ဘာလို့ ငါ အရင်လာလဲသိလား
Vol. 26 Ch. 381
ကျင့်ကြံသူများသည် စခန်း၏ မြို့ရိုးပေါ်တွင် ရပ်လျက် အဝေးဆီသို့ ငေးကြည့်နေကြ၏။ ကောင်းကင်ယံကို ဖြတ်သန်းလာသည့် ဧရာမ မျှော်စင်သင်္ဘောကြီး အချို့ကို သူတို့ ချက်ချင်း မြင်လိုက်ရသည်။ ထိုသင်္ဘောကြီးများထံမှ အတိုင်းအဆမဲ့သော သွေးစွမ်းအင် အရှိန်အဝါများ မြင့်တက်လာပြီး နေရောင်ကိုပင် ကွယ်သွားစေကာ ကမ္ဘာတစ်ခုလုံးကို သွေးရောင်လွှမ်းမိုးတော့မည့်အတိုင်း ဖြစ်နေလေ၏။
ထိုမျှော်စင်သင်္ဘောကြီးများသည် သံမဏိတိမ်တိုက်လှေများနှင့် ဆင်တူသော်လည်း ပုံစံမှာ ပို၍ ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိသည်။ ဧရာမ သစ်လုံးကြီး အမြောက်အမြားကို အတင်းအဓမ္မ စုစည်းထားပုံရ၏။ သို့သော်လည်း ၎င်းတို့၏ အရွယ်အစားမှာ သံမဏိတိမ်တိုက်လှေများထက် များစွာ ပိုမိုကြီးမားလှသည်။
ဤမြင်ကွင်းကြောင့် ကျင့်ကြံသူများအားလုံး အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။ သံမဏိတိမ်တိုက်လှေဆိုသည်မှာ ကျင်းနိုင်ငံတော်နန်းတွင်း၏ အဖိုးတန်ရတနာ မဟုတ်ပါလား။ ဂိုဏ်းအသီးသီးမှ တိတ်တဆိတ် လေ့လာပြီး ပုံတူကူးရန် ကြိုးစားသော်လည်း အလွန်ခက်ခဲလှကာ အလွန်ဆုံးမှ အရည်အသွေးနိမ့် အတုအယောင်များကိုသာ ထုတ်လုပ်နိုင်လေ၏။ သို့ဆိုလျှင် နတ်ဆိုးလောကမှာ အဘယ်ကြောင့် ဤမျှကြီးမားသော မျှော်စင်သင်္ဘောကြီးများကို ဖန်တီးနိုင်ရသနည်း။ နတ်ဆိုးလောကတွင် တကယ်ပဲ ဤမျှတော်သော လက်မှုပညာရှင်များ ရှိနေသလား။
ထုံယွမ်မှ ကြောက်မက်ဖွယ်ကောင်းသော သင်္ဘောကြီးများကို ကြည့်ကာ
"ဒါဟာ... နတ်ဆိုးဧကရာဇ်ပဲ ဖြစ်ရမယ်"
သူ တီးတိုးရေရွတ်လိုက်သည်။
ဝမ်မူချွမ်ကလည်း သက်ပြင်းသဲ့သဲ့ချကာ
"မှန်တယ်… နတ်ဆိုးလောကမှာ ဉာဏ်ပညာအရှိဆုံးသူဆိုလို့ နတ်ဆိုးဧကရာဇ် ကုမင်ပဲ ရှိနိုင်တယ်… သူတို့က ဘာလို့ သံမဏိတိမ်တိုက်လှေတွေကို အရင်ဦးတည် တိုက်ခိုက်ခဲ့သလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး… အဲ့ဒါတွေကို လေ့လာဖို့အတွက် တစ်စင်းလောက် ယူသွားချင်ခဲ့တာကိုး"
မူယုံးယွဲ့သည် လေးနက်သော အသံဖြင့်
"ဒီသင်္ဘောကြီးတွေက သံမဏိတိမ်တိုက်လှေတွေနဲ့ ယှဉ်ရင် ဘယ်လိုရှိမလဲဆိုတာ ကျွန်မတို့ မသိသေးဘူး… ဖြစ်နိုင်တာကတော့ အပြင်ပန်းပဲ ကြီးနေတာမျိုး ဖြစ်နိုင်ပါတယ်… တကယ်လို့ အဲ့အတိုင်းဆိုရင်တော့ ကျွန်မတို့စခန်းရဲ့ အင်အားနဲ့ ဒီသင်္ဘောတွေကို ခုခံဖို့ မခက်ခဲပါဘူး"
ကျင့်ကြံသူအားလုံး ခေါင်းငြိမ့်ထောက်ခံကြ၏။ ထို့ကြောင့် နတ်ဆိုးများကို အလွန်အမင်း ကြောက်လန့်နေရန် မလိုပေ။ အဆုံးတွင်တော့ ဤသည်မှာ ရှေ့ပြေးစစ်ကြောင်းပင် မဟုတ်ပါလား။
