← Chapters

နတ်ဆိုးဧကရာဇ်မှ သိမ်းပိုက်ခြင်း

Vol. 26 Ch. 378

နတ်ဆိုးဧကရာဇ်မှ သိမ်းပိုက်ခြင်း

Vol. 26 Ch. 378

ရှန်မို ခပ်ဖွဖွရယ်မောရင်း

"ဓားအရှင်သခင်… မတွေ့ရတာ ကြာပြီနော်"

ကျီဖျင် လက်ကို အမြန်ဝှေ့ယမ်းပြကာ

"စကားလမ်းကြောင်း မလွှဲနဲ့… မင်း ကျင့်ကြံမှုအဆင့်တွေ ထပ်တက်လာပြန်ပြီ မဟုတ်လား… ဒါတင်မကဘူး… မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ရော သွေးအဆီအနှစ် အရှိန်အဝါပါ အများကြီး တိုးတက်လာတာကို ငါ ခံစားနေရတယ်"

ကျီဖျင်သည် မိမိအပေါ် မကောင်းကြံမည့်သူမဟုတ်ဘဲ စေတနာအပြည့်ရှိသူဖြစ်ကြောင်း ရှန်မို သိထားသဖြင့် ဘာမှဖုံးကွယ်မထားတော့ဘဲ ခေါင်းငြိမ့်ဝန်ခံလိုက်၏။

"ဟုတ်ကဲ့… အနည်းငယ်တော့ တိုးတက်မှု ရှိခဲ့ပါတယ်"

ကျီဖျင် တအံ့တဩ ရေရွတ်မိသည်။

"အနည်းငယ်ပဲ ဟုတ်လား… မင်းက အရှိန်အဝါကို ထုတ်မပြထားတာတောင် မင်းဆီကနေ ခြိမ်းခြောက်မှုတစ်ခုကို ငါ ခံစားနေရတယ်… အကယ်၍ မင်းသာ အစွမ်းကုန် ထုတ်သုံးလိုက်မယ်ဆိုရင် ငါတောင် မင်းရဲ့ ပြိုင်ဘက် မဟုတ်တော့မှာကို စိုးရိမ်မိနေပါပြီကွာ"

ရှန်မို ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်၏။ ကျီဖျင်၏ အာရုံခံစားမှုမှာ မမှားပေ။ သူ့ ကျင့်ကြံမှုမှာ နတ်ဘုရားပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်တွင် ရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်နေပြီဖြစ်ကာ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ အခြားတစ်ဖက်တွင်မူ ရှန်မိုသည် တက်သစ်စ နေဝန်းကဲ့သို့ ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင်မှာ နတ်ဘုရားပြောင်းလဲ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကာ သွေးအဆီအနှစ်မှာလည်း ရွှေသရဖူဆောင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သာမန် နတ်ဘုရားပြောင်းလဲခြင်း အထွတ်အထိပ် ကျင့်ကြံသူများကို ရှန်မို အလွယ်တကူ အနိုင်ယူ သတ်ဖြတ်နိုင်စွမ်း ရှိပြီး ကျီဖျင်ကဲ့သို့ အတွေ့အကြုံရင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးနှင့် ဆိုလျှင်ပင် ရှန်မိုက အသာစီးရမည် ဖြစ်၏။ သူ့အားကောင်းသော သိုင်းပညာရပ်များနှင့် မကုန်ခမ်းနိုင်သော စွမ်းအင်များကို အသုံးပြုကာ တစ်ဖက်လူကို အသာလေး အလဲထိုးနိုင်လောက်သည်။ တိုက်ပွဲတစ်ခု စတင်ကတည်းက ရှန်မိုသည် အရှုံးမရှိနိုင်သော အခြေအနေတွင် ရှိနေခြင်းပင် ဖြစ်သည်။

"ကောင်းတယ်… ကောင်းတယ်… တကယ်ကောင်းတာပဲ… ငါ မင်းကို မှားမကြည့်ခဲ့ဘူးဆိုတာ သိပြီးသား”

