← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

လေထုတစ်ခုလုံးကို တုန်ခါစေနိုင်သော အရှိန်အဝါတစ်ခုကောင်းကင်နှင့် မြေပြင်အကြားသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပြီး ပြင်းထန်လှသည့် လေကြမ်းကြီးမှာ မိုင်ပေါင်း သောင်းချီသော ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမြိုသွား၏။ လမ်းတစ်လျှောက်ရှိ သစ်ပင်ပန်းမန်များ၊ ဧရာမ ကျောက်ဆောင်ကြီးများနှင့် အဆောက်အအုံများမှာ ထိုလေပြင်းဒဏ်ကြောင့် အမြစ်မှ လန်ထွက်ကာ လွင့်စင်ကုန်ကြသည်။ ထိုမျှမကသေးဘဲ မြို့တော်ကို ဝိုင်းရံရန် အရပ်မျက်နှာအသီးသီးမှ တိုးဝင်လာနေကြသော ဟွမ်ရှားလူမျိုးစု စစ်ကူတပ်မဟာကြီးမှာလည်း ထိုလေပြင်း၏ ရိုက်ခတ်မှုကြောင့် မိုင်ပေါင်း သိန်းချီသော နေရာများသို့ သစ်ရွက်ခြောက်များအလား လွင့်စင်သွားကြလေသည်။

ထျန်းမြို့တော်ကို ကာကွယ်ထားသော ချင်းယွမ်ရိမု အစီအရင်ပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်းဒဏ်ကြောင့် တစ်ချက် တုန်ခါသွားရ၏။ အကယ်၍သာ ဤအစွမ်းထက် အစီအရင်သာမရှိခဲ့ပါက ထျန်းမြို့တော်တစ်ခုလုံး မျက်တောင်တစ်ခတ်အတွင်းပင် မြေပြန့်လွင်ပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလောက်ပေသည်။ မြို့အတွင်းရှိ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ တပည့်များနှင့် အကြီးအကဲများမှာ အသက်ကို အောင့်ထားရင်း အခြေအနေကို စောင့်ကြည့်နေကြသည်။ သူတို့၏ အကြည့်များမှာ မြို့ပြင်ရှိ ကောင်းကင်ယံ၌ ပေါ်ထွက်နေသော ဧရာမ တွင်းနက်ကြီးဆီသို့ စုပြုံရောက်ရှိနေကြ၏။

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကြီး ငြိမ်ကျသွားပြီး နောက် ကမ္ဘာနှင့် မြေပြင်အကြား၌ ဆန်းကြယ်သော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။ကောင်းကင်ရှိ တွင်းနက်ကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး သွယ်လျလှပသော အမျိုးသမီးပုံရိပ်တစ်ခု စတင် ထွက်ပေါ်လာသည်။ သူမသည် ရှေးဟောင်း ဟွမ်ရှားယဇ်ပုရောဟိတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဦးခေါင်းထက်တွင် လှပသော အပြာနုရောင် ငှက်မွေးတစ်ချောင်းကို ထိုးစိုက်ထားသည်။ သူမ၏ မျက်ဝန်းများမှာ ငြိမ်သက်အေးချမ်းနေပြီး မည်သည့် သတ်ဖြတ်လိုစိတ် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်မျှ မရှိချေ။

သဲကန္တာရ၏ လေနတ်ဘုရားမ ရှု။

သူမ၏ အကြည့်မှာ လေပြည်လေညင်းလေးတစ်ခုအလား အေးမြလှသော်လည်း ထျန်းမြို့တော်ရှိ လူတိုင်း၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။

“အင်း... ဟွမ်ရှားလူမျိုးတွေက အရာအားလုံးကို ယဇ်ပူဇော်ပြီး ငါ့ရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်တာက... ဒီလူသားမြို့တော်လေးကို ဖျက်ဆီးဖို့ သက်သက်ပဲလား"

"မျိုးဆက်တွေ ညံ့ညံ့လာလိုက်တာ... ဒီလောက် ကိစ္စလေးနဲ့ ငါတို့ကို ဒုက္ခပေးရတယ်လို့"

