ရုပ်ပိုင်းဆိုင်ရာ သာလွန်ထူးကဲမှု
Vol. 48 Ch. 709
"ခင်ဗျားတို့ ဒီမှာခဏစောင့်နေကြဦး။ ကျွန်တော် လိမ္မော်သီးသွားဝယ်... အဲလေ သူနဲ့ သွားညှိနှိုင်းလိုက်ဦးမယ်လို့ ပြောတာ။ ခဏနေရင် ဘာပဲမြင်မြင် စိတ်မလှုပ်ရှားနဲ့။ မကြောက်နဲ့။ ကျွန်တော့်ဘာသာ အကုန်အဆင်ပြေအောင် ရှင်းလိုက်မယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က တော်ဝင်ပညာရှင်ချန်း၏ နေအိမ်ထဲသို့ လှမ်းဝင်သွားလေတော့သည်။
"အမလေး...အေးစိမ့်နေတာပဲ"
ကျန်းမုန့်လောင်က သူ့လက်မောင်းသူ ပြန်ပွတ်လိုက်သည်။ ပူပူနွေးနွေးလေ့ကျင့်ထားသော ယန်ကိုးပါးဂမ္ဘီရချီစွမ်းအင်က ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အအေးဓာတ်ကို ချက်ချင်းမောင်းထုတ်လိုက်၏။
"ငါ့မှာ အကာအကွယ်ပေးမယ့် မှော်စွမ်းအင်တွေရှိလို့ တော်သေးတာပေါ့။ ဒါပေမဲ့ ဒီကိုင်ဘွန်နိုင်ငံက သူငယ်ချင်းတွေကလည်း တော်တော်စွမ်းတာပဲ။ ဒီဝိညာဉ်ရုပ်ခန္ဓာရဲ့ အစွမ်းက မသေးဘူး"
စွမ်းအင်ကြိမ်နှုန်းများမှာ လုံးဝကွဲပြားနေသောကြောင့် ယင်ဝူယီနှင့် မုန့်ထျန်းဟယ် ကဲ့သို့သော လူများပင် ဤကဲ့သို့သော စွမ်းအင်ရုပ်များကို ဘာမှမလုပ်နိုင်သည့်အပြင် သူတို့ပင် အသတ်ခံရနိုင်သည်။
"သေစမ်း.. အရင်က ယန်ချီရှနဲ့ ဖာ့ဟိုင်တို့ သင်ပေးတုန်းက သေချာဂရုတစိုက်သင်ခဲ့သင့်တာ"
ကျန်းမုန့်လောင်မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူသည် မကောင်းဆိုးဝါးနှင်သည့် ပညာရပ်များကို စိတ်မဝင်စားသဖြင့် ထိုစဉ်တုန်းက ယန်ချီရှ၏ "အခြေခံမကောင်းဆိုးဝါးနှင်နည်း"ကိုသာ လေ့လာခဲ့လေရာ ဤဝိညာဉ်ရုပ်ခန္ဓာကို ရင်ဆိုင်ရန် စွမ်းအားလုံလောက်ပါ့မလားဆိုသည်ကိုလည်း သေချာမသိပေ။
သို့သော် ဤဝိညာဉ်ရုပ်ခန္ဓာများက ကိုယ်ပိုင်အသိစိတ် အနည်းငယ်ရှိလာကြပြီဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် အကြမ်းဖက်နည်းကိုသုံးရန် မလိုအပ်လောက်ပေ။ ရှေးဆိုရိုးစကားများမှာ အလွန်မှန်ကန်လှပေသည်။
"ပရာဂျနာ ပါရမီတာ ဟာဒယ ရှာရင်ဂန် ပွင့်စေ"
စွမ်းအင်များက ကျန်းမုန့်လောင်၏ မျက်လုံးထဲသို့ စီးဝင်သွားပြီး ရုတ်တရက်ဆိုသလိုပင် သူမြင်ရသမျှ အရာအားလုံး ပြောင်းလဲသွားသည်။ အသိစိတ်ကင်းမဲ့ပြီး အားနည်းလှသော စွမ်းအင်သတ္တဝါများစွာ ဟိုဟိုသည်သည်လွင့်မျောနေကြပြီး သူ့ရှေ့တည့်တည့်တွင်မူ သွေးချင်းချင်းနီနေသော အရိပ်တစ်ခုက သတိမေ့မြောနေသည့် တော်ဝင်ပညာရှင်ချန်းအပေါ်တွင် ပျံဝဲရင်း ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။