ရှန်မို၏ အဖြေကို ကြားသောအခါ ကျီဖျင် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။ ရှန်မို ကျင့်ကြံမှု တိုးတက်သွားသည်မှာ သူကိုယ်တိုင် တိုးတက်သွားသကဲ့သို့ပင် ဝမ်းသာနေပုံရ၏။ ရှန်မိုမှာ ရယ်လည်းရယ်ချင်ကာ စိတ်လည်း မောသွားရသည်။

"လာ လာ… တခြားနေရာ သွားစကားပြောရအောင်… ဒီမှာက လူအရမ်းများတယ်"

ကျီဖျင်က ရှန်မိုကို ဆွဲခေါ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦး လမ်းမပေါ်မှ ပျောက်ကွယ်သွားကြ၏။

ခဏအကြာတွင် နှစ်ယောက်သား ကျောက်စိမ်းပင်လယ်မြို့ အပြင်ဘက်ရှိ မြင့်မားသော တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိသွားကြလေသည်။ တောင်လေမှာ ပြင်းထန်စွာ တိုက်ခတ်နေပြီး အဝေးတွင် အဆုံးမရှိ ကျယ်ပြောလှသော အရှေ့ပင်လယ်ကြီးကို မြင်တွေ့နေရ၏။ ယခုတွေ့နေရသော တည်ငြိမ်မှုမှာ မကြာမီ ရောက်လာတော့မည့် မုန်တိုင်းကြီးအတွက် ကြိုတင် နိမိတ်ပြနေသကဲ့သို့ပင်။

ကျီဖျင် ကြက်ကင်တစ်ဝက်ကို ကမ်းပေးရင်း

"မင်း ငါ့ဆီကို ဒီလို ရုတ်တရက် ရောက်လာတယ်ဆိုတော့ ဆွေးနွေးစရာ အရေးကြီးတာ တစ်ခုခု ရှိလို့နေမှာပဲ… ပြောစမ်းပါဦး"

ရှန်မို တွန့်ဆုတ်မနေဘဲ ကြက်ကင်ကို ယူကာ အားပါးတရ စားလိုက်သည်။ မကြာမီ အရည်ရွှမ်းနေသော ကြက်ကင်တစ်ဝက်မှာ ခဏချင်းပင် ကုန်သွားတော့သည်။

"ဓားအရှင်သခင်က မှော်ပေရွက်တွေ စုဆောင်းရတာ ဝါသနာပါတယ်လို့ ကြားလို့ပါ"

ရှန်မိုမှ ရုတ်တရက် မေးလိုက်သည်။

ကျီဖျင် ခေါင်းငြိမ့်ပြ၍

"မှန်ပါတယ်… အဲ့ဒီ မှော်ပေရွက်တွေအကြောင်း တစ်ခုခုကို လေ့လာချင်နေတာ ကြာပြီ… ကံမကောင်းစွာနဲ့ပဲ အောင်မြင်မှုတော့ မရခဲ့ဘူး… မှော်ပေရွက်တွေရဲ့ စွမ်းအားက အလွန်ကြီးမားပြီး အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိတာကြောင့် ငါကတော့ ငါ့မှော်ပေရွက်တွေအားလုံးကို ကိုယ်နဲ့မကွာ ဆောင်ထားတယ်"

သူ ဆက်၍

"မင်း ဘယ်လို စာရွက်တော်မျိုး လိုချင်လို့လဲ… ပြောပါဦး"

ရှန်မို ပြုံးကာ တည့်တည့်ပင် ပြောလိုက်သည်။

"ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်ပါ… ကျွန်တော် ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်တစ်ခု လိုချင်ပါတယ်"

ကျီဖျင်မှာ စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ

"ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက် ဟုတ်လား… အဲ့ဒါက အသုံးမဝင်ဆုံး မှော်ပေရွက်တွေထဲက တစ်ခုလေ… သိုင်းပညာတွေကို ခဏတာ မြှင့်တင်ပေးနိုင်တဲ့ နတ်ဘုရားသိုင်း မှော်ပေရွက် ဒါမှမဟုတ် ဘယ်လို တိုက်ခိုက်မှုကိုမဆို ကာကွယ်ပေးနိုင်တဲ့ နတ်ဘုရားဒိုင်း မှော်ပေရွက်မျိုးကို မင်း လိုချင်မယ်လို့ ငါ ထင်နေတာ"

