အခန်း (၁၁၈)
Vol. 12 Ch. 118
ကောင်းကင်ယံမှ မိုးကြိုးများ မုန်တိုင်းသဖွယ် ကျဆင်းလာသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
မိုးကြိုးတန်းများသည် ဟွမ်ရှားလူမျိုးစု စစ်သည်များရှိရာသို့ တိုက်ရိုက်ထိမှန်သွားပြီး မြေပြင်ပေါ်တွင် ပူပြင်းလောင်ကျွမ်းနေသော ကျင်းကြီးများကို ဖြစ်ပေါ်လာ၏။ ကျန်ရှိနေသော မိုးကြိုးစွမ်းအင်များမှာ တောက်ပသည့် လျှပ်စစ်ချော်ရည်များအဖြစ် ပြောင်းလဲသွားကာ မြေပြင်တစ်ခုလုံးချိုင့်ခွက်များဖြင့် ဗရုတ်ဗရက် ဖြစ်သွားပြီး အပူရှိန်ကြောင့် အငွေ့များ တထောင်းထောင်း ထနေသည်။
သို့သော်လည်း ဤမျှလောက် ပြင်းထန်လှသော တိုက်ခိုက်မှုသည် ဟွမ်ရှားလူမျိုးစုများအပေါ်တွင် အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။ သူတို့သည် ဤလောကထဲတွင် တည်ရှိမနေတော့သည့် ပုံရိပ်ယောင်များအလား ဖြစ်သွားကြသဖြင့် မိုးကြိုးများမှာ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွား လေသည်။
အကြီးအကဲဆွန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့်သွားရ၏။ အောက်ဘက်ရှိ ဟွမ်ရှားလူမျိုးစုများ မည်သည့် လှည့်ကွက် သုံးနေသည်ကို မသိသော်လည်း သူ၏ ဝိညာဉ်အာရုံခံစားမှုက ကြီးမားသော ဘေးဒုက္ခတစ်ခု ကျရောက်တော့မည်ဖြစ်ကြောင်း သတိပေးနေသည်။ ဟွမ်ရှားလူမျိုးစု၏ ယဇ်ပူဇော်ခြင်း နည်းစနစ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ရှေးဟောင်းမှတ်တမ်းများတွင်ပင် အနည်းငယ်သာ ဖော်ပြထားသည်။ သို့ဖြစ်ရာ အကြီးအကဲဆွန်သည် မထူးခြားတော့သည်ကို သိသဖြင့် ကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး ကောင်းကင်သို့ မိုးကြိုးမီးလုံးတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုသည်မှာ ဆုတ်ခွာရန် အချက်ပြခြင်းဖြစ်သည်။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ တပည့်များမှာ စည်းကမ်း အလွန်ကောင်းမွန်ကြသည်။ မြို့ပြင်ရှိ တပည့် တစ်သိန်းနှင့် အကြီးအကဲများသည် အချက်ပြချက်ကို မြင်သည်နှင့် တပြိုင်နက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ မြို့အတွင်းသို့ အမြန်ဆုံး ဆုတ်ခွာသွားကြတော့သည်။ မြို့အတွင်း၌ အိပ်ငိုက်နေသော ကျူးကျီ သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး သူ၏ မျက်ဝန်းအစုံတွင် ဆန်းကြယ်သော အလင်းတန်းများ လှည့်ပတ်စီးဆင်းနေ၏။
"သူတို့အားလုံးကို မြို့ထဲဝင်ပြီး ခံစစ်ပြင်ခိုင်းလိုက်"
"ဒါက ရှေးဟောင်း ဟွမ်ရှား ယဇ်ပူဇော်ခြင်း နည်းစနစ်ပဲ"
"ဒီ ဟွမ်ရှားကောင်တွေက အသက်စွန့်ပြီး တိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ"
ကျူးကျီ၏ အတွေ့အကြုံနှင့် ဗဟုသုတအရ ထိုလျှို့ဝှက်ချက်ကို ချက်ချင်း သိမြင်လိုက်ခြင်း ဖြစ်သည်။ ရှေးဟောင်း ဟွမ်ရှား ယဇ်ပူဇော်ခြင်း နည်းစနစ်သည် ပူဇော်သည့် ယဇ်ကောင် အရေအတွက်နှင့် အရည်အသွေးအပေါ် မူတည်ပြီး မိမိတို့ မျိုးနွယ်စု၏ နတ်ဘုရားကိုပင် လောကထဲသို့ ဆင်းသက်လာအောင် ဖိတ်ခေါ်နိုင်သည်။ယခု ပူဇော်နေသည့် ဟွမ်ရှားစစ်သည် တစ်သန်းခန့် အများစုမှာ ကျင့်ကြံခြင်း အဆင့် မမြင့်ကြသည့် သိုင်းဆရာသခင် အဆင့်များ ဖြစ်ကြသော်လည်း အရေအတွက်မှာ အလွန်ပင် များပြားလှသည်။ ထို့ပြင် နိယာမနယ်ပယ် အဆင့် ၂၅ ရှိသော ခေါင်းဆောင်နှစ်ဦးပါ ပါဝင်နေသဖြင့် အနည်းဆုံး သူတော်စင်အဆင့် ၆ ခန့်ရှိသော နတ်ဘုရား၏ စိတ်အာရုံကို ဖိတ်ခေါ်ရန် လုံလောက်ပေသည်။
