လူသားပါရမီရှင်ကြောင့် ဒီလောက်အထိ ဖြစ်သွားတာပဲ
Vol. 26 Ch. 384
ယဲ့ယန်၏ နှလုံးသားထဲတွင် ရှိနေသော ဤသက်စောင့်သွေးစက်မှာ ကုမင် သူ့ကို ကနဦးပေးသနားခဲ့သည့် အရာမဟုတ်ပေ။ အမှန်စစ်စစ်တွင်မူ ၎င်းမှာ သန့်စင်ပြီးနောက် သူ၏နှလုံးသားထဲ၌ အသစ်ပြန်လည်ဖြစ်တည်လာသည့် သွေးအဆီအနှစ်စက် ဖြစ်၏။ သို့သော်ငြားလည်း ထိုသွေးစက်ထဲတွင် ကုမင်၏ အမှတ်အသားများ ကပ်ပါနေဆဲပင်။
အကယ်၍ သူသာ ထိုအရာကို တိုက်ရိုက်ဖယ်ရှားပစ်လိုက်ပါက ယဲ့ယန်၏ သွေးအဆီအနှစ်နယ်ပယ် အကြီးအကျယ် ထိုးဆင်းသွားမည်ဖြစ်ပြီး မဖယ်ရှားပြန်လျှင်လည်း သူ၏သွေးစွမ်းအင်အားလုံးမှာ ကုမင်အတွက် အစာဖြစ်သွားရပေလိမ့်မည်။ အကောင်းအဆိုး နှစ်ခုကို ချိန်ဆကြည့်ပြီးနောက်တွင်မူ သူသည် အထိအခိုက် အနည်းဆုံးဖြစ်မည့် လမ်းကိုသာ ရွေးချယ်လိုက်ပါတော့၏။
အရင်က ယဲ့ယန် မလှုပ်ရှားခဲ့ခြင်းမှာ လက်မရဲနိုင်ခဲ့၍သာ ဖြစ်သည်။ သို့သော် ယခုမူ သူ မလုပ်မဖြစ် လုပ်ရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့လေပြီ။
"အား…”
ယဲ့ယန်သည် အသံကိုထိန်း၍ အော်ရင်း သူ၏သက်စောင့်သွေးကို ဆွဲထုတ်လိုက်ကာ ကြိုတင်ပြင်ဆင်ထားသည့် ပုလင်းထဲသို့ ထည့်လိုက်၏။ သူ၏တစ်ကိုယ်လုံးမှာ ချက်ချင်းပင် သိသိသာသာ ပိန်ကျသွားပြီး သူ၏ကျင့်ကြံမှုအဆင့်မှာလည်း 'ရွှေသရဖူ နတ်ဆိုးဧကရာဇ်' အဆင့်မှ 'ရွှေသရဖူ နတ်ဆိုးဘုရင်' အဆင့်အထိ တရှိန်ထိုး ကျဆင်းသွားခဲ့သည်။ ဤသည်မှာ တကယ့်ကို အထိနာလွန်းသော ဆုံးရှုံးမှုကြီးပင်။
"အမင်္ဂလာကောင် ကုမင်..."
"သူက ငါ့ကို တကယ်ပဲ ဂရုစိုက်တယ်… ငါ့ကို လူသားဘုရင်အဖြစ် တကယ်ပဲ နယ်မြေပေးအပ်မယ်လို့ ငါထင်ခဲ့မိတာ"
ယဲ့ယန်တစ်ယောက် မြောက်ဘက်ဆီသို့ နာကျည်းစွာ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် နတ်ဆိုးလောက၏ ရတနာတိုက်မှ ယခင်ကတည်းက ရယူထားခဲ့သည့် ရတနာအမျိုးမျိုးကို ယူဆောင်ကာ အရှေ့ဘက်ဆီသို့ ထွက်ပြေးသွားပါတော့သည်။ အရှေ့ပင်လယ်တွင် ကျွန်းပေါင်းများစွာ ရှိနေသဖြင့် သူ၏ယာယီခိုလှုံရာအဖြစ် လုံလောက်လှပေ၏။
...
