← Chapters

ငါဘယ်သူလဲဆိုတာ သူ့ကိုမေးလိုက်

Vol. 48 Ch. 707

ငါဘယ်သူလဲဆိုတာ သူ့ကိုမေးလိုက်

Vol. 48 Ch. 707

နှစ်သစ်ကူးညစာစားပွဲက ခန်းမကျယ်ကြီးတစ်ခုတွင် ကျင်းပခြင်းဖြစ်လေရာ တော်ဝင်ပညာရှင်ချန်းနေထိုင်သည့် နေရာနှင့် သိပ်မဝေးလှချေ။

ဆယ်မိနစ်အတွင်းမှာပင် မစ္စတာကျိုးနှင့် ကျန်းမုန့်လောင်လည်း တော်ဝင်ပညာရှင်ချန်းမြောင်၏နေအိမ်သို့ ရောက်လာခဲ့သည်။

"ဘာလို့လူတွေအများကြီးရှိနေတာလဲ"

လူကြီးများက ပုံမှန်ဆိုလျှင် တိတ်ဆိတ်မှုကိုသာ သဘောကျတတ်ပါသော်ငြား ယနေ့တွင်မူ စည်းကားသိုက်မြိုက်နေချေသည်။ သူတို့၏အဝတ်အစားပေါ်တွင် လုံရှားအထူးစစ်ဆင်ရေးအဖွဲ့၏ အမှတ်တံဆိပ်ကို မြင်လိုက်ရသည်။ ဤနေရာတွင် စိတ်စွမ်းအားရှင်အမြောက်အများလည်း စုဝေးရောက်ရှိနေကြောင်း သူ သတိထားမိသည်။

"နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တွေတောင် ပါတာလား"

ကျန်းမုန့်လောင်က အခန်းတစ်ခန်းလုံးကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များလည်း ရှိကြောင်း အာရုံခံမိလိုက်သည်။

"လုံရှားတပ်ဖွဲ့ခေါင်းဆောင် မုန့်ထျန်းဟယ်များလား"

လုံရှားတွင် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တချို့ရှိကြောင်း ကျန်းမုန့်လောင် သိထားသော်လည်း ယခုခံစားရသော စွမ်းအားမှာ ပိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနေပြီဖြစ်၏။ ၎င်းမှာ ရှေးဟောင်းသိုင်းပညာရှင်များ၏ ထျန်းယွမ်အဆင့်နှင့် တန်းတူပင်။ မုန့်ထျန်းဟယ်မှလွဲ၍ ဤကဲ့သို့သော စွမ်းအားမျိုးကို မည်သူမှ ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။

နိုင်ငံ၏ ပင်မထောက်တိုင်ကြီးဖြစ်သော ပညာရှင်တစ်ယောက် နာမကျန်းဖြစ်နေချိန်တွင် ဆရာဝန်အဖွဲ့များ သို့မဟုတ် လုံရှား၏ အဂ္ဂိရတ်ပညာရှင်အများအပြား ဤနေရာသို့ ရောက်နေခြင်းမှာ ကျန်းမုန့်လောင်အတွက် မဆန်းသော်လည်း တိုက်ခိုက်ရေးတွင်သာ ကျွမ်းကျင်သော ဤစိတ်စွမ်းအားရှင်များက ကုသရေးတွင် ကျွမ်းကျင်ကြသူများမဟုတ်လေရာ ဘာကြောင့်ရောက်လာသလဲဆိုသည်ကို စဉ်းစားမရဖြစ်နေသည်။

"မစ္စတာကျိုး ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ပညာရှင်ချန်းမြောင်၏မြေးမလေး ချန်းရှီကျားက မစ္စတာကျိုးကိုမြင်သည်နှင့် ချက်ချင်းလာနှုတ်ဆက်သည်။ ချန်းရှီကျားမှာ ကျန်းမုန့်လောင်နှင့် အသက်ရွယ်တူလောက်ရှိပြီး အသားဖြူဝင်းကာ လှပပါသော်ငြား ယခုမူ အနည်းငယ်နွမ်းနယ်နေပုံပေါက်သည်။

