သေတော့မယ့်နတ်ဆိုးကို ရှင်းပြနေဖို့ စိတ်မဝင်စားဘူး
Vol. 26 Ch. 386
နေရာတွင်ရှိနေသော လူသားကျင့်ကြံသူများနှင့် နတ်ဆိုးမျိုးနွယ်၏ နဂါးသွေးအစောင့်တပ်များ အားလုံး ဤမြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသားနှင့် မှင်တက်သွားကြ၏။
မိစ္ဆာနှလုံးသားကို... တကယ်ပဲ အလုခံလိုက်ရတာလား။
အဲ့ဒီမီးတောက်က ဘာလဲ။
ဒါက ဝိညာဉ်မီးတောက်အသစ်လား။
ရှန်မိုက ဘယ်တုန်းက တတိယမြောက် ဝိညာဉ်မီးတောက်ကို ရရှိသွားတာလဲ။
"ရှူး..."
ကိုးထပ်ငရဲ ရေခဲမီးတောက်သည် ရှန်မို၏ လက်ဖဝါးမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တဖျတ်ဖျတ်တောက်လောင်ရင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားသည်။
ရှန်မို အနည်းငယ် ပြုံးလိုက်မိ၏။
ကိုးထပ်ငရဲ ရေခဲမီးတောက်သည် အလွန်ပင် ပျင်းရိလှသဖြင့် မူလက လှုပ်ရှားရန် ဝန်လေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကုမင်မှ မိစ္ဆာနှလုံးသားကို မြိုချလိုက်သည့်အခါတွင်မူ ကိုးထပ်ငရဲ ရေခဲမီးတောက်သည် အသားဟင်း မစားရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သော ငတ်မွတ်နေသည့် လူတစ်ယောက်မှ အရသာရှိသော စားပွဲတော်ကြီးကို အနံ့ရလိုက်သကဲ့သို့ ချက်ချင်းပင် လှုပ်ရှားလာခြင်း ဖြစ်လေ၏။ အကယ်၍ ရှန်မိုသာ ထိန်းမထားခဲ့လျှင် ကိုးထပ်ငရဲ သူ ချက်ချင်းပင် ပြေးထွက်သွားပေလိမ့်မည်။ ထိုအချိန်က အကွာအဝေးမှာ ဝေးလွန်းလှသည်။ အကယ်၍ ကိုးထပ်ငရဲ ရေခဲမီးတောက်သာ အလောတကြီး လှုပ်ရှားခဲ့လျှင် မိစ္ဆာနှလုံးသားကို အပြည့်အဝ ဖမ်းဆုပ်နိုင်မည် မဟုတ်ပေ။
"ဘုန်း!"
ကုမင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံထက်မှ ပြုတ်ကျလာ၏။ ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော ဧရာမ ကျောက်တုံးကြီး တစ်လုံးကဲ့သို့ဖြစ်နေပြီး မြေပြင်မှ ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ချက်ချင်း ထောင်းခနဲ ထလာသည်။ သူ၏ အမူအရာမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး ဆိုက်ရောက်လာတော့မည့် ကံကြမ္မာကို လက်ခံလိုက်ပုံရသည်။
"ငါ ဒီလိုနေရာမျိုးမှာ သေရမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး..."
ကုမင် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်သံမှာ ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသည်။ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ အောင်ပွဲခံ အော်ဟစ်နေကြ၏။
မည်သူကမျှ အနိုင်မရနိုင်ဟု ထင်ရသော နတ်ဆိုးဧကရာဇ် ကုမင်သည် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
လူအုပ်ကြီးထဲတွင် နှင်းနန်းတော်မှ ရွှယ်ယွဲ့ရုံတစ်ယောက် စိုးရိမ်ပူပန်နေမိသည်။ သူသည် နှင်းနန်းတော် သမိုင်းတစ်လျှောက်တွင် ပါရမီအရှိဆုံး ဗေဒင်ဆရာမ ဖြစ်ပြီး ဤတိုက်ပွဲ မစတင်မီကတည်းက ကုမင်မှာ ရှန်မိုကို မယှဉ်နိုင်ကြောင်း ကြိုတင်တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ရှန်မိုနှင့် ကုမင်တို့ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြစဉ်အတွင်း သူကတော့ အံ့ဩခြင်း မရှိခဲ့ပေ။ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ကုမင်၏ နောက်ဆုံး ကံကြမ္မာပင် ဖြစ်သည်။ သူ၏ ဟောကိန်းအရ ကုမင်သည် သေဆုံးမည် မဟုတ်ဘဲ ပျောက်ကွယ်သွားပေလိမ့်မည်။ ရုပ်အလောင်းလည်း မကျန်၊ အစအနလည်း မရှိဘဲ ပျောက်ကွယ်သွားမည် ဖြစ်၏။
"သူ့ကို ရည်ရွယ်ပြီး ငါ အကြိမ်ကြိမ် တွက်ချက်ခဲ့တဲ့ ဟောကိန်းတွေက မှားနေတာလား… ဒီတစ်ကြိမ်မှာကော ဘယ်လိုဖြစ်မလဲ”
ယွဲ့ရုံမှာ ရှန်မိုကို တစ်စုံတစ်ခု မျှော်လင့်နေသကဲ့သို့ ကြည့်နေသည်။
ရှန်မို၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ မှောက်ထားသော လက်ဖဝါးမှာမူ ဟင်းလင်းပြင် ပိတ်ဆို့ခြင်း အဆောင်ကို အသက်သွင်းထားပြီး ဖြစ်၏။
"ဝူး..."
