အခန်း (၁၁၅)
Vol. 12 Ch. 115
“ဝုန်း...”
အနီရောင်သဲမြစ်၏ စွမ်းအားမှာ ရုတ်တရက် မြင့်တက်လာသည်။ ပတ်ဝန်းကျင်၌ ဝဲပျံနေသော မရေမတွက်နိုင်သော အနီရောင် သဲပွင့်လေးများသည် ကျုံးရှန်၏ ထိန်းချုပ်မှုအောက်တွင် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံနိုင်သော ဧရာမ သဲဒီရေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အနီရောင်သဲမြစ်၏ အစွမ်းထက်ဆုံးပုံစံသွေးနီရောင်ကောင်းကင်သဲမြစ်။
ထိုသဲမြစ်အတွင်း ပိတ်မိခြင်းခံရပါက မြစ်ရေတိုက်စားခံရသကဲ့သို့ အလွန် နာကျင်စွာခံစားရပြီး လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့ပြင် မိစ္ဆာစွမ်းအား ကုန်ခမ်းနှုန်းသည်လည်း ယခင်ကထက် ဆယ်ဆခန့် ပိုမို မြန်ဆန်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီးရွှယ်ငရဲဘုံအရှင်သခင်၏ မာကျောလှသော မိစ္ဆာခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်ပေါက်လာပြီး အတွင်းရှိ လတ်ဆက်သောသွေးကဲ့သို့ နီရဲနေသည့်စွမ်းအင်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ငရဲအရှင်သခင် ဖြစ်သည့်အတိုင်း သူ၏ ဒဏ်ရာများမှာ ခဏချင်းပင် ပြန်လည်ကောင်းမွန်သွား၏။
“မင်းက ငါ့ကို နာကျင်မှုတွေနဲ့ စိတ်ဓာတ်ကျအောင် လုပ်မလို့လား...”
"အိပ်မက်မက်မနေနဲ့... ဒါ ဘယ်နေရာလဲသိလား... ငရဲဘုံကွ..."
"နာကျင်မှုဆိုတာလည်း ခံစားလို့ကောင်းတဲ့ စွမ်းအားတစ်မျိုးပဲ"
သူသည် နာကျင်မှုကြောင့် အော်ဟစ်နေရသော်လည်း လေသံမှာမူ ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအားများမှာ ဒီရေအလား အရှိန်အဟုန်ဖြင့် စီးဝင်လာနေဆဲ ဖြစ်သည်။ ဤမျှလောက် စွမ်းအားကုန်ခမ်းမှုမှာ သူ့အတွက်တော့ သမုဒ္ဒရာထဲမှ ရေတစ်ပေါက်စာမျှသာ ရှိပေသည်။
ကျုံးရှန်၏ မျက်နှာပေါ်ရှိ အပြုံးများ ပိုမို နက်ရှိုင်းသွားသည်။
"ဟုတ်လား"
"ဒါဆိုရင်လည်း ကောင်းကောင်းကြီး ခံစားလိုက်ပါအုန်း"
လက်တစ်ဖက်ဖြင့်သွေးနီရောင်ကောင်းကင်သဲမြစ်ကို ထိန်းချုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ကြီးမားသော စွမ်းအားကို အသုံးပြုကာ မဟာအစီအရင်တစ်ခု ဖန်တီး၍ ဖိချလိုက်သည်။ ချက်ချင်းပင် မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံနိုင်သော ထူထဲသည့် အလင်းအကာအကွယ်တစ်ခု ပေါ်လာပြီး ရှီးရွှယ် ငရဲဘုံအရှင်သခင်နှင့်သွေးနီရောင်ကောင်းကင်သဲမြစ်တို့ကို ပိတ်လှောင်လိုက်လေသည်။
အလင်းအကာအရံအတွင်း ပိတ်မိသွားသော ငရဲအရှင်သခင်မှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားကာ ငရဲဘုံ၏ ကမ္ဘာ့မူလဇစ်မြစ်နှင့် ချိတ်ဆက်မှု ပြတ်တောက်သွားကြောင်း မျှော်လင့်ချက်မဲ့စွာ တွေ့ရှိလိုက်ရသည်။ ထို့အပြင် ဤအလင်းအကာအကွယ်၏ အောက်၌ သူ၏ မိစ္ဆာစွမ်းအား ကုန်ခမ်းမှုနှုန်းသည် ပိုမို မြန်ဆန်လာသည်။