ရှန်မို ချောင်းတစ်ချက်ဟန့်ကာ

"အကယ်၍ ဓားအရှင်သခင်က ကျွန်တော့်ကို နတ်ဘုရားသိုင်း မှော်ပေရွက် ဒါမှမဟုတ် နတ်ဘုရားဒိုင်း မှော်ပေရွက် ပေးမယ်ဆိုရင်လည်း ကျွန်တော် မငြင်းပါဘူး… မတတ်သာလို့ လက်ခံလိုက်ပါ့မယ်"

သူ ပြန်နောက်ပြောင်လိုက်သည်။

ကျီဖျင် အားရပါးရ ရယ်မောလိုက်ပြီး

"ရတာပေါ့… ဒါပေါ့… ဒါပေမဲ့ ကုမင်မှာ နတ်ဘုရားသိုင်း မှော်ပေရွက်နဲ့ နတ်ဘုရားဒိုင်း မှော်ပေရွက်တွေကို တန်ပြန်နိုင်တဲ့ နည်းလမ်းတွေ ရှိနေမှာ အသေအချာပဲ… မင်း တကယ်ပဲ အဲ့ဒါတွေ လိုချင်သေးလို့လား”

ရှန်မို ခပ်ဖွဖွ ရယ်လိုက်၏။ အမှန်စင်စစ် သူ၏ ကံကြမ္မာစနစ်အရ ကုမင်တွင် ထိုမှော်ပေရွက်များ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှန်မို အနိုင်ယူနိုင်စွမ်း ရှိပြီးသား ဖြစ်သည်။ သို့သော် အနိုင်ယူပြီးသည့်တိုင် ကုမင်မှ အသေးစား ရွှေ့ပြောင်းခြင်း မှော်ပေရွက် သုံးကာ ချက်ချင်း ထွက်ပြေးသွားမည် ဖြစ်သောကြောင့် သူ့ကို မသတ်နိုင်ခြင်းသာ ဖြစ်လေ၏။ ထို့ကြောင့် ရှန်မိုအတွက် အလိုအပ်ဆုံးမှာ ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက် ဖြစ်နေခြင်းပင်။

"စီနီယာ ပေးချင်တယ်ဆိုရင်တော့ ကျွန်တော် ယူမှာပါ"

ရှန်မို ပြုံးလျက် ဆိုသည်။

ကောင်းသော အရာနှင့် ဝှက်ဖဲများမှာ များလေ ကောင်းလေ မဟုတ်ပါလား။

ကျီဖျင် ခဏမျှ စဉ်းစားပြီးနောက် မှော်ပေရွက် သုံးခု ထုတ်ယူကာ ရှန်မိုကို ကမ်းပေးလိုက်သည်။ မှော်ပေရွက် သုံးခုလုံး၏ စာရွက်မှာ ဆင်တူသော်လည်း မျက်နှာပြင်ပေါ်ရှိ သွေးရောင် စာလုံးပုံစံများမှာ လုံးဝ မတူညီကြပေ။ ကြာကြာကြည့်လျှင်ပင် ခေါင်းမူးသွားစေနိုင်၏။

ကျီဖျင် အလေးအနက်ဖြင့်

"ဒီမှော်ပေရွက် သုံးခုကတော့ နတ်ဘုရားသိုင်း မှော်ပေရွက်၊ နတ်ဘုရားဒိုင်း မှော်ပေရွက်နဲ့ ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်တွေပဲ… အားလုံး မင်းကို ပေးလိုက်မယ်"

ရှန်မို အံ့ဩတကြီးဖြင့် လက်ခံလိုက်သည်။ ကျီဖျင် မှော်ပေရွက် သုံးခုလုံးကို ပေးလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။ ကျီဖျင် ခပ်ဖွဖွပြုံးကာ

"ဒီမှော်ပေရွက်တို့ရဲ့ စွမ်းအားက နှစ်ပေါင်းထောင်ချီ ကြာသွားပြီဖြစ်လို့ အများကြီး လျော့နည်းသွားပါပြီ… အခုဆိုရင် အရင်က အစွမ်းရဲ့ ငါးပုံတစ်ပုံလောက်ပဲ ရှိတော့တယ်… ဒါပေမဲ့ ဒါကလည်း လုံလောက်ပါသေးတယ်… အချိန်ကိုက်သာ သုံးနိုင်မယ်ဆိုရင် ကုမင်ကို အကြီးအကျယ် ထိုးနှက်နိုင်ပါလိမ့်မယ်"