ရှုက ညည်းညည်းညူညူဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ အကြည့်မှာ စူးရှသွားပြီး မြို့တော်အတွင်းသို့ စိုက်ကြည့်လိုက်၏။

“လူသားတို့... မလိုအပ်တဲ့ ခုခံမှုတွေကို စွန့်လွှတ်လိုက်ကြ... လေထဲမှာ ပျံ့လွင့်နေတဲ့ ဖုန်မှုန့်လေးတွေဖြစ်လာစမ်း...လေက သဘောထားကြီးတယ်... မေတ္တာတရားကြီးတယ်... လေဆိုတာ နူးညံ့သိမ်မွေ့တဲ့အရာပဲ...”

သူမသည် တစ်ယောက်တည်း ရေရွတ်ရင်း ကောင်းကင်ပေါ်မှနေ၍ ထျန်းမြို့တော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

“ဘယ်ကအဘွားကြီးလဲ... စကားတွေ အများကြီး ပြောနေလိုက်တာ”

“တိုက်ချင်ရင် တိုက်စမ်းပါ... ဘာလို့ မိန်းမဆန်ဆန် ပွစိပွစိ လုပ်နေတာလဲ"

"ဘယ်က နတ်ဘုရားမပဲ ဖြစ်ဖြစ်... ငါတို့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက မကြောက်ဘူးကွ"

ကျုံးချီထျန်း ကောင်းကင်သို့ ပျံတက်လာသည်။ သူ၏ အနောက်တွင် လက်ခြောက်ဖက် မာရ်နတ်ပုံရိပ်ထွက်ပေါ်လာပြီး မိစ္ဆာစွမ်းအားများ ကောင်းကင်သို့ ထိုးတက်သွား လေသည်။ ကျင့်ကြံခြင်း အဆင့်အတန်းမှာ ကွာခြားလွန်းလှသော်လည်း သူသည် ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အပြင် အားလုံးအတွက် စံနမူနာပြရမည် ဖြစ်သဖြင့် လုံးဝ အညံ့ခံမည့် အမူအရာ မရှိချေ။

"နိယာမနယ်ပယ် အဆင့်လောက်နဲ့ ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ပေါ့... ဒီစိတ်ဆန္ဒကိုယ်ပွားက သူတော်စင်အဆင့် ၆ ပဲ ရှိပေမဲ့... မင်းတို့ကို ရှင်းပစ်ဖို့ လုံလောက်တယ်"

ရှု၏ မျက်နှာမှာ အေးစက်သွားပြီး သူမ၏ မျက်ဝန်းအစုံမှာ ရေခဲအလား ဖြစ်သွားသည်။ သဲကန္တာရ နတ်ဘုရားများအကြားတွင် လေနတ်ဘုရားမ ရှုသည် စိတ်သဘောထား အကောင်းဆုံးဟု ဆိုနိုင်သော်လည်း နတ်ဘုရားတို့၏ ဂုဏ်သိက္ခာကို စော်ကားခြင်းအား မည်သို့မျှ သည်းခံလိမ့်မည် မဟုတ်ပေ။ သူမအေးစက်စွာ ပြုံးလိုက်ပြီး ဟင်းလင်းပြင်ကို လှမ်း၍ ဆုပ်ကိုင်လိုက်ရာ အစိမ်းရောင် လှံရှည် တစ်ချောင်း လက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် လှံကို စတင်ဝှေ့ယမ်းလိုက်လျှင် ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံများ ထွက်ပေါ်လာပြီး သူမ၏ အရှိန်အဝါလည်း အထွတ်အထိပ်သို့ ရောက်ရှိသွား၏။တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏ နောက်ကျောတွင် စကြဝဠာနှင့် ယှဉ်နိုင်လောက်အောင် ကြီးမားသော ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသည့် ပုံရိပ်ကြီးတစ်ခုကို မြင်တွေ့နိုင်သည်။

