← Chapters

ကုမင်၏ အရန်အစီအစဉ်

Vol. 26 Ch. 376

ကုမင်၏ အရန်အစီအစဉ်

Vol. 26 Ch. 376

မိမိ၏ ကံကြမ္မာစနစ်ကို ပြန်လည်သုံးသပ်ပြီးနောက် ရှန်မို နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားလေသည်။ ကံကြမ္မာများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူသည် အသက်ရှင်ရုံသာမက ကုမင်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့သော် သူသည် ကုမင်ကို အနိုင်ယူနိုင်သော်လည်း သတ်ပစ်ရန်မူ မဖြစ်နိုင်သေးပေ။

ကုမင်တွင် အရန်အစီအစဉ်တစ်ခု ရှိနေ၏။ ကုမင်သည် မိမိက ရှန်မိုကို မယှဉ်နိုင်တော့မှန်း သိလိုက်သည်နှင့် ခြိမ်းခြောက်စကားပင် မဆိုတော့ဘဲ မိုင်ပေါင်းသောင်းချီ ဝေးရာသို့ ချက်ချင်း လွတ်မြောက်သွားနိုင်သည့် "အသေးစား တည်နေရာရွှေ့ပြောင်းခြင်း ပေစာကို အသုံးပြု၍ ထွက်ပြေးသွားမည် ဖြစ်သည်။

"အသေးစား တည်နေရာရွှေ့ပြောင်းခြင်း ပေစာက တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ… ငါကိုယ်တိုင်လည်း တစ်ခု ရထားဖူးတာပဲ"

ရှန်မိုက ရေရွတ်ကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဝါးခန့်ရှိသော ပေစာတစ်ခုကို ထုတ်ယူလိုက်သည်။ ဤစာလိပ်သည် စာရွက်ပေါ်တွင် မီးသင့်ကျောက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်သော်လည်း ၎င်းကို ဖော်စပ်ရန်မှာ အလွန်ခက်ခဲလှ၏။

အသုံးပြုသော မီးသင့်ကျောက်မှာ သာမန်မဟုတ်ဘဲ စိတ်ဝိညာဉ်ဓာတ်ကိန်းအောင်းနေသော "ဝိညာဉ်မီးသင့်ကျောက်" အမျိုးအစား ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူထားသဖြင့် ကျင့်ကြံသူ၏ စွမ်းအားကို စီးဆင်းစေနိုင်၏။ စာရွက်မှာလည်း သာမန်စာရွက် မဟုတ်ပေ။ နတ်ဆိုးသားရဲ၏ အရေခွံကို ထူးခြားသော ဆေးရည်ဖြင့် စိမ်ကာ ပျော့ပြောင်းအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ နတ်ဆိုးသားရဲ၏ အဆင့်အတန်းနှင့် အရည်အသွေးပေါ် မူတည်၍ ထိုစာရွက်ပေါ်တွင် ပိုမိုအားကောင်းသော စာလုံးပုံစံများကို ရေးဆွဲနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရပါသည်။

"စာရွက် ဖော်စပ်တဲ့ အတတ်ပညာဟာ ပျောက်ကွယ်သွားတာ ကြာပြီ… ဒီနေ့ခေတ်မှာ ကျန်နေသမျှကလည်း ရှေးဟောင်းခေတ်က ပစ္စည်းတွေချည်းပဲ"

ရှန်မို ထိုပေလိပ်ပေါ်မှ ရှုပ်ထွေးသော ပုံစံများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုသည်။ ၎င်းမှာ ပေရွက်များကို တန်ပြန်နှိမ်နင်းနိုင်သည့် နည်းလမ်းများကို ရှာဖွေရန် ခက်ခဲလိမ့်မည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။

"ဒါပေမဲ့ ငါသာ အသက်ရှည်ရှည် နေနိုင်မယ်ဆိုရင် ဒါတွေကို ဘယ်လို တန်ပြန်ရမလဲဆိုတာ ရှာတွေ့နိုင်ကောင်းပါရဲ့"

ရှန်မို၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် လေးပင်လယ် နဂါးမင်းကြီးများကို ချက်ချင်း သတိရလိုက်သည်။ လေးပင်လယ် နဂါးမင်းကြီးများသည် အလွန်ရှည်လျားသော သက်တမ်း ရှိကြပြီး ၎င်းတို့အထဲတွင် သက်တမ်းအရင့်ဆုံးမှာ အနောက်မြောက်ဘက် ရှစ်ခွင်ကို သိမ်းပိုက်ရာတွင် လူသားဧကရာဇ်ကို ကူညီခဲ့ဖူးသည့် မြောက်ပင်လယ်မင်းကြီး ဖြစ်သည်။