ဝူပြည်နယ်၊ သုံးဂိုဏ်းမဟာမိတ်စခန်းတွင်။ တောင်ဘက်ဆီမှ အဆုံးအစမရှိသော သွေးစွမ်းအင်များသည် ကုမင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်ပေါင်းစည်းသွားကြသည်။ ကုမင်၏ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ကြီးထွားလာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အရပ်အမြင့်ပေ (၂၀) ကျော်အထိ ကျယ်ပြန့်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာမှာ အမှန်ပင် ထူးဆန်းလှပြီး ကြီးထွားလာသည့် ခန္ဓာကိုယ်တစ်ခုလုံးကို အံဝင်ခွင်ကျ ပြန်လည်ဖုံးအုပ်ပေးနိုင်စွမ်း ရှိလေ၏။
ကျင့်ကြံသူများ မြင်တွေ့နေရသည့် ဤမြင်ကွင်းမှာ သူတို့အပေါ်သို့ လှိုင်းလုံးကြီးများ ရိုက်ခတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
"ဘုရားရေ... ကုမင်ရဲ့ သွေးစွမ်းအင်တွေက ဒီလောက်အထိ တိုးပွားလာတာလား"
"သူ့ရဲ့ဒဏ်ရာတွေလည်း ဘာအမှတ်အသားမှ မကျန်အောင် ပျောက်ကွယ်သွားပုံရတယ်"
"အခုဆို ကုမင်က သူ့ရဲ့အထွတ်အထိပ်အချိန်ထက်တောင် ပိုပြီး အစွမ်းထက်နေသလိုပဲ”
"သွားပြီ... ငါတို့တော့ သေပြီ..."
ကျင့်ကြံသူများမှာ မိမိဘာသာ တီးတိုးရေရွတ်နေမိကြ၏။
အချို့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်နေကြပြီး၊ အချို့လည်း ရင်ထဲတွင် ပူလောင်နေကြကာ၊ အချို့၏မျက်နှာများမှာမူ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဖြူလျော့နေကြသည်။
"ဒါက တကယ် ကြောက်စရာကောင်းလိုက်တာ... ဒီလောက်များတဲ့ သွေးစွမ်းအင်တွေ ဘယ်ကနေ ရောက်လာတာလဲ"
ထုံယွမ်လည်း မှင်သက်နေမိသည်။
"ခုနက မျှော်စင်သင်္ဘောပေါ်ကနေ နာနာကျင်ကျင် အော်ဟစ်သံ နှစ်ချက် ထွက်လာတယ်… နတ်ဆိုးမင်းသားတွေရဲ့ အသံနဲ့ တူတယ်… ကုမင်မှာ အဲ့ဒီမင်းသားတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိနေပုံပဲ"
ဝမ်မူချွမ်မှ တီးတိုးဆို၏။
လေထဲတွင်မူ ကုမင်မှာ အတိုင်းအဆမဲ့သော သွေးစွမ်းအင်များ စီးဝင်လာမှုကို ခံစားရင်း အလွန်အမင်း ကျေနပ်နေသည်။ သူ၏ပတ်ပတ်လည်တွင် ဧရာမ သွေးရောင်ပုံရိပ်ယောင်ကြီးတစ်ခုပင် ပေါ်လာခဲ့၏။ ထိုအရာမှာ ကုမင်ကိုယ်တိုင်ပင် ဖြစ်သည်။ အမြင့်ပေတစ်ရာခန့်ရှိသော ထိုပုံရိပ်ယောင်မှာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် သွေးရောင်ဧရာမဘီလူးကြီး တစ်ကောင်ကဲ့သို့ပင်။ ထိုအရာမှာ လုံးဝ အခိုင်အမာဖြစ်နေပြီး ပြင်ပတိုက်ခိုက်မှုမှန်သမျှကို တားဆီးနိုင်စွမ်းရှိသည်။
ရှန်မို ဓားအရှိန်အဝါတစ်ချက်ကို ခပ်သာသာပင် ဝှေ့ယမ်းထုတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုဓားအရှိန်အဝါသည် ပင်လယ်ထဲသို့ ရွှံ့နွားတစ်ကောင် ဝင်သွားသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွား၏။ ဤသည်မှာ 'နတ်ဘုရားဆင်ဖြူတော် ငရဲနှိမ်နင်းခြင်းအတတ်' ၏ အဆုံးစွန်သော အကာအကွယ်နည်းလမ်းဖြစ်သည့် မလှုပ်မယှက် သန့်စင်သော ဘုရင်ခန္ဓာပင်။
