နည်းလမ်း (၃) ခု
Vol. 26 Ch. 377
တောင်ပင်လယ်မင်းကြီး၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ရှန်မို တွန့်ဆုတ်နေခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။
တောင်ပင်လယ်မင်းကြီးသည် အလွန်အကျိုးအကြောင်း သိတတ်သော နဂါးတစ်ကောင် ဖြစ်သည်မှာ ထင်ရှားလှ၏။ လွန်ခဲ့သော အချိန်များစွာကတည်းက သူ အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး သူ၏ တိုက်ရိုက်မျိုးဆက်များကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားခဲ့သည်။ ထို့အပြင် ရှန်မို့ကို မဟာနဂါးအသွင်ပြောင်းခြင်း အတတ်ပညာကိုပင် ကြိုတင်လက်ဆောင်ပေးခဲ့ဖူးရာ အလွန်ပင် ရိုးသားဖြောင့်မတ်ကြောင်း ပြသခဲ့ပြီးဖြစ်၏။ ယခုအခါ ရှန်မိုအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။
ထို့အပြင် တောင်ပင်လယ်နဂါးမျိုးနွယ်သည် ကုမင်နှင့် အသေအလဲ ရန်ဘက်များ ဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ရှန်မိုအနေဖြင့် ဤသုံးယောက်ကို လက်ခံရန် အကြောင်းပြချက် ပိုရှိနေ၏။ အရှေ့ပင်လယ်နှင့် အနောက်ပင်လယ်မှ နဂါးများ မည်သို့ တုံ့ပြန်မည်ဆိုသည်မှာ ရှန်မို ထည့်သွင်းစဉ်းစားရမည့် ကိစ္စမဟုတ်ပေ။ အခြားသော ကျင့်ကြံသူများသည် အနောက်ပင်လယ်နှင့် အရှေ့ပင်လယ် နဂါးမင်းကြီးများသည် ကုမင်နှင့် ခင်မင်ရုံသာရှိပြီး ကြားနေအဖြစ် ဆက်လက်ရှိနေမည်ဟု အထင်မှားနေနိုင်သော်လည်း ရှန်မိုကမူ ထိုပင်လယ်နဂါးနှစ်ကောင်မှာ နတ်ဆိုးနိုင်ငံတော်နှင့် ပူးပေါင်းပြီးဖြစ်ကြောင်း အတော်ကြာကြာတည်းက သိထားပြီးဖြစ်၏။ သူတို့ ကျင်းနိုင်ငံနှင့် ပေါ်ပေါ်ထင်ထင် လမ်းခွဲခြင်း မပြုရခြင်းမှာ ကုမင်၏ နည်းဗျူဟာတစ်ခုမျှသာ ဖြစ်သည်။
နေရောင်အောက်တွင် လက်နက်ကိုင်ဆောင်ထားသော စစ်သည်က ပို၍ ကြောက်စရာကောင်းသလား… သို့မဟုတ် အမှောင်ထဲတွင် ပုန်းအောင်းကာ စစ်မြေပြင်ကို အမြဲစောင့်ကြည့်နေသော လုပ်ကြံသတ်ဖြတ်သူက ပို၍ ကြောက်စရာကောင်းသလား…။
"တောင်ပင်လယ်မင်းကြီးက မှော်ပေရွက်အကြောင်း သိပါသလား”
ရှန်မို ရုတ်တရက် မေးလိုက်သည်။
တောင်ပင်လယ်မင်းကြီးမှာ အံ့ဩသွားပြီး ရယ်မောလျက်
"ဘာလို့ မေးရတာလဲ လူငယ်လေး”
ရှန်မို ပြုံးလျက်
"ကျွန်တော် မှော်ပေရွက်တစ်ခု မတော်တဆ ရထားလို့ပါ… အဲ့ဒါနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားမိလို့"
