← Chapters

မင်းသားတွေရဲ့အင်အားက ငါ့အတွက်ပဲ

Vol. 26 Ch. 383

မင်းသားတွေရဲ့အင်အားက ငါ့အတွက်ပဲ

Vol. 26 Ch. 383

ပေတစ်ရာကျော်စီ ရှည်လျားသော ဤဧရာမနဂါးကြီး ရှစ်စင်းသည် ပြင်းထန်သော စွမ်းအားအရှိန်အဝါများ ထုတ်လွှတ်နေကြ၏။ ၎င်းတို့သည် ကောင်းကင်ဧကရာဇ်၏ နဂါးရထားတော် သို့မဟုတ် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စီးတော်ယာဉ်များကဲ့သို့ ထင်မှတ်ရလေသည်။ နဂါးရှစ်စင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်ရှိ လူသားကျင့်ကြံသူများ မှင်တက်သွားမိကြ၏။

အများစုမှာ 'နဂါးကိုးစင်း ဧကရာဇ်အတတ်' ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြသော်လည်း တစ်ဆင့်စကားဖြင့် ၎င်း၏ပုံစံကို ခပ်ရေးရေး သိထားကြသည်။ ယခုအခါ မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါတွင်တော့ လုံးဝ ထိတ်လန့်သွားကြတော့၏။ ခန့်ညားထည်ဝါလှသော နဂါးအရှိန်အဝါသည် သူတို့၏ အသည်းနှလုံးကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်မည့်အတိုင်းပင်။

ဤကျင့်ကြံသူများထဲတွင် ဝမ်မူချွမ်မှာ တုံ့ပြန်မှု အပြင်းထန်ဆုံး ဖြစ်နေသည်။ အကြောင်းမှာ သူသည် အမှန်စစ်စစ် တော်ဝင်မျိုးနွယ်စုမှ ကြွင်းကျန်ရစ်သူတစ်ဦးဖြစ်ပြီး၊ အမည်နာမကို ပြောင်းလဲကာ ကျောက်စိမ်းဂိုဏ်း၏ အကြီးအကဲ (၁၀) အဖြစ် အထောက်အထား ဖျောက်၍ အမှုထမ်းနေသူ ဖြစ်သောကြောင့်ပင်။ သူကိုယ်တိုင်မှာ 'နဂါးကိုးစင်း ဧကရာဇ်အတတ်' ကို မကျင့်ကြံနိုင်သော်လည်း ယင်း၏ အနိမ့်စားအဆင့်ဖြစ်သော 'နဂါးငါးစင်း ဧကရာဇ်အတတ်' ကို ကျင့်ကြံထားသူ ဖြစ်သည်။

ထူးကဲသော ပါရမီရှင် ကျင့်ကြံသူတစ်ဦးသည် 'နဂါးကိုးစင်း ဧကရာဇ်အတတ်' ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ဧရာမ နဂါးကိုးစင်းကို တစ်ပြိုင်နက် ပေါင်းစည်းစေနိုင်သည်ဟု ဆိုကြ၏။ ဓားအရှင်သခင် ကျီဖျင်သည်ပင် သူ၏ အထွတ်အထိပ်အချိန်၌ နဂါးခုနစ်စင်းကိုသာ ပေါင်းစည်းနိုင်ခဲ့သည်။ သို့သော် နတ်ဆိုးဧကရာဇ် ကုမင်ကမူ နဂါးရှစ်စင်းအထိ ပေါင်းစည်းနိုင်နေပြီ ဖြစ်၏။

ဤသည်မှာ ဘာကို ဆိုလိုသနည်း။

ကုမင်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် ထူးကဲသော ဝိညာဉ်စွမ်းအား ကျင့်ကြံနိုင်စွမ်းရှိကြောင်း ပြသနေခြင်းပင်။

သူ၏ပါရမီမှာ တော်ဝင်သွေးစစ် မျိုးနွယ်စုဝင်များစွာထက်ပင် သာလွန်နေ၏။ ပို၍ အရေးကြီးသည်မှာ 'နဂါးကိုးစင်း ဧကရာဇ်အတတ်' သည် နဂါးအရေအတွက်ပေါ်မူတည်၍ အစွမ်းကွာခြားခြင်းပင်။ နဂါးရှစ်စင်း၏ အစွမ်းမှာ နဂါးခုနစ်စင်းထက် ငါးဆကျော် ပိုမိုပြင်းထန်လှသည်။ လူသားဧကရာဇ်သည် ယခင်က နဂါးကိုးစင်းအထိ ကျင့်ကြံခဲ့ဖူးသည်ဟု ဆိုကြသည်။ နဂါးကိုးစင်းစလုံး တစ်ပြိုင်နက် ထွက်ပေါ်လာချိန်တွင်တော့ ၎င်းတို့၏ အရှိန်အဝါမှာ ကမ္ဘာကြီးကို လွှမ်းမိုးထားပြီး နဂါးရှစ်စင်းထက် ဆယ်ဆမျှ ပိုမို အစွမ်းထက်လေသည်။