ဒုတိယ သက်တမ်းအရင့်ဆုံးမှာ တောင်ပင်လယ်မင်းကြီး ဖြစ်၏။ တောင်ပင်လယ်မင်းကြီးသည် လူသားဧကရာဇ်မှ တစ်ကမ္ဘာလုံးကို စည်းလုံးစေပြီး မဟာကျင်းမင်းဆက်ကို တည်ထောင်ပြီးချိန်မှ စ၍ ရာထူးရလာသူ ဖြစ်ပါသည်။ အရှေ့ပင်လယ်မင်းကြီးနှင့် အနောက်ပင်လယ်မင်းကြီးတို့မှာမူ တစ်ကြိမ်စီ အစားထိုးခံခဲ့ရဖူးသဖြင့် သက်တမ်းအားဖြင့် နှစ်တစ်ထောင်ကျော်မျှသာ ရှိကြသေးသည်။

"တောင်ပင်လယ် နဂါးနန်းတော်ကတော့ အကြီးအကျယ် ဆုံးရှုံးသွားပြီး သူ့ရဲ့ သဲလွန်စကလည်း မရှိဘူး… သူ့ကို ရှာတွေ့ဖို့က ခက်ဦးမယ်… လူတွေကိုပဲ သူ့အကြောင်း သတင်းစုံစမ်းခိုင်းထားရမှာပဲ"

ရှန်မိုက တွေးတောကာ စခန်းသို့ အမြန်ပြန်လာခဲ့သည်။ ယခုအခါ ရှန်မို၏ ဂုဏ်သတင်းမှာ အလွန်ကြီးမားနေပြီ ဖြစ်သည်။ သူ၏ အမိန့်တစ်ချက်တည်းဖြင့်ပင် တောင်ပင်လယ်မင်းကြီး၏ သဲလွန်စကို ရှာဖွေပေးရန် လူအများအပြားက ဆန္ဒရှိနေကြ၏။ ထုံယွမ်၊ ဝူယန်လန်၊ ကျိုးမင်ယီနှင့် တခြားသူများသည် ဘာအကြောင်းကြောင့်လဲဟုပင် မမေးမြန်းဘဲ ဝိုင်းဝန်းကူညီရန် သဘောတူခဲ့ကြသည်။

ရှန်မို သူ၏ သိုင်းပညာကို လေ့ကျင့်ရန် ထွက်ခွာတော့မည့်အချိန်တွင် ဓားရူးမဟာမိတ်မှ ကျင့်ကြံသူ ဝမ်လန်းက စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။ မနီးမဝေးတွင် ထုံယွမ်နှင့် ဝူယန်လန်တို့ တီးတိုး စကားပြောနေကြသည်။

"...မကြာသေးခင်က အနောက်ပင်လယ်နဲ့ အရှေ့ပင်လယ်က ရေနတ်ဆိုးတွေဟာ ကမ်းပေါ်တက်ပြီး မြို့တွေကို ခဏခဏ တိုက်ခိုက်နေကြတယ်… ကမ်းရိုးတန်းက ကျင့်ကြံသူတွေဆိုရင် နေ့ရောညပါ ခုခံနေရလို့ အတော်လေး ဒုက္ခရောက်နေကြရတယ်"

"အနောက်ပင်လယ် ရေနတ်ဆိုးတွေက မိုပြည်နယ်ကိုလည်း အပြင်းအထန် တိုက်နေတယ်လို့ ကြားတယ်… ဝမ်လန်းကို ကြည့်ဦး… သူကတော့ အရမ်းစိုးရိမ်ပြီး ခေါင်းတွေတောင် ခြောက်နေပကနေ… အခုချက်ချင်း ပြန်သွားပြီး ကူညီချင်နေပုံပဲ"

