တန်ခိုးကြီးမားလှသော ကောင်းကင်နဂါး
Vol. 48 Ch. 710
"ကျန်းမုန့်လောင် ခုနက ဘာဖြစ်သွားတာလဲ။ ကျွန်မ သေတော့မလို ခံစားလိုက်ရတယ်"
ချန်းရှီကျားက သေမင်းနှင့် လက်တစ်ကမ်းသာဝေးတော့သည့် အခြေအနေကို ကြုံတွေ့ခဲ့ရသည့်နှယ် ပြောလိုက်လေသည်။ သူ(မ)၏ခန္ဓာကိုယ်ပင် အနည်းငယ်အားနည်းသွားသလို ခံစားရသည်။
"ခုနတုန်းက အဲဒီအကောင်က မင်းကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ငါ တားလိုက်တယ်"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"အားလုံး နောက်ဆုတ်နေ။ ကျွန်တော် 'ရုပ်ပိုင်းဆိုင်ရာမကောင်းဆိုးဝါးနှင်နည်း'ကို ထုတ်သုံးတော့မယ်"
"အဲဒါက ဘာကိုပြောတာလဲ။ ရုပ်ပိုင်းဆိုင်ရာ မကောင်းဆိုးဝါးနှင်နည်းဆိုတာက ဘာလဲ"
"မသိဘူးလေ။ ဒါပေမဲ့ ကြားရတာတော့ တော်တော်လန်းမယ့်ပုံပဲ။ အားလုံး နောက်ဆုတ်ကြ"
"ငါ Bilibiliထဲမှာ မြင်ဖူးတယ်။ ရုပ်ပိုင်းဆိုင်ရာမကောင်းဆိုးဝါးနှင်နည်းဆိုတာက သရဲတစ္ဆေတွေကို ဖျောင့်ဖျသိမ်းသွင်းပြီး နှင်ထုတ်တာမျိုးမဟုတ်ဘဲ ဓားတွေ၊ သေနတ်တွေ၊ တုတ်တွေနဲ့ တကယ်လက်တွေ့ကျကျသတ်ပစ်တာကို ပြောတာထင်တယ်"
"ဒါပေမဲ့ ဒါက ယုတ္တိမရှိဘူးမလား။ ငါတို့ရဲ့စွမ်းအားတွေတောင် သူတို့ကို မထိနိုင်တာ။ သာမန်လက်နက်တွေနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒီကောင်လေးမှာ နည်းလမ်းတွေအများကြီး ရှိတယ်။ သူ့ကိုပဲ ယုံလိုက်ကြရအောင်"
အကြီးအကဲကျိုးက အမိန့်ပေးလာသဖြင့် သူတို့အားလုံးလည်း ခြံဝင်းအဝင်ဝသို့ ဆုတ်ခွာလာလိုက်ကြသည်။
...