"ရှန်မို... သူ ဒါကို တောင့်ခံနိုင်ပါ့မလား”

ဝမ်မူချွမ် တီးတိုးရေရွတ်လိုက်သည်။

ကုမင် လက်နှစ်ဖက်ကို စုစည်းကာ ရှန်မိုရှိရာဘက်သို့ တွန်းထုတ်လိုက်ပြီး

"နဂါးရှစ်စင်း စုစည်းမှု... ချေမှုန်းစမ်း”

ထိုအခါ နဂါးရှစ်စင်းသည် ဟိန်းဟောက်လျက် ရှန်မိုထံသို့ တည့်တည့် ပြေးဝင်သွားကြတော့သည်။ ကောင်းကင်တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အတိုင်းပင်။

ရှန်မို၏ အမူအရာမှာတော့ ပြောင်းလဲခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သူ၏ စိတ်ဝိညာဉ်နယ်ပယ် အလိုအလျောက် အသက်ဝင်လာသည်။ လက်ဖဝါးကို လှန်လိုက်သောအခါ 'ထိုက်ယီ' စိတ်ဝိညာဉ်ဓားလည်း သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာ၏။

"ထိုက်ယီ ဓားအရှိန်အဝါ”

မီးခိုးရောင် ဓားအရှိန်အဝါများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုဓားအရှိန်အဝါ၏ အပေါ်နှင့် အောက်တွင် အနည်းငယ် သေးငယ်သော်လည်း ၎င်းကဲ့သို့ပင် လွှမ်းမိုးနိုင်စွမ်းရှိသော မီးခိုးရောင် ဓားအရှိန်အဝါများ ပေါ်ပေါက်လာပြန်သည်။

"ခုတ်ပိုင်းစမ်း”

ရှန်မိုသည် ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ အတိုင်းအဆမဲ့သော မီးခိုးရောင် ဓားအရှိန်အဝါများသည် သူ၏ ဝိညာဉ်နယ်ပယ်အတွင်းမှ ထွက်ပေါ်လာ၏။ မူလက ပေနှစ်ဆယ်ကျော်ခန့်သာ ရှိသော်လည်း ဝိညာဉ်နယ်ပယ်မှ ထွက်လာချိန်တွင် ပေနှစ်ရာကျော်အထိ အံ့ဩဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်သွားလေသည်။ မကြာမီ လွှမ်းမိုးနိုင်စွမ်းရှိသော မီးခိုးရောင် ဓားအရှိန်အဝါများသည် ကမ္ဘာကြီးတစ်ခုလုံးကို မီးခိုးရောင် ဆိုးလိုက်သကဲ့သို့ပင် ဖြစ်သွားတော့၏။

လူတိုင်းမှာ ဤဓားချက်၏ အစွမ်းကြောင့် မှင်တက်သွားကြရ၏။ ထို့ထက် ပို၍ အံ့ဩစရာကောင်းသည်မှာ ရှန်မို၏ စိတ်ဝိညာဉ်နယ်ပယ် အစွမ်းပင်။ ထိုဝိညာဉ်နယ်ပယ်မှာ သိုင်းပညာစွမ်းအားကို သက်သက်သာသာ မြှင့်တင်ပေးသည့် နယ်ပယ်မျိုး ဖြစ်ပုံရသည်။ ဤကဲ့သို့ ရိုးရှင်းပြီး တိုက်ရိုက်ကျသော စွမ်းအားမြှင့်တင်မှုမျိုးမှာ အစွမ်းထက်ဆုံး အမျိုးအစားပင် ဖြစ်သည်။

မင်းရဲ့ နည်းစနစ်တွေက ဘယ်လောက်ပဲ ဆန်းပြားပါစေ၊ ငါကတော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းမယ် ဆိုသည့် "စွမ်းအားအစစ်အမှန်ဖြင့် အရာအားလုံးကို အနိုင်ယူခြင်း" ၏ အနှစ်သာရ ဖြစ်၏။

