← Chapters

နတ်ဆိုးနိုင်ငံတော် ကျဆုံးခြင်း

Vol. 26 Ch. 387

နတ်ဆိုးနိုင်ငံတော် ကျဆုံးခြင်း

Vol. 26 Ch. 387

စိတ်ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေသော ထိုစကားသံများသည် ကျီဖျင်နှင့် အရှေ့ပင်လယ်ဘုရင်တို့၏ နားစည်ထဲသို့ တိုက်ရိုက်ကျရောက်သွားလေသည်။ လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့မှာ တုန်လှုပ်ခြောက်ခြားသော အမူအရာများ ဖြစ်သွား၏။

အရှေ့ပင်လယ်ဘုရင် အလွန် အံ့အားသင့်သွားပြီး ချက်ချင်းပင် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်လေသည်။

"မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်တာ… ကုမင်က ဘယ်လောက်အဆင့်ရှိလဲဆိုတာ ငါအသိဆုံးပဲ… သူက မိစ္ဆာမျိုးနွယ်တွေထဲမှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ ပါရမီရှင်… ဘုရင်တွေထဲက ဘုရင်ပဲ… တကယ်လို့ သူသာ နောက်ထပ် နှစ်ထောင်ချီပြီးမှ မွေးဖွားလာခဲ့မယ်ဆိုရင် ငါကိုယ်တိုင်တောင် သူ့ကို နတ်ဆိုးဧကရာဇ်လို့ ရိုရိုသေသေ ခေါ်ရမှာ… အဲဒီလိုလူမျိုးက ရှန်မို့လို လူငယ်လေးလက်ချက်နဲ့ သေရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျီဖျင်ကမူ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

"ငါသိသားပဲ… ရှန်မိုက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ… သူ တကယ်ပဲ ကုမင်ကို ခေါင်းဖြတ်နိုင်ခဲ့ပြီ… ငါ သူ့ကို ယုံကြည်တယ်… နဂါးသွေးတပ်ဖွဲ့တွေ အကုန်အသတ်ခံလိုက်ရပြီ… နတ်ဆိုးတစ်သောင်းနယ်မြေက တည်ဆောက်ထားတဲ့ စစ်သင်္ဘောသုံးစင်းလုံးလည်း ငါတို့ သိမ်းပိုက်နိုင်ခဲ့ပြီ… သူတို့ရဲ့ အဓိကစစ်တပ်ကြီးတစ်ခုလုံးလည်း အပြတ်အသတ် ချေမှုန်းခံလိုက်ရပြီ… သူတို့ရဲ့ မြို့တော်မှာလည်း သွေးချောင်းစီးနေပြီး စစ်မီးခိုးတွေ ကောင်းကင်အထိ ဖုံးလွှမ်းနေလောက်ပြီ..... ငါတို့ နိုင်ပြီ… အောင်ပွဲကြီးပဲ… ဒီနေ့ကစပြီး မိစ္ဆာအင်အားစုဆိုတာ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားတော့မယ်”

ကျောက်စိမ်းပင်လယ်မြို့ရှိ ကျန်ရှိနေသော ကျင့်ကြံသူများနှင့် သာမန်လူသားများသည် ဤစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားကြပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်အော်ဟစ်ကြတော့၏။

"တကယ်လား… ငါတို့ နိုင်ပြီလား… နတ်ဆိုးအင်အားစုကြီး ပျက်စီးသွားပြီလား”

"ဘုရားရေ… အဲဒီလောက် အင်အားတောင့်တင်းတဲ့ နတ်ဆိုးအင်အားစုကြီးက တစ်လကျော်လေးအတွင်းမှာပဲ ပျောက်ကွယ်သွားတာလား”

"စီနီယာ ရှန်မို သက်တော်ရှည်ပါစေ… လူသားမျိုးနွယ် အောင်ပါစေ”

ဤသို့ မိုးထိမတတ် ကြွေးကြော်သံများကြားတွင် အရှေ့ပင်လယ်ဘုရင်သည်လည်း တွေဝေမိသွား၏။ ကုမင် တကယ်ပဲ သေသွားပြီလား။

နတ်ဆိုးနိုင်ငံတော် တကယ်ပဲ ပျက်စီးသွားပြီလား။

ထိုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရထားသော ဓားရှည်ငါးဘုရင်တစ်ကောင်သည် သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး နတ်ဆိုးအင်အားစုအတွင်းမှ စစ်ရေးအခြေအနေများကို ရုပ်ပျက်ဆင်းပျက်ဖြင့် တင်ပြလေသည်။ သတင်းကို ကြားပြီးနောက် အရှေ့ပင်လယ်ဘုရင်၏ မျက်လုံးများ ပြူးသွားပြီး အချိန်အတော်ကြာအောင် အမူအရာမထိန်းနိုင်အောင် ဖြစ်နေသည်။

ခဏအကြာတွင် သူ အံကြိတ်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်၏။

"ဆုတ်ခွာကြမယ်..."