နတ်ဘုရားခန္ဓာကိုယ်။

ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် မြို့ထဲရှိ လူတိုင်းမှာ မိမိတို့ကိုယ်ကို ပုရွက်ဆိတ်များအလား သိမ်ငယ်သွားကြပြီး အလိုအလျောက် ဒူးထောက်မိလုနီးပါး ဖြစ်သွားကြရသည်။

ကျုံးချီထျန်း၊ ကျုံးချီမင်နှင့် အဆင့်မြင့် အကြီးအကဲများသာအံကြိတ်ပြီး ထိုနတ်ဘုရား အရှိန်အဝါကို အသည်းအသန် ခုခံနိုင်ကြလေသည်။ ရုတ်တရက် ရှုသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ လက်ထဲရှိ လှံရှည်ဖြင့် မြို့တော်၏အစီအရင်ဆီသို့ ထိုးနှက်လိုက်၏။ အစိမ်းရောင် လှံရှည်သည် အဆုံးမဲ့သော လေတာအိုနိယာမများကို သယ်ဆောင်ပြီး မဟာအစီအရင်ပေါ်သို့ ကျရောက်သွားသည်။ ချင်းယွမ်ရိမုအစီအရင် မှာ ထိုတိုက်ခိုက်မှုကြောင့် အလင်းတန်းများ မှိန်ဖျော့သွားပြီး အစီအရင်၏ အဓိက ဗဟိုချက်ရှိ စွမ်းအင်ထောက်ပံ့ပေးနေကြသော အဆင့်မြင့် အကြီးအကဲ ခြောက်ဦးလည်း မျက်နှာများ ဖြူလျော့သွားကာ သွေးများ အန်ထုတ်လျက်လွင့်စင်သွားကြလေသည်။ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာ ဘေးနားရှိ အခြားအကြီးအကဲများက အလျင်အမြန် ဝင်ရောက်အစားထိုးလိုက်သဖြင့် မဟာအစီအရင် ပြန်လည် လည်ပတ်လာသည်။

"ဒီအစီအရင်က မဆိုးဘူး... တော်တော်လေး ကောင်းမွန်တာပဲ... မင်းတို့မှာဗဟိုချက်မကို ထိန်းထားဖို့ လူဘယ်လောက် များရှိလို့လဲဆိုတာ....ကြည့်ရသေးတာပေါ့"

ရှုက တစ်ချက် ရယ်မောလိုက်ပြီးနောက် သူမ၏ လှံရှည်ကြီးကို အမြင့်သို့ မြှောက်လိုက်သည်။ မရေမတွက်နိုင်သော လေနိယာမများ လှံဖျားတွင် စုစည်းလာပြီး လှံဖျား၏ အရှေ့တွင် လေမုန်တိုင်း ပုံရိပ်များထွက်ပေါ်လာ၏။ ယခင်တိုက်ခိုက်မှုမှာ သူမ၏ သာမန်ကာလျှံကာ တိုက်ခိုက်မှုမျှသာ ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အလေးအနက်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ရှု၏ လှံရှည်ကြီး ကျဆင်းလာသည်နှင့်ကောင်းကင်နှင့် မြေပြင်အကြား၌ ကမ္ဘာမြေကို ဖျက်ဆီးပစ်တော့မည့်အလား မရေမတွက်နိုင်သော လေဆင်နှာမောင်းကြီးများ ထွက်ပေါ်လာသည်။ ဤတိုက်ခိုက်မှုကို ချင်းယွမ်ရိမုအစီအရင်အနေဖြင့် လုံးဝ တားဆီးနိုင်မည် မဟုတ်ဘဲ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ တပည့်ပေါင်း တစ်သန်းကျော်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရပေလိမ့်မည်။

ထိုအချိန်၌ ဟင်းလင်းပြင်အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အတွင်းမှကျူးကျီ ထွက်ပေါ်လာ၏။

“မြောင်...”

“သတ္တိရှိလှချေလား..."