ရှန်မို့အမူအရာမှာ တည်ငြိမ်နေဆဲပင်။ ထိုအတောအတွင်း သန္ဓေသားဝတ်ရုံအား ပြုပြင်မွမ်းမံခြင်းကို ရပ်တန့်ခဲ့ခြင်း မရှိပေ။ သူသည် ရွှေရောင်သန္ဓေသားဝတ်ရုံကို ပြုပြင်ပြီးစီးခဲ့ပြီ ဖြစ်လေ၏။ သူ၏ စိတ်ဝိညာဉ်နယ်ပယ်မှာလည်း ပေတစ်ရာမှ ပေနှစ်ရာအထိ ကျယ်ပြန့်လာခဲ့သည်။ ပေတစ်ရာရှိစဉ်က သိုင်းကွက်အစွမ်းကို ငါးဆ မြှင့်တင်ပေးနိုင်သော်လည်း ယခု ပေနှစ်ရာ ရောက်လာသောအခါ ဆယ်ဆအထိ မြှင့်တင်ပေးနိုင်ပြီ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကို ဆွဲဖြဲပစ်မည့် မီးခိုးရောင် ဓားအရှိန်အဝါ သုံးခုကို ကြည့်ရင်း ကုမင်၏ သွေးရောင်မျက်လုံးများ ကျုံ့သွား၏။ ဤတိုက်ကွက်၏ အစွမ်းမှာ သူ မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသည်။

"သွေးပေါက်ကွဲ နဂါးအသွင်ပြောင်းအတတ်!"

ကုမင်သည် တွန့်ဆုတ်မနေဘဲ သူ၏ ရင်ဘတ်ကို ရိုက်လိုက်ပြီး သူ၏ သက်စောင့်သွေး တစ်ငုံကို ထွေးထုတ်လိုက်၏။ ဤသည်မှာ သူ မင်းသားများကို ဆုလာဘ်အဖြစ် ပေးလေ့ရှိသော သက်စောင့်သွေးပင် ဖြစ်သည်။ အလွန် ရှားပါးပြီး အဖိုးတန်လှ၏။ တစ်နှစ်လျှင် တစ်စက်သာ အလိုအလျောက် ထွက်ပေါ်နိုင်ပါသည်။ ထိုသက်စောင့်သွေးစက်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး ချက်ချင်းပင် နဂါးငယ်တစ်စင်းအဖြစ် ပြောင်းလဲသွား၏။

ထိုအရာမှာ အခြားသော ဧရာမနဂါးကြီး ရှစ်စင်းကဲ့သို့ မကြီးမားသော်လည်း အလွန်ပင် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဝမ်မူချွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး

"သူ ဒီသိုင်းကွက်ကိုလည်း တတ်ထားတာလား”

'သွေးပေါက်ကွဲ နဂါးအသွင်ပြောင်းအတတ်' သည် 'နဂါးကိုးစင်း ဧကရာဇ်အတတ်' နှင့် အရင်းအမြစ် တစ်ခုတည်းဖြစ်သည်။ လူသားဧကရာဇ်မှ ကျီမိသားစု မျိုးဆက်များအတွက် သီးသန့် ချန်ထားခဲ့သော ကျင့်စဉ်ဖြစ်၏။ 'နဂါးကိုးစင်း ဧကရာဇ်အတတ်' ကို မည်မျှပင် ကျွမ်းကျင်စေကာမူ ဤလျှို့ဝှက်အတတ်ကို အသုံးပြုခြင်းဖြင့် နဂါးငယ်တစ်စင်းကို လေထဲတွင် ဖန်တီးနိုင်သည်ကို အထင်မသေးသင့်ပေ။ အကယ်၍ 'နဂါးကိုးစင်း ဧကရာဇ်အတတ်' ကို နဂါးခုနစ်စင်း သို့မဟုတ် ရှစ်စင်းအထိ ကျင့်ကြံထားနိုင်လျှင် ဤလျှို့ဝှက်အတတ်ကို အသုံးပြုခြင်းဖြင့် တိုက်ကွက်၏ အစွမ်းကို ၅ ဆ မှ ၁၀ ဆအထိ မြှင့်တင်ပေးနိုင်လိမ့်မည်။

ကုမင်မှာ ဤအရာအတွက် အသေအချာ ပြင်ဆင်ထားခြင်း ဖြစ်သည်။

"သူ့ရဲ့ တိုက်ကွက်စွမ်းအားက ၁၀ ဆလောက် တိုးသွားပြီ”

"ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မှာလဲ”

ဝမ်မူချွမ်မှာ လက်သီးကို တင်းတင်းဆုပ်ထားမိ၏။

မူယုံးယွဲ့၊ ထုံယွမ်နှင့် အခြားသူများသည်လည်း ကောင်းကင်ယံကို မျက်တောင်မခတ် စိုက်ကြည့်နေကြပြီး ခဏမျှပင် သတိမလွတ်ရဲကြပေ။

"ဒိုင်း!"

