အခန်း (၁၂၀)
Vol. 12 Ch. 120
ပြင်းထန်လှသော တိုက်ခိုက်မှု သုံးခုသည် လေနတ်ဘုရားမ ရှု၏ ဦးခေါင်းထက်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။ ကျင့်ကြံခြင်း အဆင့်အတန်းချင်း မယှဉ်နိုင်ပါက အဆင့်မြင့် ရတနာများဖြင့် အစားထိုး တိုက်ခိုက်သည့် နည်းဗျူဟာပင် ဖြစ်သည်။ကျုံးရှန် ကိုယ်တိုင် ဆုချထားသည့် ထိပ်တန်း ဖန်ဆင်းခြင်း ရတနာ သုံးခု၏ စွမ်းအားမှာ အံ့မခန်းလှပေ။ ကျင့်ကြံခြင်း အဆင့် အနိမ့်ဆုံးဖြစ်သော ပန်းဆွဲယုန်ငယ် ပင်လျှင် လနတ်ဘုရားကျည်ပွေ့ကို အစွမ်းကုန် အသုံးပြုလိုက်ပါက သူတော်စင်အဆင့် ၃ ရှိသော ကျွမ်းကျင်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သဖြင့် နတ်ဘုရားမ ရှု၏ကိုယ်ပွားသည်ပင် ထိုတိုက်ခိုက်မှုများကို ပေါ့ပေါ့ဆဆ ရင်ဆိုင်ရန် မဝံ့ရဲချေ။
“အဆင့်နိမ့်တဲ့ နည်းလမ်းလေးတွေနဲ့ ငါ့ရှေ့မှာ လာပြီး ပညာပြနေတာလား”
“လေနတ်ဘုရားမရဲ့ အမျက်”
မုန်တိုင်းအလား ကျရောက်လာသော တိုက်ခိုက်မှုများကို ကြည့်ရင်း ရှု၏ မျက်ဝန်းများမှာ ရုတ်တရက် အေးစက်သွားပြီး အပြာနုရောင် လေနိယာမ သင်္ကေတများ ပေါ်ထွက်လာကာ ကောင်းကင်ကိုးထပ်မှ တစ်စုံတစ်ခုကို လှမ်း၍ ဖိတ်ခေါ်လိုက်၏။
ကမ္ဘာနှင့် မြေပြင်အကြားရှိ လေထုမှာ ရုတ်တရက် အလွန်အမင်း ကြမ်းတမ်းလာသော်လည်း မြေပြင်မှာမူ ထူးဆန်းစွာ ငြိမ်သက်သွားသည်။ ပတ်ဝန်းကျင်ရှိ လေစီး ကြောင်းအားလုံး ရှု၏ အရှေ့တွင် စုစည်းသွားသည်။ ထို့နောက်ပတ်ဝန်းကျင် တစ်ခုလုံး လေဟာနယ် ဖြစ်သွားသကဲ့သို့ အသက်ရှူရခက်ခဲသော တိတ်ဆိတ်ငြိမ်သက်မှုမျိုး လွှမ်းခြုံသွားသည်။ရှု၏ ရှေ့၌ မရေမတွက်နိုင်သော လေဓားသွားများ ပေါ်ထွက်လာပြီး ကျရောက်လာသော တိုက်ခိုက်မှု သုံးခုဆီသို့ တိုးဝင်သွားသည်။
အမည်းကြီး၏ ချန်ကွန်းဝရဇိန်လက်ကောက်သည် ပါကွားရှစ်ကွက်ပုံရိပ်အဖြစ်ပြောင်းလဲကာ ထိုလေဓားသွားများကိုဖိနှိပ်ရန် ကြိုးစားသော်လည်း မရေမတွက်နိုင်သော လေဓားသွားများ၏ ရိုက်ခတ်မှုကြောင့် လေထဲ၌ပင် ရပ်တန့်သွားရ၏။ လေဓားသွားများမှာမူ ကုန်ခမ်းသွားခြင်း မရှိဘဲ ပျက်စီးသွားလျှင် လေနိယာမများအဖြစ် ပြောင်းလဲသွားပြီး အနောက်ဘက်သို့ ပြန်သွားကာ လေဓားသွားအသစ်များအဖြစ် ပြန်လည် ဖွဲ့စည်းသွားသည်။ ဤပြင်းထန်လှသော အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ပါကွားရှစ်ကွက်ပုံရိပ်မှာအက်ကွဲသွားလေသည်။ ထို့နောက် ကွင်း ၉ ကွင်းအဖြစ် ပြန်လည် ကွဲထွက်သွားပြီး အမည်းကြီး၏ လက်ထဲသို့ လွင့်စင် ပြန်ရောက်သွားသည်။တစ်ဖက်တွင်လည်း ရှုရင်သည် သူမ၏ သောင်းပြောင်းထွေလာ ဝိညာဉ်ပင်များပန်းချီကားကိုအသုံးပြုကာ သူတော်စင်ဘုံဖြစ်သည့် မြင့်မြတ်သော တိုင်းပြည်တံခါးမကြီးကို အတင်းအဓမ္မ ဖွင့်လှစ်ထားသည်။ ထိုတံခါးအတွင်းမှ ထွက်ပေါ်လာသော ဧရာမ သစ်သားနွယ်ပင်ကြီးများမှာ မြေပြင်ကို ဖောက်ထွင်းနိုင်သည့် အရှိန်အဝါဖြင့် ရှုဆီသို့ တိုးဝင်နေကြသည်။ လနတ်ဘုရားမကျည်ပွေ့ မှ ဆင်းသက်လာသော လမင်းပုံရိပ်မှာလည်း ထိုနွယ်ပင်များနှင့်အတူ ပေါင်းစပ်လျက် ရှု၏ လေဓားသွားများကို ခုခံ တိုက်ခိုက်နေကြသည်။
တစ်ဖက်ရှိ ရှုမှာ တည်ငြိမ်နေဆဲဖြစ်၏။ နတ်ဘုရားတစ်ပါး ဖြစ်သည်နှင့်အညီ သူမသည် အမည်းကြီးတို့၏ အားနည်းချက်ကို ချက်ချင်း မြင်လိုက်သည်။ တစ်ဖက်ရန်သူများ၏ ကြီးကျယ်ခမ်းနားသော တိုက်ခိုက်မှုများသည် ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် လက်နက်များကို အားကိုးထားခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ နတ်ဘုရားတစ်ပါးဖြစ်သည့် သူမ၏ နည်းစနစ်များနှင့် ကျင့်ကြံခြင်း အဆင့်အတန်း ကွာခြားမှုကို ထိုလက်နက်များသက်သက်ဖြင့် ကျော်ဖြတ်ရန်မှာ မလွယ်ကူလှချေ။
"ဒီဖန်ဆင်းခြင်းလက်နက်တွေက မဆိုးဘူးပဲ"
“မင်းတို့လို အမှိုက်ကောင်တွေကို သတ်ပြီး...ဒီရတနာတွေကို ငါ့ရဲ့ မူလခန္ဓာကိုယ်ဆီ ကစားစရာအဖြစ်... ပေးရမယ်”
"နတ်ဘုရားလက်နက်ဆိုတာ နတ်ဘုရားလက်ထဲမှာပဲ အစွမ်းပြနိုင်တာလေ"
ရှု ခေါင်းကို စောင်းပြီး လေဓားသွားများက ရန်သူ၏ တိုက်ခိုက်မှုများကို တစ်စစ ချေဖျက်နေသည်ကို ကြည့်နေသည်။ ထို့နောက် သူမ၏ လက်ညှိုးဖြင့် တစ်ချက် ထောက်လိုက်ရာ အပြာနုရောင် အလင်းစက်များမှာ ဟင်းလင်းပြင်အတွင်း တိုးဝင်သွားပြီး မိုင်ပေါင်း တစ်သိန်းပတ်လည်ရှိ ဟင်းလင်းပြင်ကို လုံးဝ ပိတ်ဆို့လိုက်လေသည်။ ရှုသည် သူတို့အားလုံးကို ဖမ်းဆီးသတ်ဖြတ်ရန် အသင့်ပြင်လိုက်ပြီ ဖြစ်သည်။ လေဓားသွားများ၏ ပြင်းထန်လှသော ဖြတ်တောက်မှုအောက်တွင် ရှုရင်နှင့် ပန်းဆွဲယုန်ငယ်၏ တိုတိုက်ခိုက်မှုများ ချေဖျက်ခံလိုက်ရပြီး လေဓားသွားများဒီရေအလား တိုးဝင်လာကာကျူးကျီတို့ လေးဦးကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
