ကျင်းဧကရာဇ်က အခွင့်ကောင်းယူမှာ မကြောက်ဘူးလား
Vol. 26 Ch. 380
"ပင်လယ်ပြင်မှာ ပေါ်လာတဲ့ လှိုင်းဖြတ်တိုက်ပွဲစင်မြင့် အရေအတွက်ဟာ နှစ်ထောင်ကျော်သွားပြီလို့ သိရပါတယ်"
"ဓားအရှင်သခင်ဟာ အရှေ့ပင်လယ်မင်းကြီးကိုပဲ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အောက်ခြေကျင့်ကြံသူတွေနဲ့ သာမန်ပြည်သူတွေကို ကူညီဖို့ အင်အားမရှိတော့ဘူး"
"ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်လည်း အကြီးအကဲယန်နဲ့အတူ ခုခံရေးမှာ ကူညီဖို့ ပြန်သွားပါပြီ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယွီရင်းရုံသည် ယခုအချိန်တွင်မှ ရုတ်တရက် စကားပြောလာခဲ့ရာ သူ၏ လေသံမှာ အေးစက်ပြီး ပြတ်သားလှသည်။
"နတ်ဆိုးနိုင်ငံတော်ရဲ့ ပင်မစစ်ကြောင်းကြီးဟာ အရှိန်အဟုန်နဲ့ ချီတက်လာနေပြီး ဝူပြည်နယ်ဆီကို ဦးတည်နေတယ်… နောက်ထပ် ခြောက်ရက်ဆိုရင် ရှေ့ပြေးစစ်ကြောင်းဟာ ဝူပြည်နယ်ရဲ့ နယ်စပ်ကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"
ရှန်မိုက ခပ်ဖွဖွ ခေါင်းငြိမ့်ပြ၏။ သူ၏မျက်နှာတွင် အံ့ဩသည့်အရိပ်အယောင် များများစားစား မရှိပေ။ ဤအရာအားလုံးကို သူ ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။ ကုမင်၏ နည်းဗျူဟာများမှာ အလွန်ပင် နက်နဲလှသည်။ ပရိယာယ်မပါသော အကွက်အတိုင်းပင် တည့်တည့်ချီတက်လာခြင်း ဖြစ်ပြီး ဤအဖြစ်အပျက်များ မတိုင်ခင်က လူသားမျိုးနွယ်၏ အင်အားမှာ တစ်နေရာတည်းတွင် စုစည်းနေခဲ့သည်။ ကုမင်အနေဖြင့် လူသားကျင့်ကြံသူများကို အနိုင်ယူနိုင်လျှင်တောင်မှ သူကိုယ်တိုင်လည်း အထိနာမည့် အောင်ပွဲမျိုးသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမူ လူသားမျိုးနွယ်၏ အင်အားမှာ လူစုကွဲသွားခဲ့ပြီ ဖြစ်၏။ ယခု ကျန်ရှိနေသည်မှာ ကျောက်စိမ်းဂိုဏ်း၊ ချန်ယွမ်ဂိုဏ်းနှင့် နှင်းနန်းတော်တို့မှ အင်အားများသာ ဖြစ်သည်။ ဤမျှသောအင်အားနှင့် နတ်ဆိုးနိုင်ငံတော်၏ သံမဏိစစ်တပ်ကြီးကို ခုခံနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ကုမင်သည်လည်း ဤအခွင့်အရေးကို အသုံးချကာ သူ၏ ရင်ဘတ်ထဲမှ ဆူးတစ်ချောင်းဖြစ်သော ရန်သူတော်ကို ရှင်းပစ်နိုင်မည်ဖြစ်ပြီး၊ ထိုအချိန်မှစ၍ သူ့အတွက် နောက်ကွယ်က ခြိမ်းခြောက်မှု ရှိတော့မည်မဟုတ်ပေ။ သူသည် မြောက်ဘက်သို့ ချီတက်ကာ ဤတိုက်ကြီးတစ်ခုလုံးကို မြေလှန်ပစ်နိုင်တော့မည် ဖြစ်သည်။
“ခေါင်းဆောင်ငယ်... ကျွန်တော်တို့ ဆုတ်ခွာကြမလား”
ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက အားမရတော့ဘဲ မေးလိုက်မိသည်။