သို့သော် တော်ဝင်ပညာရှင်ချန်း၏ရင်ဘတ်ပေါ်ရှိ သာမန်ဟုထင်ရသော အဆောင်လေးတစ်ခုက သန့်စင်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး ထိုဝိညာဉ်၏ ကျူးကျော်မှုကို ဟန့်တားပေးထားသည်။ သို့သော်လည်း ထိုအလင်းတန်းမှာ ဝိညာဉ်၏တိုက်ခိုက်မှုကြောင့် အားနည်းလာလေပြီ။
အမည် - ကျန့်ကျားစစ်
မျိုးနွယ် - ဝိညာဉ်ရုပ်ခန္ဓာ
အလားအလာညွှန်းကိန်း - ၂၂
ပါရမီ - ဒေါသ
စွမ်းရည် - ဆံပင်ထိန်းချုပ်ခြင်း(အဆင့် E)
သုံးသပ်ချက် - ပြင်းထန်သောနာကျည်းချက်ကြောင့် ဖြစ်တည်လာသည့် အငြှိုးပြင်းဝိညာဉ်တစ်ကောင်။ လက်ရှိပိုင်ရှင်၏ တာအိုပညာအဆင့်အရ အနိုင်ယူခံရနိုင်ခြေရှိသည်။
"ဒီကောင်က အဲဒီလောက်တောင် အစွမ်းထက်တာလား"
ကျန်းမုန့်လောင်မှာ ဤအရာကို သူ တကယ်မကိုင်တွယ်နိုင်လောက်ဘူးဟု ထင်မထားခဲ့ပေ။
"ကျောင်းအုပ်ကြီး... စွမ်းအင်ကြိမ်နှုန်းတွေက မကိုက်ညီလို့ပါ။ ကျောင်းအုပ်ကြီးရဲ့ လက်ရှိခွန်အားက သာမန်ထျန်းယွမ်အဆင့်သိုင်းပညာရှင်တွေကို ကျော်လွန်ပြီး စွမ်းအင်ယူနစ်သုံးဆယ်ကျော် ရှိနေပေမဲ့ သူ့ကိုထိတွေ့ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဥပမာပေးရရင် အသံက လေဟာနယ်ထဲမှာ ဆက်မစီးဆင်းနိုင်သလိုမျိုးပေါ့။ ဒီဝိညာဉ်ရုပ်ခန္ဓာတွေက လေဟာနယ်လိုပဲ။ ကျောင်းအုပ်ကြီးရဲ့စွမ်းအားကတော့ အသံလိုဖြစ်နေတာပါ။ ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား"
"ယန်ချီရှရဲ့ သင်ခန်းစာတွေက ဒါကြောင့် ဒီလောက်အထိ ရှုပ်ထွေးနေတာကိုး"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ယန်ချီရှ၏ ပထမဆုံးသင်ခန်းစာမှာ မိမိ၏စွမ်းအင်ကြိမ်နှုန်းကို ညှိယူနည်းဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ထို့ပြင် မကောင်းဆိုးဝါးနှင်သည့်သင်တန်းကို တက်ရန်အတွက်ပင် အထက်တန်းအဆင့်ရူပဗေဒကို တစ်နှစ်ကြာအောင် အရင်လေ့လာရသည့်အကြောင်းအရင်းကို ယခုမှပင် နားလည်တော့သည်။
"ကောင်းပြီလေ... ငါကလည်း တိုက်ခိုက်နေစရာမှမလိုတာ"
ကျန်းမုန့်လောင်က လက်ကို ဆန့်ထုတ်လိုက်လေရာ နဂါးကိုးကောင်မိုးကြိုးမီးတောက်တစ်ခုက သူ့လက်ဖဝါးပေါ်တွင် တောက်ပစွာ ပွင့်လန်းလာသည်။