“ဟင်းလင်းပြင် နေရာရွေ့ပြောင်းခြင်း”

လှံရှည်ကြီးနှင့် အစီအရင်အကြားရှိ ဟင်းလင်းပြင်တွင် တွန့်လိမ်နေသော အစက်အပြောက်လေးတစ်ခု ရုတ်တရက် ပေါ်လာပြီး တစ်ကမ္ဘာလုံးရှိ ဟင်းလင်းပြင်မှာ ခေတ္တမျှ ရပ်တန့်သွားသည်။ ကျူးကျီ၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခါသွားပြီး သူ၏ တောက်ပနေသော အမွှေးအမျှင်များလည်း အနည်းငယ် မှိန်ဖျော့သွားသည်။ နောက်တစ်စက္ကန့်တွင် လှံရှည်ကြီးသည် ထိုတွန့်လိမ်နေသော ဟင်းလင်းပြင် အမှတ်နှင့် ထိတွေ့မိသွားပြီး ပျောက်ကွယ်သွားကာ မိုင်တစ်ထောင်အကွာအဝေးရှိ ကွင်းပြင်တစ်ခုတွင် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။ အရှိန်အဟုန်ပြင်းလှသော လေနိယာမများ တစ်ရှိန်ထိုး ပြန့်နှံ့သွားပြီး ထျန်းမြို့တော်အထိပင် လာရောက်ရိုက်ခတ်လေသည်။

ချင်းယွမ်ရိမုအစီအရင်မှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အလင်းတန်းများ မငြိမ် မသက်ဖြစ်သွားသော်လည်း နောက်ဆုံးတွင်မူ ခုခံထားနိုင်ခဲ့သည်။ ကျူးကျီသည် သူ၏ အစွမ်းဖြင့် ရှု၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို မိုင်တစ်ထောင်အဝေးသို့ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှု၏ အရှိန်မှာ အလွန် ပြင်းထန်လှသဖြင့် မိုင်တစ်ထောင်အကွာတွင် မိုင်သောင်းချီ ရှည်လျားသော ချိုမ့်ဝှမ်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ရှုသည် သူတော်စင်အဆင့် ၆ ရှိသော စိတ်အာရုံ ကိုယ်ပွားဖြစ်သော်လည်း နတ်ဘုရားတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် သူတော်စင်အဆင့် ၉ နီးပါး စွမ်းအားကို ထုတ်ဖော်နိုင်သည်။

“ဟင်... ဟင်းလင်းပြင် နေရာရွေ့ပြောင်းခြင်းလား”

“ဒီကြောင်က တကယ့်ကို တစ်ခုခုပဲ”

“သူတော်စင်အဆင့် ၄ ကျင့်ကြံခြင်းလေးနဲ့ငါ့ရဲ့ တိုက်ခိုက်မှုကို မိုင်တစ်ထောင်ကျော်အထိ လွှဲပြောင်းပစ်နိုင်တယ်ပေါ့”

“မရိုးရှင်းဘူး... တကယ်ကို မရိုးရှင်းဘူး”

ရှု အံ့သြစွာ ရေရွတ်လိုက်သည်။ ထို့နောက် လှံရှည်ကို လှုပ်ရှားလိုက်ပြီး ကျူးကျီကို ချိန်ရွယ်လိုက်သည်။

“ဟမ့်... သဲကန္တာရနတ်ဘုရားတွေက တကယ်ပဲ စကားများတဲ့ အမှိုက်တွေပဲ"

ကျူးကျီ အေးစက်စွာ နှာမှုတ်လိုက်သည်။ရှု၏ ရှေ့တွင် သူ၏ စွမ်းအားမှာ အနည်းငယ် လိုအပ်နေသော်လည်း သူသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။ ကျုံးရှန်၏ ပြတ်သားလှသော စရိုက်မှာ ချင်းထျန်းတောင်ထိပ်ရှိ သက်ရှိအားလုံးအပေါ်တွင် သက်ရောက်နေခြင်း ဖြစ်သည်။ ကျူးကျီ မျက်ဝန်းများကို ကျုံ့လိုက်ရင်းကျုံးရှန်ပေးထားသော ရတနာကို ထုတ်သုံးရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် သူ၏ ဘေးမှ ဟင်းလင်းပြင်မှာ ရုတ်တရက် ပွင့်သွားပြီးဧရာမ သစ်သားကျည်ပွေ့ကြီး တစ်ခုထွက်လာကာ ကြယ်များကို ကြိတ်ချေနိုင်သော စွမ်းအားဖြင့် ရှုကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။ ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ ပုံရိပ် သုံးခု လျင်မြန်စွာ ထွက်ပေါ်လာသည်။ အမည်းကြီး၊ ရှုရင်းနှင့် ပန်းဆွဲယုန်ငယ်တို့ ပင်ဖြစ်သည်။