နောက်တစ်စက္ကန့်တွင် နဂါးကိုးစင်းနှင့် ဓားအရှိန်အဝါတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ လေထဲတွင် အရောင်ဆယ်မျိုး ရောယှက်ကာ ရစ်ပတ်တိုက်ခိုက်ပြီး ပျက်စီးသွားကြ၏။ မြေပြင်မှ ကြည့်လျှင် ကောင်းကင်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည့်အလားပင်။

"ဝုန်း!"

အလင်းတန်းများသည် ကောင်းကင်ကို ဆွဲဖြဲပစ်တော့မည့်အတိုင်း ဖြစ်နေပြီး ကြည့်နေသူများကို ခဏတာ မျက်စိကွယ်သွားစေသည်။ ခဏအကြာတွင်မှ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်၏။

"အား!"

မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် နားစည်များ ချက်ချင်းပြတ်ထွက်ကာ သွေးများ စီးကျလာပြီး နာကျင်စွာ အော်ဟစ်နေကြရသည်။ သူတို့မှာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေ၏။ ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် လွတ်မြောက်ခြင်းမရှိဘဲ ညည်းညူရင်း နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေကြရသည်။ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများသာလျှင် သူတို့၏ ပိုမိုနက်နဲသော ကျင့်ကြံမှုဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော ဆူညံသံကို လျစ်လျူရှုနိုင်ကြသည်။

"ရှုး!"

ချက်ချင်းဆိုသလိုပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကောင်းကင်ရှိ ကျန်ရှိနေသော စွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။ ရှန်မိုနှင့် ကုမင်မှာ လေထဲတွင် ဆက်လက် ရပ်တည်နေဆဲပင်။ နှစ်ဦးစလုံး ဒဏ်ရာရပုံမရှိသေး။

သို့သော် ကုမင်တစ်ဦးတည်းသာလျှင် လွန်ခဲ့သော တိုက်ခိုက်မှုတွင် သူ အသာစီးမရခဲ့ကြောင်း သိလိုက်သည်။ သူ၏ နဂါးအရှိန်အဝါ ချပ်ဝတ်တွင် နောက်ထပ် အံ့ဩဖွယ်ကောင်းသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် အက်ကြောင်းမှာ အလွန်ကြီးမားပြီး သူ၏ ဘယ်ဘက်ပုခုံးမှ ညာဘက်ခါးအထိ ရှည်လျားနေသည်။

ဤမြင်ကွင်းကို ကျင့်ကြံသူများစွာနှင့် နဂါးသွေးအစောင့်တပ်များပင် မြင်တွေ့လိုက်ကြ၏။ ကျင့်ကြံသူများမှာ ဝမ်းသာအားရ ဖြစ်သွားကြသော်လည်း နဂါးသွေးအစောင့်တပ်များမှာမူ မျက်နှာပျက်သွားမိသည်။ မာနကြီးလှသော နတ်ဆိုးဧကရာဇ် ကုမင် တကယ်ပင် ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

"ကောင်းတယ်... သိပ်ကောင်းတယ်”

ကုမင် ဒေါသကြောင့် ရယ်မောလိုက်သည်။ သူ၏ ချပ်ဝတ်အောက်မှ အေးစိမ့်သော ရယ်သံကြီး ထွက်ပေါ်လာ၏။

“ငါ ဒီသိုင်းကွက်ကို မသုံးချင်ခဲ့ဘူး… ဒါပေမဲ့ မင်းရဲ့ အင်အားက ဒီလောက်အထိ ကြီးမားလာမှတော့ ငါလည်း မတတ်နိုင်တော့ဘူး"

ကုမင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်လိုက်ရာ လေဟာနယ်ထဲရှိ လျှို့ဝှက်အတတ်တစ်ခုကို အသက်သွင်းလိုက်သကဲ့သို့ပင်။

"ငါ ဘာလို့ အစွမ်းထက်တဲ့ နတ်ဆိုးမျိုးနွယ်တွေကို ငါ့ရဲ့ သက်စောင့်သွေးတွေ ပေးရသလဲဆိုတာ မင်းသိလား”

