← Chapters

ဒီကမ္ဘာပေါ်မှာ ကျွန်တော်မကုနိုင်တဲ့ရောဂါဆိုတာ မရှိဘူး

Vol. 48 Ch. 706

ဒီကမ္ဘာပေါ်မှာ ကျွန်တော်မကုနိုင်တဲ့ရောဂါဆိုတာ မရှိဘူး

Vol. 48 Ch. 706

"အခြေခံအဆင့်..."

ထိုဆရာနှစ်ယောက်မှာ အသက်တစ်ရာကျော်နေပြီဖြစ်၏။ သို့တိုင် ဆေးပညာကို သူတို့တစ်သက်လုံး သင်ယူလေ့လာခဲ့ပါသော်ငြား အပေါ်ယံမျှသာ တတ်မြောက်ခဲ့သည်။

ဤသည်မှာ အခြေခံအဆင့်မျှသာရှိသည်ဟု ဆိုလာပါလျှင် သူတို့က ဘာဖြစ်သွားမည်နည်း။

သို့်သော သေချာစဉ်းစားကြည့်မည်ဆိုလျှင် ကျန်းမုန့်လောင်သည် ဤပြဒါးရှင်လုံးကို ငါးမိနစ်အတွင်း ဖန်တီးခဲ့ခြင်းဖြစ်၏။ သူ့အတွက်တော့ နှစ်ပေါင်းတစ်ထောင်ခန့် ပျောက်ဆုံးနေခဲ့သော ဤဖန်တီးမှုက အလွန်လွယ်ကူနေဟန်ပင်။ သို့ဖြစ်လေရာ အခြေခံအဆင့်ဟု ပြောလာခြင်းမှာလည်း မှားတော့မမှားပါချေ။

"ချင်းဖုန်း.. ဒီဆေးကို အဘိုးကိုတိုက်လိုက်။ မြန်မြန်သက်သာသွားလိမ့်မယ်"

ကျန်းမုန့်လောင်က ဆိုလိုက်သည်။

"ဒါက စားလို့ရတာ သေချာလား"

ချင်းမိသားစုထဲရှိ လူတော်တော်များများမှာမူ သင်္ကာမကင်းဖြစ်နေဆဲပင်။

အဂ္ဂိရတ်ပညာအကြောင်း သူတို့ နားလည်ထားသလောက်ဆိုလျှင် ပြဒါးရှင်လုံးတစ်ခုကို ဖော်စပ်ရန်အတွက် အဂ္ဂိရတ်မီးပြင်းဖိုတစ်ခုတွင် လေးဆယ့်ကိုးရက်ကြာအောင် သန့်စင်မွမ်းမံရမည်မဟုတ်လော။ ယခုလိုလွယ်လင့်တကူ ဖန်တီးလိုက်သော အရာတစ်ခုက ထိရောက်မှုရှိနိုင်ပါ့မလား။

ဤအရာကို ညစ်ပတ်ပြီး အမှိုက်နှင့်တူသော သံမဏိအိုးဖြင့် ဖော်စပ်ထားခြင်းပင်။ ဤဆေးက အာနိသင်မရှိလျှင် သို့တည်းမဟုတ် အခြေအနေကို ပိုဆိုးဝါးသွားစေလျှင် မည်သို့လုပ်မည်နည်း။ လူအိုကြီး၏လက်ရှိအခြေအနေအရ ထိုဆေးကိုစားပြီးပါက အသက်ထွက်သွားနိုင်သည်။

"ငါက မင်းအတွက်လုပ်ပေးထားတာ။ သောက်ချင်သောက် မသောက်ချင်လည်းထားလိုက်။ ဒါကိုသောက်ပါလို့တော့ တောင်းပန်ခယနေမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်လည်း ထိုဆေးကို ချင်းဖုန်း၏လက်ထဲသို့ ထည့်ပေးခဲ့လိုက်သည်။

"မုန့်လောင် စိတ်မဆိုးပါနဲ့။ အကုန်လုံးက အဘိုးရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေကြလို့ပါ"

ချင်းဖုန်းကလည်း သူ့ကို အမြန်နှစ်သိမ့်လာသည်။

"ဘာတွေစိတ်ပူနေစရာလိုလို့လဲ။ တစ်ခုခုဖြစ်ရင် ငါတာဝန်ယူမယ်"

ချင်းဖုန်း၏အဖေ ချင်းရှို့ကျန့်ကလည်း ရှေ့ထွက်လာသည်။ ကြံရာမရဖြစ်နေသော ယခုလိုအခြေအနေမျိုးတွင် စမ်းသပ်ကြည့်ရုံသာ တတ်နိုင်သည်။

ချင်းရှို့ကျန်းက ထိုသို့ပြောလာပြီဖြစ်ရာ ကျန်ချင်းမိသားစုဝင်များမှာ မည်သို့ငြင်းဆန်နိုင်တော့မည်နည်း။

"မုန့်လောင် ဒီဆေးက အရမ်းကြီးတယ်။ ငါ့အဘိုး..."

