← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

ရှီးရွှယ် ငရဲဘုံအရှင်သခင်သည် တုန်တုန်ယင်ယင်ဖြင့် ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးတစ်ခု ပေါ်ပေါက်နေ၏။

“လောကကြီးက တကယ့်ကို အပြောင်းအလဲ မြန်လွန်းတာပဲ...”

“ငါ ရှီမင်... ရှီးရွှယ် ငရဲဘုံကို နှစ်ပေါင်း သန်းချီအောင် စိုးမိုးလာခဲ့တာ...တစ်နေ့မှာ ဒီလို အခြေအနေမျိုး ရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

သူသည် ဝမ်းနည်းပူဆွေးစွာဖြင့် တစ်ချက် ရေရွတ်လိုက်ပြီးနောက် အရာအားလုံးကို လက်ခံလိုက်ပုံရသည်။ ထို့နောက် မည်သည့် ခုခံမှုမျှ မပြုတော့ဘဲ အလွန် ပွင့်လင်းပြတ်သားစွာပင် ကျုံးရှန်၏ ရှေ့မှောက်၌ ဒူးထောက် ချလိုက်တော့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် ထိခြင်းငါးပါးဖြင့် မြေကြီးနှင့်ထိကာ ဦးခိုက်လိုက်သည်။

“အရှင်ရဲ့ နိမ့်ကျလှတဲ့ ကျွန် ရှီမင်... အရှင် စေခိုင်းသမျှကို နာခံဖို့ အသင့်ပါပဲ”

"သခင့်ရဲ့ နတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းတယ်... ငရဲဘုံကို ဖိနှိပ်နိုင်တယ်...အခုချိန်မှစပြီး ကျွန်တော်မျိုးဟာ သခင့်ကိုပဲ ဗဟိုပြုပြီး သစ္စာရှိရှိ အမှုထမ်းသွားဖို့ ဆန္ဒရှိပါတယ်....”

ရှီးရွှယ်ငရဲအရှင်သခင် ရှီမင်သည် အလွန် ကြည်ညိုလေးစားသော ပုံစံဖြင့် ကျယ်လောင်စွာ ကတိသစ္စာ ပြုလိုက်လေသည်။

ကျုံးရှန်က ထိုမြင်ကွင်းကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ... အခြေအနေကို နားလည်တာက ပညာရှိတို့ရဲ့ အလုပ်ပဲ.... ထစမ်း...”

...

ရှီးရွှယ် မိစ္ဆာနန်းတော် အတွင်း။

ကျုံးရှန်သည် သွေးရောင်လွှမ်းနေသော ရာဇပလ္လင်ပေါ်တွင် အေးအေးလူလူ ထိုင်နေခဲ့ပြီး ရှီးရွှယ် ငရဲဘုံ၏ ထူးခြားလှသော ရှုခင်းများကို ကြည့်ရှုနေသည်။ ရှီးရွှယ် ငရဲဘုံအရှင်သခင် ရှီမင်ကမူ ရာဇပလ္လင်၏ အောက်ဘက်တွင် ရိုသေစွာ ဒူးထောက်လျက် ရှိနေ၏။

“သခင်... ရှီးရွှယ် ငရဲဘုံရဲ့ ကမ္ဘာ့အမြုတေ ဆီကို သွားချင်တာလား”

“ဒါက မခက်ခဲပါဘူး... ကမ္ဘာ့မူလဇစ်မြစ်ရဲ့ ဝင်ပေါက်က ဒီမိစ္ဆာကြယ်ရဲ့ အနက်ရှိုင်းဆုံးအောက်ခြေအလွှာမှာ ရှိပါတယ်..."

ပြောပြောဆိုဆိုနှင့်ပင် ရှီမင်သည် လက်ကွက်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီး ပါးစပ်မှလည်း ဂါထာတစ်ခုကို တီးတိုး ရွတ်ဆိုလိုက်သည်။ သွေးရောင် နန်းတော်ကြီး၏ ကြမ်းပြင်ပေါ်တွင် မှောင်မိုက်နက်ရှိုင်းသော ဟင်းလင်းပြင် အပေါက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ဆန်းကြယ်သော နေရာတစ်ခုဆီသို့ ဦးတည်နေပုံရသည်။