ရှန်မို၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ လက်ရှိတွင် ၎င်းမှာ အသေးစား တိုက်ခိုက်မှုများသာ ဖြစ်သော်လည်း မကြာမီတွင် အကြီးအကျယ် ကျူးကျော်လာတော့မည်ဖြစ်ကာ ဓားရူးမဟာမိတ်နှင့် ပင်လယ်နတ်ဘုရားကျွန်းတို့၏ အချက်အချာဒေသများအထိ ထိုးဖောက်ဝင်ရောက်လာပေလိမ့်မည်။ ဤသည်မှာ ကုမင်၏ နည်းဗျူဟာများထဲမှ တစ်ခုပင်။

ရှန်မို ဘာမှ ဝင်မပြောခဲ့ပေ။ အချို့သော အရာများကို သူ မပြောင်းလဲနိုင်သလို၊ ပြောင်းလဲရန်လည်း မလိုအပ်ပေ။ အကယ်၍ သူက ပြောင်းလဲလိုက်လျှင် ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာ လွဲချော်သွားမည်ဖြစ်ပြီး သူ ကြိုမမြင်နိုင်သော အနာဂတ်သို့ ရောက်ရှိသွားပေလိမ့်မည်။ မသိရသေးသော အရာသည်သာ အကြောက်ရဆုံး ဖြစ်လေ၏။

...

"အစ်ကိုကြီးရှန်… ကျွန်တော့်ကို ရှာခိုင်းထားတဲ့လူက... အား... ဝူး ဝူး..."

ရှီကျင့်ထျန်၏ ကျယ်လောင်သော အသံသည် တဲအပြင်ဘက်မှ ထွက်ပေါ်လာသည်။ သို့သော် သူ စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်က သူ့ပါးစပ်ကို ပိတ်လိုက်လေ၏။ ရှန်မို ပြုံးလျက်

"ဝင်လာခဲ့ပါ"

အရပ်အမောင်း မြင့်သူတစ်ယောက်နှင့် ပုသူတစ်ယောက် လူနှစ်ယောက် ချက်ချင်း ဝင်လာကြသည်။ ၎င်းတို့မှာ တုချန်းချင်းနှင့် ရှီကျင့်ထျန်တို့ ဖြစ်သည်။ ရှီကျင့်ထျန်က တုချန်းချင်းကို ဒေါသတကြီး ကြည့်နေ၏။ တုချန်းချင်းမှ သူ၏ပါးစပ်ကို လာပိတ်သဖြင့် မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။ တုချန်းချင်း အမူအရာမပျက်ဘဲ သူ၏လက်ကို ရှီကျင့်ထျန်၏ အင်္ကျီဖြင့် သုတ်လိုက်ကာ

"မင်းရဲ့ တံတွေးတွေက ရွံစရာကြီး"

ရှန်မိုသည် ထိုလူပြက်နှစ်ယောက်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။

"သူ့ကို ရှာတွေ့ပြီလား”

ရှန်မိုမှ မေးလိုက်သည်။

"ဟုတ်ကဲ့… တောင်ပင်လယ်မင်းကြီး ရောက်နေပါပြီ… သူက အပြင်ဘက်က တောနက်ထဲမှာ ပုန်းနေတာ… သူ့ရဲ့ သဲလွန်စကိုလည်း ထုတ်မပြဘူး"

တုချန်းချင်းမှ ရှင်းပြ၏။

"ကောင်းပြီ… မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"

ရှန်မို ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ရှီကျင့်ထျန် ပြုံးဖြဲဖြဲဖြင့်

"ကျေးဇူးတင်စရာ မလိုပါဘူး အစ်ကိုကြီးရှန်ရာ… အရင်က လေ့ကျင့်ခန်း လုပ်ကြတုန်းက အစ်ကိုကြီးဆီက အများကြီး သင်ယူခဲ့ရတာပဲ… ဒါကတော့ ကျွန်တော်တို့ လုပ်ပေးသင့်တဲ့ အလုပ်ပါ"

တုချန်းချင်းမှာ အေးစက်စက် အမူအရာဖြင့်

"မင်းတို့ ပင်လယ်နတ်ဘုရားကျွန်းက ရှာတွေ့တာ မဟုတ်ပါဘူး… ငါတို့ ချန်ယွမ်ဂိုဏ်းက ရှာတွေ့တာပါ… မင်းက ဘာလို့ နှိမ့်ချပြနေရတာလဲ"

ရှီကျင့်ထျန် ဒေါသတကြီးဖြင့်

"အားလုံးက အတူတူပါပဲ… ဘာလို့ ဒါတွေကို လိုက်ခွဲခြားနေရတာလဲ"