မမြင်ရသော လှိုင်းတစ်ခုသည် သူ့ထံမှ ပြန့်လွင့်သွားပြီး မိုင်ပေါင်းများစွာ ပတ်လည်ရှိ ဟင်းလင်းပြင်ကို ချက်ချင်းပင် ပိတ်ဆို့လိုက်သည်။ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ ကျင့်ကြံသူများသည် ရုတ်တရက် ရင်တုန်သွားကြ၏။ သူတို့ ပတ်ဝန်းကျင်ကို အလိုလို ကြည့်လိုက်မိသည်။ တောင်က တောင်အတိုင်း၊ သစ်ပင်က သစ်ပင်အတိုင်း၊ ငှက်က ငှက်အတိုင်းပင် ရှိနေသော်လည်း ပတ်ဝန်းကျင် မြင်ကွင်းမှာ ပို၍ လေးလံနေပြီး ထာဝရ အေးခဲသွားသကဲ့သို့ ခံစားနေရသည်။ အရောင်အသွေးများပင် ပို၍ မှိန်ဖျော့သွားသယောင် ရှိသည်။
တကယ့်ကို ထူးဆန်းလှပေသည်။
နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများမှာမူ ဘာကိုမျှ သတိမထားမိကြပေ။ ဖုန်မှုန့်များဆီသို့သာ စိုက်ကြည့်ရင်း ကုမင်ကို ခွေးသေတစ်ကောင်ကဲ့သို့ မြင်တွေ့ရရန် မျှော်လင့်နေကြသည်။
"ရှူး..."
ရှန်မိုသည် တဖျတ်ဖျတ် လှုပ်ရှားလာပြီး ဖုန်မှုန့်များ၏ အထက်တွင် ပေါ်လာ၏။ သူ လက်ကို ခပ်သာသာ ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကုမင်၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။ ဖုန်မှုန့်များ ကင်းစင်သွားသည့်အခါတွင်မူ ကုမင်၏ ထိတ်လန့်နေပြီး ဒေါသထွက်နေသော မျက်နှာ ပေါ်လာတော့သည်။
"မင်း... မင်း ဘာလုပ်လိုက်တာလဲ… ငါ့ရဲ့ နေရာရွှေ့ပြောင်းခြင်း အဆောင်ငယ်က ဘာလို့ သုံးလို့မရတာလဲ”
ကုမင် အဆောင်တစ်ခုကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏အသံမှာ တုန်ယင်နေကာ ထိတ်လန့်ခြင်းနှင့် ဒေါသတို့ ရောယှက်နေ၏။ သူသည် ကောင်းကင်ယံမှ တမင်တကာ ပြုတ်ကျပေးခဲ့ပြီး ဖုန်မှုန့်များထအောင် လုပ်ကာ နေရာရွှေ့ပြောင်းခြင်း အဆောင်ငယ်ကို အသက်သွင်းရန် အချိန်ဆွဲခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီးသည့်တိုင်အောင် ထိုအဆောင်မှာ ဘာထူးခြားမှုမျှ မရှိခဲ့ပေ။ ၎င်းမှာ တစ်စုံတစ်ရာသော စွမ်းအားဖြင့် အပိတ်ခံထားရသကဲ့သို့ပင် ဖြစ်နေ၏။
ရှန်မို ခေါင်းခါယမ်းလိုက်ပြီး
"သေခါနီး နတ်ဆိုးတစ်ကောင်ကို ရှင်းပြနေဖို့ ငါ စိတ်မဝင်စားဘူး"
စကားဆုံးသည်နှင့် သူသည် ဓားဖြင့် ခပ်သာသာပင် ခုတ်ချလိုက်သည်။
"ချလွမ်!"