တောင်ပင်လယ်မင်းကြီးမှ ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားသည်။
"အခုခေတ်မှာ ရှိတဲ့ မှော်ပေရွက်တွေက အလွန်ရှားပါးသွားပါပြီ… အများစုက ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာတာတွေချည်းပါပဲ… အဲ့ဒီ မှော်ပေရွက်တွေ အများစုကတော့ လင်ပေါင် ကျန်းဖာဂိုဏ်းကနေ လာတာပါပဲ"
ရှန်မို မျက်မှောင်ကြုတ်ကာ
"လင်ပေါင် ကျန်းဖာဂိုဏ်း ဟုတ်လား”
တောင်ပင်လယ်မင်းကြီး ခေါင်းညိတ်ပြကာ
"မှန်တာပေါ့… အဲ့ဒီဂိုဏ်းဟာ လူသားတွေ ပထမဆုံး တည်ထောင်ခဲ့တဲ့ ဂိုဏ်းတွေထဲက တစ်ခုပဲ… အခုခေတ် ဂိုဏ်းတွေထက် အများကြီး ပိုသက်တမ်းရင့်တယ်… အဲ့ဒီ ရှေးဟောင်းခေတ်တုန်းက ဒီတိုက်ကြီးကို နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကပဲ စိုးမိုးထားတာ… လူသားတွေအတွက် နယ်မြေဆိုတာ မရှိသလောက်ပဲ… အခုလက်ရှိ သက်တမ်းအရှည်ဆုံးလို့ ပြောရမယ့် နှင်းနန်းတော် ဆိုတာတောင် လင်ပေါင် ကျန်းဖာဂိုဏ်း ပျက်စီးသွားချိန်မှာ မပေါ်သေးဘူး… လင်ပေါင် ကျန်းဖာဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးဟာ မတော်တဆ ကောင်းကင်ကျမ်းစာတစ်စောင် ရခဲ့တဲ့ သာမန်လူတစ်ယောက်ပဲ… အဲ့ဒီကနေ သူက မှော်ပေရွက် အတတ်ပညာနဲ့ အောင်မြင်လာပြီး လင်ပေါင် ကျန်းဖာဂိုဏ်းကို တည်ထောင်ခဲ့တာ… အဲ့ဒီကာလတုန်းက အဲ့ဒီဂိုဏ်းဟာ လူသားမျိုးနွယ်အတွက် မီးရှူးတန်ဆောင်တစ်ခုလို ဖြစ်ခဲ့ပြီး နတ်ဆိုးတွေကို ခုခံရာမှာ ဦးဆောင်ခဲ့တာပေါ့"
ရှန်မို ခဏ စဉ်းစားကာ
"အဲ့ဒီနောက်ရော ဘာဖြစ်သွားလဲ… လင်ပေါင် ကျန်းဖာဂိုဏ်းက ဘယ်လို ပျောက်ကွယ်သွားတာလဲ”
တောင်ပင်လယ်မင်းကြီးမှ သက်ပြင်းသဲ့သဲ့ချကာ
"လင်ပေါင် ကျန်းဖာဂိုဏ်းက မှော်ပေရွက်တွေ အများကြီး ဖန်တီးခဲ့တာကြောင့် အဆင့်နိမ့် ကျင့်ကြံသူတွေတောင် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားတွေကို ထုတ်ဖော်နိုင်လာကြတယ်… အဲ့ဒီတော့ သူတို့က နတ်ဆိုးတွေအတွက် မျက်စိထဲက ဆူးတစ်ချောင်း ဖြစ်လာတာပေါ့… နောက်ဆုံး တည်ထောင်သူ ဘိုးဘေးဟာ နတ်ဆိုးတွေရဲ့ ဝိုင်းဝန်းလုပ်ကြံမှုကို ခံရပြီး အသတ်ခံလိုက်ရတယ်… ကောင်းကင်ကျမ်းစာကလည်း ပျောက်သွားတယ်… အဲ့ဒီကနေ လင်ပေါင် ကျန်းဖာဂိုဏ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တာ… အဲ့ဒီနောက် နှစ်ပေါင်း နှစ်ရာကျော်လောက် အတွင်းမှာပဲ လုံးဝ ပျောက်ကွယ်သွားတော့တာပဲ"