"ဟုတ်ပါတယ်… နတ်ဆိုးနိုင်ငံတော်ရဲ့ ပင်မစစ်တပ်ကြီးကို ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး… ဆုတ်ကြရအောင်"
ချန်ယွမ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးကလည်း စိုးရိမ်တကြီး ပြောလာသည်။
တစ်ယောက် စတင်ပြောလိုက်သည်နှင့် လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ ခဏအတွင်းမှာပင် လူအတော်များများ ရှန်မိုကို လှမ်းကြည့်လိုက်ကြပြီး သူ၏ ပါးစပ်ဖျားမှ "ဆုတ်ခွာမယ်" ဟူသော စကားလုံး ထွက်လာရန် မျှော်လင့်နေကြသည်။
ရှန်မိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိပေ။ သူ တည်ငြိမ်စွာဖြင့်
"အားလုံး စိုးရိမ်မနေကြပါနဲ့… ကိုယ့်တာဝန်ကို ဆက်လုပ်ကြပါ… နတ်ဆိုးနိုင်ငံတော်ရဲ့ ရှေ့ပြေးစစ်ကြောင်းက အောင်မြင်မှုကို အရမ်းလောနေကြတာဆိုတော့ ကျွန်တော်တို့သာ သေချာ ကိုင်တွယ်နိုင်မယ်ဆိုရင် သူတို့ကို အကြီးအကျယ် ထိုးနှက်နိုင်မှာ အသေအချာပဲ"
"အကယ်၍ ကျွန်တော်တို့သာ နတ်ဆိုးနိုင်ငံတော်ရဲ့ ရှေ့ပြေးစစ်ကြောင်းကို အပြတ်အသတ် ချေမှုန်းနိုင်မယ်ဆိုရင် ဒါဟာ နတ်ဆိုးမျိုးနွယ်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားလိမ့်မယ်… ကျွန်တော်တို့အနေနဲ့ ဆုတ်ခွာဖို့ မစဉ်းစားသင့်တဲ့အပြင် နတ်ဆိုးတွေရဲ့ ရှေ့ပြေးစစ်ကြောင်းကို အမြစ်ပြတ်အောင် တိုက်ခိုက်ဖို့ အစွမ်းကုန် ကြိုးစားရမယ်”
"နေရာအသီးသီးက နတ်ဆိုးနယ်မြေတွေ ပျောက်ကွယ်သွားပြီး အနောက်ပင်လယ်နဲ့ အရှေ့ပင်လယ်က ရေနတ်ဆိုးတွေကို မောင်းထုတ်နိုင်ပြီဆိုတာနဲ့ ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေဟာ ကျွန်တော်တို့ဆီကို ပထမဆုံးအကြိမ် လာပြီး ကူညီကြမှာ အသေအချာပဲ… အဲ့ဒီအချိန်ကျရင် ဝူပြည်နယ်ကနေ တစ်ဆင့် နတ်ဆိုးနိုင်ငံတော်ရဲ့ ဗဟိုချက်အထိ တိုက်စစ်ဆင်နိုင်လိမ့်မယ်”
"ကျွန်တော် ရှန်မိုကတော့ ဘယ်တော့မှ နောက်မဆုတ်ဘူး… နတ်ဆိုးနိုင်ငံတော်ရဲ့ နောက်ဆုံး နတ်ဆိုးတစ်ကောင်ကို သတ်ပြီးတဲ့အထိ ဒီမှာ ရပ်တည်နေမှာပဲ”
ရှန်မို စကားဆုံးသွားသောအခါ ကျင့်ကြံသူများကြားတွင် တီးတိုးပြောသံများ ထွက်ပေါ်လာသည်။
“သူပြောတာလည်း ဟုတ်သလိုပဲ"
“ခေါင်းဆောင်ငယ်က ကျန်းပြည်နယ်မှာရှိတဲ့ နတ်ဆိုးနယ်မြေကို ရှင်းခဲ့ဖူးတယ်လို့ ကြားတယ်… နတ်ဆိုးနယ်မြေဆိုတာ ကိုင်တွယ်ဖို့ သိပ်မခက်တဲ့အရာ ထင်ပါရဲ့"
"ဟုတ်တယ်… ပြည်နယ်အသီးသီးက နတ်ဆိုးနယ်မြေတွေကို ရှင်းပြီးတာနဲ့ သူတို့ ငါတို့ဆီကို လာကူကြမှာပဲ"