ဤမီးတောက်တွင် မိုးကြိုးစွမ်းအင်ပါဝင်နေသဖြင့် ကျန်းမုန့်လောင်အနေနှင့် စွမ်းအင်ကြိမ်နှုန်းကို မညှိယူရသေးသော်လည်း ဤကဲ့သို့သော ဝိညာဉ်သတ္တဝါများကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နိုင်သည်။
ထိုမီးတောက်၏စွမ်းအားကို ခံစားမိသည်နှင့် ရဲရဲနီနေသော ဝိညာဉ်ရုပ်ခန္ဓာက အဘိုးချန်း၏ ခန္ဓာကိုယ်ပေါ်က ချက်ချင်းဆုတ်ခွာသွားပြီး သူ့ဆံပင်များကို ဖြန့်ချလိုက်သည်။ ဆံပင်အောက်တွင်မူ ဖြူဖျော့ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခု ပုန်းကွယ်နေ၏။ နီရဲရဲဆံနွယ်များအောက်တွင် ထက်ရှပြီး သေစေနိုင်သောလက်တစ်စုံ ရှိနေပေသည်။
"သောက်ကျိုးနည်း... ကြည့်ရတာနဲ့တင် လန့်သေလောက်တယ်"
ဤကဲ့သို့သောအရာမျိုးနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရသဖြင့် ကျန်းမုန့်လောင်ပင် အနည်းငယ် ထိတ်လန့်သွားသည်။ ဤအရာများက သိပ္ပံနည်းကျစွမ်းအင်ပုံစံများသာ ဖြစ်ကြောင်း နားလည်ထားသော်ငြား လူတိုင်းတွင် ငယ်ဘဝတုန်းက ကြောက်ခဲ့ရသည့် အိပ်မက်ဆိုးများ ရှိကြသည်မဟုတ်ပါလော။
"ကိုင်ဘွန်လူမျိုးတွေကတော့ ဒီလိုအရာတွေနဲ့ လျှောက်ကစားရတာ တော်တော်ဝါသနာပါတာပဲ"
ကျန်းမုန့်လောင်လည်း ဒေါသလှိုင်းထန်နေသော ထိုဝိညာဉ်ကိုကြည့်ရင်း ခြံဝင်းထဲသို့ အမြန်ပြန်ဆုတ်လာခဲ့သည်။
"သူ ထွက်လာပြီ"
"ကျန်းမုန့်လောင်... ဘယ်လိုအခြေအနေရှိလဲ"
"မလာနဲ့"
အခြေအနေကို မေးမြန်းချင်နေသော လူများကို ကျန်းမုန့်လောင်က ချက်ချင်းတားလိုက်သည်။ သူတို့တွင် တော်ဝင်ပညာရှင်ချန်းကဲ့သို့ အဆောင်များ မရှိကြသဖြင့် ထိုဝိညာဉ်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါက အလွန်အန္တရာယ်များပေလိမ့်သည်။
"ဟေ့ မင်းနာမည်က ဘာလဲ"
"ဗျာ ကျွန်တော်... ကျွန်တော့်နာမည်က ကျိုးထောင်ပါ"
ကျန်းမုန့်လောင်ရှေ့တွင် ရပ်နေသော လုံရှားအဖွဲ့ဝင်က ဖြေလိုက်သည်။
"ငါက မင်းကို မေးတာမဟုတ်ဘူး"
"ဘယ်လို"
သူက လူကို မေးနေတာ မဟုတ်ဘူးလား။ ဒါဆို သရဲကို မေးနေတာလား။
"ဟေး... ငါပြောတာ ကြားလား"
ကျန်းမုန့်လောင်က ဆက်မေးလိုက်သော်လည်း ထိုဝိညာဉ်က သူ့ကို စိုက်ကြည့်ရုံသာ ကြည့်နေလေသည်။ သူက တိုက်ခိုက်ချင်သော်လည်း ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ကြောက်နေပုံရသည်။ အကြောင်းမှာ ထိုမီးတောက်နှင့်ထိမိပါက သူ့စွမ်းအင်များ ကုန်ခမ်းသွားမည်ကို သိနေသောကြောင့်ပင်။
ဤကဲ့သို့သော ဝိညာဉ်များအတွက် စွမ်းအင်ကုန်ခမ်းသွားလျှင် အဆုံးသတ်ချေပြီဖြစ်ရာ သူလည်း လုံးဝပျောက်ကွယ်သွားမည်ဖြစ်၏။