ရှန်မို ခေါင်းငြိမ့်ပြ၍

"ဓားအရှင်သခင်က ကျွန်တော့်ဆီကနေ ဘာပြန်လိုချင်လို့လဲ”

ကျီဖျင် အရှေ့ဘက် အဝေးဆီသို့ ငေးကြည့်နေသည်။ သူ၏ အကြည့်မှာ အရှေ့ပင်လယ်ကို ကျော်လွန်ကာ အရှေ့ဘက် အစွန်ဆုံး နယ်မြေများဆီသို့ ရောက်ရှိနေပုံရ၏။

"ငါတို့ရဲ့ ဘိုးဘေး ချန်ထားခဲ့တဲ့ စကားတွေကို ငါ တစ်ခါမှ မမေ့ခဲ့ဘူး… နတ်ဆိုးတွေဟာ ဒီကမ္ဘာကြီး ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းရင်းပဲလို့ သူက ပြောခဲ့တယ်… ကျင်းနိုင်ငံရဲ့ တော်ဝင်မိသားစု၊ ကျီမျိုးနွယ်ဝင်တွေဟာ လူသားမျိုးနွယ်ကို ကာကွယ်ဖို့နဲ့ နတ်ဆိုးတွေကို တွန်းလှန်ဖို့ တာဝန်ကို မျိုးဆက်အလိုက် ထမ်းဆောင်ရမယ်လို့ သူက မျှော်လင့်ခဲ့တယ်… ကံမကောင်းစွာနဲ့ပဲ ငါက အရမ်းအိုမင်းသွားပြီ… တော်ဝင်မိသားစုထဲမှာလည်း ဒီတာဝန်ကြီးကို ထမ်းဆောင်နိုင်မယ့်သူ ထပ်မထွက်လာတော့ဘူး"

ကျီဖျင် သက်ပြင်းသဲ့သဲ့ချကာ

"ဒီမှော်ပေရွက် သုံးခုကို မင်းအတွက် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ… နောင်တစ်ချိန်မှာ မင်းဟာ ကောင်းကင်ဘုံရဲ့ ခေါ်ဆောင်မှုနဲ့ နတ်ဆိုး ပင်လယ်ကို မဖြစ်မနေ သွားရလိမ့်မယ်… အဲ့ဒီအချိန်ကျရင် အဲ့ဒီမှာ နတ်ဆိုး နည်းနည်းလောက် ပိုသတ်ပေးပါ… အဲ့ဒါဆိုရင် ဒီနေ့ ငါပေးတဲ့ မှော်ပေရွက် သုံးခုအတွက် ပြန်ပေးဆပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်"

ရှန်မို၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ ဤတောင်းဆိုချက်မှာ တောင်းဆိုချက် မဟုတ်သလောက်ပင် ဖြစ်သည်။ အကြောင်းမှာ ထိုအချိန်တွင် ကျီဖျင် သက်တမ်းကုန်ဆုံးသွားသည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။ ရှန်မို ကတိတည်သည်ဖြစ်စေ၊ မတည်သည်ဖြစ်စေ ကျီဖျင်အတွက် ဘာမှ မထူးခြားတော့ပေ။ သို့သော်လည်း ကျီဖျင်မှ ရှန်မိုကို ယုံကြည်သဖြင့် ဟင်းလင်းပြင် ပိတ်ဆို့ မှော်ပေရွက်အပြင် အခြား အဖိုးတန် မှော်ပေရွက်များကိုပါ ပေးခဲ့ခြင်း ဖြစ်၏။

ရှန်မို ခေါင်းငြိမ့်ပြ၍

"ကျွန်တော် ကတိပေးပါတယ်"

"ကောင်းပြီ"

ကျီဖျင် စိတ်ရင်းဖြင့် ပြုံးပြကာ

"သွားတော့လေ… ငါ စောင့်နေပါ့မယ်… ကုမင်နဲ့ မင်းရဲ့ အဆုံးအဖြတ် တိုက်ပွဲကို ငါ စောင့်ကြည့်နေပါ့မယ်"

ရှန်မို ကျီဖျင်ကို ဦးညွှတ်နှုတ်ဆက်ကာ လေထဲသို့ ပျံတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံမှာ ပျောက်ကွယ်သွားတော့၏။ ကျီဖျင်ကမူ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ကြည့်ကာ တစ်ယောက်တည်း အေးဆေးစွာ အရက်သောက်ရင်း ကျန်ရစ်ခဲ့လေသည်။

...

