← Chapters

ငွေရှိရင် မိစ္ဆာကိုတောင် ဖြေရှင်းနိုင်တယ်

Vol. 48 Ch. 708

ငွေရှိရင် မိစ္ဆာကိုတောင် ဖြေရှင်းနိုင်တယ်

Vol. 48 Ch. 708

ဒုတိယကမ္ဘာ၏ အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သော မုန့်ထျန်းဟယ်က ဟွာရှား၏သိုင်းနတ်ဘုရား ထျန်းယွမ်အဆင့်သို့ မတက်လှမ်းနိုင်ခင်အထိ ဒုတိယကမ္ဘာတစ်ခုလုံး၏ ဒဏ္ဍာရီအကျော်အမော်တစ်ယောက် ဖြစ်ခဲ့သည်။ တစ်ကမ္ဘာလုံးတွင် သူ့ကိုယှဉ်နိုင်သူဟူ၍ သုံးယောက်ထက်မပိုပေ။

ယခုအချိန်တွင်လည်း သိုင်းနတ်ဘုရားကို ဖယ်လိုက်လျှင် သူသည် မည်သူ့ကိုမှ ရှုံးနိမ့်မည်မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူသည် လူငယ်တစ်ယောက်ရှေ့၌ လုံရှားအဖွဲ့တွင် ထိုလူငယ်ကို ယှဉ်နိုင်သူမရှိကြောင်း ဝန်ခံလိုက်သတဲ့လား။ သူက မကောင်းဆိုးဝါးတစ်ကောင်များလား။

“ခေါင်းဆောင်မုန့်... ဒီလိုကြီးလည်း မပြောပါနဲ့။ ခင်ဗျားလူတွေ စိတ်ဓာတ်ကျကုန်ပါဦးမယ်။ ကျွန်တော့်မှာ ရှိတဲ့အရာအားလုံးက မိဘတွေရဲ့ကျေးဇူးကြောင့်ပါ။ ကြွားစရာ ဘာမှမရှိပါဘူး”

ကျန်းမုန့်လောင်က ပြောလိုက်သည်။

မုန့်ထျန်းဟယ်ကလည်း ခါးသီးစွာ ပြုံးလိုက်လေသည်။ ဖြစ်နိုင်လျှင် သူလည်း ထိုကဲ့သို့သောမိဘမျိုးကို လိုချင်မိသည်။

"ခေါင်းဆောင်မုန့်... ကျွန်တော် ဝေဖန်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ တိုးတက်မှုက သိပ်မမြန်ဘူးနော်”

ကျန်းမုန့်လောင်က ဆက်ပြောလိုက်ပြန်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် စွမ်းအားရှင်မဟာမိတ်အဖွဲ့ကို ရောက်တုန်းက သူတို့ရဲ့ နည်းပြချုပ်တွေနဲ့ ဒုနည်းပြချုပ်တွေအားလုံး အဆင့်တက်ဖို့ ပြင်ဆင်နေကြပြီလို့ ကြားခဲ့တယ်။ ခင်ဗျားသာ အခုထိမလှုပ်ရှားသေးဘူးဆိုရင် နောက်ပိုင်း လုံရှားတပ်ဖွဲ့အတွက် ခက်ခဲသွားလိမ့်မယ်”

“ဪ... ဟုတ်သားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ထျန်းယွမ်အဆင့်နှစ်သိုင်းပညာရှင်တစ်ယောက်နဲ့ယှဉ်နိုင်တဲ့ စိတ်စွမ်းအားရှင်တစ်ယောက်ကိုလည်း တွေ့ခဲ့သေးတယ်။ အဲဒါက သူတို့မှာ အဲဒီလောက်အထိ အစွမ်းထက်တဲ့ စိတ်စွမ်းအားရှင်တွေကို မွေးထုတ်ပေးနိုင်တဲ့ စွမ်းရည်ရှိနေပြီဆိုတဲ့သဘောပဲ။ ခင်ဗျား သတိထားသင့်တယ်"

ကျန်းမုန့်လောင်က လူကြီးတစ်ယောက်အလား အကြံပေးလိုက်သည်။

“စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကြီး ပျက်စီးသွားတာက မစ္စတာကျန်းရဲ့ လက်ချက်များလား”

"ဘာ? သူ့လက်ချက်လား”