တုချန်းချင်း အေးစက်စွာ ပြန်ပြော၏။

"ပြီးခဲ့တဲ့ တစ်ခါက မင်း ထျန်းဟီဂိုဏ်းဆီက စားစရာတွေ ခိုးတုန်းကတော့ ပင်လယ်နတ်ဘုရားကျွန်းက ပင်လယ်နတ်ဘုရားကျွန်းပဲ… ချန်ယွမ်ဂိုဏ်းက ချန်ယွမ်ဂိုဏ်းပဲ ဆိုပြီး ငါ့အပေါ် အပြစ်ပုံချခဲ့တာ ဘယ်သူလဲ… အဲ့ဒီတုန်းကတော့ မင်းက မျဉ်းသားပြီး သေချာ ခွဲခြားပြခဲ့တာပဲ မဟုတ်လား"

ရှီကျင့်ထျန် နှာခေါင်းရှုံ့လိုက်ကာ

"မင်းလည်း မထူးပါဘူး… မနှစ်က မင်း ငါ့ကို ခေါ်ပြီး နှင်းနန်းတော်က အမျိုးသမီး ကျင့်ကြံသူတွေ ရေချိုးတာကို သွားချောင်းတာ..."

တုချန်းချင်းသည် ရှီကျင့်ထျန်၏ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်ပြီး ထိုလူနှစ်ယောက်မှာ ချက်ချင်းပင် တစ်ယောက်နှင့်တစ်ယောက် လုံးထွေး သတ်ပုတ်ကြလေတော့သည်။ ရှန်မို သူတို့နှစ်ယောက်ကို လွှတ်ထားလိုက်ပြီး လှည့်ထွက်လာခဲ့ရ၏။ ထိုနှစ်ယောက် ရန်ဘက်ဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး သုံးရက်တစ်ခါ ရန်ဖြစ်ကာ ငါးရက်တစ်ခါ သတ်ပုတ်နေကြခြင်းသည် လူတိုင်းအတွက် ရိုးအီနေပြီ ဖြစ်၏။

ရှန်မို ကိုယ်ယောင်ဖျောက်ကာ စခန်းအပြင်ဘက်ရှိ တောနက်ထဲသို့ ရောက်ရှိသွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနှစ် အရှိန်အဝါကို အနည်းငယ် ထုတ်ဖော်လိုက်သည်။ အမှန်ပင် မကြာမီတွင် တောနက်ထဲတွင် ပုန်းကွယ်နေသော အားကောင်းသည့် သွေးအဆီအနှစ် အရှိန်အဝါ သုံးခုကို သူ အာရုံခံမိလိုက်သည်။ ရှန်မို လှုပ်ရှားမှုပညာကို သုံးကာ တောနက်ထဲသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားလေ၏။

ထိုနေရာ၌ လူသုံးယောက် ရပ်နေသည်ကို တွေ့ရသည်။ အဘိုးအိုတစ်ဦး၊ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ အဘိုးအိုမှာ အရပ်ရှည်ပြီး ထွားကျိုင်းကာ မျက်နှာမှာ ကြင်နာတတ်သော အမူအရာဖြင့် ပြည့်နေသည်။ သို့သော် သူ၏မျက်နှာတွင် နာကျင်နေသော အရိပ်အယောင်များ ခဏခဏ ပေါ်နေသဖြင့် ဒဏ်ရာရထားဆဲ ဖြစ်ကြောင်း သိသာ၏။ လူငယ်မှာ အရပ်ရှည်ပြီး သန်မာကာ အေးစက်ခက်ထန်သော မျက်နှာထား ရှိသည်။ ဘေးပတ်ဝန်းကျင်၌ အန္တရာယ်ရှိနေသကဲ့သို့ နိုးနိုးကြားကြား ရှိလှသည်။ အမျိုးသမီးမှာမူ ကိုယ်လုံးကိုယ်ပေါက် လှပကာ ရေပေါ်မှ ကြာပန်းလေးတစ်ပွင့်ကဲ့သို့ ကျော့ရှင်းလှပနေ၏။ သူမ၏ မျက်နှာမှာ လှပသော်လည်း မျက်ခုံးတန်းများမှာ ရဲရင့်သော အသွင်ဆောင်နေသဖြင့် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး မဟုတ်ကြောင်း သိသာသည်။ သို့သော် သူတို့သုံးဦးစလုံး၏ ဦးခေါင်းတွင် နဂါးဂျိုများ ရှိနေသဖြင့် သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြနေသည်။