ဓားအလင်းတန်းကြီး ကျရောက်သွားပြီး ဝံပုလွေ ခေါင်းကြီး ပြတ်ထွက် ပျံတက်သွား၏။ ကုမင်၏ မျက်လုံးများသည် အံ့ဩခြင်း၊ ရှုပ်ထွေးခြင်းနှင့် မကျေနပ်ခြင်းတို့ဖြင့် ပြူးကျယ်နေသည်။
"တုတ်… တုတ်… တုတ်"
ခေါင်းကြီးမှာ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ခုန်သွားပြီးနောက် ရပ်တန့်သွား၏။ သူ၏ ခေါင်းမရှိသော ကိုယ်ထည်မှလည်း သွေးများ ပန်းထွက်လာပြီး ပြိုလဲသွားတော့သည်။
"သူ သေပြီ”
"ကုမင် သေပြီ”
မည်သူက စတင် အော်ဟစ်လိုက်သည်ကို မသိရပေ။ လူသားကျင့်ကြံသူ အားလုံးမှာ ရူးသွပ်သွားသကဲ့သို့ အော်ဟစ်နေကြ၏။ အတိုင်းအဆမဲ့ စိတ်လှုပ်ရှားခြင်းနှင့် အတိုင်းအဆမဲ့ ဝမ်းသာခြင်းတို့ ဖြစ်နေကြသည်။ ဤသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကျင့်ကြံပြီးနောက် အဓိကနယ်ပယ်တစ်ခုကို ဖောက်ထွက်နိုင်လိုက်ခြင်း၊ မိမိ၏ ဇနီးသည် ကလေးမွေးဖွားသည်ဟု ရုတ်တရက် သိလိုက်ရခြင်းတို့ထက်ပင် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းနေလေသည်။
ယွဲ့ရုံ၏ စိုးရိမ်နေသော စိတ်မှာ နောက်ဆုံးတွင်မှ ပြေလျော့သွားတော့သည်။ ရှန်မိုသည် ကံကြမ္မာကို နောက်တစ်ကြိမ် ပြောင်းလဲပစ်လိုက်ပုံရ၏။ ဤလူငယ်လေးသည် ကံကြမ္မာကို အန်တုနိုင်သည့် အံ့ဖွယ်စွမ်းရည်နှင့်အတူ မွေးဖွားလာပုံရသည်။ အဝေးက သင်္ဘောများပေါ်ရှိ နဂါးသွေးအစောင့်တပ်များမှာမူ ကုမင် ခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ မှင်တက်သွားကြ၏။ သူတို့သည် နဂါးသွေးဖြင့် သန့်စင်ခြင်းကို ခံယူထားကြပြီး ကုမင်၏ ရိုက်သွင်းမှုကို ခံထားရသူများ ဖြစ်သဖြင့် သစ္စာအရှိဆုံး နောက်လိုက်များ ဖြစ်ကြသည်။ ယခုအခါတွင်တော့ ကုမင် သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် အတွင်းစိတ် ယုံကြည်ချက်များမှာ လုံးဝ ပြိုလဲသွားခဲ့လေပြီ။ သူတို့အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး ဘယ်ကိုသွားရမှန်း မသိ ဖြစ်နေကြ၏။
ရှန်မိုမှ အေးဆေးစွာ အမိန့်ပေးလိုက်သည်။
"အားလုံးကို သတ်ပစ်လိုက်… အခု ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
"ရှူး..."