"ငါသိတယ်"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်၏။

"ငါ့တာဝန်ထားလိုက်"

ဤပြဒါးရှင်လုံးက အလွန်အာနိသင်ပြင်းလှပေသည်။ အကယ်၍ ဤဆေးကိုသာ တန်းမျိုချလိုက်ပါက ချက်ချင်းသေသွားနိုင်သည်။ ဤပြဒါးရှင်လုံး၏အာနိသင်ကို အနည်းငယ်လျော့ပါးသွားအောင် လုပ်ရန် လိုအပ်ပေသည်။

အခန်းကား အလွန်မှိန်ဖျော့နေပြီး လူနာခုတင်အပြင် အသက်ကယ်စက်ပစ္စည်းတချို့နှင့် လူနာအခြေအနေကို ပြသနေသည့် စက်များသာရှိသည်။

အဘိုးကြီးက ခုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့မျက်နှာကား ဖြူဖျော့နေသဖြင့် ယခင်တုန်းက စစ်ရေးပြပွဲတွင် ရှိခဲ့ဖူးသော ဩဇာညောင်းသည့်အသွင်အပြင်နှင့် တခြားစီပင်။

"မုန့်လောင်.. ငါတို့မိသားစုအကြီးအကဲရဲ့အသက်ကို မင်းလက်ထဲ အပ်လိုက်ပြီနော်"

"မပူပါနဲ့"

ကျန်းမုန့်လောင်က ချင်းဖုန်း၏ပခုံးကို ပုတ်ပေးလိုက်သည်။ ဤတာဝန်က သူ့အတွက်တော့ မခက်လှပေ။

ကျန်းမုန့်လောင်က အဘိုးကြီး၏အသက်ရှူစက်ကိုဖြုတ်လိုက်လေရာ ကျန်းမာရေးအခြေအနေပြ အချက်အလက်များမှာလည်း ထိုးကျသွားလေတော့သည်။

"ဒါက..."

"မလန့်နဲ့"

ချင်းရှို့ကျန်းက အခြားလူများကို ထိန်းထားသည်။

ကျန်းမုန့်လောင်လည်း အဘိုးကြီး၏ရင်ဘတ်ကို အသာဖိလိုက်လေသည်။ အံ့ဩဖို့ကောင်းလောက်အောင်ပင် အစောတုန်းက ငြိမ်သက်နေခဲ့သော ရင်ဘတ်က ယခုမူ နိမ့်ချည်မြင့်ချည်ဖြစ်လာလေသည်။

ထိုအခါ ကျန်းမုန့်လောင်လည်း အနီရောင်ဆေးလုံးကို အဘိုးကြီး၏ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ သူ့အတွင်းအားကိုသုံးပြီးနောက် အဘိုးကြီးကို ပြဒါးရှင်လုံး၏စွမ်းအားကို ကြေညက်အောင်လုပ်နိုင်စေရန် ကူညီလိုက်သည်။ တစ်ချိန်တည်းမှာပင် အဘိုးကြီး၏ခန္ဓာကိုယ်တွင်းအချက်ပြများ တိုးတက်လာစေရန် ဇီဝလျှပ်စစ်စီးကြောင်းကို လှုံ့ဆော်လိုက်သည်။

ဆေးအာနိသင်က ဆဲလ်ထဲသို့ ထိုးဖောက်သွားပြီး သန္ဓေပြောင်းဒီအန်အေကို စတင်ပြုပြင်ပြောင်းလဲရင်း အဘိုးကြီး၏ သွေးဖြူဥထုတ်လုပ်နိုင်စွမ်းကို ပြန်ထိန်းသိမ်းပေးသည်။ ထို့နောက် ကျန်းမုန့်လောင်လည်း သွေးဖြူဥကြီးထွားမှုနှုန်းကို လှုံ့ဆော်ရန်အတွက် သူ့စွမ်းအင်ကို သုံးလိုက်ပြန်သည်။