"ဘုရားရေ... သူ ဘယ်လိုများလုပ်နိုင်ခဲ့တာလဲ”

“မဟာမိတ်အဖွဲ့ရဲ့အခြေစိုက်စခန်းမှာ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တွေ ရာနဲ့ချီပြီးရှိတာမဟုတ်လား။ တကယ်ပဲ သူလုပ်ခဲ့တာလား"

ဤစကားကို ကြားလိုက်ရချိန်တွင် လုံရှားအဖွဲ့ဝင်များ၏ ကျန်းမုန့်လောင်အပေါ် ထားရှိသော သဘောထားကား ချက်ချင်းပြောင်းလဲသွားသည်။ လုံရှားသည် ခွန်အား၊ စွမ်းအားနှင့် နိုင်ငံတော်ကိုကိုးကွယ်သော အဖွဲ့အစည်းပင်မဟုတ်လော။

"အဲဒီလိုလည်းမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်၏။

"ဒါပေမဲ့ ကျွန်တော်နဲ့ ပတ်သက်နေတာတော့ အမှန်ပဲ။ သူတို့ဘာသာသတိမထားလို့ ဖြစ်သွားတာ"

"မစ္စတာကျန်းရဲ့လုပ်ရပ်က စွမ်းအားရှင်မဟာမိတ်အဖွဲ့တစ်ခုလုံးကို အထိနာစေခဲ့တယ်။ အဲဒီနည်းပြချုပ်တွေ ပြန်မလာမချင်း သူတို့တွေ ပြဿနာထပ်ရှာနိုင်မှာမဟုတ်တော့ဘူး”

မုန့်ထျန်းဟယ်က ကျန်းမုန့်လောင်ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အပြင်ပန်းတွင် ငြိမ်းချမ်းနေသယောင်ရှိသော်လည်း ထိုအဖွဲ့အစည်းနှစ်ခုကြားတွင် ကတောက်ကဆများ အမြဲရှိနေခဲ့သည်။

သို့သော် ယခုတလော စွမ်းအားရှင်မဟာမိတ်အဖွဲ့မှာ မြေးလေးတစ်ယောက်အလား ကြောက်ဒူးတုန်ပြီး ငြိမ်ကုပ်နေခဲ့သည်။ သတင်းများအရ သူတို့၏ နတ်ဘုရားအဆင့် စွမ်းအားရှင် သုံးပုံနှစ်ပုံခန့်ဆုံးရှုံးခဲ့ရပြီး အဆင့်ရှစ်နှင့် အဆင့်ကိုးအဖွဲ့ဝင်အချို့လည်း မမျှော်လင့်ဘဲ သေဆုံးခဲ့ရသည်ဟု ဆိုထားသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ ကျေးဇူးကြောင့်ပင်။

"ကြုံတုန်းလေး လုပ်လိုက်တာပါ"

ကျန်းမုန့်လောင်က အေးအေးဆေးဆေးပင် ပြောလိုက်၏။

"အခုလောလောဆယ် တော်ဝင်ပညာရှင်ချန်းရဲ့ကိစ္စကိုပဲ ပြောရအောင်”

“မစ္စတာကျန်း ခုနကပြောတဲ့ ကျွန်တော်တို့လည်း မကိုင်တွယ်နိုင်ဘူးဆိုတာက ဘာသဘောလဲ"

"ပထမဆုံးအချက်အနေနဲ့ တော်ဝင်ပညာရှင်ချန်း ခံစားနေရတဲ့ရောဂါက သာမန်ရောဂါ မဟုတ်ဘူးဆိုတာ ဒီမှာရှိတဲ့လူတွေ သိပြီးသား ဖြစ်မှာပါ"

ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။

အားလုံးကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။

“ချန်းရှီကျား... မင်းအဘိုးဆီမှာ ဆရာတော်တစ်ပါးပါးက ပေးထားတဲ့ လက်ဖွဲ့ ဒါမှမဟုတ် အဆောင်တစ်ခုခုများ ရှိလား"

"ရှင် ဘယ်လိုလုပ်သိတာလဲ"