"မင်းအဘိုးက နှစ်သစ်ကူးညစာစားပွဲကိုတောင် မလာနိုင်ဘူးဆိုတော့ ငါက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲနေနိုင်မှာလဲ"

မစ္စတာကျိုးက ဆိုလေသည်။ သူနှင့် တော်ဝင်ပညာရှင်ချန်းမြောင်က သာမန်အသိအကျွမ်းမျှသာ မဟုတ်ပေ။ ကျောင်းသားဘဝကတည်းက သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ယောက်က နိုင်ငံတော်အတွက် အကျိုးပြုရန် နိုင်ငံရေးလမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကျန်တစ်ယောက်မှာမူ သိပ္ပံသုတေသနဘက်တွင် အာရုံတစိုက်လုပ်ဆောင်ခဲ့သည်။

နောက်ပိုင်းတွင် မစ္စတာကျိုးနှင့် ထိုခေတ်အခါတုန်းက လူကြီးများမှာ ဤနိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံတစ်ခုဖြစ်အောင် ဦးဆောင်တည်ဆောက်ခဲ့ကြသလို ပညာရှင်ချန်းမြောင်ကလည်း ဟွာရှား၏ အာကာသသိပ္ပံနှင့် နည်းပညာနယ်ပယ်ကို အုတ်မြစ်ချခဲ့သူ ဖြစ်လာသောကြောင့် သူတို့နှစ်ယောက်ကြားရှိ သံယောဇဉ်ကလည်း အမြဲခိုင်မာနေခဲ့သည်။

ချန်းရှီကျားက ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်လိုက်သည်။ မစ္စတာကျိုးမှာ သားသမီးမရှိသဖြင့် ဤလူမှာ မစ္စတာကျိုး၏ ဆွေမျိုးတစ်ယောက်ယောက်ဖြစ်မည်ဟု တွေးလိုက်မိသည်။ သူ(မ)က ကျန်းမုန့်လောင်ကို ပြုံးပြ၍ ခေါင်းညိတ်ပြလိုက်သောအခါ ကျန်းမုန့်လောင်ကလည်း ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။

"သြော်... မိတ်ဆက်ပေးရဦးမယ်။ ဒါက မုန့်လောင်... ကျန်းမုန့်လောင်တဲ့"

"ဒါကတော့ တော်ဝင်ပညာရှင်ချန်းရဲ့မြေးမလေး ချန်းရှီကျားပဲ"

"မင်္ဂလာပါ"

ကျန်းမုန့်လောင်က သူ(မ)ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ"

ချန်းရှီကျားက ကျန်းမုန့်လောင်ကို အကဲခတ်သလိုကြည့်လိုက်၏။

"ရှင့်အကြောင်းတွေကို ကြားဖူးနေတာကြာပါပြီ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

"မင်းအဘိုး ဘယ်လိုနေလဲ။ ဘယ်လိုထူးဆန်းတဲ့ ရောဂါမို့လို့လဲ။ ပြီးခဲ့တဲ့အပတ်က ငါနဲ့ စစ်တုရင်ကစားတုန်းကတောင် အကောင်းကြီးရှိသေးတာကို"

မစ္စတာကျိုးက သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။

"အဘိုးက အခုထိ သတိမေ့နေတုန်းပဲ။ ဒါပေမဲ့ ဆရာဝန်တွေက ဘာရောဂါမှရှာမတွေ့ကြဘူး"

ချန်းရှီကျားက ဆိုလေသည်။

"အဘိုးရဲ့ခန္ဓာကိုယ်က အရမ်းကျန်းမာတယ်။ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေရော လူကြီးတွေဖြစ်တတ်တဲ့ တခြားရောဂါတွေလည်း မရှိဘူးလို့ ပြောကြတာပဲ"