ကျင်းနိုင်ငံ မြို့တော်။

ကျင်းနိုင်ငံ၏ အကြီးဆုံးမြို့တော်ကြီးမှာ မီးရောင်စုံများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေဆဲပင်။ လေထဲတွင် မွှေးရနံ့များနှင့် အလှကုန်နံ့များ ဖုံးလွှမ်းနေ၏။ မြို့ရိုးပေါ်တွင် စောင့်ကြပ်ကာ ကင်းလှည့်နေရမည့် မြို့စောင့်စစ်သည်များမှာ ယခုအခါ အရက်မူးကာ အိပ်မောကျနေကြသည်။

အမှောင်ရိပ်ထဲတွင် ဝတ်ရုံနက်ဝတ်ထားသော သူများ လှုပ်ရှားနေကြ၏။ သူတို့သည် တိုင်ပင်ထားသကဲ့သို့ပင် သာမန်နေအိမ် တစ်အိမ်ဆီသို့ စုရုံးရောက်ရှိလာကြသည်။ မကြာမီ ထိုအိမ်၏ မြေအောက်ခန်းမှတစ်ဆင့် မြေအောက် ပေတစ်ထောင်ခန့်အကွာရှိ ဧရာမ ဂူကြီးတစ်ခုထဲသို့ ဆင်းသွားကြသည်။ ဂူ၏ အလယ်ဗဟိုတွင် ခရမ်းပုပ်ရောင် ဧရာမ လက်မောင်းကြီးတစ်ခု ရှိနေသည်။ ထိုလက်မောင်း၏ အရေပြားပေါ်တွင် အကြေးခွံများနှင့် အမွေးအမှင်များ ဖုံးလွှမ်းနေပြီး လူသား သို့မဟုတ် သာမန်သားရဲ တစ်ကောင်ကောင်နှင့် လုံးဝ မတူပေ။

ကြည်လင်သော အကာအကွယ် အတားအဆီးတစ်ခုက ထိုလက်မောင်းကြီးကို ပြင်ပလောကနှင့် ခွဲခြားကာ အုပ်မိုးထားသည်။ သေချာကြည့်မည်ဆိုလျှင် အတားအဆီးအတွင်း၌ အနက်ရောင် စွမ်းအားများ စုစည်းကာ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ ဝတ်ရုံနက်ဝတ်ထားသူများသည် ဝတ်ရုံများကို ချွတ်လိုက်သောအခါ သူတို့၏ ရုပ်သွင်များ ပေါ်လာလေ၏။

သူတို့ထဲတွင် လမ်းဘေးဈေးသည်များ၊ အရက်ဆိုင်ပိုင်ရှင်များ၊ မြို့စောင့်တပ်မှူးများမှအစ တော်ဝင်မိသားစုဝင်များအထိ ပါဝင်နေသည်။ သာမန်အချိန်တွင် အဆင့်အတန်း ကွာခြားလွန်းလှသော ဤသူများသည် ဘယ်တော့မှ စုမိကြမည် မဟုတ်သော်လည်း ယခုအခါတွင်မူ တူညီသော ရည်မှန်းချက်တစ်ခုအတွက် စုရုံးနေကြခြင်း ဖြစ်၏။ ယခုအချိန်တွင် သူတို့အားလုံး၏ မျက်လုံးများထဲ၌ တူညီသော ယုံကြည်ချက်နှင့် ရူးသွပ်သော အလင်းတန်းများ တောက်ပနေကြသည်။

"နတ်ဆိုးဧကရာဇ်ဟာ ဒီကမ္ဘာတစ်ခုလုံးကို ဧကန်မုချ သိမ်းပိုက်စိုးမိုးလိမ့်မယ်”

All Chapters