တောင့်တင်းခိုင်မာသော အနက်ရောင် ပုံရိပ်တစ်ခုသည် လူအုပ်ကြားမှ ရုတ်တရက် ပေါ်ထွက်လာပြီး တောင်ငယ်လေး တစ်လုံးကဲ့သို့ သင်္ဘောများဆီသို့ ပြေးဝင်သွားသည်။ ထိုအနက်ရောင် ပုံရိပ်သည် သိုးအုပ်ထဲသို့ ဝင်လာသည့် ကျားတစ်ကောင်ကဲ့သို့ပင်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နဂါးသွေးအစောင့်တပ်များသည် ချက်ချင်းပင် လက်သီးဖြင့် အထိုးခံရကာ အသားစိုင်များအဖြစ် ပေါက်ကွဲသွားကြ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် သင်္ဘောသုံးစင်းပေါ်ရှိ နဂါးသွေးအစောင့်တပ် အားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။
"ဝါး… အဲ့ဒီလူက ဘယ်သူလဲ… ခန္ဓာကိုယ် အင်အားက တကယ့်ကို အံ့ဩစရာပဲ"
"သွေးစွမ်းအင် ကျင့်စဉ်တွေကို ကျင့်ထားတဲ့သူနဲ့ တူတယ်… ပင်လယ်နတ်ဘုရားကျွန်းက ကျင့်ကြံသူလား မသိဘူး"
ကျင့်ကြံသူများသည် စိတ်ဝင်တစား ဆွေးနွေးနေကြသော်လည်း ထိုအနက်ရောင် ပုံရိပ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူမျှ မသိကြပေ။ ထိုထဲမှ အနည်းငယ်သာလျှင် မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိကောင်း မိနိုင်သော်လည်း သူတို့လည်း တိတ်ဆိတ်စွာပင် နေခဲ့ကြသည်။
ရှန်မို လက်ဟန်ပြလိုက်ရာ ထိုအနက်ရောင် ပုံရိပ်သည် သူ၏ဘေးနားသို့ ပြန်ရောက်လာသည်။ ထိုအရာသည် တစ်ကိုယ်လုံးကို ဝတ်ရုံနက်ဖြင့် ဖုံးအုပ်ထားပြီး တိတ်ဆိတ်စွာ ရပ်နေသော ဧရာမ သံမဏိမျှော်စင်ကြီး တစ်ခုကဲ့သို့ပင်။ သူ့ထံမှ ထွက်ပေါ်နေသော အေးစိမ့်သည့် အရှိန်အဝါမှာ တခြားသူများကို အနားမကပ်ရန် သတိပေးနေသကဲ့သို့ ရှိ၏။ ရှန်မိုသည် လူတိုင်းကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင်မှ ပြုံးပြလိုက်သည်။
"အားလုံးပဲ... ငါတို့ နိုင်ပြီ”
ထုံယွမ် ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျင့်ကြံသူရှန်”
ဝမ်မူချွမ်မှလည်း ဦးညွှတ်လျက်
"ကျေးဇူးတင်ပါတယ် ကျင့်ကြံသူရှန်”
စုဝေးနေသော ကျင့်ကြံသူ အားလုံးလည်း တညီတညွတ်တည်း အရိုအသေပေးကာ အော်ဟစ်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် စီနီယာရှန်”
နောက်ဆက်တွဲ ကိစ္စရပ်များတွင် ရှန်မို ပါဝင်ရန် သိပ်မလိုတော့ပေ။ ကုမင် သေဆုံးသွားခြင်းနှင့်အတူ နတ်ဆိုးနိုင်ငံတော်၏ အဓိက ကျောရိုးမှာ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ ဤဧရာမ နိုင်ငံတော်ကြီးသည် ချက်ချင်းပင် စတင်ပြိုလဲတော့မည် ဖြစ်၏။ လူသားမျိုးနွယ်၏ တစ်ခုတည်းသော အလုပ်မှာ အောင်ပွဲကို ဆက်လက်ဆုပ်ကိုင်ပြီး နတ်ဆိုးမျိုးနွယ်ကို အမြစ်ပြတ်အောင် သတ်ဖြတ်ရန်သာ ဖြစ်လေသည်။ ထို့အပြင် တခြားဂိုဏ်းအများစုမှာ မိမိတို့ တောင်များဆီသို့ ပြန်သွားကြပြီ ဖြစ်သောကြောင့် ကျောက်စိမ်းဂိုဏ်း၊ ချန်းယွမ်ဂိုဏ်းနှင့် နှင်းနန်းတော်တို့မှ ကျင့်ကြံသူများသာ ကျန်ရှိတော့၏။ နတ်ဆိုးနိုင်ငံတော်၏ မြို့တော်ကို သိမ်းပိုက်ခြင်းမှ ရရှိမည့် အကြီးမားဆုံးသော အကျိုးအမြတ်များကို ဤသုံးဂိုဏ်းမှ ခွဲဝေယူကြပေလိမ့်မည်။ နောက်မှ ရောက်လာသည့် ကျင့်ကြံသူများမှာမူ အကြွင်းအကျန် အနည်းငယ်ကိုသာ ရရှိပေမည်။