သို့သော်လည်း ထိုစကားဝိုင်းများကြားတွင် မကျေနပ်သော အသံအချို့ ရှိနေဆဲပင် ဖြစ်သည်။ သို့သော် ရှန်မို၏ လက်ရှိ ဂုဏ်သတင်းမှာ ထိုမကျေနပ်သံများကို လွှမ်းမိုးထားနိုင်ရန် လုံလောက်လှသည်။ သူ အမိန့်ပေးလိုက်သည်နှင့် ကျင့်ကြံသူ အများစုမှာ စနစ်တကျ မရှိဘဲ မြောက်ဘက်သို့ ထွက်ပြေးမည့်အစား သူ၏ အမိန့်ကို နာခံကြပေလိမ့်မည်။
စိတ်ဓာတ်မြှင့်တင်မှု ရရှိသွားပြီးနောက် ကျင့်ကြံသူ အတော်များများ စိတ်သက်သာရာ ရသွားကြ၏။ ရှန်မိုနှင့် အခြားသော နတ်ဘုရားပြောင်းလဲအဆင့်ရှိ ဂုဏ်သရေရှိ ကျင့်ကြံသူများ မဆုတ်ခွာသရွေ့ သူတို့လည်း ဆုတ်ခွာရန် မလိုဟု ခံစားလိုက်ရသည်။ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများသည် ခြေတည်ဝိညာဉ်အဆင့်နှင့် အောက်ခြေအဆင့် ကျင့်ကြံသူများထက် ပိုမြန်မြန် ပြေးနိုင်သည်ဟု မထင်သင့်ချေ။ အမှန်စင်စစ် နတ်ဆိုးဘုရင် ကုမင်၏ လက်ထဲတွင် အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်၏။ အချို့သော ပုရွက်ဆိတ်များက သေးငယ်ပြီး နှေးနှေးပြေးကာ၊ အချို့က ကြီးမားပြီး မြန်မြန်ပြေးနိုင်ခြင်းသာ ကွာခြားသည်။
ကျင့်ကြံသူများ လူစုခွဲသွားကြသည်။ ရှန်မိုသည် နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများနှင့် အဓိက ပုဂ္ဂိုလ်များကို တဲအတွင်းသို့ ခေါ်ဆောင်သွား၏။
တုချန်းချင်းမှ
“အစ်ကိုရှန်… တကယ်ပဲ ဒီမှာ နေမှာလား… ဒီနေရာက တကယ်ကို အန္တရာယ်ကြီးနေပြီ… အခု မဆုတ်ခွာရင် နောက်ဆို ဆုတ်ခွာဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ထုံယွမ်ကလည်း သက်ပြင်းသဲ့သဲ့ချကာ
"ဟုတ်တယ်… ဒါတင်မကဘူး… ရှန်မိတ်ဆွေက ငါတို့နဲ့ မတူဘူး… မင်းရဲ့ အလားအလာက ကုမင် အကြောက်ဆုံးအရာပဲ… မင်းသာ ဆက်ပြီး ကြီးထွားလာမယ်ဆိုရင် နောင်တစ်ချိန်မှာ ကုမင်ကို ကျော်တက်နိုင်မှာပဲ… တောင်စိမ်းရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုပါဘူး"
အခြားသော ကျင့်ကြံသူများကလည်း ရှန်မိုကို မနေရန် ဝိုင်းဝန်းဖျောင်းဖျကြသည်။ နှင်းနန်းတော်မှ နှင်းမိန်းပျို ယွီရင်းရုံကမူ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူသည် ရှန်မို ဤနေရာတွင် နေမည်ကို ကြိုသိနေပုံရသဖြင့် ဘာမှဝင်မပြောပေ။ မူယုံးယွဲ့ တစ်ယောက်သာ စကားမပြောဘဲ ရှန်မို၏ လက်ကို တင်းတင်းဆုပ်ထားကာ မခွဲခွါချင်ပုံရ၏။
လူတိုင်း၏ ဖျောင်းဖျမှုကို ရှန်မို
ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်ပြန်သည်။
"ကျွန်တော် ဒီမှာပဲ နေမယ်”
ရှန်မို၏ ခိုင်မာသော စိတ်ဓာတ်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချကာ ဖျောင်းဖျမှုကို လက်လျှော့လိုက်ကြတော့၏။