အရှေ့ပင်လယ်ဘုရင်၏ အမိန့်နှင့်အတူ ရေမိစ္ဆာအားလုံး လုံးဝ ဆုတ်ခွာသွားကြလေသည်။ ကျောက်စိမ်းပင်လယ်မြို့မှ ကျင့်ကြံသူများနှင့် လူသားများသည် ဤမြင်ကွင်းကို ကြည့်ပြီး ပို၍ပင် စိတ်လှုပ်ရှားလာကာ ရူးသွပ်မတတ် အော်ဟစ်အောင်ပွဲခံကြတော့၏။

"ငါတို့ နိုင်ပြီ… ငါတို့ နိုင်ပြီ”

"စုတ်ပြတ်သတ်နေတဲ့ အရှေ့ပင်လယ်က ရေမိစ္ဆာတွေ… လစ်ကြတော့”

ကျီဖျင်သည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ မျက်နှာတွင်မူ ကြည်နူးဖွယ် အပြုံးများ ဝေဆာနေသည်။

သူ ခန့်မှန်းခဲ့တာ မှန်သွားပြီ။

လောင်းကြေးထပ်ခဲ့တာလည်း မှန်သွားပြီ။

ဒီအဖိုးကြီးကတော့ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ ဖြစ်သော်လည်း ဤကမ္ဘာလောကကြီးသည် နောက်ဆုံးတွင် လူငယ်မျိုးဆက်သစ်များ၏ လက်ထဲသို့ ရောက်ရှိသွားပေတော့မည်။

ကျီဖျင် ဆင်းသက်ပြီးနောက် ပင်လယ်ထဲသို့ ကျရောက်သွားသော ရေစက်တစ်စက်ကဲ့သို့ လူအုပ်ကြားထဲတွင် အစအနမကျန် ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

...

ရက်အနည်းငယ်အကြာတွင်။

ကုမင် ခေါင်းဖြတ်သတ်ခံရခြင်းနှင့် နတ်ဆိုးနိုင်ငံတော် ပျက်စီးသွားသည့် သတင်းသည် ကျင်းနိုင်ငံ တစ်ခုလုံးသို့ မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားလေသည်။ ဝိညာဉ်တော်ဂိုဏ်း၊ အရိပ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်း နှင့် အခြားသော ဂိုဏ်းများအားလုံးလည်း ဤသတင်းကို ရရှိသွားကြ၏။

ထိုအခါ မည်သူမျှ တည်ငြိမ်စွာ မနေနိုင်ကြတော့ပေ။ သူတို့၏ စိတ်ကူးထဲတွင် ရှန်မိုသည် ကုမင်နှင့် အပြန်အလှန် ယှဉ်တိုက်နိုင်ပြီး တစ်လ သို့မဟုတ် နှစ်လခန့် ခုခံထားနိုင်ရန်ပင် တော်တော်လေး ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

ကုမင်ကို ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ပြီး နတ်ဆိုးစစ်တပ်၏ ထိုးစစ်ကို ခေတ္တရပ်တန့်နိုင်လျှင်ပင် မထင်မှတ်ထားသော အံ့သြဖွယ်ရာတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ရှန်မိုမှာ ကုမင်ကို တကယ်ပဲ ခေါင်းဖြတ်သတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

နတ်ဆိုးနိုင်ငံတော်ကြီးသည် တစ်လအတွင်းမှာတင် ပျက်စီးသွားလိမ့်မည်ဟု မည်သူက မှန်းဆနိုင်ပါမည်နည်း။