ထိုစကားကို ကြားသောအခါ ကျုံးချီထျန်းမှာ ပေါ့ဆမနေရဲပေ။ သူသည် ခံစစ်ကို အစွမ်းကုန် အားဖြည့်ရန် အမြန်ဆုံး ညွှန်ကြားလိုက်ရသည်။ တိုက်ဆိုင်စွာပင် ဆွန်အကြီးအကဲကလည်း ဆုတ်ခွာရန် အချက်ပြလိုက်ပြီ ဖြစ်သဖြင့် အခြေအနေမှာ အလွန် စိုးရိမ်ရကြောင်း ထင်ရှားနေသည်။ မကြာမီပင်ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ တပည့်အားလုံး မြို့ထဲသို့ ပြန်ရောက်လာကြသည်။ ချင်းယွမ်ရိမု အစီအရင် သည်လည်း စွမ်းအင်များ အပြည့်အဝ ရရှိသွားပြီဖြစ်သဖြင့် အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး စိမ်းဖန့်ဖန့် အလင်းတန်းများက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်းမှာ လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရသည်။
အကြီးအကဲဆွန်သည် လေထဲတွင် ဝဲပျံလျက် မြို့ထဲသို့ ဆင်းသက်လာသည်။ သူသည် ကောင်းကင် မိုးကြိုးဟိန်းသံဓားကို ရရှိထားသဖြင့် မိုးကြိုးနတ်ဘုရားတစ်ပါးအလား ခန့်ညားလှပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် မိုးကြိုးအရှိန်အဝါများ ကိန်းအောင်း နေကာသူ၏ စွမ်းအားမှာလည်း ယခင်ကထက် များစွာ သာလွန်သွားပြီ ဖြစ်သည်။လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် မိုးကြိုးစွမ်းအားများကို ထုတ်ဖော်နိုင်ပြီး သူနှင့် အဆင့်တူ ကျင့်ကြံသူများကို အလွယ်တကူ အနိုင်ယူနိုင်ရာ မျက်ကန်းပုရောဟိတ်နှင့် အရိုးစုခေါင်းဆောင် နှစ်ယောက်ပေါင်းကိုပင် ပြန်မတိုက်နိုင်အောင် ဖိနှိပ်ထားနိုင်ခဲ့သည်။
မြို့ထဲရှိ ခံစစ်အစီအရင်မှာ ဘိုးဘေးကိုယ်တိုင် ချန်ထားခဲ့သော အစွမ်းထက် အစီအရင် ဖြစ်သည်။ စွမ်းအင်သာ အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည်ဆိုပါက သူတော်စင်အဆင့် ၉ ရှိသူများပင် ခဏအတွင်း ဖြိုခွဲနိုင်မည် မဟုတ်ချေ။
မြို့ထဲသို့ ပြန်ရောက်လာသော အကြီးအကဲဆွန်သည် ကျုံးချီထျန်းကို နှုတ်ဆက်ရန် ပြင်လိုက်စဉ် တစ်ဖက်တွင် ဝပ်နေသော ကျူးကျီကို တွေ့လိုက်ရသည်။ သူသည် ထျန်းမြင့်မြတ်နယ်မြေတွင် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးတစ်ဦး ရှိကြောင်း သိထားပြီး ကျူးကျီ၏ စွမ်းရည်ကိုလည်း ကောင်းစွာ သိရှိထား၏။သူ့လက်ထဲမှ ဖန်ဆင်းခြင်းလက်နက်ကောင်းကင်မိုးကြိုးဟိန်းသံဓားသည်ပင် ထိုကြီးမြတ်သော ဘိုးဘေးက ဆုချထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာကျူးကျီကို မြင်သွားသဖြင့် ဦးတည်ရာကို ချက်ချင်း ပြောင်းလိုက်သည်။
"စီနီယာ... စီနီယာက ဒီကို ရောက်နေတာလား"
အကြီးအကဲဆွန်က ရိုသေစွာ ဦးညွှတ်လိုက်သည်။ ကျူးကျီက ထရပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ခေါင်းညိတ်ပြလိုက်သည်။
"အကြီးအကဲဆွန်... ယဉ်ကျေးနေစရာ မလိုပါဘူး... ဟွမ်ရှားလူမျိုးစုတွေက ရှေးဟောင်းယဇ်ပူဇော်ခြင်း နည်းစနစ်ကို သုံးပြီး သဲကန္တာရနတ်ဘုရား တစ်ပါးရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်လိုက်ပြီ"
"ဒီဖြစ်စဉ်ကို တားဆီးလို့ မရတော့ဘူး"
"ကံကောင်းတာက ယဇ်ပူဇော်တဲ့ ဟွမ်ရှားကောင်တွေရဲ့ ကျင့်ကြံခြင်းက သိပ်မမြင့်ကြဘူး"
"ဒါပေမဲ့ အဲဒီလို ဖြစ်ရင်တောင်မှ ဆင်းသက်လာမယ့် နတ်ဘုရားစိတ်ဆန္ဒ အရိပ်အယောင်က သူတော်စင်အဆင့် ၆ အထက်မှာ ရှိနေလိမ့်မယ်"
"အားလုံး အသင့်ပြင်ထားကြ..."