ရှန်မို တဲအတွင်းမှ ထွက်လာကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အကာအကွယ်ကို အသက်သွင်းပြီး ရန်သူကို ရင်ဆိုင်ဖို့ ပြင်ကြတော့”
"ဟုတ်ကဲ့ပါ”
ကျင့်ကြံသူများမှာ မိမိတို့နေရာများသို့ အမြန်သွားကြ၏။ အကာအကွယ်ကြီး၏ စွမ်းအင်ကို ထိန်းသိမ်းရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်လေသည်။ စိတ်ဝိညာဉ်ကျောက်တုံး စွမ်းအင်ကုန်သွားသည်နှင့် ချက်ချင်း အစားထိုးရမည် ဖြစ်၏။ ထို့အပြင် နေရာအသီးသီးရှိ အကာအကွယ်အင်းများ ပျက်စီးသွားပါကလည်း ကျင့်ကြံသူများမှ ပြန်လည်ပြုပြင်ရလိမ့်မည်။ အကာအကွယ်ဆိုသည်မှာ သက်မဲ့အရာသာ ဖြစ်သဖြင့် ကျင့်ကြံသူများ မပါဘဲ အလုပ်မလုပ်နိုင်ပေ။
မကြာမီ ကျင့်ကြံသူတိုင်း မိမိတို့နေရာ၌ အသင့်ရှိနေကြလေပြီ။ စခန်းကို ကာကွယ်ပေးထားသော အကာအကွယ်ကြီးကို အသက်သွင်းရန် ရှန်မို၏ အမိန့်ကိုသာ စောင့်နေကြသည်။ ထိုအရာမှာ ထျန်းဟီဂိုဏ်းမှ ရက်ရက်ရောရော ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြေအဆင့် အမြင့်ဆုံး အကာအကွယ်တစ်ခု ဖြစ်၏။ ၎င်းသည် သံမဏိတိမ်တိုက်လှေ ခြောက်စင်း၏ တစ်ပြိုင်နက် ပစ်ခတ်မှုကို သုံးကြိမ်အထိ တောင့်ခံနိုင်ပါသည်။ ထို့ကြောင့် ကျင့်ကြံသူအားလုံးမှာ ယုံကြည်မှု အပြည့် ရှိနေကြ၏။
ထိုစဉ်မှာပင် ရှေ့ဆုံးရှိ မျှော်စင်သင်္ဘောကြီးထံမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ရှန်မို… ငါ ရောက်လာပြီ”
"မင်းလို ပါရမီရှင်တစ်ယောက်အတွက် ငါက အခွင့်အရေးတွေ အမြဲပေးခဲ့တယ်… အခုလည်း ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်"
"မင်းသာ ငါ့ဆီမှာ ချက်ချင်း အညံ့ခံမယ်ဆိုရင် မင်းကို 'အိမ်ရှေ့မင်းသား' ရာထူး ပေးမယ်… ငါ ဒီကမ္ဘာကြီးကို သိမ်းပိုက်ပြီးတဲ့အခါ မင်းက လူသားတွေရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်”
"အခုပဲ စခန်းထဲက ထွက်လာခဲ့… ဒီစခန်းကိုတော့ ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်… ငါက မင်းကိုပဲ လိုချင်တာ… ကျန်တဲ့သူတွေရဲ့ အသက်ကတော့ ငါ့အတွက် ဝက်တွေ၊ ခွေးတွေလိုပဲ တန်ဖိုးမရှိဘူး”
ထိုအသံမှာ မကျယ်လောင်သော်လည်း လေနှင့်အတူ အလျင်အမြန် ပျံ့နှံ့သွားကာ ထိုနေရာရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။
ကျင့်ကြံသူများသည် ပထမတွင် မထီမဲ့မြင် ပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် အံ့ဩတုန်လှုပ်သွားကြသည်။ "ငါ" လို့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းရဲတာ နတ်ဆိုးလောကမှာ ဘယ်သူရှိသနည်း။ အခြေအနေကို သဘောပေါက်သွားသော ကျင့်ကြံသူများမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြသည်။
နတ်ဆိုးဧကရာဇ် ကုမင်!