"ဂျွတ်... ဂျွတ်"
ကျန်းမုန့်လောင်က လက်ဆစ်ချိုးလိုက်လေရာ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
"ကောထန်... ငါ့အတွက် ဆရာဖာ့ဟိုင်ရဲ့ စွမ်းအားကို ဖွင့်ပေး။ ပြီးတော့ သူ့ရဲ့ မကောင်းဆိုးဝါးနှင်တဲ့လက်နက်တွေကိုပါ ထုတ်ပေး"
"ဆရာဖာ့ဟိုင်ရဲ့ ကျင့်ကြံရေးစွမ်းအားကို အသုံးပြုဖို့ တစ်မိနစ်ကို ခွန်အားအမှတ်ဆယ်မှတ် ကျသင့်ပြီး ဇင်တောင်ဝှေးနဲ့ ခရမ်းရွှေရောင်သပိတ်တို့ပါဝင်တဲ့ လက်နက်တစ်စုံအတွက် တစ်မိနစ်ကို ၂၀မှတ် ကျသင့်ပါ့မယ်"
ဖာ့ဟိုင်၏အဆင့်မှာ ထျန်းယွမ်အဆင့်ဝန်းကျင်တွင် ရှိသည်။ ကျန်းမုန့်လောင်၏စွမ်းအားမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာများထက် ကျော်လွန်နေပြီဖြစ်သဖြင့် သူတို့၏ စွမ်းအားကို ခဏချေးယူရန် ခွန်အားအမှတ်အနည်းငယ်သာ ပေးရတော့သည်။
ထိုအခိုက်တွင် မကောင်းဆိုးဝါးနှင်သည့် စွမ်းအားများမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဝင်လာသည်။ ကျန်းမုန့်လောင်ခမျာ ခွန်အားများ ပြည့်ဖြိုးလာသလို ခံစားလိုက်ရပြီး ထိုဝိညာဉ်ရုပ်ခန္ဓာကို တစ်စစီဖြစ်သွားသည်အထိ လက်သီးဖြင့်ထိုးပစ်နိုင်သည်ဟုပင် ယုံကြည်မိသွားသည်။
"မစ္စတာကျန်းရဲ့အရှိန်အဝါက တစ်မျိုးပြောင်းသွားသလိုပဲလို့ မထင်ကြဘူးလား"
"ငါလည်း ခံစားမိတယ်။ ငါ့စကားက ထူးဆန်းနေမလားတော့ မသိဘူး။ သူကိုယ်တိုင်က အလင်းတန်းတစ်ခု ဖြစ်သွားသလိုပဲ"
"သူကိုင်ထားတဲ့တောင်ဝှေးနဲ့ သပိတ်က ဘယ်ကရောက်လာတာလဲ။ မစ္စတာကျန်း ရောက်လာတုန်းက ဒီပစ္စည်းတွေ ပါမလာပါဘူး"
"ခေါင်းဆောင်.... မစ္စတာကျန်း အထဲဝင်သွားပြီ။ သူ အန္တရာယ်များ ကြုံနေရမလား။ ဟိုဝိညာဉ်က တော်တော်ကြောက်ဖို့ကောင်းပုံရတယ်"
"သူက ငါတို့ကို ဝင်မရှုပ်နဲ့လို့ ပြောထားတယ်။ ဒီတော့ သူ့ကို ပြဿနာမပေးမိအောင် ဒီမှာပဲနေကြရအောင်"
...
"မင်းကို နောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်။ ကိုင်ဘွန်နိုင်ငံကို အခုချက်ချင်း
ပြန်တော့။ မဟုတ်လို့ကတော့ မင်းရဲ့ရုပ်ရော နာမ်ပါ အစပျောက်သွားအောင် ငါဖျက်ဆီးပစ်မယ်"
ကျန်းမုန့်လောင်က လက်နက်နှစ်ခုကို ကိုင်ထားသဖြင့် ယုံကြည်မှုအပြည့်ရှိနေပေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကလည်း ပြောင်းလဲသွားပြီး ဝိညာဉ်များကို သေစေနိုင်သည့်စွမ်းအားများ ဖြစ်ကုန်သည်။
မထင်မှတ်ထားပါဘဲ ထိုဝိညာဉ်၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။ များပြားလှသော သူ့ဆံပင်များကမူ ကျန်းမုန့်လောင်ကို ထပ်မံ တိုက်ခိုက်လာပြန်သည်။