သွေးစွမ်းအင်အကာအကွယ်အတွင်းမှ ကုမင်၏ ရယ်သံကြီး ထွက်ပေါ်လာသည်။
"အချည်းနှီးပါပဲ… အခု ငါ့ဆီမှာ သွေးစွမ်းအင်တွေ အလျှံပယ် ရှိနေပြီ… ငါသုံးနေတဲ့ 'မလှုပ်မယှက် သန့်စင်သော ဘုရင်ခန္ဓာ' ကလည်း အင်မတန် အစွမ်းထက်နေတယ်… မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး ဒါကို မဖောက်ထွင်းနိုင်ပါဘူး… ငါ သွေးစွမ်းအင်အားလုံးကို စုပ်ယူပြီးသွားရင် မင်းကို ပုရွက်ဆိတ်တစ်ကောင်လိုပဲ နင်းခြေပစ်မယ်ကွ"
ရှန်မို၏အမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာဖြင့်ပင်
“ဪ... ဘယ်နည်းလမ်းနဲ့မှ မဖောက်နိုင်ဘူး ဟုတ်လား… ငါကတော့ အဲ့ဒီလို မထင်ဘူး"
သူ့စကားဆုံးသည်နှင့် လက်နှစ်ဖက်လုံးကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။
သူ၏ဘယ်ဘက်လက်တွင် အနီရောင်မီးတောက်များ တောက်လောင်လာပြီး ညာဘက်လက်တွင်မူ ရွှေရောင်မီးတောက်များ ပန်းထွက်လာ၏။ ထိုအရာများမှာ မြေကမ္ဘာနှလုံးသား ကြာနီမီးတောက်နှင့် နေမင်းအဆီအနှစ် မီးတောက်တို့ပင် ဖြစ်သည်။ ရှန်မို တွန့်ဆုတ်မနေဘဲ ထူးဆန်းသည့် မီးတောက်နှစ်မျိုးကို ရိုက်ခွဲပေါင်းစပ်လိုက်၏။ သို့သော် ပေါက်ကွဲမသွားဘဲ ပိုမိုပြင်းထန်သော အပူရှိန်ရှိသည့် အရည်အဖြစ် ချောမွေ့စွာ ပေါင်းစည်းသွားပါတော့သည်။ အရည်ပျော်နေသည့် သံရည်ခဲကြီးတစ်ခုကဲ့သို့ပင်။
ရှန်မို လက်ကိုဆန့်ထုတ်ကာ ဘယ်ညာ ဆွဲလိုက်၏။
"ချလွမ်!"
ထိုအခါ ဧရာမ လှံရှည်ကြီးတစ်စင်း ရုတ်တရက် ပုံပေါ်လာသည်။ ၎င်းမှာ တောက်လောင်နေသော မီးတောက်များဖြင့်သာ သွန်းလုပ်ထားပုံရပြီး အပူလှိုင်းများ တလိမ့်လိမ့် ထွက်ပေါ်နေ၏။ လှံကို မပစ်လွှတ်ရသေးမီမှာပင် ပတ်ဝန်းကျင်လေထုထဲရှိ ရေငွေ့အားလုံးကို ခမ်းခြောက်သွားစေပါသည်။
သုံးဂိုဏ်းမဟာမိတ်စခန်းရှိ ကျင့်ကြံသူအားလုံးမှာ လည်ချောင်းများ ခြောက်ကပ်လာကြသည်။ ရေဓာတ်ရှိသော ကျင့်ကြံသူများမှာမူ ကြီးမားသည့် ဖိအားကို ခံစားလိုက်ရပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကြရ၏။ ခိုင်မာသော ခန္ဓာကိုယ်ရှိသည်ဟု ကျော်ကြားသည့် နဂါးသွေးအစောင့်တပ်များပင်လျှင် မျှော်စင်သင်္ဘောကို အသက်သွင်းကာ ပေတစ်ရာကျော်ခန့်အထိ နောက်ဆုတ်သွားကြရသည်။
အပြင်ဘက်မှ ပြင်းထန်လွန်းသော မီးတောက်လှိုင်းများကို ခံစားမိလိုက်သည့် ကုမင်သည်
"ဟင်"
သူ အလန့်တကြား အသံထွက်သွားသည်။ အပြင်တွင် ဘာဖြစ်နေသလဲဆိုသည်ကို မမြင်ရသော်လည်း သူ အာရုံခံနိုင်၏။ ရှန်မိုသည် အလွန်ပင် အစွမ်းထက်သော သိုင်းကွက်တစ်ခုကို ပြင်ဆင်နေပုံရသည်။
"အဲ့ဒါက ဘာသိုင်းကွက်လဲ… ဒီအကြောင်း ငါ ဘာသတင်းမှ မရထားပါလား"
ကုမင်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
"မဟာလဟာပြင် ကြယ်ဥက္ကာခဲ”
ရှန်မို ဟိန်းဟောက်လိုက်ပြီး တောက်လောင်နေသော မီးတောက်များ ရစ်ပတ်နေသည့် ဧရာမလှံကြီးကို ပစ်လွှတ်လိုက်၏။
"ဝုန်း!"