သူကိုယ်တိုင် ရောက်လာတာပဲ!
ဒါဟာ ရှေ့ပြေးစစ်ကြောင်း မဟုတ်တော့ဘူး။ နတ်ဆိုးဧကရာဇ်ကို ကာကွယ်ပေးထားတဲ့ နဂါးသွေးအစောင့်တပ်တွေပဲ!
ကုမင်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းနှင့် သူကိုယ်တိုင် ရောက်ရှိလာခြင်းကို တွေးမိသောအခါ ကျင့်ကြံသူများ ကြောက်စိတ်ဝင်လာကြသည်။ သူတို့၏ လက်များ တုန်လာပြီး ခြေထောက်များလည်း ခိုင်အောင် မရပ်နိုင်တော့ဘဲ လက်နက်များကိုပင် မြဲအောင် မနည်းကိုင်ထားရသည်။ ကျင့်ကြံသူ အတော်များများ ရှန်မိုကို အလိုလို လှည့်ကြည့်လိုက်မိ၏။
သူတို့၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။ ကုမင်သည် ရှန်မိုကိုပဲ လိုချင်ခြင်း ဖြစ်၏။ ကျန်တဲ့သူတွေရဲ့ အသက်ကတော့ ကုမင်၏ မျက်စိထဲတွင် တန်ဖိုးမရှိပေ။ အကယ်၍ ရှန်မိုသာ အခု ထွက်သွားလိုက်လျှင် သူကတော့ ဘေးကင်းသွားမှာ သေချာသည်။ သို့သော် ကျန်တဲ့သူတွေအားလုံးကတော့ သေရဖို့ များနေ၏။
ရှန်မို ဘယ်လို ရွေးချယ်မလဲ?
သူတို့အားလုံးကို စွန့်ပစ်လိုက်မှာလား?
"ရှုး..."
ရှန်မိုသည် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ပြီး လေထဲသို့ ရုတ်တရက် ပျံတက်သွားသည်။
"လူသားနဲ့ နတ်ဆိုးမျိုးနွယ်ဆိုတာ ဘယ်တော့မှ အတူတူမရှိနိုင်ဘူး ကုမင်… ငါတို့ လူသားစစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် ဒီလိုစကားတွေနဲ့ လာပြီး မပြောနဲ့"
ရှန်မိုမှ အေးဆေးစွာ တုံ့ပြန်လိုက်သည်။
"ဟားဟားဟား… ကောင်းတယ်… မင်းက တကယ်ကို ရှန်မိုပဲ”
ကုမင်၏ အသံမှာ လေပြင်းများနှင့်အတူ ပါလာသည်။
"ဒါဆိုရင် ငါ နောက်တစ်မျိုး ပြောမယ်"
ကုမင် အေးစက်စွာ ပြောလိုက်သည်။
"စခန်းထဲက လူသားကျင့်ကြံသူတွေ သေချာနားထောင်စမ်း”
"ရှန်မိုကို အရှင်ဖမ်းပေးနိုင်တဲ့သူ ဘယ်သူမဆို လူသားဘုရင် ဘွဲ့အပြင် ငါ့ရဲ့ တော်ဝင်သွေး (၁၀) စက်ကို ဆုလာဘ်အဖြစ် ပေးမယ်”
"ရှန်မိုကို သတ်နိုင်တဲ့သူကိုတော့ ဝူပြည်နယ်ဘုရင်ဘွဲ့နဲ့ ငါ့ရဲ့ တော်ဝင်သွေး ၃ စက် ပေးမယ်”
"ငါ့ရဲ့ ကတိဟာ ထာဝရ တည်မြဲတယ်"
ဤစကားများကို ကြားလိုက်ရသောအခါ ရှန်မိုနှင့် ရင်းနှီးသော ကျင့်ကြံသူများလည်း မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့သည် ရှန်မို၏ အနီးသို့ ချက်ချင်း တိုးကပ်သွားကြ၏။ ကုမင်၏ ဆုလာဘ်မှာ အလွန်ပင် ကြီးမားလွန်းလှသဖြင့် ထိုဆွဲဆောင်မှုကို ငြင်းဆန်နိုင်သူ အနည်းငယ်သာ ရှိမည်ဟု ထင်ရသည်။