ရှန်မို ခေါင်းငြိမ့်ပြ၏။ ဤကဲ့သို့ သက်တမ်းတိုသော ဂိုဏ်းများမှာ မရှားလှပေ။
"အသေးစား တည်နေရာရွှေ့ပြောင်းခြင်း မှော်ပေရွက်အကြောင်းရော သိလားဗျ”
ရှန်မို ထပ်မေးလိုက်သည်။
တောင်ပင်လယ်မင်းကြီး ခေါင်းညိတ်ပြ၏။
“သိတာပေါ့… အဲ့ဒီ မှော်ပေရွက်က လင်ပေါင် ကျန်းဖာဂိုဏ်းက ဖန်တီးခဲ့တဲ့ မှော်ပေရွက်တွေထဲမှာ လူကြိုက်အများဆုံး တစ်ခုပဲ… ဒီမှော်ပေရွက်က စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်ရုံနဲ့ အနည်းဆုံး မိုင်ပေါင်း ငါးထောင်လောက် ဝေးတဲ့ နေရာတစ်ခုဆီကို ကျပန်း ရွှေ့ပြောင်းပေးနိုင်တယ်… ဝိညာဉ်စွမ်းအား ပိုထည့်လေလေ… ရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက ပိုဝေးလေပဲ… အဲ့ဒါက အရင်တုန်းက လူသားကျင့်ကြံသူတွေအတွက် အကောင်းဆုံး ထွက်ပြေးစရာ ပစ္စည်းပဲ… နတ်ဆိုးတွေ အမုန်းဆုံး မှော်ပေရွက်ဆိုလည်း ဟုတ်တယ်… မင်းဆီမှာ အဲ့ဒီ မှော်ပေရွက် ရှိနေတာလား"
ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။ သူ ထိုမှော်ပေရွက်ကို မည်သို့ တန်ပြန်ရမည်နည်းဟု မေးနေခြင်းဖြစ်ရာ လိမ်ညာနေရန် မလိုတော့ပေ။ ရှန်မိုမှ
“ဒီမှော်ပေရွက်ကို ဘယ်လို သုံးရသလဲ… ပြီးတော့ အဲ့ဒါကို နှောင့်ယှက်တာ… တားဆီးတာ ဒါမှမဟုတ် တန်ပြန်တာမျိုး လုပ်လို့ရသေးလား”
တောင်ပင်လယ်မင်းကြီး ရယ်မောလျက်
"မှော်ပေရွက် သုံးတဲ့နည်းကတော့ အတူတူပါပဲ… စိတ်ဝိညာဉ်စွမ်းအင် ထည့်ပေးလိုက်ရုံပဲ… အဲ့ဒီမှော်ပေရွက်ကို နှောင့်ယှက်လို့ ရသလားဆိုရင်တော့ ရတယ်လို့ ငါ အသေအချာ ပြောနိုင်တယ်… အဲ့ဒါကို နှောင့်ယှက်နိုင်တဲ့ နည်းလမ်း အနည်းဆုံး သုံးမျိုး ရှိတယ်"
ရှန်မို စိတ်ဝင်စားသွားပြီး
"ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး တောင်ပင်လယ်မင်းကြီး"
တောင်ပင်လယ်မင်းကြီးမှ အလေးအနက် ပြောပြသည်။
"ပထမတစ်မျိုးကတော့ နတ်ဆိုးစွမ်းအင်ပဲ… မင်း ကျန်းကျောက်မှာ နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့ဖူးတာဆိုတော့ နတ်ဆိုးစွမ်းအင်ရဲ့ ကြောက်စရာကောင်းပုံကို သိမှာပါ… နတ်ဆိုးစွမ်းအင်ရဲ့ အနှစ်သာရဟာ စိတ်ဝိညာဉ်စွမ်းအင်နဲ့ သွေးအဆီအနှစ် စွမ်းအားတွေထက် အများကြီး သာလွန်တာကြောင့် အဲ့ဒီစွမ်းအားတွေကို တန်ပြန်နိုင်တယ်… နတ်ဆိုးနယ်မြေထဲမှာဆိုရင် ဒီမှော်ပေရွက်ရဲ့ အကွာအဝေးက အများကြီး လျော့နည်းသွားပြီး မိုင်အနည်းငယ်လောက်ပဲ ရောက်တော့တာမျိုး ဖြစ်နိုင်တယ်… အကယ်၍ နတ်ဆိုးတစ်ကောင်က သူ့ရဲ့ နတ်ဆိုးစွမ်းအင်နဲ့ မင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ချုပ်နှောင်ထားမယ်ဆိုရင် မှော်ပေရွက်ရဲ့ အာနိသင်က အများကြီး အကန့်အသတ် ဖြစ်သွားလိမ့်မယ်"