ချန်းရှီကျားလည်း အံ့ဩတကြီး မေးလိုက်သည်။

"ကျွန်မအဘိုးက ဗုဒ္ဓဘာသာဝင်လေ။ သူ ငယ်ငယ်တုန်းက အရှေ့ပင်လယ်မှာရှိတဲ့ ပုထောင်တော်ပေါ်က ဆရာတော်တစ်ပါးဆီမှာ တပည့်ခံခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ်နည်းနည်းလောက်တုန်းက အဲဒီဆရာတော်ကြီး ပျံလွန်တော်မူတော့ လူတစ်ယောက်က အဘိုးကို အဆောင်တစ်ခု လာပေးတယ်။ အဲဒါက ဆရာတော်ကြီးရဲ့အမွေအနှစ်ဖြစ်တဲ့ အဆောင်တဲ့လေ။ ဆရာတော်ကြီးရဲ့ သေတမ်းစာထဲမှာ အဲဒီအဆောင်ကို အဘိုးကိုပေးခဲ့တာ"

"ဒါဆို မှားစရာမရှိတော့ဘူး"

ကျန်းမုန့်လောင်က ဆိုချေသည်။

"အဘိုးက မသန့်ရှင်းတဲ့ အရာတစ်ခုဆီက ပစ်မှတ်ထားခံလိုက်ရတာ"

ဤစကားကြောင့် လူအုပ်ကြီးမှာ ကျောချမ်းသွားရသည်။

ဤနေရာရှိ လူအများစုမှာ ပါတီဝင်များဖြစ်ကြပြီး ဘာသာမဲ့များဖြစ်ကြသည်။ သရဲတစ္ဆေနှင့် မိစ္ဆာအကြောင်း ပြောဆိုခြင်းမှာ သူတို့၏ယုံကြည်မှုကို စိန်ခေါ်နေသလို ဖြစ်နေသည်မဟုတ်လော။

"ကျွန်တော့်ကို မယုံသင်္ကာနဲ့ ကြည့်မနေကြနဲ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီလိုအရာတွေက တကယ်ရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သတင်းစာရှင်းလင်းပွဲမှာလည်း ကျွန်တော် ပြောခဲ့ဖူးတယ်။ ဝိညာဉ်ဆိုတာ အကောင်အထည်ရှိတဲ့ စွမ်းအင်ပုံစံတစ်ခုပဲ။ ဒါပေမဲ့ သူတို့ရဲ့ကြိမ်နှုန်းက လူသားတွေရဲ့ အာရုံခံနိုင်စွမ်းထက် ကျော်လွန်ပြီး ကိရိယာတွေနဲ့တောင် ထောက်လှမ်းဖို့ ခက်ခဲတယ်"

"ကမ္ဘာပေါ်မှာ အဲဒီလိုအရာတွေ တကယ်ရှိနေတာလား"

ထိုလူများမှာ သံသယဖြစ်နေဆဲပင်။

"ကျွန်တော် စာအများကြီးဖတ်ဖူးတယ်။ ခင်ဗျားတို့ကို မညာပါဘူး"

ကျန်းမုန့်လောင်က ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ခုရှိတာက ဒီလိုစွမ်းအင်တွေမှာ များသောအားဖြင့် အသိစိတ်လည်းမရှိကြဘူး။ လူတွေကိုလည်း တိုက်ခိုက်လေ့မရှိဘူး။ ပြီးတော့ သာမန်စွမ်းအင်တွေက လူတွေကို ထိခိုက်စေနိုင်လောက်တဲ့အထိ စွမ်းအားမရှိကြဘူး"

"ရှင်ပြောချင်တာက ဒီကိစ္စကို တစ်ယောက်ယောက်က တမင်လုပ်တာပေါ့ ဟုတ်လား"

ချန်းရှီကျားက ပြဿနာ၏အဓိကအချက်ကို ချက်ချင်းရိပ်မိလိုက်သည်။

"သိပ်ဟုတ်တာပေါ့"

ကျန်းမုန့်လောင်က ဆိုလေသည်။

"အဘိုးက ဘယ်သူ့ကိုများ စော်ကားမိထားသေးလဲ။ အထူးသဖြင့် အောက်လမ်းဆရာလိုလို အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့"

“ကျွန်မအဘိုးက အမြဲနှိမ့်ချပြီး ကြင်နာတတ်တဲ့လူပါ။ တပည့်တွေကိုလည်း ကောင်းကောင်းဆက်ဆံတယ်"