ဒီနေ့မတိုင်ခင်အထိ ရှေ့ပြေးစစ်ကြောင်းဟု ထင်ရသော စစ်တပ်ထဲတွင် ကုမင် ကိုယ်တိုင် ပါလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ကုမင် ပေးနေသော ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။ အကယ်၍ သူတို့ အသက်ရှင်ခွင့် ရမည်ဆိုလျှင် ဘာမဆို လုပ်မည့်သူများ ရှိနိုင်၏။ သို့သော်လည်း ယခုကျန်ရှိနေသော ကျင့်ကြံသူများမှာ လူသားမျိုးနွယ်အတွက် အကျိုးပြုချင်သူများသာ ဖြစ်သည်။ ကြောက်တတ်သူများမှာ အမှောင်ထုကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားကြခြင်း ကြာလေပြီ။ ထို့ကြောင့် ကုမင် စကားဆုံးသွားသော်လည်း မည်သူမျှ လှုပ်လှုပ်ရှားရှား မရှိခဲ့ပေ။
"လူသားတွေက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းသားပဲ" မျှော်စင်သင်္ဘောကြီးထံမှ ကုမင်၏ အသံ ထွက်လာပြန်သည်။
နောက်တစ်စက္ကန့်တွင် ထူထဲသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသော လူတစ်ဦးသည် လေထဲသို့ ဝဲပျံထွက်လာ၏။ သူသည် အရပ် (၁၀) ပေခန့် မြင့်ပြီး တစ်ကိုယ်လုံးကို ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားကာ သွေးရောင်လွှမ်းသော မျက်လုံးတစ်စုံသာ ပေါ်နေသည်။
ကုမင်က ပြုံးကာ
"ရှန်မို… မင်းဟာ ငါ့ဘဝမှာ မြင်ဖူးသမျှ ပါရမီအရှိဆုံး လူသားပဲ… မင်းကို ငါ့ရဲ့ တော်ဝင်သားတော် တစ်ယောက် ဖြစ်စေချင်ခဲ့တာ အကြိမ်ကြိမ်ပါပဲ… နှမြောစရာကောင်းလိုက်တာ"
ရှန်မို၏ မျက်နှာမှာ အေးစက်နေဆဲပင်။
"နတ်ဆိုးတစ်ကောင်ကို ဖခင်အဖြစ် သတ်မှတ်တဲ့ အကျင့် ငါ့မှာ မရှိဘူး"
ကုမင် အားရပါးရ ရယ်မောလိုက်ပြီး
"အဲ့ဒါကတော့ စိတ်မကောင်းစရာပဲ… ယဲ့ယန်ဟာ ငါ့ရဲ့ တော်ဝင်သွေးကို လက်ခံပြီးတဲ့နောက် သူ့ရဲ့ ကျင့်ကြံမှုတွေ ခုန်တက်သွားပြီး အခုဆို ရွှေသရဖူ ဧကရာဇ်အဆင့်ကို ရောက်သွားပြီဆိုတာ မင်း သိလား”
ရှန်မို အမူအရာမပျက်ဘဲ
"သူကတော့ အရှက်မရှိတဲ့ လူတစ်ယောက်ပဲ… သူ့အကြောင်း ပြောနေစရာ မလိုပါဘူး"
ကုမင်၏ ရယ်သံမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး "ပင်မစစ်တပ်ကြီး မရောက်သေးခင် ငါ ဘာလို့ ကိုယ်တိုင်လာခဲ့သလဲဆိုတာ မင်းသိလား"
ရှန်မိုမှ
"မင်း ငါ့ကို ကိုယ်တိုင်သတ်ချင်လို့ပေါ့… ငါ့ကို သတ်လိုက်ရင် ကျင်းနိုင်ငံကို သိမ်းပိုက်ဖို့ ဘာအတားအဆီးမှ မရှိတော့ဘူး မဟုတ်လား"
ကုမင် ပြုံးလိုက်ပြီး
