဲမြစ်၏ စွမ်းအားမှာ မူလပိုင်ရှင်ဖြစ်သည့် ချီရှားမိစ္ဆာအိုကြီးထက် အဆပေါင်းများစွာ သာလွန်နေသည်။ အနီရောင်သဲပွင့်များသည် ကောင်းကင်ယံ၌ အဆက်မပြတ် ဝဲပျံတိုက်ခိုက်နေပြီး ရှီးရွှယ်ငရဲအရှင်သခင်၏ ဓားချက်ကို ဆုတ်ခွာသွားစေသည်။ သူ၏ လက်ထဲမှ ဖန်ဆင်းခြင်းအဆင့် သွေးရောင်ဓားရှည်သည်ပင် ညည်းညူသံများ ထွက်ပေါ်လာပြီး ဓား၏ မူလအနှစ်သာရ ထိခိုက်ပျက်စီးသွားသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

သဲပွင့်များ၏ကျယ်လောင်သော ရိုက်ခတ်သံများမှာ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်နေသည်။ နတ်ဘုရားအဆင့်ရှိသော ရှီးရွှယ်ငရဲအရှင်သခင်မှာ ကျုံးရှန်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင်ပင် အထိနာသွားပြီး ခုခံရန်သာ ကြိုးစားနေရလေသည်။ ကျုံးရှန်မှာမူ ကောင်းကင်ထက်တွင် အနီရောင်သဲနတ်ဘုရားတစ်ပါးအလား ခံ့ညားစွာ ရပ်နေသည်။ သူသည်လက်ကွက်များအဆက်မပြတ်ဖော်ဆောင်လိုက်ပြီး မိစ္ဆာအရှင်သခင်ကို သဲမြစ်အတွင်း ပိတ်လှောင်ထားလိုက်သည်။

“မဖြစ်နိုင်ဘူး... မင်းက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ”

ရှီးရွှယ်ငရဲဘုံ၏အရှင်သခင်သည် ရုန်းထွက်ရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။ သို့သော် ကျုံးရှန်၏ အနီရောင်သဲမြစ်မှာ မည်သည့် ဟာကွက်မျှ မရှိချေ။ ဤငရဲအရှင်သခင်မှာ နတ်ဘုရားအဆင့်သို့ ရောက်နေသော်လည်း ဝမ်ရှန့်တိုက်ကြီးကဲ့သို့သော အဓိကကမ္ဘာမှ နတ်ဘုရားများနှင့် ယှဉ်လျှင် များစွာ အားနည်းနေသည်။

“ကြည့်ရတာ... ဒီကမ္ဘာငယ်မှာ နတ်ဘုရားဖြစ်လာနိုင်ပေမယ့်... တာအိုနိယာမတွေ မပြည့်စုံတာကြောင့်... တကယ့်စွမ်းအားက အများကြီး လျော့နည်းနေတာပဲ”

“ဒါ့အပြင်... သူ့မှာ စစ်မှန်တဲ့ နတ်ဘုရားအဆင့်အတန်းလည်း မရှိဘူး”

ကျုံးရှန်၏လက်ရှိစွမ်းအားဖြင့် အဓိကကမ္ဘာကအစစ်အမှန်နတ်ဘုရားတစ်ပါးနှင့်ထိပ်တိုက်တွေ့ဆုံပါက ဤမျှ လွယ်ကူစွာ ဖိနှိပ်နိုင်မည် မဟုတ်ပေ။ နတ်ဘုရားအဆင့်သို့ ရောက်ရှိလာသူတိုင်းသည် အားနည်းသူများ မဟုတ်ကြဘဲ စစ်မှန်သော နတ်ဘုရားအချင်းချင်း တိုက်ခိုက်ကြလျှင် နှစ်ပေါင်းသောင်းချီ ကြာမြင့်နိုင်ပြီး အနိုင်အရှုံး သတ်မှတ်ရန် ခက်ခဲလှသည်။ သို့ဖြစ်ရာတစ်ဖက်လူကို သတ်ဖြတ်ရန် ဆိုသည်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ကျုံးရှန်သည် စိတ်အာရုံကို စုစည်းကာ သဲမြစ်ကို အရှိန်မြှင့်လိုက်သည်။ ငရဲအရှင်သခင်၏ ဓားချက်များမှာ တောင့်မခံနိုင်တော့ဘဲ သဲပွင့်များမှာ သူ၏ ခန္ဓာကိုယ်ကို စတင် တိုက်စားလာလေသည်။ သူ၏ ခန္ဓာကိုယ်ကို လုံးဝ မဖျက်ဆီးနိုင်သေးသော်လည်း အတွင်းရှိ မိစ္ဆာစွမ်းအားများကို တဖြည်းဖြည်း ကုန်ခမ်းလာ၏။

“မင်း ငါ့ကို သတ်ချင်တာလား... အဲဒါ ဘယ်တော့မှ မဖြစ်နိုင်ဘူး”

“ငါ့ရဲ့ ခန္ဓာကိုယ်က ရှီးရွှယ်ငရဲဘုံရဲ့ ကမ္ဘာ့မူလဇစ်မြစ် နဲ့ ချိတ်ဆက်ထားတာ... ငါ့မှာ ငရဲဘုံရဲ့ အဆုံးမဲ့ စွမ်းအားတွေ ရှိတယ်”

"မင်းရဲ့ တိုက်ခိုက်မှုတွေ ဘယ်လောက်ပဲ ပြင်းထန်ပါစေ... မင်းရဲ့ စွမ်းအားတွေသာ တဖြည်းဖြည်း ကုန်ခမ်းသွားလိမ့်မယ်"

"စောင့်ကြည့်နေလိုက်... ငါ မင်းရဲ့ ဝိညာဉ်နဲ့ သွေးတွေကို ခြောက်ကပ်သွားတဲ့အထိစုပ်ယူပစ်မယ်"

"ပြီးရင် မင်းလာခဲ့တဲ့ ကမ္ဘာကိုပါ ငါ တိုက်ခိုက်အုန်းမှာ"

ရှီးရွှယ်ငရဲအရှင်သခင်၏ မျက်လုံးများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အေးစက်နေပြီး ကျုံးရှန်ကို စိုက်ကြည့်နေကာ အစိမ်းလိုက် ဝါးစားချင်နေပုံရသည်။

“အိုး... ကမ္ဘာ့မူလဇစ်မြစ်နဲ့ ချိတ်ဆက်ထားတာလား”

ကျုံးရှန်၏ မျက်နှာတွင် ကြောက်ရွံ့မှုအစား ပြုံးရွှင်သော အမူအရာ ပေါ်ပေါက်လာသည်။

“ဒါဆိုရင်တော့... မင်း ငါ့ကို လမ်းပြပေးဖို့ပဲ လိုတော့တာပေါ့”

All Chapters