ချန်းရှီကျားက ပြောလိုက်၏။

"ပြီးတော့ သူ့ရဲ့သုတေသနအလုပ်ကလွဲရင် တခြားဘာကိုမှလည်း စိတ်မဝင်စားသလို ဘယ်သူ့ကိုမှလည်း ရန်စမယ့်လူ မဟုတ်ပါဘူး"

"ဒါဆိုရင်တော့ သူ့ရဲ့တည်ရှိမှုက တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်နေလို့ဖြစ်မယ်"

"ဖြစ်နိုင်တယ်"

တော်ဝင်ပညာရှင်ချန်း၏ သားဖြစ်သူက ရှေ့ထွက်လာပြီး ပြောသည်။

"နှစ်သစ်ကူးပြီးရင် ကျွန်တော့်အဖေက ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု တက်ဖို့ရှိတယ်။ အဲဒီဆွေးနွေးပွဲမှာ အဖေက ကိုင်ဘွန်နိုင်ငံအနေနဲ့ ရေဆိုးရေညစ်တွေကို ပင်လယ်ထဲ စွန့်ပစ်တဲ့လုပ်ရပ်ကို တားဆီးဖို့အတွက် အဆိုပြုချက်တစ်ခု ပြင်ဆင်ထားတယ်"

"ကိုင်ဘွန်နိုင်ငံဘက်ကတော့ ရေဆိုးတွေကိုသန့်စင်တဲ့နည်းလမ်း ရှာတွေ့ထားပြီမို့ ပင်လယ်နေသတ္တဝါတွေကို မထိခိုက်စေပါဘူးလို့ သက်သေပြထားပေမဲ့ ကျွန်တော့်အဖေရဲ့ သုတေသနအရ အဲဒီရေဒီယိုသတ္တိကြွပစ္စည်းတွေက မျိုးစိတ်တချို့ရဲ့မျိုးရိုးဗီဇကို ထိခိုက်စေနိုင်တယ်လို့ ရှာဖွေတွေ့ရှိထားတယ်"

"ဒီသတင်းက လျှို့ဝှက်ချက်လား"

ချန်းရှီကျား ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး။ အဘိုးက အရင်ကတည်းက ဘုံလက်မှတ်ရေးထိုးပွဲတစ်ခုကို စီစဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဥပဒေပြင်ဆင်မှုကို ကန့်ကွက်တဲ့လူတွေထဲမှာ ကျွန်မအဘိုးက အာဏာအကြီးဆုံးဖြစ်နေတော့ သူကပဲ ဒီလုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကိုယ်စားလှယ်အဖြစ် ရပ်တည်ရတာ"

"ဒါဆိုရင်တော့ သေချာသွားပြီ"

ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"အဘိုး အဲဒီဆွေးနွေးပွဲကို တက်ရောက်မှာကို မလိုလားတဲ့လူတွေ အများကြီးရှိနေမှာပဲ။ သူသာ အိပ်ရာထဲ လဲနေမယ်။ ဒါမှမဟုတ် ပိုဆိုးသွားမယ်ဆိုရင် သူတို့ရဲ့လုပ်ရပ်တွေကို လူသိရှင်ကြား ကန့်ကွက်မယ့်လူ ရှိတော့မှာ မဟုတ်ဘူး"

"ဒါပေမဲ့ သူတို့ ဘယ်လိုလုပ်လိုက်တာလဲ။ သူတို့က တော်ဝင်ပညာရှင်ချန်းနဲ့ ပတ်သက်မှုမှမရှိတာ"

မုန့်ထျန်းဟယ်က မေးလိုက်သည်။

"ဒီလိုအောက်လမ်းနည်းတွေက တစ်ခါတလေ သတိထားမိဖို့ခက်တယ်။ လူတစ်ယောက်ရဲ့ဆံပင် ဒါမှမဟုတ် တခြားပစ္စည်းနည်းနည်းရှိရုံနဲ့တင် ဒီနည်းလမ်းတွေကို သုံးလို့ရတယ်"

ကျန်းမုန့်လောင်က ခန့်မှန်းလိုက်သည်။

"သူတို့က လူကိုယ်တိုင် မလာနိုင်ပေမဲ့ လူယုံတစ်ယောက်ယောက်ကတစ်ဆင့် အဘိုးရဲ့ဆံပင်တစ်ပင်နှစ်ပင်လောက် ရဖို့ကတော့ လွယ်ပါတယ်"