ငါးရက်အကြာတွင် မဟာမိတ်သုံးဂိုဏ်းသည် နတ်ဆိုးနိုင်ငံတော်၏ ပင်မစစ်တပ်ကို အနိုင်ယူခဲ့၏။ ဆယ်ရက်အကြာတွင် သူတို့သည် မြို့ပေါင်း ၂၉ မြို့ကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတိုင်းတွင် အောင်ပွဲရခဲ့သည်။ တစ်လအကြာတွင်တော့ နတ်ဆိုးနိုင်ငံတော်၏ မြို့တော်သို့ ချဉ်းကပ်လာခဲ့၏။ သုံးရက်အတွင်း မြို့တော်မှာ ပျက်စီးသွားပြီး နတ်ဆိုးမျိုးနွယ်ဝင် အမြောက်အမြား သတ်ဖြတ်ခံခဲ့ရသည်။ ထိုနေ့တွင် မြို့တော်၌ သွေးချောင်းစီးခဲ့ပြီး မီးခိုးငွေ့များမှာ ကောင်းကင်ယံအထိ ပျံ့နှံ့သွားလေသည်။ အသက်ရှင်ကျန်ရစ်သော နတ်ဆိုးမျိုးနွယ်ဝင်များသည် တောင်ဘက်နှင့် အနောက်ဘက် ပင်လယ်များဆီသို့ ဆုတ်ခွာသွားကြပြီး အနောက်ပင်လယ်ဘုရင်ထံတွင် ခိုလှုံကာ ဆက်လက် ခုခံခဲ့ကြ၏။ တောင်ပင်လယ်ဘုရင် အောင်းဂါနှင့် အခြား တောင်ပင်လယ်နဂါး ကျင့်ကြံသူများသည် တောင်ပင်လယ်သို့ ပြန်သွားကြပြီး လူသားကျင့်ကြံသူများ၏ အကူအညီဖြင့် နတ်ဆိုးမျိုးနွယ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ ကျန်ရှိနေသော နတ်ဆိုးမျိုးနွယ်မှာမူ အသက်ရှင်ရပ်တည်နိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရတော့၏။
ကျောက်စိမ်းပင်လယ်မြို့တွင်။
ပင်လယ်မျက်နှာပြင်၌ ငါး၊ ပုစွန်၊ လိပ်နှင့် ဂဏန်းများဖြင့် ပြည့်နှက်နေသည်။ မြို့အတွင်း၌လည်း လူသားအလောင်းများ ပြန့်ကျဲနေ၏။
ကောင်းကင်ယံတွင် ကျီဖျင်နှင့် အရှေ့ပင်လယ်ဘုရင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ မပြီးဆုံးသေးပေ။ ကနဦး ရက်များတွင် ကျီဖျင်မှ အသာစီးရခဲ့သော်လည်း ယခုအခါတွင်မူ အရှေ့ပင်လယ်ဘုရင်မှ အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သူ့ကို ဖိနှိပ်ထားသည်။
အရှေ့ပင်လယ်ဘုရင် မထီမဲ့မြင်ဖြင့်
"ဘာလို့ ဆက်ပြီး ဇွတ်လုပ်နေတာလဲ… မင်းမှာ အသက်ရှင်ဖို့ နှစ်တွေ အများကြီး မကျန်တော့ဘူးလေ… ဘာလို့ ဒီမြို့နဲ့ နိုင်ငံအတွက် မင်းရဲ့ အသက်ကို အလဟဿ အဆုံးရှုံးခံမှာလဲ… ဒါက မတန်ဘူးမလား”
"ငါ ကတိပေးတယ်… မင်းသာ အခု ထွက်သွားမယ်ဆိုရင် ဘာမှမဖြစ်ခဲ့သလို ငါတို့ နေပေးမယ်… မင်း သွားချင်တဲ့နေရာကို သွားနိုင်တယ်"
ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏ အချစ်ဆုံးဓားပင် အက်ကွဲနေသော ကျီဖျင်မှာ အမူအရာမပျက်ဘဲ
"ငါ နောက်မဆုတ်ဘူး"
အရှေ့ပင်လယ်ဘုရင်သည် လှောင်ပြုံးပြုံးကာ
“အဆုံးအထိ ခေါင်းမာနေတာပဲ… ဒါဆိုရင်လည်း သေလိုက်တော့”
ထိုအချိန်မှာပင် အောက်ဘက်ရှိ လူသားကျင့်ကြံသူများထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"အောင်ပြီ… အောင်ပြီ… စီနီယာရှန်မိုက နတ်ဆိုးဧကရာဇ် ကုမင်ကို သတ်လိုက်ပြီ”