သူတို့အားလုံး ဖန်ဆင်းခြင်း လက်နက်များကို သန့်စင်ပြီးပါက အနောက်ဘက် နယ်စပ်သို့ သွားရောက် ကူညီကြရန် ကျုံးရှန်သည် ငရဲဘုံသို့ မထွက်ခွာမီကတည်းက ချင်းထျန်းတောင်ထိပ်တွင် သတင်းစကားချန်ထားခဲ့သည်။ ကျုံးရှန် တွေးထားသည့်အတိုင်းပင် ဟွမ်ရှားလူမျိုးစုများသည် ယခုအခါတွင် ယဇ်ပူဇော်ခြင်း နည်းစနစ်ကို ပွင့်ပွင့်လင်းလင်း အသုံးပြုလာကြပြီ ဖြစ်သည်။

အမည်းကြီးသည် ကျောက်ချီ အသွင်သို့ ပြောင်းလဲလိုက်ပြီး သူ၏လက်ထဲမှ ချန်ကွန်းဝရဇိန်လက်ကောက်ကို လေထဲသို့ ပစ်တင်လိုက်ရာ ကွင်းကိုးကွင်းအဖြစ် ကွဲထွက်သွားသည်။ ထို့နောက်ကိုးသွယ်ချန် သတ်ဖြတ်ခြင်း အစီအရင် အဖြစ် ပြောင်းလဲသွားပြီး ရှုကို ဝိုင်းရံပိတ်ဆို့လိုက်သည်။ ရှုရင်လည်း အားကျမခံ နောက်ကျောတွင် စိမ်းလန်းစိုပြေလှသော သူတော်စင်ဘုံဖြစ်သည့် မြင့်မြတ်သော တိုင်းပြည်တံခါးမကြီးပေါ်ထွက်လာစေသည်။ ထို့နောက် သောင်းပြောင်းထွေလာ ဝိညာဉ်ပင်များပန်းချီကားကို ဖြန့်လိုက်ရာ ပတ်ဝန်းကျင်ရှိမိုင်ပေါင်းသိန်းချီသော သစ်ပင်ပန်းမန်များ၏ စွမ်းအားကို ရယူလိုက်ပြီး မြင့်မြတ်သော တိုင်းပြည်တံခါးမကြီးကို ပေပေါင်းများစွာအထိ ပွင့်သွားစေတော့သည်။ မရေမတွက်နိုင်သော ဧရာမ သစ်သားနွယ်ပင်များနှင့် ဆူးချွန်ကြီးများ ရှုဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြလေသည်။

ပန်းဆွဲယုန်ငယ်၏ ကျင့်ကြံခြင်းမှာ အနိမ့်ဆုံး ဖြစ်သော်လည်း သူမသည်လည်း လနတ်ဘုရားမကျည်ပွေ့ ကို အစွမ်းကုန် အသုံးပြုလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထို့နောက်တောက်ပသော လမင်းကြီးတစ်ခုအသွင်‌ပြောင်းသွားကာရှုကို ပြင်းထန်စွာ ဖိနှိပ်လိုက်၏။ ကျူးကျီပြုံးလိုက်ပြီး သူတို့နှင့်အတူ ရပ်လိုက်သည်။

ချင်းထျန်းတောင်ထိပ်မှ မိစ္ဆာသူတော်စင် ၄ ပါး စုံညီစွာ ရောက်ရှိလာကြပြီ ဖြစ်သည်။

All Chapters