၎င်းမှာ မယုံနိုင်စရာပင် ဖြစ်လေသည်။

အံ့သြတုန်လှုပ်မှု အဖြစ်ရဆုံးသူမှာ ကျင်းဧကရာဇ်ပင်။ သူ ရှန်မို့ကို ဖယ်ရှားရန် ကုမင်အား အသုံးချဖို့ ကြံစည်ခဲ့၏။ ထို့နောက်မှ ဂိုဏ်းအသီးသီး၏ အင်အားစုများကို သူကိုယ်တိုင် ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်ကာ ကုမင်အား ရင်ဆိုင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ အမြင်တွင် ရှန်မိုသည် အစွမ်းထက်သော နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သော်လည်း အစားထိုးမရသည့် လူတစ်ယောက် မဟုတ်ပေ။

သို့သော် ယခုမူ လက်တွေ့အခြေအနေက သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ရှန်မိုသည် အစွမ်းထက်ရုံသာမက အလွန်အမင်း ထိပ်တန်းအဆင့်ရှိသော နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေ၏။ ဤတိုက်ပွဲသည် ရှန်မိုမရှိလျှင် ခက်ခဲရုံတင်မကဘဲ လုံးဝ မဖြစ်နိုင်သည့် တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်။

ပို၍ စိုးရိမ်စရာကောင်းသည်မှာ ရှန်မို၏ အစွမ်းသည် ကုမင်ကို သတ်နိုင်သည်အထိ ရှိနေခြင်းပင်။ ယင်းမှာ ရှန်မိုတစ်ယောက် ဓားအရှင်သခင်ထက်ပင် ကျော်လွန်သွားပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလော။ သူ၏ အသက်အန္တရာယ်သည်လည်း ယခုအခါ ပြင်းထန်သော ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိသွားပြီ မဟုတ်ပါလော။

ဤအချက်ကို တွေးမိသည်နှင့် ကျင်းဧကရာဇ်သည် တောင်ဘက်သို့ လှမ်းကြည့်ရင်း ခန္ဓာကိုယ် ယိုင်နဲ့သွားကာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ သူ ခါးတွင်ချိတ်ထားသော ကျောက်စိမ်းဖြူကို အမြန်ပင် ပုတ်လိုက်လေ၏။

ချက်ချင်းဆိုသလိုပင် အရိပ်အစောင့်အရှောက် တစ်ဦး ပေါ်လာကာ

“အရှင်မင်းကြီး"

"မြန်မြန်... ဓားအရှင်သခင်ကို အမြန်သွားရှာစမ်း”

ကျင်းဧကရာဇ် ဟိန်းဟောက်လိုက်သည်။

"အမိန့်အတိုင်းပါ”

အရိပ်အစောင့်အရှောက် လျင်မြန်စွာ ထွက်ခွာသွားသည်။

သို့သော် အမွှေးတိုင်တစ်တိုင် မကုန်မီအချိန်အတွင်းမှာပင် သူသည် ပြန်လည်ရောက်ရှိလာ၏။

ကျင်းဧကရာဇ် အံ့သဩသွားမိသည်။ ဓားအရှင်သခင်သည် ကျောက်စိမ်းပင်လယ်မြို့တွင် ရှိနေသင့်သည် မဟုတ်ပါလော။

အရိပ်အစောင့်အရှောက် ဘာကြောင့် ဒီလောက်မြန်မြန် ပြန်ရောက်လာရသနည်း။

အရိပ်အစောင့်အရှောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး... ဓားအရှင်သခင်က သူ့ရဲ့ အသက်ဓာတ်တွေ ကုန်ဆုံးသွားပြီးတော့ ကွယ်လွန်သွားပါပြီ"

ရုတ်တရက် အုန်းခနဲ ဖြစ်သွားသကဲ့သို့ပင်။ ကျင်းဧကရာဇ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်လျက် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

အရိပ်အစောင့်အရှောက်သည် သူ့ကို မတွဲရဲပေ။ အတိတ်ကာလတွင် ကျင်းဧကရာဇ်မှ အရိပ်အစောင့်အရှောက်များ အားလုံးကို သူ၏ အမိန့်မရဘဲ သူ့ ကိုယ်ခန္ဓာကို မထိရဟု အမိန့်ထုတ်ထားခဲ့သည်။ မဟုတ်ပါက နိုင်ငံတော်ပုန်ကန်မှုဟု သတ်မှတ်မည် ဖြစ်သည်။ တစ်ခါက အရိပ်အစောင့်အရှောက်များကို စစ်ဆေးစဉ်တွင် ကျင်းဧကရာဇ်သည် တမင်တကာ လဲကျချင်ယောင်ဆောင်ခဲ့ဖူး၏။ အရိပ်အစောင့်အရှောက်တစ်ဦးက သူ့ကို ထူရန် အပြေးအလွှား ရောက်လာသောအခါ ကျင်းဧကရာဇ်သည် ထိုသူကို ပုန်ကန်မှုဖြင့် ချက်ချင်း ကွပ်မျက်ရန် အမိန့်ပေးခဲ့ဖူးလေသည်။

"ဘာလို့ အခုလို အချိန်မျိုးမှ ဖြစ်ရတာလဲ..."