"ဒါ... ဒါ ဘယ်လိုအတားအဆီးမျိုးလဲ"
"ရပ်လိုက်စမ်း... ဒါ ငရဲဘုံကွ... မင်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ရှီးရွှယ် ငရဲဘုံအရှင်သခင်သည် အသည်းအသန် အော်ဟစ်နေတော့သည်။ ကမ္ဘာ့မူလဇစ်မြစ်နှင့် ချိတ်ဆက်မှု ပြတ်တောက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ များပြားလှသောစွမ်းအား များသည် တစ်စက္ကန့်အတွင်းမှာပင် ဆယ်ပုံတစ်ပုံခန့် ကုန်ခမ်းသွားပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက မကြာခင်မှာပင် သူ အသက်ရှင်လျက် သန့်စင်ခြင်း ခံရတော့မည်။
ကျုံးရှန်သည် သူ၏ အော်ဟစ်သံများကို လုံးဝ လျစ်လျူရှုထားပြီး သွေးနီရောင်ကောင်းကင်သဲမြစ် နှင့် အတားအဆီး၏ စွမ်းအားကို ပိုမို မြှင့်တင်လိုက်သည်။ အတွင်း၌ ပိတ်မိနေသော ငရဲအရှင်သခင်မှာ မျက်တောင်တစ်ခတ်အတွင်း အကြိမ်ကြိမ် အမှုန့်ဖြစ်သွားလိုက် ပြန်လည် ပေါင်းစည်းလိုက်ဖြင့် ဝေဒနာကို အလူးအလဲ ခံစားနေရ သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲကမ္ဘာ မှာလည်း ပျက်စီးသွားကာ အတွင်းရှိ ငရဲမိစ္ဆာငယ်လေးများလည်း အလုံးအရင်းနှင့် သေဆုံးကုန်ကြသည်။ တိုက်ပွဲ၏ သက်ရောက်မှုအားသည် ရှီးရွှယ် မိစ္ဆာကြယ်ကို ဗဟိုပြုလျက် မိုင်ပေါင်း သန်းတစ်သောင်း ပတ်လည်ရှိ ကြယ်စုတန်းများကို ရိုက်ခတ်ပျက်စီးကုန်စေသည်။ မည်သည့် ငရဲမိစ္ဆာမှ မကျန်ရစ်တော့ပေ။
ငရဲအရှင်သခင်၏ သွေးပျက်ဖွယ် အော်ဟစ်သံများသာ အဝေးသို့ ပျံ့လွင့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း မိစ္ဆာစွမ်းအား သုံးပုံတစ်ပုံအောက်သာ ကျန်ရှိတော့သည့်အချိန်တွင် ရှီးရွှယ်ငရဲအရှင်သခင်မှာ စိတ်ဓာတ်ကြံ့ခိုင်မှု ပြိုလဲသွားတော့လေသည်။ သူသည် အကြိမ်ကြိမ် ချေဖျက်ခံနေရသည့် ကြားမှပင် မြေပြင်ပေါ်၌တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်လိုက်၏။
“စီနီယာ... အသက်ချမ်းသာပေးပါ... ကျွန်တော် စီနီယာ့ရဲ့အစေခံဖြစ်ဖို့ဆန္ဒရှိပါတယ်...."
ကျုံးရှန်သည် ထိုစကားကို ကြားသော်လည်း ချက်ချင်း ရပ်တန့်ခြင်း မရှိသေးပေ။ သူသည် သွေးနီရောင်ကောင်းကင်သဲမြစ်ကို ဆက်လက် လည်ပတ်စေကာ ငရဲအရှင်သခင်၏ စွမ်းအားများကိုသာ ပိုမိုကုန်ဆုံးလာရသည်။ နောက်ဆုံးတွင် ငရဲအရှင်သခင်၏ ခန္ဓာကိုယ်မှာ လူပုံသဏ္ဌာန်ပင် မပေါ်တော့ဘဲ သွေးရောင်စွမ်းအင်အစုအဝေး တစ်ခုအဖြစ်သာ ကျန်ရှိတော့ကာ စွမ်းအားများမှာလည်း ရာခိုင်နှုန်း တစ်ရာတွင် တစ်ပုံမျှသာ ကျန်တော့၏။ သူ၏သိစိတ်အာရုံများလည်း ဝေဝါးလုနီးပါး ဖြစ်နေကာ တီးတိုး ရေရွတ်နေသည်။
"ကျွန်အဖြစ် အမှုထမ်းပါ့မယ်..."
“ဝုန်း...”