“ဒီလမ်းရဲ့ အဆုံးမှာ ရှီးရွှယ် ငရဲဘုံရဲ့ မူလဇစ်မြစ် တည်ရှိပါတယ်....သခင်”

ရှီမင်က လေသံတိုးတိုးဖြင့် ရှင်းပြပြီးနောက် တစ်စုံတစ်ခုကို သံသယဖြစ်မိသကဲ့သို့ ကျုံးရှန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

"သခင်... ရှီးရွှယ်ငရဲဘုံရဲ့မူလဇစ်မြစ်ဆီ သွားတာက ဒီငရဲဘုံရဲ့အရှင်သခင် ဖြစ်ချင်လို့များလား"

"ကျွန်တော် သတိပေးပါရစေ... ငရဲဘုံရဲ့ မိစ္ဆာဝိညာဉ် မဟုတ်ရင် မူလဇစ်မြစ်ရဲ့ အသိအမှတ်ပြုမှုကို မရနိုင်သလို... ငရဲအရှင်သခင်ရာထူးကိုလည်း မရနိုင်ပါဘူး"

"နောက်ပြီး...ငရဲဘုံကမ္ဘာနဲ့ အဓိကအခြေခံကမ္ဘာရဲ့ မူလစွမ်းအားတွေက လုံးဝ မတူညီတဲ့အတွက်... အရှင်က ငရဲဘုံ မူလစွမ်းအားကို စုပ်ယူရင်တောင် ကျင့်ကြံခြင်းအတွက် အထောက်အကူ မဖြစ်ပါဘူး"

"များများ ထိတွေ့မိရင် ဝိညာဉ်ကို ညစ်ညမ်းစေပြီး မိစ္ဆာစိတ် ဝင်သွားနိုင်ပါတယ်"

ကျုံးရှန်က သူ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ရှီမင်မှာ တစ်ကိုယ်လုံး အေးစက်သွားပြီး ဆက်ပြောရန် မဝံ့တော့ဘဲ နှုတ်ဆိတ်သွားတော့သည်။

အရှင်သခင်၏ အစီအစဉ်ကို သံသယဝင်ခြင်းမှာ သေဒဏ်နှင့် ထိုက်တန်သည် မဟုတ်ပါလား။

ကံကောင်းထောက်မစွာဖြင့် ကျုံးရှန်က ထိုကိစ္စကို အလေးမထားဘဲ ပလ္လင်ပေါ်မှ ထရပ်ကာ အပေါက်အတွင်းရှိ လမ်းကြောင်းဆီသို့ အေးအေးဆေးဆေး လျှောက်လှမ်းသွားလေသည်။ ရှီမင်လည်း အသက်ကို ဝဝရှူလိုက်ကာ နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်ပြီး ကျုံးရှန်၏ အနောက်မှ ကပ်၍ လိုက်ပါသွားလေသည်။

ကျုံးရှန် လမ်းကြောင်းအတွင်းသို့ ဝင်လိုက်သောအခါမှ ထိုလမ်းကြောင်းမှာ အရောင်အဆင်းနှင့် ပုံသဏ္ဌာန် မရှိသော ထူးဆန်းသည့် ဒြပ်စင်တစ်ခုဖြင့် တည်ဆောက်ထားကြောင်း သိလိုက်ရသည်။ ထိတွေ့လိုက်လျှင် အေးစက်စက် ခံစားမှုကို ရရှိရပြီး နတ်ဘုရားစိတ်အာရုံဖြင့်လည်း ထိုးဖောက်၍ မရချေ။ ဤအတားအဆီးများ၏ အနောက်ဘက်တွင် မည်သည့်အရာ ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။ အဆုံးမဲ့ ဟင်းလင်းပြင် သို့မဟုတ် အချိန်နှင့် ဟင်းလင်းပြင် မုန်တိုင်းများ ဖြစ်နိုင်သည်။လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာစဉ် ထူးဆန်းသော ဖိအားတစ်ခု ပတ်ဝန်းကျင်မှ သက်ရောက်လာပြီး ကျင့်ကြံသူ၏ အစွမ်းထက်သော နည်းစနစ်များအားလုံးကို သုံး၍မရအောင် ပိတ်ဆို့ထားသည်။ သူတို့နှစ်ဦး မှောင်မိုက်သော လမ်းကြောင်းထဲတွင် အချိန်မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည် မသိ။ အချိန်အာရုံ ခံစားမှုပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် ရှေ့မှ အလင်းရောင်များ တောက်ပလာတော့သည်။