ကျူးကျီ၏ စကားအဆုံးတွင် သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားလေသည်။ သူတော်စင်အဆင့် ၆ ရှိသော နတ်ဘုရားပုံရိပ်ကို ကျူးကျီပင်လျှင် တိုက်ရိုက် ရင်ဆိုင်ရန် မလွယ်ကူလှချေ။ သို့သော် သူ၏ ဟင်းလင်းပြင်နှင့် အချိန်နိယာမကို အသုံးပြုကာ ရန်သူကို အချိန်ဆွဲထားရန်မှာမူ မခက်ခဲလှပေ။
ကျူးကျီ၏ စကားကို ကြားသောအခါ အနီးအနားရှိ လူတိုင်းမှာ ထိတ်လန့် တုန်လှုပ်ကုန်ကြသည်။
"ဘာ...သူတော်စင်အဆင့် ၆ ရှိတဲ့ ကျွမ်းကျင်သူ ဟုတ်လား..."
"ထျန်းမြို့တော်ကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး... ဂိုဏ်းချုပ် ကျွန်တော်တို့ ဆုတ်ခွာကြရအောင်"
"ရှေးဟောင်း ကျမ်းဂန်တွေထဲမှာပဲ ရှိတယ်ဆိုတဲ့ ယဇ်ပူဇော်ခြင်း နည်းစနစ်က တကယ်ပဲ တည်ရှိနေတာလား"
အကြီးအကဲများမှာ ကြောက်လန့်တကြား ဆူညံစွာ ပြောဆိုနေကြတော့သည်။ သူတို့၏ တုံ့ပြန်မှုမှာလည်းမဆန်းလှပေ။ ရှေးဟောင်းခေတ် ကုန်ဆုံးသွားပြီးနောက် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သူများမှာ ကောင်းကင်၏ ကံတရားကို ရရှိထားသည့် ပါရမီရှင်များသာ ဖြစ်သည်။ အဆင့် ၁ သူတော်စင်တစ်ဦးသည်ပင်လျှင် နိယာမနယ်ပယ်ရှိ ကျွမ်းကျင်သူများကို ပုရွက်ဆိတ်များအလား ချေမှုန်းနိုင်သည် မဟုတ်ပါလား။
ယခု ထျန်းမြင့်မြတ်နယ်မြေရှိ အမြင့်ဆုံး အကြီးအကဲမှာ နိယာမနယ်ပယ် အဆင့် ၂၆ သာ ရှိသေးသည်။ မြို့ထဲရှိ လူပေါင်း တစ်သန်းကျော်လုံး ပေါင်းလိုက်လျှင်ပင် သူတော်စင်အဆင့် ၆ ၏ ထွက်သက်တစ်ချက်ကိုပင် တားဆီးနိုင်မည် မဟုတ်ချေ။ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့လည်း စိတ်လှုပ်ရှားနေခဲ့သော်လည်း ဘိုးဘေးနှင့် ကျူးကျီကို သတိရလိုက်သောအခါ စိတ်အနည်းငယ် အေးသွားကြသည်။
"ဘာကြောက်နေတာလဲ"
"ဒီနေ့ ဒီအခွင့်အရေးကို ယူပြီး အားလုံးကို သတင်းတစ်ခု ကြေညာမယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းက ကျွန်တော်တို့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူဂိုဏ်းချုပ် အကြောင်း ခင်ဗျားတို့ သိကြတယ်မလား"
ကျုံးချီထျန်း၏ စကားဆုံးသည်နှင့် အကြီးအကဲဆွန်၊ ကျုံးကျဲနှင့် အနည်းငယ်သော သူများမှလွဲ၍ ကျန်တပည့်များအားလုံး အသက်ရှူပင် မှားသွားကြသည်။