"သွေးဖြူဥအရေအတွက် တက်လာပြီ"

"အံ့ဩဖို့ကောင်းလိုက်တာ။ မိနစ်ပိုင်းပဲရှိသေးတာကို"

"ဒါက ရှေးဟောင်းအဂ္ဂိရတ်ပညာလား။ အရင်တုန်းက အဂ္ဂိရတ်ပညာရှင်တွေကို အမတနတ်ဘုရားတွေလို့ ခေါ်ကြတာလည်း မဆန်းပါဘူး။ ဒါက တကယ့်အသက်ကယ်စွမ်းရည်တစ်ခုပဲ"

...

"လောလောဆယ်တော့ လုံလောက်ပြီ။ အစားကောင်းကောင်းစားရင် တစ်လနှစ်လအတွင်း ပြန်သက်သာလာလိမ့်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒါပေမဲ့ ဒါက အဘိုးရဲ့သက်တမ်းကို ထုတ်သုံးလိုက်သလိုဖြစ်သွားတယ်။ အစတုန်းက သူ့မှာ ဆယ်နှစ်သက်တမ်းကျန်သေးပေမဲ့ ဒီဒုက္ခတွေအဆုံးမှာ ငါးနှစ်ခြောက်နှစ်အထိ ဆုတ်ယုတ်သွားတယ်"

"ဒါနဲ့တင် တော်တော်ကောင်းနေပါပြီ"

ချင်းရှို့ကျန်းက ကျန်းမုန့်လောင်ကို လေးလေးနက်နက်ဦးညွှတ်လိုက်သည်။

"မုန့်လောင်.. ကျေးဇူးတင်ပါတယ်"

"မုန့်လောင်.. ကြီးကျယ်မြင့်မြတ်တဲ့ ကြင်နာမှုဆိုတာ ဘာကျေးဇူးတင်စကားမှ မလိုဘူး"

ချင်းဖုန်းကလည်း ကျန်းမုန့်လောင်ကို ဦးညွှတ်လိုက်၏။

"အဲဒီဆိုင်ခန်းထဲမှာ ဝမ်လင်နဲ့ငါ့ကို ကားတစ်စီးစဝယ်ပေးခဲ့တာက ငါ့ရဲ့ကံအကောင်းဆုံးနေ့တစ်နေ့ဖြစ်လိမ့်မယ်"

"ငါ့ကို ကြက်သီးထအောင်လာမလုပ်နဲ့"

ကျန်းမုန့်လောင်က ရွံရှာလေဟန်အမူအရာတစ်ခုကို ပြသလိုက်သည်။

"မသိတဲ့လူက မင်း ငါ့ကို ရည်းစားစကားပြောတော့မယ်လို့ ထင်လိမ့်မယ်။ ငါ့မှာ ချစ်သူရှိပြီးသားပါနော်"

"လစ်စမ်း"

"ဟားဟားဟားဟား"

...

အဘိုးကြီးချင်း၏ကျန်းမာရေးက သက်သာလာပြီဖြစ်၏။ ထို့ကြောင့် ကျန်းမုန့်လောင်၏မစ်ရှင်လည်း ပြီးဆုံးသွားလေပြီ။ သူသည် ယန်ကျင်းသို့ ရောက်နေပြီဖြစ်ရာ လုရီယောင်ကိုပါ လှမ်းခေါ်လိုက်သည်။

ယခုနှစ်၏ နှစ်သစ်ကူးညစာစားပွဲက ကျန်းမုန့်လောင်၏ဘဝတစ်လျှောက် ကြုံဖူးခဲ့သမျှထဲတွင် အံ့ဩဖို့အကောင်းဆုံးပင်။

အစားအသောက်များက တန်ဖိုးကြီးလှသောကြောင့် မဟုတ်ပါဘဲ ဤနှစ်သစ်ကူးညစာစားပွဲသို့ တက်ရောက်ကြသော ဧည့်သည်များက အလွန်ခမ်းနားသောကြောင့်ပင်။

ဝန်ကြီးများ၊ ဗိုလ်ချုပ်များနှင့် တော်ဝင်ပညာရှင်များပင်။ ထိုအထဲတွင် သာမန်လူတစ်ယောက်မှ မပါချေ။