"ဪ... ဟုတ်သားပဲ။ ဒါက ကိုင်ဘွန်သရဲလေ။ ငါ ကိုင်ဘွန်ဘာသာစကားနဲ့ ပြောမှဖြစ်မယ်... 'ခွန်နိချီဝါ'"
ထိုဝိညာဉ်က အနည်းငယ်နားလည်သွားဟန်ဖြင့် ခေါင်းစောင်းလိုက်၏။
"အနာ့တာနို နာမယ်ယဲဝါ နန်းဒက်စ်စကာ"
"သူ ဘာတွေပြောနေတာလဲ"
လောင်ကျိုးက မေးလိုက်သည်။
"သရဲကို နာမည်မေးနေတာထင်တယ်"
"မယုံနိုင်စရာပဲ။ တကယ်မယုံနိုင်စရာပဲ"
"ငါ့လက်ထဲက သဲအိတ်အရွယ်လောက်ရှိတဲ့ ဒီမီးတောက်ကို မြင်လား။ ငါသာ မင်းကို ဒီဟာနဲ့ရိုက်လိုက်ရင် မင်း သေသွားနိုင်တယ်နော်"
"ဒါပေမဲ့ ငါက စိတ်ထားကောင်းတဲ့လူပါ။ သရဲတွေကို အနိုင်ကျင့်ရတာလည်း ဝါသနာမပါဘူး။ ငါတို့ ညှိနှိုင်းရအောင်... မင်း တော်ဝင်ပညာရှင်ချန်းကို လွှတ်ပေးပြီး ကိုင်ဘွန်နိုင်ငံကို ပြန်သွား။ ဒီလိုဆိုရင် မင်းဘာသာ ဘာလုပ်လုပ် ငါ လုံးဝဝင်မရှုပ်ဘူး။ ဘယ်လိုလဲ"
"ငါ မင်းအတွက် ငွေတွေအများကြီးလည်း မီးရှို့ပေးမယ်။ ကောင်းကင်ဘုံနဲ့ငရဲဘဏ်ကထုတ်တဲ့ တစ်ရာထရီလီယံဆိုရင် မင်းအတွက် လုံလောက်လား။ အဲဒါဆိုရင် မင်း အောက်ဘုံမှာ နှစ်ပေါင်းထောင်ချီလောက် ချမ်းချမ်းသာသာနေလို့ရပြီ။ မင်းအတွက် ကိုင်ဘွန်နိုင်ငံက နာမည်ကြီးမင်းသားတွေရဲ့ ရုပ်ရည်လိုမျိုး ချောမောခန့်ညားတဲ့ ကောင်လေးချောချောလေးတွေရဲ့ရုပ်ပုံတွေကိုလည်း မီးရှို့ပေးမယ်။ 'ချွမ်းကုဟွိုက်ရှုံး'ဆိုရင်ရော ဘယ်လိုလဲ။ မင်းအတွက် သူ့ကို မှာပေးရမလား"
"တကယ်လို့ တစ်ရာထရီလီယံနဲ့ မလောက်ရင် တစ်ကွာဒရီလီယံဆိုရင်ရော။ ပြီးတော့ ရိုးလ်ရွိုက်စ်ကားတစ်စီးနဲ့ 'ထန်ချန်းယီ'တိုက်ခန်းတွဲပါ ထည့်ပေးလိုက်မယ်။ မင်းကို ကိုင်ဘွန်တစ်နိုင်ငံလုံးမှာ အတောက်ပဆုံးဝိညာဉ်ဖြစ်အောင် လုပ်ပေးမယ်"
"ငါ အခု မင်းကို ကောင်းကောင်းမွန်မွန်ပြောနေတာနော်။ ကျေးဇူးကန်းတဲ့လူတော့ မဖြစ်စေနဲ့လို့ ငါအကြံပေးချင်တယ်။ ငါက ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းနေတာကို ငါ့ကို မလေးမစားလာမလုပ်နဲ့။ ငါ့ကိုမလေးမစားလာလုပ်ရင် ဒေါသထွက်မိလိမ့်မယ်"
...
ဘေးနားရှိ လူများမှာ ဝိညာဉ်ကိုမမြင်ရသဖြင့် ကျန်းမုန့်လောင်တစ်ယောက် လက်ထဲတွင် မီးတောက်တစ်ခုကိုကိုင်ပြီး လေထဲကို အော်ဟစ်ပြောဆိုနေသည်ကိုသာ မြင်နေရသည်။
"ရှီကျား... မင်း ကိုင်ဘွန်ဘာသာစကား ပြောတတ်တယ်မဟုတ်လား။ ငါတို့ကို ဘာသာပြန်ပေးပါဦး"
"ဒါက... ဟုတ်ကဲ့..."