ထျန်းဂိုဏ်းသို့ ဝင်ရောက်သော တပည့်တိုင်းသည် ကျုံးရှန်၏ ပုံတူပန်းချီကားကို ဦးခိုက်ရပြီး သူ၏ သမိုင်းကြောင်းများကို နားထောင်ရသဖြင့် လူတိုင်း၏ စိတ်ထဲတွင် ကျုံးရှန်အပေါ် ကြည်ညိုလေးစားမှု ရှိကြသည်။ သို့သော် တည်ထောင်သူဂိုဏ်းချုပ်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သဖြင့် လူတိုင်းက ကွယ်လွန်သွားပြီဟုသာ ထင်မှတ်နေကြခြင်း ဖြစ်သည်။ ယခု ဂိုဏ်းချုပ်က ထိုသို့ ကြေညာလိုက်သဖြင့် လူတိုင်း၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပေါ်ပေါက်လာတော့သည်။
"ဒါဆိုရင်... ဘိုးဘေးက ကွယ်လွန်မသွားသေးဘူးပေါ့..."
အပြင်စည်း အကြီးအကဲ တစ်ဦးက မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်သည်။
ကျုံးချီထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး မိုးကြိုးသံအလား ပြင်းထန်သော အသံဖြင့် ကြိမ်းမောင်းလိုက်၏။
"ဘိုးဘေးကြီးရဲ့ ကျင့်ကြံခြင်းက ကောင်းကင်ကို ထိုးဖောက်နိုင်တယ်... နှစ်တစ်သိန်းလောက်နဲ့ ဘယ်လိုလုပ် ကျဆုံးမှာလဲ... ဘိုးဘေးကြီးကို စော်ကားတဲ့အတွက် ကိုယ့်ပါးကိုယ် ပြန်ရိုက်စမ်း"
ထိုအကြီးအကဲသည် ကြောက်လန့်တကြား ဒူးထောက်လိုက်ပြီး ပြန်မပြောရဲဘဲ သူ့ပါးသူ ရိုက်တော့သည်။
"ဖြန်း... ဖြန်း... ဖြန်း..."
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပါးရိုက်သံမှလွဲ၍ တိတ်ဆိတ်နေတော့သည်။
ကျုံးချီထျန်းက ဆက်လက်၍ ကြေညာလိုက်သည်။
"ဘိုးဘေးက နှစ်ပေါင်းတစ်သိန်း တံခါးပိတ်ကျင့်ကြံနေခဲ့တာ......အခု ဘိုးဘေးရဲ့ စွမ်းအားက နတ်ဘုရားစစ်စစ်နဲ့ ယှဉ်နိုင်ပြီ"
"အခု...ဘိုးဘေးကဂိုဏ်းကို ကာကွယ်ဖို့ တောင်ပေါ်က ဆင်းလာပြီး... ငါတို့ရဲ့ မြင့်မြတ်နယ်မြေကို အထွတ်အထိပ်ရောက်အောင်ဦးဆောင်လိမ့်မယ် "
သူ၏ အသံမှာ မြို့တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး တပည့်အားလုံး၏ စိတ်ဓာတ်မှာလည်း အမြင့်ဆုံးသို့ ရောက်ရှိသွား လေသည်။
သူတို့ဘက်တွင် ပြိုင်ဘက်ကင်း ဘိုးဘေးကြီး ရှိနေသည် မဟုတ်ပါလား။
မြို့ပြင်တွင် ယဇ်ပူဇော်ခြင်း နည်းစနစ်မှာ အဆုံးသတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ မျက်ကန်းပုရောဟိတ်နှင့် အရိုးစုခေါင်းဆောင်တို့၏ ယဇ်ပူဇော်ခြင်းသည် အာမန်ရာ ချိုမ့်ဝှမ်းမှ ခေါင်းဆောင်ကြီးဆယ်ဦး၏ ယဇ်ပူဇော်ခြင်းလောက် အဆင့်မမြင့်လှပေ။ ၁၅ မိနစ်ခန့် ကြာပြီးနောက် အောက်ဘက်ရှိ ဟွမ်ရှားလူမျိုးစုများ၏ ပုံရိပ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံတွင် ဧရာမ တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ စွမ်းအားကြီးမားသော အငွေ့အသက်များ ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရသည်။