ချင်းထျန်းတောင်ထိပ်မှ မိစ္ဆာသူတော်စင် လေးပါး တစ်နေရာတည်းတွင် စုဝေးသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်း မရှိဘဲ ရဲရင့်မှုအပြည့်ဖြင့် ရင်ဆိုင်ရန် ပြင်လိုက်ကြ၏။ ကျူးကျီသည် သူ၏ လည်ပင်းတွင် ဆွဲထားသော ကျုံးရှန် ဟု ရေးထိုးထားသည့် သစ်သားဆွဲပြားလေးကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် တွေဝေမှု တစ်ချက် ဖြတ်သန်းသွားလေသည်။ ဤဆွဲပြားကို အသက်သွင်းလိုက်ပါက သခင်၏ စိတ်အာရုံ ကိုယ်ပွားတစ်ခုကို ဆင့်ခေါ်နိုင်ပြီး သူတို့ရှေ့မှ သူတော်စင်အဆင့် ၆ ရှိသော ရန်သူကို အလွယ်တကူ သတ်ဖြတ်နိုင်၏။ သို့သော် ထိုအတွေးသည်ကျူးကျီ၏ ခေါင်းထဲတွင် တစ်ခဏသာ ကြာမြင့်ပြီး ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။
သခင်သည် လောကကြီးကို တုန်လှုပ်စေသူ ဖြစ်သည်။
ကောင်းကင်တာအို၏ ကျိန်စာသင့်နေသည့်ကြားမှပင် လုံးဝ အလျှော့မပေးဘဲ အနှိုင်းမဲ့ ကျင့်စဉ်ဖြင့် ကံကြမ္မာကို ပြောင်းပြန်လှန်နေသူ။
နိယာမနယ်ပယ် ကျင့်ကြံသူအဖြစ်နဲ့ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် စွမ်းအားရှင်တွေကိုတောင် သတ်ဖြတ်နိုင်ခဲ့သူ။
သခင်၏ နောက်လိုက်များ ဖြစ်ကြသည့် သူတို့မှာလည်း သခင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ သခင်၏ စွမ်းအားကို မယှဉ်နိုင်ပါစေဦးတော့ သူတို့သည် ကိုယ်ပိုင်အစွမ်းဖြင့် အစွမ်းကုန် တိုက်ခိုက်ရမည် ဖြစ်ပြီး လွယ်လွယ်နှင့် အကူအညီ တောင်းရန် မသင့်ပေ။
“ချင်းထျန်းတောင်ထိပ်မှာ သူရဲဘောကြောင်တဲ့သူ မရှိဘူး...လေးတိုင်စင် နတ်ဘုရား အစီအရင် ကို ခင်းကြမယ်”
“သခင့်မျက်နှာ... မပျက်စေနဲ့”
ကျူးကျီလေထဲသို့ ပျံတက်သွားသည်။ သူသည် ကျုံးရှန်၏ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန် ဖြစ်သည့်အပြင် ချင်းထျန်းတောင်ထိပ်ရှိ သက်ရှိအားလုံး၏ ခေါင်းဆောင်လည်း ဖြစ်၏။ ကျူးကျီ၏ စကားကြောင့် ရှုရင်နှင့်အမည်းကြီးတို့မှာလည်း စိတ်ဆုံးဖြတ်လိုက်ကြပြီး သက်ဆိုင်ရာ နေရာများသို့ ဝင်ရောက်ကာ အရပ်လေးမျက်နှာကို စောင့်ကြပ်လိုက်ကြသည်။