ကျင်းဧကရာဇ်မှာ ချက်ချင်းပင် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသည့်နှယ် ရှိတော့၏။ ဓားအရှင်သခင်သည် တော်ဝင်မိသားစု၏ နောက်ဆုံးလက်နက် ဖြစ်သည်။ ဓားအရှင်သခင် မရှိတော့လျှင် ရှန်မို့ကို မည်သူက တားဆီးနိုင်မည်နည်း။

ကျင်းဧကရာဇ် တိမ်ဝင်နေသော အသံဖြင့် ထပ်မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ကော… သူ ဘယ်မှာလဲ… ရှန်မို့ရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ဖို့ ငါ သူ့ကို ပြောထားတယ်မဟုတ်လား"

အရိပ်အစောင့်အရှောက်က ခေါင်းခါပြကာ

"အဖွဲ့ခေါင်းဆောင်က အနောက်ပင်လယ်ကနေ ထွက်ခွာပြီး သုံးဂိုဏ်းမဟာမိတ်စခန်းကို ရောက်သွားပြီးတဲ့နောက် အစအနမကျန် ပျောက်ကွယ်သွားပါတယ်… ဖြစ်နိုင်တာကတော့... ရှန်မို့ဆီမှာ မိသွားတာ ဖြစ်ပါလိမ့်မယ်"

ကျင်းဧကရာဇ် တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် သူ လက်ဝှေ့ယမ်းလိုက်တော့မှ အရိပ်အစောင့်အရှောက်သည် လျင်မြန်စွာ ထွက်ခွာသွားလေသည်။ ကျင်းဧကရာဇ်မှာ တောင်ဘက်သို့ ငေးကြည့်နေမိပြီး သူ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် ဇဝေဇဝါ ဖြစ်မှုများ အရိပ်ထင်နေလေတော့၏။

...

ကျောက်စိမ်းဂိုဏ်း။

ကြီးကျယ်ခမ်းနားသော အောင်ပွဲခံပွဲတော်များသည် မနားတမ်း ရက်ဆက် ကျင်းပနေလေသည်။ နတ်ဆိုးနိုင်ငံတော်မှ ရရှိလာသော များပြားလှသည့် သယံဇာတများကြောင့် ကျောက်စိမ်းဂိုဏ်း၍ အခြေခံအုတ်မြစ်သည် တစ်နေ့တခြား ပိုမိုခိုင်မာလာ၏။ ဂိုဏ်း၏ ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူထားသော ဟိုင်ချန်းခွန်မှာမူ အလွန်ပင် ပျော်ရွှင်နေသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ပေ။ သူ၏ မျက်လုံးသေးသေးလေးများသည် ပျော်ရွှင်မှုကြောင့် မှေးစင်းနေတော့သည်။

တန်ဟီဂိုဏ်း နှင့် သန့်စင်ခြင်းဂိုဏ်းတို့မှ ကျင့်ကြံသူများသည်လည်း သူတို့၏ ယခင်ဂုဏ်ပုဒ်များကို တဖြည်းဖြည်း စွန့်ပယ်ကာ အင်အားတောင့်တင်းပြီး တိုးတက်နေသော ဤကျောက်စိမ်းဂိုဏ်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းဝင်ရောက်လာကြ၏။ နောက်ဆုံးတွင်တော့ ကျင့်ကြံသူ အများစုအတွက် အခွင့်အလမ်းနှင့် အကျိုးခံစားခွင့် ပိုရှိသည့်နေရာကသာ အဓိက ဖြစ်ပေသည်။ ကျောက်စိမ်းဂိုဏ်းမှ ပိုမိုကောင်းမွန်သော အထောက်အပံ့များကို ပေးနိုင်နေမှတော့ ဘာကြောင့် ကျောက်စိမ်းဂိုဏ်းသား မဖြစ်ရပါမည်နည်း။