"ဒုတိယတစ်မျိုးကတော့ ဟင်းလင်းပြင် အကာအကွယ်တွေပဲ… ဟင်းလင်းပြင် အကာအကွယ်တစ်ခုကို သုံးပြီး သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုကို ကြိုတင်ပိတ်ဆို့ထားမယ်ဆိုရင် အဲ့ဒီမှော်ပေရွက်က လုံးဝ အလုပ်မလုပ်တော့ဘူး… စိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်ပဲ ထည့်ထည့် မရတော့ဘူး… ဒါပေမဲ့ ဟင်းလင်းပြင် အကာအကွယ်တွေ ဖန်တီးဖို့က အလွန်ခက်ခဲတယ်… နယ်မြေကျယ်လေလေ ဖန်တီးဖို့ ခက်လေပဲ… ငါသိသလောက်တော့ မိုင်တစ်ရာ ပတ်လည်လောက်ကို ပိတ်ဆို့နိုင်တဲ့ လိပ်နက် ဟင်းလင်းပြင် အကာအကွယ်ဆိုတာပဲ ရှိတယ်… ဒီထက်ကြီးတဲ့ အကာအကွယ်တော့ မရှိဘူး"
ထိုနည်းလမ်း နှစ်မျိုးကို ကြားပြီးနောက် ရှန်မို စိတ်ပျက်သွားမိသည်။ နတ်ဆိုးစွမ်းအင်မှာ သူနှင့် မဆိုင်သလို ဟင်းလင်းပြင် အကာအကွယ်များမှာလည်း ရှာဖွေရန် ခက်ခဲလွန်းလှပြီး သူ၏ လက်ဝယ်တွင်လည်း မရှိပေ။
တောင်ပင်လယ်မင်းကြီးမှ ပြုံးကာ
"ဒီပထမ နည်းလမ်းနှစ်မျိုးက အခုခေတ်မှာ ရဖို့ မဖြစ်နိုင်သလောက်ပါပဲ… ဒါကြောင့် မင်း အဲ့ဒီနည်းတွေနဲ့ တန်ပြန်ခံရမှာကို မစိုးရိမ်ပါနဲ့"
ရှန်မို အမူအရာမပျက်ဘဲ
"ဒါဆို တတိယနည်းလမ်းကရော ဘာလဲ"
တောင်ပင်လယ်မင်းကြီး ခေါင်းငြိမ့်ပြ၍
"ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်ပဲ"
"ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက် ဟုတ်လား”
"ဟုတ်တယ်… ဒီမှော်ပေရွက်ကို လင်ပေါင် ကျန်းဖာဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်တဲ့ နတ်ဆိုးတွေကို တန်ပြန်ဖို့ ဖန်တီးခဲ့တာ… နောက်ပိုင်း ကျင့်ကြံသူတွေက ဒီမှော်ပေရွက်ဟာ အသေးစား တည်နေရာရွှေ့ပြောင်းခြင်း မှော်ပေရွက်ကိုလည်း တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြတယ်… ဒါပေမဲ့ အကြီးစား ရွှေ့ပြောင်းခြင်း မှော်ပေရွက်တွေကိုတော့ ထိရောက်မှု မရှိသလောက်ပဲ… အထူးသဖြင့် သုံးစွဲသူတွေရဲ့ ကျင့်ကြံမှု အဆင့်ချင်း အရမ်းကွာရင်တော့ ဘာမှ မထူးခြားတော့ဘူး"
ရှန်မို၏ မျက်လုံးများ အရောင်တောက်သွား၏။ ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်!