သူတို့သည် ဆန်းကြယ်သော မန္တန်များကို စတင်ရွတ်ဆိုလိုက်လျှင် မူလက ကွဲပြားနေသော သူတို့ လေးဦး၏ အငွေ့အသက်များမှာ ပေါင်းစည်းသွားပြီး တစ်သားတည်း ဖြစ်သွားသည်။ ထို့နောက် ကြီးမားသော အရှိန်အဝါ လေးခုသည် ကောင်းကင်တိုင်လုံးကြီးများသဖွယ် မြင့်တက်လာသည်။သူတို့ တစ်ဦးချင်းစီ၏ ဦးခေါင်းထက်တွင် ရွှေရောင် ပုံရိပ်ကြီး တစ်ခုစီ ပေါ်ထွက်လာလေသည်။ ထိုပုံရိပ်များမှာ ကောင်းကင်ဂိတ်တံခါးလေးခုကို စောင့်ကြပ်နေကြသည့် အရပ်လေးမျက်နှာ နတ်ဘုရားများပင် ဖြစ် လေသည်။
အနောက်ဘက်ကောင်းကင်ဂိတ် နိဗ္ဗာန်ဘုံရဲ့ ဂေါတမ။
အရှေ့ဘက်ကောင်းကင်ဂိတ် အရှေ့ပိုင်းမြင့်မြတ်နယ်မြေရဲ့ ထိုက်ယီနတ်မင်း။
မြောက်ဘက်ကောင်းကင်ဂိတ် မြောက်ပိုင်း အမှောင်နယ်မြေရဲ့ မိစ္ဆာနှိမ်နင်းရေးနတ်မင်းကျန်းဝူ။
တောင်ဘက်ကောင်းကင်ဂိတ် တောင်ပိုင်းရှေးဟောင်းကောင်းကင်နန်းတော်ရဲ့ ကျောက်စိမ်းဧကရာဇ်။
ဤနတ်ဘုရားလေးပါးမှာ ရှေးဟောင်း ကမ္ဘာဦးကာလကတည်းက ကျော်ကြားလှသူများ ဖြစ်ကြသည်။ ထိုခေတ်ကာလတွင် လေနတ်ဘုရားမ ရှုမှာ နတ်ဘုရားအဆင့်သို့ စတင် ဝင်ရောက်ကာစ နတ်ငယ်လေးတစ်ပါးမျှသာ ရှိသေးပြီး ပါရမီနှင့် စွမ်းအားမှာ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ သဲကန္တာရနတ်ဘုရား မျိုးနွယ်စုသည် သူရဲဘောကြောင်စွာ ပုန်းအောင်းနေခဲ့သဖြင့်သာ ယနေ့အချိန်ထိ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာထိုမြင့်မြတ်လှသော နတ်ဘုရားပုံရိပ်များ၏ အရှိန်အဝါ အောက်တွင် ရှု၏ လေဓားသွားများချက်ချင်းလွင့်စင် ပျောက်ကွယ်သွား၏။
ဤဆန်းကြယ်လှသောအစီအရင်သည် ကျုံးရှန် စနစ်မှတစ်ဆင့် ရရှိခဲ့သည့် နတ်ဘုရားအဆင့် အစီအရင်ဖြစ်ပြီးအောင်မြင်စွာ ဖော်ဆောင်နိုင်ရန် စိတ်သဘောထားတူညီသော သက်ရှိလေးဦး လိုအပ်သည်။ ကံကောင်းထောက်မစွာဖြင့် ကျူးကျီတို့ လေးဦးမှာ ငယ်စဉ်ကတည်းက ကျုံးရှန်နှင့်အတူ နေထိုင်ကာ ကျင့်ကြံလာခဲ့ကြသူများ ဖြစ်ပြီး သူတို့အကြားတွင် မည်သူမျှ မယှဉ်နိုင်သော နားလည်မှုများ ရှိနေကြသည်။ သို့ဖြစ်ရာယခုအချိန်တွင် အသုံးပြုလိုက်သောအခါ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်စွာ ဖော်ဆောင်နိုင်လိုက်သည်။ ဤဆန်းကြယ်အစီအရင်သည် နတ်ဘုရားနယ်ပယ် ပထမအဆင့် ရှိသူ လေးဦး ပေါင်းစပ်အသုံးပြုပါက နတ်ဘုရားနယ်ပယ် တတိယအဆင့်ရှိသော စစ်မှန်သော နတ်ဘုရားကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