"လူယုတ်မာတွေ"

မုန့်ထျန်းဟယ်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

"အဘိုးကို ကယ်တင်နိုင်မဲ့နည်းလမ်း ရှိသေးလား။ ငါ့လူတွေကို ခေါ်ပြီး အဲဒီမြေအောက်နင်ဂျာတွေကို သွားသတ်လိုက်ရမလား"

"ဟေး... ဟေး... အမြဲတမ်း တိုက်ဖို့ခိုက်ဖို့ပဲ တွေးမနေနဲ့။ ခင်ဗျား သူတို့ကို သတ်လိုက်ရင်တောင် အဲဒီစွမ်းအင်အစုအဝေးကြီးကို မဖယ်ရှားနိုင်ရင် တော်ဝင်ပညာရှင်ချန်းကို ကုလို့ရမှာမဟုတ်ဘူး"

"ဘုန်းကြီးတွေ တာအိုပညာရှင်တွေကို သွားရှာရမှာလား"

မုန့်ထျန်းဟယ်က မေးလိုက်ပြန်သည်။

သို့သော် ဤနည်းလမ်းမှာ အတန်ငယ်ကိုးရိုးကားရားနိုင်နေကြောင်း သူကိုယ်တိုင်ပင် ခံစားမိသည်။

"ထားလိုက်ပါ။ တကယ်အစွမ်းထက်တဲ့ ဘုန်းကြီးတွေ တာအိုပညာရှင်တွေတောင်မှ အနိမ့်စားစွမ်းအင်အစုအဝေးကိုပဲ ကိုင်တွယ်နိုင်တာ။ ဒီလောက်အစွမ်းထက်တဲ့ အရာမျိုးနဲ့ဆိုရင် သူတို့ ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ဆိုသည်။

"တော်ဝင်ပညာရှင်ချန်းရဲ့ အဆောင်က ကျူးကျော်လာတဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ခုခံပေးထားလို့သာ အခုအချိန်ထိ တောင့်ခံထားနိုင်တာ"

"ဒါဆို ဘာလုပ်ကြမလဲ။ အဘိုးချန်း နှိပ်စက်ခံနေရတာကို ဒီအတိုင်းကြည့်နေရမှာလား"

"ဘာလုပ်ရမလဲဆိုတာက ဘာသဘောလဲ။ ကျွန်တော်က ဒီအတိုင်းထိုင်ကြည့်နေမယ်လို့ ခင်ဗျား ထင်နေတာလား"

ကျန်းမုန့်လောင်က မကျေမနပ်ဖြစ်ကာ ပြန်ပြောလိုက်သည်။

"မင်းက ဆေးပညာပဲကျွမ်းကျင်တာ မဟုတ်ဘူးလား။ အပနှင်တာကိုရော လုပ်တတ်တာလား"

"အနောက်တိုင်းသားတွေလို သမ္မာကျမ်းစာတွေ ပရိတ်ရေတွေကို တော်ဝင်ပညာရှင်ချန်းကို လောင်းရမှာလား”

"ဒါမှမဟုတ် ခွေးသွေးအဆောင်လက်ဖွဲ့တွေသုံးပြီး အပနှင်ပေးမှာလား”

ပတ်ပတ်လည်ရှိ လူများမှာ အမျိုးမျိုးခန့်မှန်းနေကြတော့သည်။

"စိတ်မရှိပါနဲ့။ အဲဒါတွေတစ်ခုမှ ကျွန်တော်မလုပ်တတ်ဘူး”

"ဒါဆို.."

"အဲဒီနည်းလမ်းတွေအကုန်လုံးက မှော်ပညာကို မှော်ပညာနဲ့ပြန်တိုက်တဲ့ နည်းလမ်းတွေ။ ကျွန်တော်က ပိုပြီးတိုက်ရိုက်ဆန်တဲ့ အင်အားသုံးတဲ့နည်းလမ်းကိုပဲ ကြိုက်တယ်"

ကျန်းမုန့်လောင်က လက်ဆစ်များကို အသံမြည်အောင် ချိုးလိုက်၏။

"ငွေရှိရင် အကုန်လုပ်လို့ရတယ်ဆိုတဲ့စကားကို ကြားဖူးလား"

*****************

All Chapters