သွေးနီရောင်ကောင်းကင်သဲမြစ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး အတားအဆီးအလင်းတန်းများမှိန်ဖျော့သွားသည်။
“မင်းက ငါ့ရဲ့ ကျွန်ဖြစ်ဖို့ ဒီလောက်တောင် အသည်းအသန် တောင်းဆိုနေမှတော့... ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်”
ကျုံးရှန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားသည်။ သူသည် နဂါးမဲ့နှလုံးသားကျင့်စဉ်ကို လည်ပတ်စေကာ စစ်မှန်သောအတ္တအမှုန်ရဲ့ နတ်ဘုရားသန္ဓေသားမျိုးစေ့တစ်စေ့ကို ဖန်တီးလိုက်သည်။ သူက လက်ညှိုးဖြင့် ထိုးလိုက်ရာ ထိုမျိုးစေ့မှာ အလင်းတန်းလေးတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး ရှီးရွှယ် ငရဲဘုံအရှင်သခင်၏ ဝိညာဉ်အတွင်းသို့ တိုးဝင်သွားလေသည်။
ထိုမျိုးစေ့မှာ ချက်ချင်းပင် အမြစ်တွယ်သွားပြီးငရဲဘုံအရှင်သခင်၏ဝိညာဉ်၊သွေးကြောများတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွား လေသည်။ နတ်ဘုရားသန္ဓေသားမျိုးစေ့သည်နှလုံးသားတစ်ခုအလား စည်းချက်ညီညီ လှုပ်ရှားနေပြီး လှုပ်ရှားမှုတိုင်းတွင် မိစ္ဆာစွမ်းအားများကို သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲကာ ကျုံးရှန်၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ပေးပို့နေသည်။ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ သန်းရှစ်ရာကျော်သော စစ်မှန်သောအတ္တအမှုန်များဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်ယောင်ကြီးမှာ ထိုစွမ်းအင်များကို စုပ်ယူလိုက်လျှင် ဒုတိယမြောက် အမှုန်လေးမှာ မှိန်ဖျော့ရာမှ တဖြည်းဖြည်းလင်းလက်လာပြီး မကြာခင်မှာ အပြည့်အဝတောက်ပလာပေတော့မည်။
စစ်မှန်သောအတ္တအမှုန်အမွှား နှစ်ခု။
နတ်ဘုရားနှစ်ပါး၏ စွမ်းအား။
နတ်ဘုရားသန္ဓေသားမျိုးစေ့ အမြစ်တွယ်သွားပြီးနောက် ရှီးရွှယ် ငရဲဘုံအရှင်သခင်၏ကျန်ရှိနေသေးသော နည်းပါးလှသည့် ဝိညာဉ်နှင့် မိစ္ဆာစွမ်းအားများ ပိုမို ခြောက်ခမ်းသွားလေသည်။ သို့သော် သူသည် ဝိညာဉ်အတွင်း၌အမြစ်တွယ်သွားခြင်းကို လုံးဝ သတိမထားမိဘဲ မည်သည့် နာကျင်မှုမျှလည်း မခံစားရပေ။ ဝိညာဉ်နှင့် သွေးကြောများထဲတွင် အမြစ်တွယ်နေသည်ကို လုံးဝ မမြင်နိုင်ခဲ့ပေ။
“နဂါးမဲ့နှလုံးသားကျင့်စဉ်က ဆင်းသက်လာတဲ့ နတ်ဘုရားသန္ဓေသားမျိုးစေ့က တကယ့်ကို အစွမ်းထက်တာပဲ...အရိပ်အယောင်တောင် မပြဘဲနဲ့... နတ်ဘုရားအဆင့် ကျွမ်းကျင်သူကိုတောင် လှည့်စားထားနိုင်တယ်...”
“ဒါပေမဲ့ ဒီမျိုးစေ့ကို စိုက်ပျိုးဖို့ဆိုတာ တစ်ဖက်လူက ခုခံနိုင်စွမ်း လုံးဝ ကုန်ခမ်းနေတဲ့ အချိန်မှပဲ အောင်မြင်စွာလုပ်ဆောင်နိုင်မှာ”
ကျုံးရှန်က လက်ဖျောက်တစ်ချက် တီးလိုက်လျှင် သွေးနီရောင် ကောင်းကင်သဲမြစ်မှာ တစ်စစီ ပြိုကွဲသွားပြီး သူ၏ လက်ဖျားရှိ ဘူးသီးခြောက်လေးအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကာ မိုင်တစ်ရာ ပတ်လည်ရှိ အတားအဆီးလည်း ပျောက်ကွယ်သွား၏။
ထိုအခါမှ ငရဲဘုံ၏ မူလဇစ်မြစ် စွမ်းအားများမှာ ရှီးရွှယ် ငရဲဘုံအရှင်သခင်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည် စီးဝင်လာလေသည်။ သူ၏ ခန္ဓာကိုယ်မှာ မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ပေါင်းစည်းသွားပြီး သွေးရောင် မျက်လုံးများလည်း ပြန်လည် တောက်ပလာ၏။
"ဒီလူက အရမ်း ကြောက်စရာကောင်းတယ်... ပျက်သုဉ်းခြင်းငရဲ ၊ ကပ်ဘေးငရဲ နဲ့ အပြစ်ငရဲ တို့က အရှင်သခင်တွေကို သွားခေါ်မှ ဖြစ်မယ်"
"မဟုတ်ရင် ငါတစ်ယောက်တည်းနဲ့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"
ရှီးရွှယ် ငရဲဘုံအရှင်သခင်က မျက်လုံးကစားလိုက်ပြီး ကျုံးရှန်ကို ထိပ်တိုက် မရင်ဆိုင်ရဲတော့ဘဲ ငရဲမူလစွမ်းအားများကို အသုံးချကာ ဟင်းလင်းပြင်အတွင်းသို့ ကိုယ်ယောင်ဖျောက် ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် သူ၏ အတွေး ပေါ်လာရုံသာ ရှိသေးပြီး မူလဇစ်မြစ်နှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်စဉ်မှာပင် ထူးဆန်းသော စွမ်းအားတစ်ခုက ထိုချိတ်ဆက်မှုကို အတင်းအဓမ္မ ဖြတ်တောက်လိုက်ရာသူ၏ ခန္ဓာကိုယ်မှာ လေထဲ၌ပင် မလှုပ်မယှက် ဖြစ်သွား၏။
“ဟင်... ထူးဆန်းလိုက်တာ...”