သူ ရူးသွပ်စွာ ရယ်မောလိုက်သည်။

ရှန်မိုကတော့ ဘာမှမပြောဘဲ တည်ငြိမ်နေဆဲပင်။ သူ၏ ကံကြမ္မာစနစ်တွင် အသေးစိတ် ဖော်ပြထား၍ ကောင်းကောင်း သိထားပါသည်။

"အဲ့ဒီ မင်းသားတွေရဲ့ အင်အားကို ငါ့ဆီ ပြန်ဖြည့်တင်းဖို့အတွက်ပဲ”

သူသည် လက်နှစ်ဖက်ကို ရုတ်တရက် ဘေးသို့ ဆန့်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ ပန်းထွက်လာသည်။ မနီးမဝေးတွင် ရှိနေသော မင်းသား ဟူယုံ နှင့် ရှုံအန်း တို့သည် ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အတိုင်းအဆမဲ့သော သွေးစွမ်းအင်များသည် ဖော်ပြ၍မရသော ကြီးမားသည့် အင်အားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ မကြာမီ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနတ်ဆိုးနှစ်ကောင်မှာ ပိန်ချုံးသွားကြတော့သည်။ လေတစ်ချက် တိုက်လိုက်လျှင်ပင် လွင့်ထွက်ကာ ပြာအဖြစ် ပြောင်းလဲသွားတော့မည့်အတိုင်းပင်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့”

ထိုနတ်ဆိုးနှစ်ကောင်မှာ မိုက်မဲသူများ မဟုတ်ကြပေ။ မင်းသားအဆင့် ရောက်လာသော နတ်ဆိုးမျိုးနွယ်များသည် အခြားသူများထက် အများကြီး ပိုမို ဉာဏ်ရည်ထက်မြက်ကြ၏။ ကုမင်၏ စကားကို ကြားလိုက်ရချိန်တွင် ကုမင်ပေးသော သက်စောင့်သွေးမှာ ဆုလာဘ်ဖြစ်သလို သံခြေကျင်းတစ်ခုလည်း ဖြစ်နေကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။

ကုမင် လိုအပ်သည့်အချိန်တိုင်းတွင် မင်းသားများ၏ သွေးစွမ်းအင်အားလုံးကို စုပ်ယူကာ မိမိကိုယ်ကို အစွမ်းမြှင့်တင်နိုင်ခြင်း ဖြစ်လေသည်။

မိုင်ပေါင်း သောင်းချီဝေးသော နတ်ဆိုးပင်မစစ်တပ်ကြီးအတွင်းရှိ မင်းသားများစွာမှာလည်း ဤအချိန်တွင် နာကျင်စွာ အော်ဟစ်နေကြရ၏။ သူတို့၏ သွေးစွမ်းအင်များမှာ အကြောင်းပြချက်မရှိဘဲ စုပ်ယူခြင်း ခံနေရသည်။ သူတို့ ဘာဖြစ်နေမှန်းပင် မသိလိုက်ဘဲ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြသည်။

ယဲ့ယန်မှာ သွေးများ အန်ထုတ်ကာ ထွက်ပြေး၏။ သူသည် သက်စောင့်သွေး၏ ပြဿနာကို ကြိုတင်သိရှိထားခဲ့ပြီး ကုမင်အပေါ် သစ္စာရှိဟန်ဆောင်ကာ အမှန်တကယ်တွင်မူ ဤသံခြေကျင်းမှ လွတ်မြောက်မည့်နည်းလမ်းကို တိတ်တဆိတ် ရှာဖွေနေခဲ့သူ ဖြစ်သည်။

"တောက်... ကုမင်နဲ့ ရှန်မိုတို့ တိုက်ပွဲက ဒီသိုင်းကွက်ကို သုံးရတဲ့အထိ ဖြစ်သွားတာလား”

ယဲ့ယန်တစ်ယောက် သူ၏ အင်္ကျီကို ဆွဲဖြဲကာ ရင်ဘတ်ကို ဖော်လိုက်သည်။ ထို့နောက် တည်ကြည်သော အကြည့်များဖြင့် သူ၏ ရင်ဘတ်ကို ပြတ်ပြတ်သားသား လှီးဖြတ်လိုက်ပြီး သူ၏ နှလုံးသားထဲရှိ သက်စောင့်သွေးစက်ကို ဆွဲထုတ်လိုက်လေတော့၏။

All Chapters