"သဘောကတော့ ဆရာဝန်တွေလည်း ရောဂါဇစ်မြစ်ကို ရှာမတွေ့ဘူးပေါ့ ဟုတ်လား"

"ဟုတ်ပါတယ်"

ချန်းရှီကျားက ခေါင်းညိတ်ပြသည်။

"စစ်ဆေးရုံက ကျွမ်းကျင်ပညာရှင်အဖွဲ့တွေအများကြီး လာစစ်ဆေးပေးကြပေမဲ့ သတိမေ့နေတာကလွဲရင် ခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းလာတာပဲရှိတယ်။ တခြားဘာလက္ခဏာမှ မတွေ့ရဘူးတဲ့"

"ထူးဆန်းလိုက်တာ။ ဒါက အောက်လမ်းပယောဂနဲ့ နှောင့်ယှက်ထားသလိုပဲ"

ကျန်းမုန့်လောင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သို့သော် သူ့စကားက ရိုင်းသလိုဖြစ်သွားသဖြင့် တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ်။ ကျွန်တော့်စိတ်ထဲ တွေးမိတာကို လွှတ်ခနဲပြောလိုက်မိတာပါ"

"မဟုတ်ဘူး။ ရှင်တွေးနေသလို ကျွန်မလည်း တွေးနေတာ"

ချန်းရှီကျားက ပြောသည်။

"အဘိုးရဲ့အခန်းက ရေခဲတိုက်ထဲကို ရောက်နေသလို အေးစိမ့်နေတာ။ အထဲဝင်တဲ့လူတိုင်း အရိုးထဲအထိစိမ့်သွားအောင် အေးစက်သွားတာ။ ဆရာဝန်တွေတောင် အထဲမှာ ကြာကြာမနေနိုင်ကြဘူး"

"အဲဒါကြောင့် လုံရှားတပ်ဖွဲ့က လူတွေကို ခေါ်ထားတာလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဟုတ်တယ်။ လုံရှားအထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေက ထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ကြတယ်လို့ ကြားဖူးလို့လေ။ အဲဒါကြောင့် ကျွန်မမိဘတွေက တခြားနည်းလမ်းမရှိတော့တာနဲ့ သူတို့ဆီက အကူအညီတောင်းလိုက်ရတာ"

တကယ်တော့ ချန်းရှီကျားခမျာ လုံရှားအဖွဲ့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုသည်ကို သေချာမသိပေ။ လူကြီးများ၏စကားကို ကြားဖူးရုံသာရှိပြီး အသေးစိတ်မေးကြည့်သောအခါတွင်မူ ဘယ်သူမှပြောမပြကြချေ။

"ဒါဆို သူတို့ကရော ပြဿနာကို ရှာတွေ့ပြီလား"

မစ္စတာကျိုးက မေးလိုက်သည်။

ချန်းရှီကျား ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း။ သူတို့လည်း ဘာမှမတတ်နိုင်ကြဘူး။ တချို့လူတွေက သူတို့ရဲ့စွမ်းအားကိုသုံးပြီး အဘိုးရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးထားရုံပဲ တတ်နိုင်တယ်။ အခုတော့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး"

"ဟုတ်သားပဲ"

ချန်းရှီကျား တစ်စုံတစ်ခုကို သတိရသွားသည်။

"ခုနတုန်းက လုံရှားတပ်ဖွဲ့ခေါင်းဆောင်မုန့်ထျန်းဟယ်ပြောတာတော့ အဘိုးရဲ့ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်တွေကို တစ်နေရာရာမှာ ကြုံဖူးသလိုလိုပဲတဲ့။ ကိုင်ဘွန်နိုင်ငံနဲ့ ပတ်သက်နေတယ်ထင်တယ်တဲ့"