အစီအရင် ပေါ်လာသည်နှင့် ရှု၏ မျက်နှာ ပျက်ယွင်းသွား၏။ အကယ်၍ သူမ၏ မူလခန္ဓာကိုယ် ရောက်ရှိနေပါက သူတော်စင်အဆင့်လေးကောင် ပြုလုပ်ထားသော ထိုအစီအရင်ကို လေတစ်ချက် မှုတ်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သော်လည်း သူမသည် စိတ်ဆန္ဒကိုယ်ပွားတစ်ခုသာ ဖြစ်သည်။လေးတိုင်စင် နတ်ဘုရား အစီအရင် သည် ဧရာမ တံဆိပ်တုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ၌ ဖြည်းညှင်းစွာ လည်ပတ်လျက် တစ်ကမ္ဘာလုံးကို ဖိနှိပ်နိုင်သည့် အရှိန်အဝါဖြင့် အောက်ဘက်သို့ ကျဆင်းလာသည်။
ရှု၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေ၏။ သူတော်စင်အဆင့်ရှိသတ္တဝါလေးကောင် ဖော်ဆောင်လိုက်သည့် အစီအရင်သည် သူတော်စင်အဆင့် ၆ ရှိသော သူမကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့်ဖြစ်သည်။ သူမသည် နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူမ၏ နည်းစနစ်များမှာ အဆင့်မြင့်လှသော်လည်း ဤအစီအရင်၏ ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။ ရှု အံကြိတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ အဆုံးမဲ့ လေတာအိုနိယာမများကို စုစည်းလိုက်သည်။
လေသည် အမြန်ဆုံး...
လေသည် အထက်ရှဆုံး...
သူမသည် လေနိယာမများကို အသုံးချပြီး အစီအရင်များစွာ ဖန်တီးကာ ကျ ရောက်လာသောတိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားသည်။
သို့သော် လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးမှာ မည်သည့် အတားအဆီးကိုမျှ ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ကျဆင်းလာဆဲဖြစ်သည်။ ရှု ဖန်တီးသမျှ နိယာမ အစီအရင်များမှာ အရပ်လေးမျက်နှာ နတ်ဘုရားပုံရိပ်များ၏ လက်တစ်ချက် ဝှေ့ယမ်းမှုအောက်တွင်ပင် ပျက်စီးကုန်ကြ၏။ ဧရာမတောင်တစ်လုံးအလား တံဆိပ်တုံးကြီးသည် ရှု၏ ဦးခေါင်းထက်သို့ တိုက်ရိုက်ရောက်ရှိလာ သည်။ သူမ လက်နှစ်ဖက်ဖြင့် အစွမ်းကုန် တွန်းကန်ထားသော်လည်း အချီးအနှီးသာဖြစ်သည်။ ခေါင်းပေါ်မှ တံဆိပ်တုံးကြီးသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ လေးလံလွန်းလှပြီး တားဆီးရန် ခက်ခဲလှသည်။
"ဝုန်း..."
လေးတိုင်စင် နတ်ဘုရားတံဆိပ်ကြီးသည် ရှုကို မြေကြီးထဲသို့ တိုက်ရိုက် ဖိချလိုက်သည်။မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် မည်သည့် အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့ချေ။