သို့သော် ကျန်းမုန့်လောင်ကလည်း နည်းနည်းမှမနိမ့်ကျပေ။ ကမ္ဘာ့အသက်အငယ်ဆုံးနိုဘယ်ဆုရှင်ဟူသော ဂုဏ်ပုဒ်တစ်ခုတည်းနှင့် လူတိုင်းထံမှ လေးစားခံထိုက်နေပြီဖြစ်၏။

"ဒါနဲ့ မုန့်လောင်.. နှစ်သစ်ကူးပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ မင်းက ဘွဲ့လွန်တက်နေသေးတာမလား"

ညစာစားပွဲတွင် မည်သူကမှ ပြည်တွင်းအရေးကိစ္စများကို မပြောကြေပ။ အကြီးအကဲကျိုးကလည်း သာမန်ကာလျှံကာမေးခွန်းတစ်ခုကို မေးလိုက်၏။

"ကျွန်တော်တို့ရဲ့ကျောင်းက ဘွဲ့ရဖို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်က အရမ်းရိုးရှင်းတယ်လေ။ အခု အက်စ်စီအိုင်စာတမ်းတစ်စောင်ရေးရုံနဲ့တင် လုံလောက်ပြီ။ အခု ကျွန်တော်က သဘာဝနဲ့သိပ္ပံမှာ စာတမ်းတွေအများကြီးရေးထားပြီးပြီဆိုတော့ တက္ကသိုလ်တော်တော်များများက သူတို့ဆီမှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် အလုပ်လာလုပ်ဖို့ ဖိတ်ခေါ်နေကြတာ။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်ဆုံးစာမေးပွဲ ဝင်ဖြေလိုက်ရင် ရသွားပြီလေ။ ဒါကြောင့်လည်း ကျောင်းသွားရမှာပျင်းနေတာ"

ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်၏။

"မင်းလို လူငယ်တစ်ယောက်က သိပ္ပံသုတေသနနယ်ပယ်မှာ အောင်မြင်မှုတွေအများကြီးရထားတာ ချီးကျူးထိုက်ပါပေတယ်"

အကြီးအကဲကျိုးက ကျန်းမုန့်လောင်ကို ဆက်ချီးကျူးလိုက်၏။

"ဒါနဲ့ နှစ်သစ်ကူးပြီးရင် ဧပြီလမှာ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသုတေသနနှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပမှာ။ မင်း သွားကြည့်ချင်လား"

"အဲဒါက ဘာအတွက်လဲ"

"တိတိကျကျပြောရရင်တော့ သိပ္ပံစာတမ်းဖတ်ပွဲတစ်မျိုးပါပဲ"

အကြီးအကဲကျိုးက ရှင်းပြလိုက်၏။

"ကမ္ဘာ့ထိပ်တန်းပညာရှင်တွေအားလုံးနီးပါး လာကြမှာ။ အထူးသဖြင့် နိုဘယ်ဆုရှင်တွေပေါ့။ မင်း အချိန်ရရင် သွားလေ့လာသင်ယူကြည့်တာနဲ့တင် တန်ပါတယ်"

"လေ့လာသင်ယူ"ဟူသော စကားကြောင့် ကျန်းမုန့်လောင်မှာ ရယ်ရအခက် ငိုရအခက်ပင်။ သူ့လက်ရှိဗဟုသုတအဆင့်အရ အခြားလူများကသာ သူ့ထံက သင်ယူလေ့လာရမည်သာ။ သူ့အနေနှင့် သူတို့ထံမှ လေ့လာသင်ယူစရာမရှိပေ။

ဥပမာအားဖြင့် ကျန်းမုန့်လောင်က ရူပဗေဒနယ်ပယ်တွင် အမြင့်ဆုံးအောင်မြင်မှုရရှိထားသည်မှာ သူ့အဆင့်က ဤမျှသာ ရှိသောကြောင့်မဟုတ်ပါဘဲ လက်ရှိအချိန်တွင် ရူပဗေဒနယ်ပယ်၌ အမြင့်ဆုံးသတ်မှတ်ချက်က ဤမျှသာရှိသောကြောင့်ပင်။

အခြားနိုဘယ်ဆုရှင်များကလည်း အလွန်ထက်မြက်ပါသော်ငြား သူနှင့်ယှဉ်လိုက်လျှင် အရည်အချင်းနိမ့်သေးသည်။

"ပညာရှင်တွေအကြား အကြိတ်အနယ်စကားနိုင်လုတာမျိုးလည်းရှိမှာ။ သာမန်ပွဲတွေမှာ အဲဒီလိုမြင်ကွင်းမျိုး မြင်ရမှာမဟုတ်ဘူး"