"မင်း ပြောတာ မှန်တယ်… ကဲ စကြစို့… ငါတို့နှစ်ယောက်ကြားက နောက်ဆုံး တိုက်ပွဲပေါ့"
မျှော်စင်သင်္ဘောကြီးပေါ်မှ နဂါးသွေးအစောင့်တပ် ခေါင်းဆောင်က
“ပစ်ခတ်ကြစမ်း”
သင်္ဘော၏ ထိပ်ဖျားမှ စွမ်းအင်များကို အရှိန်အဟုန်ဖြင့် စတင်စုစည်းလိုက်သည်။
စခန်းအတွင်း၌ ထုံယွမ်ကလည်း
"အကာအကွယ်ကို အသက်သွင်းကြ… ရန်သူကို ရင်ဆိုင်ကြ”
သူ ဟစ်အော်လိုက်သည်။
"ဒိုင်း!"
ဧရာမ အလင်းတန်း သုံးခုသည် အကာအကွယ်ကြီး၏ မျက်နှာပြင်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။ မြေကမ္ဘာတုန်ဟီးသွားစေမည့် ပေါက်ကွဲသံကြီးနှင့်အတူ စူးရှသောအလင်းများ ထွက်ပေါ်လာ၏။ ထိုအသံနှင့် အလင်းများကြားတွင် ကုမင် စလှုပ်ရှားလေသည်။
သူ၏ ရုပ်သွင်မှာ ရွှေရောင်လျှပ်စီးတစ်ခုကဲ့သို့ ရှန်မိုထံသို့ ပြေးဝင်သွားသည်။ သူ့ ပတ်ပတ်လည်တွင် သွေးစွမ်းအင်များ ပြင်းထန်စွာ လှိုင်းထလာပြီး ခဏအတွင်းမှာပင် ထိုစွမ်းအင်များသည် ပေတစ်ရာခန့် ကြီးမားသော သွေးရောင် ဧရာမ လက်မောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုလက်ကြီးသည် ကောင်းကင်ယံကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်မည့်အတိုင်း ထင်ရသည်။
နောက်တစ်စက္ကန့်တွင် ထိုလက်မောင်းကြီးသည် ရှန်မိုကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်တော့၏။ သွေးရောင် လက်မောင်းကြီး မကျရောက်လာမီမှာပင် ရှန်မို၏ ပတ်ပတ်လည်ရှိ လေထုမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ရှန်မို ဟိန်းဟောက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆင်ဖြူတော် သန်းပေါင်းများစွာ ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
ဆင်ဖြူတော် နှစ်ထောင်၏ အင်အားမှာ ရုတ်တရက် ပန်းထွက်လာသည်။ နတ်ဘုရားများနှင့် နတ်ဆိုးများစွာကို နှိမ်နင်းနိုင်စွမ်းရှိသော လျှပ်စီးဆင်ဖြူတော်၏ ပုံရိပ်ယောင်တစ်ခုမှာ သူ၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသည်။
ထိုအခါ သွေးရောင် လက်မောင်းကြီးသည် ပြင်းထန်စွာ ကျရောက်လာသော်လည်း ရှန်မိုကို မချေမှုန်းနိုင်ခဲ့သည့်အပြင် ထိုလျှပ်စီးဆင်ဖြူတော်နှင့် ထိတွေ့မိသည်နှင့် တစ်စစီ ပျက်စီးသွားတော့၏။ သွေးစွမ်းအင် အမြောက်အမြားလည်း ချက်ချင်းပင် ပြိုကွဲပျက်စီးကာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။