"သူတို့တွေ ပါလာပြန်ပြီလား"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွန်တော် ဝင်ကြည့်လို့ရမလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်ကလည်း ဆရာဝန်တစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ချင်ဖုန်းရဲ့အဘိုးကို ကျွန်တော်ပဲ ကုပေးခဲ့တာ"

"ရှင်က အဲဒီနတ်ဆေးဆရာလား"

ချင်ဖုန်း၏အဘိုးအကြောင်း ချန်းရှီကျားလည်း ကြားဖူးသည်။ နတ်ဆေးဆရာတစ်ယောက်က အဘိုးချင်၏သွေးကင်ဆာကို မိနစ်ပိုင်းအတွင်း ကုသပေးခဲ့သည်ဟု သတင်းထွက်နေပေသည်။ ထိုလူမှာ ကျန်းမုန့်လောင် ဖြစ်နေလိမ့်မည်ဟု သူ(မ) ထင်မထားခဲ့ပေ။

"ရှင်က ပိုက်ဆံပဲသုံးတတ်တာလို့ ကျွန်မ ထင်နေတာ"

ချန်းရှီကျားက သူ့ကို စနောက်လိုက်၏။

"ဟားဟား.. ကျွန်တော်က ပါရမီပါတာတွေများတယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ကျွန်တော်က ရုပ်ရည်တစ်ခုတည်းကို မှီခိုနေရတယ်လို့ အထင်မခံချင်လို့ပါ"

"အိပ်မက်မက်နေလိုက်"

စနောက်ကျီစယ်ရင်း လူငယ်နှစ်ယောက်ကြားတွင် ပိုရင်းနှီးသွားသည်။

"အရင်ဆုံး ကျွန်မအဘိုးကို သွားကြည့်ပေးပါဦး"

ချန်းရှီကျားက သူတို့ကို ခြံဝင်းထဲသို့ ခေါ်သွားပေးသည်။ အခန်းနားသို့ရောက်သည်နှင့် ကျန်းမုန့်လောင်လည်း အေးစက်စက်နိုင်သော ထိုအငွေ့အသက်ကို ခံစားလိုက်ရသည်။

"ဦးလေးကျိုး.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

တော်ဝင်ပညာရှင်ချန်း၏ သားဖြစ်သူက မစ္စတာကျိုးကို မြင်သောအခါ ရှက်သွားချေသည်။

"မင်းက ငါ့ကို ဦးလေးကျိုးလို့ရော သတ်မှတ်သေးရဲ့လား။ ငါသာ ဖုန်းဆက်ပြီးမမေးရင် လောင်ချန်း ဘာဖြစ်နေတယ်ဆိုတာတောင် သိရမှာမဟုတ်ဘူး"

မစ္စတာကျိုးက ဆူပူမာန်မဲလိုက်သည်။

"ဦးလေးကျိုးကို စိတ်မပူစေချင်လို့ပါ"

"သူထွက်လာပြီ"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က တော်ဝင်ပညာရှင်ချန်း၏အခန်းထဲမှ ထွက်လာသည်။ သူ့မျက်လုံးများမှာ ထက်ရှပြီး ကိုယ်နေဟန်ထားကလည်း ခန့်ညားတည်ကြည်သော ဘုရင်တစ်ပါးကဲ့သို့ အရှိန်အဝါမျိုးရှိပါသော်ငြား မျက်နှာထက်တွင်မူ ကူကယ်ရာမဲ့လေဟန် အရိပ်အယောင်များ ရှိနေပေသည်။

"ခေါင်းဆောင်မုန့် နည်းလမ်းတစ်ခုခု ရှာတွေ့လား"