လှံကြီးသည် ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ တိုးဝင်သွား၏။ ပထမကြည့်လိုက်လျှင် အလွန်နှေးကွေးနေသလို ထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုမင်၏ရှေ့သို့ ရောက်ရှိသွားလေပြီ။ ၎င်းမှာ ကောင်းကင်ဘုံမှ ပစ်ချလိုက်သည့် နတ်ဘုရားပြစ်ဒဏ်ခတ်လှံကြီး တစ်စင်းကဲ့သို့ပင်။
လှံကြီး အနီးကပ်ရောက်လာသည့် အချိန်မှာတော့ ကုမင်သည် ပြင်းထန်သော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။ သူ၏မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး သွေးစွမ်းအင်စုပ်ယူမှုကို ချက်ချင်းရပ်လိုက်ကာ ခန္ဓာကိုယ်အတွင်းမှ ဧရာမဆင်ဖြူတော်၏ အင်အားကို အသက်သွင်းလိုက်သည်။
"ဝုန်း! ဝုန်း! ဝုန်း!"
သူ၏ခန္ဓာကိုယ်ထဲမှ ဆင်ဖြူတော် တစ်ထောင်ကျော်တို့ ဟိန်းဟောက်လိုက်ပြီး အင်အားများကို 'မလှုပ်မယှက် သန့်စင်သော ဘုရင်ခန္ဓာ' ထဲသို့ လောင်းထည့်လိုက်သည်။ 'မလှုပ်မယှက် သန့်စင်သော ဘုရင်ခန္ဓာ' မှာ တစ်ဖန်ပြန်၍ ပိုမိုကြီးမားလာသည်။
ဤအချိန်မှာပင် ထူးဆန်းသော မီးတောက်လှံကြီးမှာ ထိပ်တိုက်ထိမှန်သွားပါတော့သည်။
"ဒိုင်း!"
စူးရှတောက်ပသော အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ဟုန်းဟုန်းတောက်နေသော မီးတောက်များသည် အရပ်မျက်နှာအနှံ့ကို လွင့်စင်သွားသည်။ ဤနေရာမှ ထွက်ပေါ်လာသည့် တောက်ပမှုမှာ မိုင်ပေါင်းသောင်းချီဝေးသော ယုကျောက်မှပင် ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ အတိုင်းအဆမဲ့သော နတ်ဆိုးသားရဲများနှင့် အလွတ်တန်းကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်ကာ ဤမြင်ကွင်းကို အဝေးမှနေ၍ ကြောက်ရွံ့စွာ ငေးကြည့်နေမိကြ၏။
အချိန်အတော်ကြာပြီးနောက်တွင်မူ စူးရှသည့် အလင်းတန်းများ တဖြည်းဖြည်း မှိန်ကျသွားသည်။ ကျင့်ကြံသူများလည်း လေထဲမှ တိုက်ပွဲအခြေအနေကို မြင်တွေ့နိုင်ခဲ့ကြပါပြီ။ ကုမင်၏ ရွှေရောင်ချပ်ဝတ်တန်ဆာမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် လန့်သွားကြ၏။
ကုမင်သည် လေထဲတွင် ရှိနေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ဝံပုလွေအမွှေးများမှာတော့ လောင်ကျွမ်းသွားကာ အလွန်ပင် ပိန်လှီသော ခန္ဓာကိုယ်ကို ဖော်ပြနေသည်။ သူ၏ရင်ဘတ်တွင်မူ ကြီးမားသော မီးလောင်ရာ အမှတ်အသားကြီးတစ်ခု ရှိနေ၏။ လှံရှည်ကြီးတစ်စင်းက သူ့ကို ဖောက်ထွက်သွားသကဲ့သို့ပင်။ ရှန်မို၏ ရှုထောင့်မှ ကြည့်လျှင်မူ ထိုနေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေလေသည်။ ထိုအပေါက်မှတစ်ဆင့် ကုမင်၏နောက်ကျောမှ မြင်ကွင်းကိုပင် မြင်တွေ့နေရ၏။