သူတို့နှစ်ဦးသည် အဆုံးမရှိ ကျယ်ပြောလှသော ဟင်းလင်းပြင်တစ်ခုအတွင်း ရောက်ရှိသွားလေသည်။ ထိုနေရာတစ်ခုလုံးမှာ လင်းထိန်နေပြီး ၏ အလယ်ဗဟိုတွင် ကြယ်ကြီးတစ်လုံးမျှ ကြီးမားသော ကြည်လင်တောက်ပသည့် နှလုံးသားတစ်ခု ရှိနေသည်။ထို ကြည်လင်တောက်ပနေသောနှလုံးသားကြီးသည်သန့်စင်သော အဖြူရောင်အလင်းများ ထုတ်လွှတ်နေပြီး အသံမထွက်ဘဲ ဖြည်းညှင်းစွာ ခုန်လှုပ်နေ၏။ နှလုံးတစ်ချက်ခုန်သွားတိုင်း မရေမတွက်နိုင်သော ငရဲဘုံ မူလစွမ်းအားများ ထွက်ပေါ်လာပြီး ရှီးရွှယ် ငရဲဘုံတစ်ခုလုံးဆီသို့ ပျံ့နှံ့စီးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ငရဲဘုံအတွင်းရှိ ဖရိုဖရဲ ဖြစ်နေသော မိစ္ဆာစွမ်းအားများနှင့် မသန့်စင်သော စွမ်းအင်များကို ပြန်လည် စုပ်ယူကာ မူလစွမ်းအားများအဖြစ် ပြန်လည် ပြောင်းလဲပေးနေသဖြင့် ခုန်လှုပ်မှုတိုင်းသည် ရှီးရွှယ် ငရဲဘုံ၏ စွမ်းအားလည်ပတ်မှုစက်ဝန်းကို ပြီးပြည့်စုံစေသည်။

“သခင်... ဒါက ရှီးရွှယ် ငရဲဘုံရဲ့ မူလဇစ်မြစ် ပါပဲ... ဒီခုန်နေတဲ့ နှလုံးသားကတော့ တစ်ကမ္ဘာလုံးကို ဖန်တီးထားတဲ့ ကမ္ဘာဦးအမြုတေပါ”

ရှီမင်က ခေါင်းငုံ့ပြီး ရိုသေစွာ ရှင်းပြလိုက်သည်။

"ရွှပ်"

ကျုံးရှန်၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ကြီးမားသော ကမ္ဘာဦးအမြုတေကို ပတ်ပြီး ပျံသန်းကာ လေ့လာလိုက်သည်။ သူ၏ စိတ်အာရုံသည် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နှလုံးသားကြီး၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ စိတ်အာရုံမှာ ကမ္ဘာဦးအမြုတေနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ထိုနှလုံးသားကြီးမှာ ပြင်းထန်စွာ တုံ့ပြန်လာလာပြီး အဆက်မပြတ် ခုန်လှုပ်လာကာ ဟင်းလင်းပြင် တစ်ခုလုံးတုန်ခါသွား၏။ မူလက စီးဆင်းနေသော စွမ်းအားများမှာ ချက်ချင်းပင် ထက်ရှလှသော ဓားသွားများအသွင် ပြောင်းလဲသွားပြီး ကျုံးရှန်ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ ထိုဓားသွားများမှာ နိယာမများကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိကြသည်။

အပြောင်းအလဲမှာ မြန်ဆန်လွန်းလှသဖြင့် နတ်ဘုရားအဆင့် ရှိသော ရှီမင်ပင် တုံ့ပြန်ချိန် မရလိုက်ပေ။ သို့ဖြစ်ရာသူသတိပေးချိန်ပင် မရလိုက်ဘဲ ထိုမူလဇစ်မြစ်စွမ်းအင်ဓါးသွားများ ကျုံးရှန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်ကိုသာ မြင်လိုက်ရသည်။

"သ... သခင်..."