ချန်းရှီကျားလည်း ကျန်းမုန့်လောင်ပြောသမျှကို တစ်ကြောင်းချင်းစီ ဘာသာပြန်ပေးလိုက်သည်။
"သူ... သူက သရဲနဲ့ ဈေးစကားပြောနေတာလား"
"ငါ့တစ်သက် ဒီလိုလူမျိုးကို ပထမဆုံးမြင်ဖူးတာပဲ"
"ငါတော့ ဆွံ့အသွားပြီ။ အရင်က သိပ္ပံပညာကို ယုံကြည်ခဲ့တယ်။ နောက်တော့ စီမံခန့်ခွဲမှုပညာကို ယုံကြည်တယ်။ အခုတော့ ကျန်းမုန့်လောင်ကိုပဲ ယုံကြည်တော့မယ်"
"မင်းပဲ ဆွံ့အတာမဟုတ်ဘူး။ ဟိုသရဲတောင် ဆွံ့အသွားလောက်တယ်။ သူ့ကို တကယ်ကြီး ဈေးဆစ်နေတယ်ဆိုတာ ယုံနိုင်စရာတောင်မရှိဘူး"
သရဲ : "ငါ့ဘဝမှာ ဒီလောက်ဆွံ့အရတာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး"
...
ကျန်းမုန့်လောင်က စကားအများကြီး ပြောလိုက်သော်လည်း ထိုဝိညာဉ်မှာမူ တစ်ဝက်မျှသာ နားလည်လေဟန် လုပ်နေချေသည်။
ဝိညာဉ်၏မျက်လုံးထဲက နီရဲရဲအလင်းတန်းများ ရုတ်ခြည်းထွက်ပေါ်လာပြီး ပါးစပ်ကလည်း စူးရှသောအော်သံတစ်ခုကို ထုတ်လွှတ်နေပေသည်။ အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်က သူ့ကို ထိန်းချုပ်နေသည့်အလားပင်။
ပတ်ဝန်းကျင်အပူချိန်ကလည်း သိသိသာသာ ထိုးကျသွားပြီး ဝိညာဉ်၏ဆံပင်များက မြွေများနှယ် အရူးအမူးကခုန်ကာ အနီးဆုံးရှိ ချန်းရှီကျားကို စတင်တိုက်ခိုက်လေတော့သည်။
"သူ့ရဲ့ကိုယ်ပိုင်အသိစိတ် လုံးဝပျောက်သွားပြီထင်တယ်။ သူက ထိန်းချုပ်ခံထားရတဲ့ ရုပ်သေးရုပ်သက်သက်ပဲ"
ကျန်းမုန့်လောင်က ချန်းရှီကျားရှေ့သို့ အမြန်သွားလိုက်သည်။
နဂါးကိုးကောင်မိုးကြိုးမီးတောက်က ကျန်းမုန့်လောင်ရှေ့တွင် အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်သဖြင့် ဆံပင်များမှာ မီးလောင်သွားပြီး အနောက်သို့ ချက်ချင်းပြန်ဆုတ်သွားသည်။
သို့သော် ထိုဝိညာဉ်၏စွမ်းအင်မှာ လျော့ကျမသွားပေ။ နဂါးကိုးကောင်မိုးကြိုးမီးတောက်က သူ့ကိုသတ်နိုင်လောက်သည့် အစွမ်းမျိုး သိပ်မရှိပါဘဲ ခဏတဖြုတ်တားဆီးထားနိုင်ရုံသာ တတ်နိုင်ပုံရသည်။
သူ့တိုက်ခိုက်မှုက အသုံးမဝင်ကြောင်း သိသွားသောအခါ ထိုဝိညာဉ်လည်း အခန်းထဲရှိ တော်ဝင်ပညာရှင်ချန်းရှိရာသို့ ချက်ချင်းပြန်လှည့်သွားသည်။ သူ ဟွာရှားသို့ ရောက်လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ တော်ဝင်ပညာရှင်ချန်းပင်။
"သေစမ်း"
ကျန်းမုန့်လောင် ဆဲလိုက်မိသည်။
"ငါပြောနေတာတွေက အလကားပဲ။ မင်းက ငါ့ကို 'ရုပ်ပိုင်းဆိုင်ရာမကောင်းဆိုးဝါးနှင်နည်း'ကို ထုတ်သုံးခိုင်းနေတာပေါ့ ဟုတ်လား"
********************