ရှန်မို ရုတ်တရက် ပေါ်လာခြင်းကြောင့် သူတို့သုံးဦး အလွန်အမင်း နိုးကြားသွားကြ၏။ အထူးသဖြင့် လူငယ်မှာ သူ၏ သိုင်းပညာကိုပင် အလိုအလျောက် ထုတ်ဖော်ရန် ပြင်လိုက်သည်။

"ရှောင်ယီ… ယဉ်ကျေးစမ်း"

အဘိုးအိုမှ တားမြစ်လိုက်၏။ လူငယ်သည် သွေးအဆီအနှစ် အရှိန်အဝါကို လျှော့ချလိုက်သော်လည်း ရှန်မိုကိုမူ သတိဖြင့် ဆက်လက် စောင့်ကြည့်နေဆဲပင်။

ရှန်မို ထိုအပြုအမူကို စိတ်မရှိပေ။ သူတို့ သုံးယောက်မှာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ကြာပြီဖြစ်သဖြင့် စိုးရိမ်စိတ် လွန်ကဲနေခြင်းမှာ သဘာဝပင် ဖြစ်သည်။ အဘိုးအိုမှ ပြုံးလျက်

"လူငယ်လေး… မင်းက တကယ့်ကို လူတွေထဲက နဂါးပဲ… အစွမ်းက အံ့ဩစရာပဲ… မင်း အနားရောက်လာတာကို ငါတို့ထဲက တစ်ယောက်မှ သတိမထားမိကြဘူး"

ရှန်မို ဦးညွှတ်လိုက်ကာ

"ချီးမွမ်းတာ များသွားပါပြီ တောင်ပင်လယ်မင်းကြီး"

"မိတ်ဆက်ပေးပါရစေဦး"

အဘိုးအိုမှ သူ၏အနောက်ရှိ လူငယ်ကို ညွှန်ပြလျက် "ဒါက မင်းသား (၂) အောင်းယီပါ"

ထို့နောက် အမျိုးသမီးကို ညွှန်ပြကာ

"ဒါကတော့ သမီးကြီး အောင်းကျားတဲ့”

အောင်းယီမှာ အနည်းငယ် ဂုဏ်ယူသော အမူအရာ ရှိသည်။ လေးပင်လယ် နဂါးမင်းကြီးများသည် သွားလေရာရာ၌ လေးစားသမှု ခံရသူများ ဖြစ်သဖြင့် ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် သူတို့အား မင်းသား၊ မင်းသမီးဟု ရိုရိုသေသေ ခေါ်ဝေါ်ကြစမြဲ ဖြစ်၏။

သို့သော် အောင်းကျားမှာ အေးဆေးစွာဖြင့်

"မင်းသားတို့ မင်းသမီးတို့ ဆိုတာတွေက အတိတ်က အရာတွေပါပဲ… အခုတော့ ကျွန်မတို့က တောင်ပင်လယ်ကနေ ပြည်နှင်ဒဏ်သင့်နေတဲ့ နဂါးတွေပါ"

ရှန်မိုသည် အောင်းကျားကို အံ့ဩစွာ ကြည့်လိုက်သည်။ ဤနဂါးမင်းသမီးသည် လက်ရှိ အခြေအနေကို သူ၏မောင်ဖြစ်သူထက် ပို၍ နားလည်ပြီး လက်ရှိ အခြေအနေကိုလည်း ပိုမို လက်ခံနိုင်စွမ်း ရှိသည်။

"မင်းသား (၃) ရော ဘယ်လိုနေလဲ"

အောင်းကျားမှ မေးလိုက်သည်။

"သူ နေကောင်းပါတယ်… အစွမ်းတွေလည်း အများကြီး တိုးတက်လာပါတယ်"

ရှန်မိုမှ ခေါင်းငြိမ့်ပြ၏။

သူတို့ ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် တောင်ပင်လယ်မင်းကြီးမှ အလေးအနက် ဆိုလိုက်သည်။

“လူငယ်လေး… ငါတို့ ဒီမှာ ခဏလောက် ခိုလှုံခွင့် ရချင်ပါတယ်… မဟာနဂါးအသွင်ပြောင်းခြင်း အတတ်ပညာ ကို ထောက်ထားပြီး မင်းရဲ့ အကူအညီကို တောင်းခံပါရစေ"

All Chapters