"ဪ ဒါဆို ဇဝနဉာဏ်ရှိရှိ ယှဉ်ပြိုင်ကြမဲ့ ပညာရှင်တွေကိုလည်း တွေ့ရမှာပေါ့"

ကျန်းမုန့်လောင်က တဟားဟားရယ်လိုက်လေသည်။

"ဟုတ်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ငါတို့ပါမောက္ခချန်းမြောင်က ပညာရှင်တော်တော်များများနဲ့ လျှို့ဝှက်ဆန်းကြယ်အာကာသအကြောင်း အပြတ်အသတ်စကားနိုင်လုခဲ့လို့ သူတို့တွေ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြရော။ လူတိုင်းအတွက် စိတ်ကျေနပ်ချင်စရာကြီးပေါ့ကွာ"

"ဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်မှာ အမှန်တကယ်စိတ်ဝင်စားသွားရသည်။ ပါမောက္ခချန်းမြောင်က လက်ရှိအချိန်တွင် ဟွာရှားနိုင်ငံ၌ အာကာသသိပ္ပံနှင့် ရူပဗေဒတွင် အတော်ဆုံးပညာရှင်ဖြစ်၏။

"ဒီတစ်ခေါက် ပါမောက္ခချန်းမြောင်က အသင်းကို ဦးဆောင်မှာ။ မင်းလည်း သူနဲ့ အကြံဉာဏ်ချင်း ဖလှယ်ခွင့်ရလောက်တယ်။ ဒီနှစ်အတွက် သူ ပြင်ဆင်ထားတဲ့ အစီရင်ခံစာကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြတာ"

အကြီးအကဲကျိုးက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်လေသည်။

"တော်ဝင်ပညာရှင်ချန်းက ဘယ်မှာလဲ"

တော်ဝင်ပညာရှင်ချန်းမြောင်ကလည်း ဤနှစ်သစ်ကူးညစာစားပွဲတွင် ဖိတ်ကြားခံထားရကြောင်း အကြီးအကဲကျိုးသိသည်။ သို့သော် ယခုမူ ညစာစားပွဲ စတင်ပြီးပါသည့်တိုင် သူ့နေရာကတော့ လွတ်နေပေသည်။

"ငါ သူ့ကို ဖုန်းဆက်ကြည့်လိုက်ဦးမယ်"

အကြီးအကဲကျိုးက သူ့ဖုန်းကိုထုတ်၍ ပါမောက္ခချန်းကို ဖုန်းဆက်လိုက်သည်။

အတော်ကြာသည်အထိ ဖုန်းသံမြည်ပြီးမှ ကလေးမလေးတစ်ယောက်၏အသံက ထွက်ပေါ်လာသည်။

"မင်းက ချန်းမြောင်ရဲ့မြေး ချန်းရှီကျားမလား။ မင်းအဘိုး အိမ်မှာမရှိဘူးလား"

"ဘာရယ်. သူ ဒီနေ့ ရုတ်တရက်ဖျားသွားလို့လား"

အကြီးအကဲကျိုး၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။

တော်ဝင်ပညာရှင်ချန်းမြောင်သာ တစ်ခုခုဖြစ်သွားပါက တော်ဝင်ပညာရှင်ညီလာခံတွင်လည်း ခေါင်းဆောင်မရှိဘဲ ဖြစ်လိမ့်မည်။ ဤသည်မှာ သတင်းကောင်းမဟုတ်ပါချေ။

"မင်းတို့ စားနှင့်ကြဦး။ ငါ လောင်ချန်းကို သွားတွေ့လိုက်ဦးမယ်"

အကြီးအကဲကျိုးက အကျိုးအကြောင်းပြော၍ ထွက်လာခဲ့လိုက်သည်။

"အကြီးအကဲကျိုး"

ကျန်းမုန့်လောင်က လုရီယောင်ကို ညစာစားပွဲတွင် နေခဲ့ခိုင်းလိုက်သည်။

"ကျွန်တော်လိုက်ခဲ့မယ်။ ရုတ်တရက်ကြီး ဘာရောဂါဖောက်တာလဲဆိုတာ ကြည့်ချင်သေးတယ်။ ခင်ဗျားလည်းသိတာပဲ။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်မကုနိုင်တဲ့ရောဂါဆိုတာ မရှိဘူးလေ"

*****************

All Chapters