ရှီမင်၏ အသံ တုန်ရီနေသည်။

ကျုံးရှန် သူ့အပေါ် မည်သည့် ကျွန်စာချုပ် ချုပ်ဆိုထားသည်ကို မသိသော်လည်း မည်သည့် စာချုပ်မျိုးမဆို သခင်သေလျှင် ကျွန်လည်း အသက်ရှင်ရန် ခက်ခဲမည်မှာ သေချာသည်။ ယခုအချိန်တွင် ကျုံးရှန်ကို အသက်ရှင်စေချင်လွန်းလှသည်။ သို့သော် ခဏအကြာတွင် မည်သည့်နာကျင်မှုမှ မခံစားရကြောင်း တွေ့လိုက်ရသည်။

တစ်ဖက်ရှိ ကျုံးရှန်မှာ ဟင်းလင်းပြင်၌ငြိမ်သက်စွာလွင့်မျောနေပြီး မျက်လုံးများ မှိတ်ထားကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ ရှီမင် မသိလိုက်သည်မှာ ထိုမူလဇစ်မြစ်စွမ်းအင်ဓားသွားများသည် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်သို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။ ထိုဓားများသည် ရုပ်ခန္ဓာကို မထိခိုက်စေဘဲ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ကျုံးရှန်၏ ဝိညာဉ်သာ ဖျက်ဆီးခံလိုက်ရပါက သူ၏ သက်ရှိဖြစ်တည်မှု အားလုံး ပျက်သုဉ်းသွားမည်ဖြစ်ပြီးကိုယ်ခန္ဓာသိမ်းပိုက်ခြင်း သို့မဟုတ် ဝိညာဉ်ကပ်ငြိခြင်း ပြုလုပ်ရန် အခွင့်အရေးပင် ရမည် မဟုတ်ပေ။

“ဟမ့်..."

"ဝိညာဉ်ကို တိုက်ခိုက်တဲ့ နည်းလမ်းပေါ့.... တခြားသူဆိုရင် နတ်ဘုရားစစ်စစ် ဖြစ်နေရင်တောင် ဒီတိုက်ကွက်ကို ခံနိုင်မှာ မဟုတ်ပေမဲ့... ငါ့အပေါ်တော့အလုပ်မဖြစ်ဘူးလေ"

ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင် နတ်ဘုရားတံဆိပ် ကို ကိုယ်စားပြုသော ရွှေရောင်လူသားလေး၏မျက်လုံးများပွင့်လာသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်ကို ရှာဖွေနေသော ရှီးရွှယ်ငရဲဘုံ၏မူလဇစ်မြစ်စွမ်းအင်ဓားသွားကို ဖမ်းဆုပ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ မူလဇစ်မြစ်စွမ်းအင်ဓားသွားမှာ သန့်စင်သော ငရဲမူလစွမ်းအားများအဖြစ် ပြောင်းလဲသွားလျှင်ရွှေရောင်လူသားလေးသည် ထိုစွမ်းအားများကို လျှင်မြန်စွာ သန့်စင်လိုက်သည်။ နောက်ဆုံးတွင် ထိုမူလဇစ်မြစ်စွမ်းအင်များသည် ပုံသဏ္ဌာန်မမှန်သော ဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှီးရွှယ် ငရဲဘုံတစ်ခုလုံး၏ ပုံစံငယ် ဖြစ်လာသည်။

"ကောင်းတယ်... ရှီးရွှယ်ငရဲဘုံပုံစံငယ် ဖွဲ့စည်းမှုပြီးပြီ... စစ်မှန်သောအတ္တအမှုန်အမွှား နတ်ဘုရားသန္ဓေသားမျိုးစေ့ကို ဒီပုံစံငယ်ထဲ ထည့်လိုက်ရုံပဲ"

"နောက်ပြီး ငရဲဘုံရဲ့ကမ္ဘာဦးအမြုတေနဲ့ ဆက်သွယ်မှု ရသွားအောင်ဒီပုံစံငယ်ကို အဲ့အကြည်ရောင်နှလုံးသားထဲ ပြန်ထည့်လိုက်ရုံပဲ"

"အခုကစပြီး ငါ ဘယ်နေရာကိုပဲ ရောက်ရောက် ရှီးရွှယ် ငရဲဘုံရဲ့ မူလစွမ်းအားတွေကို စိတ်ကြိုက် စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်နိုင်တော့မယ်”

ကျုံးရှန်သည် စိတ်ထဲမှ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ ဤသည်မှာ သူ မျှော်လင့်မထားသော ကြီးမားလှသော အောင်မြင်မှုတစ်ခုပင် မဟုတ်ပါလား။

All Chapters