သူသည် စောစောက တိုက်ပွဲတွင် စွမ်းအားကုန်ခမ်းမှု များပြားသွားသဖြင့် ဝိညာဉ်မငြိမ်မသက်ဖြစ်ကာ ငရဲဘုံမူလစွမ်းအင်နှင့် ကောင်းစွာ မချိတ်ဆက်နိုင်ခြင်း ဖြစ်မည်ဟု ထင်မှတ်လိုက်သည်။
"မိစ္ဆာစိတ်အာရုံတွေ ငြိမ်သက်သွားစေ..."
ထို့နောက် စိတ်ထဲမှ ရေရွတ်လိုက်ကာ အခြား အတွေးများကို ဖယ်ရှားပြီး ငရဲဘုံမူလစွမ်းအင်နှင့် ချိတ်ဆက်ရန် အာရုံစိုက်လိုက်သည်။သို့သော် မည်မျှပင် ကြိုးစားစေကာမူ မအောင်မြင်ဘဲ ကျရှုံးနေလေသည်။သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို အသေးစိတ် စစ်ဆေးကြည့်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့။ ယခုအခါတွင် ရှီးရွှယ်ငရဲအရှင်သခင် တကယ်ကို ထိတ်လန့်သွားပြီ ဖြစ်သည်။
“မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
သူ၏ နှုတ်ခမ်းများမှာ တုန်ခါနေသည်။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရတနာတစ်ခုကို ထုတ်သုံးရန် ကြိုးစားလိုက်သော်လည်း ထိုရတနာမှာမလှုပ်မယှက် ရှိနေရာ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်သူနှင့်မဆိုင်တော့သလိုခံစားလိုက်ရ၏။
ကျုံးရှန်မှာမူ အေးအေးလူလူပင် ရပ်နေပြီး ထိတ်လန့်နေသော ငရဲအရှင်သခင်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ဝပ်စမ်း...”
ကျုံးရှန်က သာမန်ကာလျှံကာ ပြောလိုက်ရုံသာ ရှိသေးသည်။
“ဘုန်း...”
ရှီးရွှယ် ငရဲဘုံအရှင်သခင်မှာ ကိုယ်ကို မထိန်းနိုင်ဘဲ မှောက်လျက်သား လဲကျသွားသည်။
"ထိုင်ပြီး ခွေးလို ဟောင်စမ်း"
"ဝုတ်...ဝုတ်...ဝုတ်..."
ထိုအခါ ငရဲအရှင်သခင်မှာ ချက်ချင်းပင် ထထိုင်ကာ အဆက်မပြတ် ဟောင်နေတော့သည်။ သူသည် ခွေးတစ်ကောင်ထက်ပင် ပို၍ နာခံမှု ရှိနေ၏။
“ဒါ... ဒါ ဘယ်လို နည်းလမ်းမျိုးလဲ...”
ရှီးရွှယ်ငရဲအရှင်သခင် ကြောင်အသွားပြီးနေရာတွင်ပင် ကြက်သေသေနေကာ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားရသည်။
“အခုချိန်ကစပြီး ...မင်းရဲ့ အတွေး ၊ လုပ်ရပ်တွေ အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ... မင်းရဲ့ အသက်သေတာ ရှင်တာက ငါ့စိတ်ဆန္ဒ တစ်ချက်ပဲ လိုတယ်"
"မင်းက ပါးနပ်တဲ့ကောင်ပဲ... ဘာလုပ်ရမလဲဆိုတာ သိမှာပါ"