“အစ်ကိုရှန် နေမယ်ဆိုရင် ကျွန်တော်လည်း နေမယ်… နတ်ဆိုးနိုင်ငံတော်ရဲ့ တိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အတွက် ကပ်ဘေးပဲ… တခြားသူတွေ ထွက်သွားရင်တောင် ကျွန်တော် ထွက်မသွားနိုင်ဘူး”
တုချန်းချင်းက လေးနက်စွာ ဆိုလိုက်သည်။
"ကျွန်တော်လည်း နေမယ်… ကျွန်တော်ကလည်း အိုနေပြီ… ဘာမှလည်း အကျိုးမပြုနိုင်ခဲ့ဘူး… ကျန်တဲ့သက်တမ်းကို ဒီမှာပဲ ကုန်ဆုံးလိုက်တာ ကောင်းပါတယ်"
ထုံယွမ်မှ လေးနက်သော အသံဖြင့် ဆိုသည်။
အခြားသော ကျင့်ကြံသူများကလည်း တစ်ဦးပြီးတစ်ဦး နေမည့်အကြောင်း ပြောလာကြ၏။ ထို့နောက် မည်သူမျှ နောက်မတွန့်ကြ၊ မဆုတ်ခွာကြဘဲ အားလုံး နေရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သေဖို့အသင့်ပြင်ထားသော ဆုံးဖြတ်ချက်များ ပေါ်လွင်နေလေ၏။ ဤနေရာတွင် နေခြင်းသည် အသက်အန္တရာယ်ရှိမှန်း သူတို့ ကောင်းကောင်း သိထားကြပါသည်။
ရှန်မို လေးနက်စွာ ခေါင်းငြိမ့်လိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ အရာအားလုံးကို စကားလုံးမပါဘဲ နားလည်ခဲ့ကြသည်။ အမှန်စင်စစ် နတ်ဆိုးနိုင်ငံတော်၏ ရှေ့ပြေးစစ်ကြောင်းမှာ အောင်မြင်မှုကို လောနေသော စနစ်တကျမရှိသည့် လူအုပ်စု မဟုတ်ကြောင်း သူတစ်ဦးတည်းသာ သိသည်။ ၎င်းမှာ ကုမင် ကိုယ်တိုင်နှင့် မင်းသားများစွာ၊ နဂါးသွေးအစောင့်တပ်များဖြင့် ဖွဲ့စည်းထားသော အထူးစစ်တပ်ကြီး ဖြစ်နေခြင်းပင်။
...
ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ အပေါ်ယံတွင် အရာအားလုံး တည်ငြိမ်နေသကဲ့သို့ ထင်ရသော်လည်း စခန်းအတွင်းရှိ လေထုမှာ ပို၍ပို၍ ဖိအားများလာသည်။ လေထုကပင် ထူးထူးခြားခြား လေးလံနေပြီး လူများကို အသက်ရှူရခက်အောင် ဖိနှိပ်ထားသကဲ့သို့ပင်။
ထိုအတောအတွင်း ညစဉ်ညတိုင်းတွင် အချို့သော လူများသည် အမှောင်ထုကို အခွင့်ကောင်းယူကာ မြောက်ဘက်သို့ တစ်ဦးပြီးတစ်ဦး ထွက်ပြေးသွားကြ၏။ ရန်သူနှင့် မိမိတို့အကြားရှိ အင်အားကွာခြားချက်ကြီးကို ကြည့်ကာ သူတို့ မျှော်လင့်ချက် ကုန်နေကြခြင်း ဖြစ်သည်။ ရှန်မိုမှ သူတို့၏ စိတ်ဓာတ်ကို အနည်းငယ် မြှင့်တင်ပေးနိုင်ခဲ့သော်လည်း ကြီးမားသော အင်အားကွာခြားချက်ကိုမူ မကျော်လွှားနိုင်ပေ။ ထိုသို့ဆိုလျှင် ဤနေရာမှာတင် အသေစောင့်နေမည့်အစား မြောက်ဘက်သို့ အမြန်ဆုတ်ခွာကာ တိုက်ပွဲဝင်ရန် အခွင့်အရေးကို ပြန်ရှာခြင်းက ပိုကောင်းသည်ဟု သူတို့ တွေးခဲ့ကြသည်။ အဘယ်ကြောင့် နှမြောစရာ အသက်ကို ဒီနေရာတွင် လာရင်းရမည်နည်း။