"နတ်ဆိုးဧကရာဇ် တစ်ယောက်က ဒီလိုပုံစံကိုး… သူ ဘာလို့ ချပ်ဝတ်တန်ဆာ အမြဲဝတ်ထားလဲဆိုတာ မဆန်းတော့ပါဘူး”
"နတ်ဆိုးမျိုးနွယ်တွေက သဘာဝအတိုင်း ရုပ်ဆိုးကြတာပဲ… သူ့ကိုယ်သူ သိပုံရတယ်"
“ခေါင်းဆောင်ငယ် နိုင်သွားပြီ ထင်တယ်"
ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုလာကြ၏။ သူတို့၏ လေသံများတွင်မူ ဝမ်းသာရွှင်လန်းမှုများ ပါဝင်နေလေသည်။
သို့သော် ထုံယွမ်၊ ဝမ်မူချန်းနှင့် မူယုံးယွဲ့တို့ကဲ့သို့ ကျင့်ကြံသူများကမူ တစ်ခုခုမှားနေပြီဆိုသည်ကို အာရုံခံမိလိုက်ကြ၏။ အကယ်၍ ကုမင်မှာ တခြားဝှက်ဖဲများ မရှိတော့ဘဲ အင်အားကုန်သွားပြီဆိုလျှင် ရှန်မို၏လက်ချက်ဖြင့် လဲကျသွားသည်မှာ ကြာလှပါပြီ။ အဘယ်ကြောင့် သူ၏နှလုံးသားကို ဖောက်ထွက်သွားသည့်တိုင် သူသည် လေထဲတွင် ဆက်လက်ရှိနေနိုင်ရသနည်း။
ရှန်မိုသည် ကုမင်ကို အမူအရာမပျက်ဘဲ တိတ်တဆိတ် စိုက်ကြည့်နေသည်။ ကုမင်၏ နောက်ဆုံးဝှက်ဖဲ ဘာလဲဆိုသည်ကို သူ အစကတည်းက သိထားပြီးသားဖြစ်၏။ ယခုမူ သူသည် ပြိုင်ဘက်က စတင်လှုပ်ရှားလာမှုကိုသာ စောင့်နေခြင်းပင်။
"ဟားဟားဟား... အထင်ကြီးစရာပဲ၊ တကယ့်ကို အထင်ကြီးစရာပဲ"
ခဏအကြာတွင် ကုမင် တဖြည်းဖြည်း စကားပြောလာသည်။ သူ၏အသံမှာ အက်ကွဲနေပြီး နားထောင်ရသည်မှာ မချိမဆံ့ ဖြစ်လှ၏။
"လူသားပါရမီရှင်တစ်ယောက်ကြောင့် ဒီလောက်အထိ ဖြစ်သွားမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး… ငါ့ရဲ့နောက်ဆုံးဝှက်ဖဲကိုတောင် ထုတ်သုံးဖို့ ဖိအားပေးနိုင်ခဲ့တယ်ပေါ့"
"ရှန်မို... မင်းမှာ အပြစ်ရှိတယ်… ကြီးလေးတဲ့ အပြစ်ပဲ”
ကုမင် ခေါင်းကို ရုတ်တရက် မော့လိုက်ရာ လူတိုင်းကို ထိတ်လန့်သွားစေ၏။ သူ၏ပါးစပ်ထဲတွင် ညှိုးနွမ်းနေသည့် ခရမ်းရောင် နှလုံးသားတစ်လုံးကို ကိုက်ထားခြင်းပင်။ သူသည် ၎င်းကို အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် အကုန်လုံးကို မြိုချလိုက်လေသည်။
ထိုအခါ ပေါက်ထွက်နေသည့် ရင်ဘတ်မှ အသားများ အလိုအလျောက် ပြန်လည်ကြီးထွားလာသည်။ ခဏလေးအတွင်းမှာပင် နှလုံးသားအသစ်တစ်လုံးမှာ ပြန်လည်ဖြစ်တည်လာပြီး အပေါက်ကြီးကို အကုန်လုံး ပြန်ပိတ်သွားစေ၏။ သို့သော် ထိုအစိတ်အပိုင်းမှာ တစ်ကိုယ်လုံး ခရမ်းရောင်သန်းနေသည့်အလယ်တွင် အမည်းရောင် ဖြစ်နေသည်။ နတ်ဆိုးလည်း မဟုတ်သလို လူသားလည်း မဟုတ်ဘဲ၊ မိစ္ဆာတစ်ကောင်နှင့် ပို၍ တူနေပါတော့သည်။
"သေစမ်း!"
ကုမင် အမျက်ထွက်သွားပြီး သူ၏မိစ္ဆာနှလုံးသားထဲမှ အင်အားများကို ရူးသွပ်စွာ အသက်သွင်းလိုက်သည်။ သူ၏ဝံပုလွေလက်သည်းများမှ ပန်းထွက်လာသည်မှာ စိတ်ဝိညာဉ်စွမ်းအင်လည်း မဟုတ်သလို သွေးစွမ်းအင်လည်း မဟုတ်ဘဲ ခရမ်းပုပ်ရောင်သန်းနေသည့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများသာ ဖြစ်လေ၏။