နောက်ပိုင်းကာလများတွင် ချန်ယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်း နှင့် ထျန်းဟီဂိုဏ်း စသည့် ဂိုဏ်းများသည် ကျောက်စိမ်းဂိုဏ်းသို့ တစ်ဦးပြီးတစ်ဦး လာရောက် ဂုဏ်ပြုကြလေသည်။ ထို့အပြင် သယံဇာတ ဝယ်ယူရေးနှင့် ဖလှယ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြ၏။ ဤကိစ္စများသည် ရှန်မို့ အချိန်ကို အသုံးချရန် မလိုအပ်၍ ဟိုင်ချန်းခွန်နှင့် အခြားသူများသာ ကိုင်တွယ်ဖြေရှင်းလိုက်ကြပါသည်။

အမှန်စင်စစ် ရှန်မိုသည် နတ်ဆိုးနိုင်ငံတော်၏ မြို့တော်ကို သိမ်းပိုက်ပြီးနောက် ကျောက်စိမ်းဂိုဏ်းသို့ ပြန်လာကာ နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ရန် သီးသန့်ကျင့်ကြံနေခြင်း ဖြစ်၏။

ထိုအချိန်တွင် ဆေးလုံးတစ်လုံး ရှန်မို့ရှေ့၌ လွင့်မျောနေသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးနှင့် ဆင်တူသော်လည်း အာနိသင်မှာ အဆပေါင်း တစ်ရာမက ပိုမိုပြင်းထန်လှသည်။ ၎င်းမှာ ရှေးယခင်ကပင် ပျောက်ကွယ်သွားပြီဖြစ်သော မူလဝိညာဉ်စစ်စစ် ကျင့်ကြံခြင်းဆေးလုံးပင်။

လတ်တလောတွင် ကျင်းနိုင်ငံ တော်ဝင်မိသားစုသာလျှင် မဟာဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးကို ဖော်စပ်နိုင်ပြီး မူလဝိညာဉ်စစ်စစ် ကျင့်ကြံခြင်းဆေးလုံးကိုမူ မည်သူမျှ မဖော်စပ်နိုင်တော့ပေ။ ဤဆေးလုံးကို နတ်ဆိုးမျိုးနွယ်များက မြေအောက်လိုဏ်ဂူတစ်ခုတွင် တွေ့ရှိခဲ့ပြီး ကုမင်ထံသို့ ဆက်သခဲ့ခြင်း ဖြစ်၏။ ကုမင်သည် ၎င်းကို ချက်ချင်း အသုံးမပြုဘဲ နောင်တစ်ချိန်တွင် ပိုမိုမြင့်မားသော စိတ်ဝိညာဉ်စွမ်းအင် နယ်ပယ်သို့ တက်လှမ်းရန်အတွက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် သေသွားသော နတ်ဆိုးတစ်ကောင်အတွက် ဆေးလုံးကို အသုံးပြုရန် မလိုအပ်တော့ပေ။ အခြားသော နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများကလည်း ဤဆေးလုံးကို မထိရဲကြ၍ မူလဝိညာဉ်စစ်စစ် ကျင့်ကြံခြင်းဆေးလုံးသည် သဘာဝကျကျပင် ရှန်မို့ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ဝုန်း! ဝုန်း! ဝုန်း!

ယခုအခါ မူလဝိညာဉ်စစ်စစ် ကျင့်ကြံခြင်းဆေးလုံးသည် လက်သန်း အရွယ်ခန့်အထိ သိသိသာသာ သေးငယ်သွားလေပြီ။ လျှံထွက်နေသော ဆေးစွမ်းအင်များသည် ရှန်မို၏ ကိုယ်ခန္ဓာထဲသို့ စီးဝင်သွားပြီး သူ၏ ပုံရိပ်ငယ်ထဲသို့ ရောက်ရှိကာ မူလဝိညာဉ်ကို ပြန့်ပွါးစေ၏။ အချိန်တစ်ခုတွင် မူလဝိညာဉ်သည် အကန့်အသတ်တစ်ခုအထိ ပြန့်ကားလာပြီးနောက် ပါးစပ်ကိုဖွင့်ကာ ထူးဆန်း စူးရှသော အော်ဟစ်သံတစ်ခုကို လွှတ်ထုတ်လိုက်လေသည်။

ရှန်မိုလည်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအိမ်ထဲတွင် စူးရှသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ ထိုအခါ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကျယ်ပြောပြီး အစွမ်းထက်လှသော အရှိန်အဝါတစ်ခု ချက်ချင်းပင် ပျံ့နှံ့သွားလေတော့သည်။

နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်။

All Chapters