မစ္စတာကျိုးနှင့် အခြားလူများက ချက်ချင်း ဝိုင်းမေးကြသည်။

မုန့်ထျန်းဟယ်ကလည်း ခေါင်းခါယမ်းပြသည်။

"အဘိုးကြီးရဲ့အခြေအနေက အရမ်းထူးဆန်းတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ အရမ်းအေးစက်တဲ့ စွမ်းအင်တစ်ခု ရှိနေပေမဲ့ အဲဒါက စွမ်းအားရှင်တွေရဲ့ စွမ်းအင်မျိုးလည်း မဟုတ်ပြန်ဘူး။ ကျုပ်စွမ်းအားက အဲဒီအငွေ့အသက်အပေါ် ဘာသက်ရောက်မှုမှမရှိဘူး။ အဲဒီစွမ်းအားက အရမ်းပြင်းထန်တယ်။ တကယ်ဆိုရင် အဘိုးကြီးက အခုအချိန်မှာ သေသွားရတော့မှာ။ ဒါပေမဲ့ တစ်ခုခုက အဲဒီစွမ်းအားကိုခုခံနိုင်အောင် ကူညီပေးနေသလိုပဲ။ အဲဒါကြောင့် အခုထိတောင့်ခံထားနိုင်တာ"

ရုတ်တရက်ဆိုသလိုပင် မုန့်ထျန်းဟယ်၏ မျက်ခွံများမှာ အပြင်းအထန်တွန့်သွားပြီး မလှမ်းမကမ်းတွင်ရှိသော ကျန်းမုန့်လောင်ကို စိုက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းနှင့် ပါးပြင်နှစ်ဖက်မှာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း တွေဝေနေသကဲ့သို့ တုန်ယင်နေရှာသည်။

"ခင်ဗျားတို့လည်း ဘာမှမတတ်နိုင်ဘူးဆိုတာ သိသာနေတာပဲ"

ကျန်းမုန့်လောင်က အနားသို့ လျှောက်သွားလိုက်၏။

"အဘိုးကြီးရဲ့ခန္ဓာကိုယ်ပေါ်က စွမ်းအားက တော်တော်ထူးခြားတယ်။ ခင်ဗျားတို့ဖြေရှင်းနိုင်တဲ့အရာမျိုး မဟုတ်ဘူး"

"မင်းကဘယ်သူမို့လို့ ငါတို့ခေါင်းဆောင်ကို ဒီလိုလာပြောနေတာလဲ"

မုန့်ထျန်းဟယ်၏ဘေးနားရှိ စွမ်းအားရှင်တစ်ယောက်က ထောင်းခနဲဒေါသထွက်သွားသည်။

"ထိုလူ"များပင် မုန့်ထျန်းဟယ်ကို ခေါင်းဆောင်ဟု ရိုရိုသေသေဆက်ဆံကြရသည်။ ဤလူငယ်က ဘာကြောင့် ဤမျှအထိ ရဲတင်းနေရသလဲ။

"ငါဘယ်သူလဲဆိုတာ သိချင်လား"

ကျန်းမုန့်လောင်က ထိုစိတ်စွမ်းအားရှင်ကို ကြည့်လိုက်သည်။ ထိုလူမှာ အသက်သုံးဆယ်ပင် မပြည့်သေးသည့် အဆင့်ရှစ်စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်သဖြင့် စင်စစ်ချီးကျူးထိုက်ပေသည်။

"ငါ ဘယ်သူလဲဆိုတာ မင်းတို့ခေါင်းဆောင်ကို မေးကြည့်လိုက်လေ"

"ခေါင်းဆောင် သူက..."

"မလှုပ်နဲ့"

မုန့်ထျန်းဟယ်က ထိုလူငယ်စိတ်စွမ်းအားရှင်ကို ချက်ချင်းတားလိုက်သည်။

"သူသာ တကယ်လုပ်ချင်ရင် ငါတို့လုံရှားအထူးစစ်ဆင်ရေးအဖွဲ့တစ်ခုလုံးပေါင်းရင်တောင် သူ့ကိုမနိုင်ဘူး"

ထိုလူငယ်စိတ်စွမ်းအားရှင်ခမျာ ချက်ချင်းပင် ကြောင်အသွားလေသည်။

******************

All Chapters