ဒါက သူ လုပ်ဆောင်နိုင်မည့် အရာ ဖြစ်ပုံရသည်။
“ဒီမှော်ပေရွက်တွေက ဒီလောကမှာ အများကြီး ရှိတာလား”
ရှန်မိုမှထပ်မေးသည်။
တောင်ပင်လယ်မင်းကြီး အားရပါးရ ရယ်မောလျက်
"လူငယ်လေးရာ… သိပ်ပြီး စိုးရိမ်မနေပါနဲ့… မှော်ပေရွက်တွေဆိုတာ မူလကတည်းက ရှားပါးတာပဲ… သာမန် ကျင့်ကြံသူတွေ ဘယ်မှာ ရနိုင်မှာလဲ… အသေးစား ရွှေ့ပြောင်းခြင်း မှော်ပေရွက်တောင် ရှားလှပြီဆိုရင် ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်က ပိုတောင် ရှားသေးတယ်… ငါသိသလောက်တော့ ကျင်းနိုင်ငံရဲ့ ဓားအရှင်သခင်ဆီမှာပဲ ရှေးဟောင်း မှော်ပေရွက်တချို့ ရှိလိမ့်မယ်… ဓားအရှင်သခင်က မင်းနဲ့ ရင်းနှီးတာဆိုတော့ သူက မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး… စိတ်အေးအေး ထားပါ"
ရှန်မိုသည် ဤစကားကို ကြားသောအခါ ပို၍ပင် ဝမ်းသာသွား၏။
ဓားအရှင်သခင်!
သူ မှော်ပေရွက်များပါ စုဆောင်းထားလိမ့်မည်ဟု ရှန်မို မမျှော်လင့်ထားခဲ့ပေ။
"ကောင်းပါပြီ… ကျေးဇူးတင်ပါတယ် စီနီယာ"
ရှန်မို ဦးညွှတ်၍ လေးလေးစားစား ဆိုလိုက်သည်။ တစ်ဖက်လူက သူ့မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သဖြင့် ကျေးဇူးတင်ရန်မှာ အမှန်ပင် သင့်မြတ်လှသည်။
"ကိစ္စမရှိပါဘူး… နောင်မှာ ငါတို့ကလည်း လူငယ်လေး ရှန်မိုအပေါ် အများကြီး အားကိုးရဦးမှာပါ"
တောင်ပင်လယ်မင်းကြီးကလည်း ရှန်မိုကို ဦးညွှတ်ပြလိုက်၏။ သူသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော နဂါးတစ်ကောင် ဖြစ်သော်လည်း ရှန်မိုအပေါ် မည်သည့် အရှိန်အဝါမျှ မပြဘဲ ရိုးသားစွာ ဆက်ဆံခဲ့သည်။
သူတို့ကို နှုတ်ဆက်ပြီးနောက် ရှန်မို လေထဲသို့ ပျံတက်ကာ အရှေ့မြောက်အရပ်ဆီသို့ ဦးတည်သွားလေသည်။ သူ၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှ၏။ ငါးရက်အတွင်း သူသည် ဝူပြည်နယ်နှင့် ယုပြည်နယ် နယ်စပ်သို့ ရောက်ရှိခဲ့သည်။ နောက်ထပ် သုံးရက်အကြာတွင်မူ ကျောက်စိမ်းပင်လယ်မြို့သို့ ရောက်ရှိခဲ့လေ၏။
ကျောက်စိမ်းပင်လယ်မြို့သို့ ရောက်လျှင် ရောက်ချင်းမှာပင် ရှန်မို သေချာပင် ရှာစရာမလိုဘဲ ရင်းနှီးနေသော အသံတစ်ခုကို ဘေးနားမှ ကြားလိုက်ရသည်။
"ဟော... လူငယ်လေး… ကျောက်စိမ်းပင်လယ်မြို့အထိ ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ… မင်းက ဝူပြည်နယ်မှာ ကျင့်ကြံနေရမှာ မဟုတ်လား”
"နေပါဦး... မင်းရဲ့ အရှိန်အဝါက... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် အများကြီး ပိုအားကောင်းလာသလိုပဲ… ငါ့စိတ်ထင်တာပဲလား"
ရှန်မိုသည် ထိုအသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။ ထိုသူမှာ တခြားသူ မဟုတ်ဘဲ အလွန်ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အိမ်နီးနားချင်း အဘိုးအိုတစ်ဦးနှင့် တူနေသော ဓားအရှင်သခင် ကျီဖျင်ပင်။ ကျီဖျင်သည် လက်ဝဲဘက်တွင် အမဲသားနှပ်ကို ကိုင်ထားပြီး လက်ယာဘက်တွင် အရက်ဘူးကို ကိုင်ထားလျက် ရှန်မိုကို ပထမဆုံးအကြိမ် မြင်ဖူးသည့် လူငယ်တစ်ဦးကို ကြည့်သကဲ့သို့ အံ့ဩတကြီး ကြည့်နေလေတော့၏။