"သေချင်နေတာပဲ"
ကျန်းမုန့်လောင်က ဆံပင်များကို နောက်တစ်ကြိမ်မီးရှို့လိုက်လေရာ ဤတစ်ခေါက်တွင် မီးတောက်များက ထိုဝိညာဉ်၏ဆံပင်ကတစ်ဆင့် လျှပ်စစ်ကြိုးတစ်ချောင်းအလား ထိုဝိညာဉ်ဆီသို့ တိုက်ရိုက်ကူးစက်သွားသည်။
"အားးးး"
ထိုဝိညာဉ်ကလည်း စူးစူးရှရှအော်ဟစ်လိုက်သည်။ မိုးကြိုးနှင့် လျှပ်စီးများက ဝိညာဉ်ကို ထိခိုက်စေနိုင်သည့်အတွက် ထိုနာကျင်မှုမှာ အလွန်ပြင်းထန်လှသည်။ ဝိညာဉ်၏အော်သံမှာ လူသားများကြားနိုင်သော ကြိမ်နှုန်းအထိ ရောက်ရှိလာသဖြင့် အပြင်ဘက်ရှိ လူများပင် အရိုးထဲအထိ စိမ့်တက်သွားစေသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
"မကောင်းဆိုးဝါးမိစ္ဆာ... တန်ခိုးကြီးကောင်းကင်နဂါး"
"လောကနာထကိတ္တိ... ရွှေဉာဏ်တော်ဗုဒ္ဓအပေါင်းတို့... ပရာဂျနာပါရမီတာ"
"ဒီနေရာမှာ ငါ့ကို ရက်ပါလူသတ်သမားလို့ ခေါ်ကြတာ။ ရက်ပါတွေတောင် ငါ့ကို ဦးညွှတ်ရတယ်။ မင်းလိုအသေကောင်ကများ ငါ့ရှေ့မှာလာပြီး ဆရာလုပ်ချင်တယ်ပေါ့"
ကျန်းမုန့်လောင်က ဇင်တောင်ဝှေးကိုကိုင်စွဲကာ အရှေ့သို့ ပြေးဝင်သွားတော့သည်။
...
"မဟာကောင်းကင်နဂါး! မဟာကောင်းကင်နဂါး!"
"ငါက မျက်နှာသာပေးနေတာကို မလိုချင်ဘူးပေါ့"
"ဟွာရှားလူမျိုးတွေကို လာနှောင့်ယှက်ရဲတယ်ပေါ့"
"ရုပ်ကလည်းဆိုးသေးတယ်။ လူတွေကိုလည်း လာခြောက်သေးတယ်"
...
တော်ဝင်ပညာရှင်ချန်း၏ အခန်းထဲရှိ ဆူညံသံများမှာ ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက် ငြိမ်သက်သွားတော့သည်။
ကျန်းမုန့်လောင်လည်း ချွေးတရွှဲရွှဲဖြင့် အခန်းထဲမှ ပြန်ထွက်လာသည်။
"မစ္စတာကျန်း/မုန့်လောင် အဆင်ပြေရဲ့လား"
"အကုန်ရှင်းလိုက်ပြီ"
ကျန်းမုန့်လောင်က ခရမ်းရွှေရောင်သပိတ်ကို ထုတ်ယူလိုက်ရာ အထဲတွင် နီရဲရဲအလုံးတစ်လုံး လွင့်မျောနေချေသည်။ သူက သပိတ်ကို လေထဲသို့မြှောက်လိုက်သောအခါ အလင်းတန်းတစ်ခု ဖြာကျလာသဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးလည်း ဝိညာဉ်ကို မြင်တွေ့သွားကြသည်။
"အားးး"
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးများမှာ အော်ဟစ်ကုန်ကြသည်။ ယနေ့ မျက်မြင်ကိုယ်တွေ့မမြင်ရလျှင် ဤကဲ့သို့သောအရာမျိုး အမှန်တကယ်ရှိကြောင်း သူတို့ လုံးဝယုံကြည်ကြမည် မဟုတ်ပေ။
"မကြောက်ကြနဲ့။ သူ အပြင်ထွက်လာလို့ မရဘူး"
အမှန်ပင်။ ထိုဝိညာဉ်က သပိတ်မှထွက်ပြူလာသော အလင်းတိုင်၏နံရံကို ထိမိချိန်တိုင်း အဟန့်အတားတစ်ခု ရှိနေသည့်အလား နာကျင်စွာ အော်ဟစ်နေပေသည်။
"အားလုံးပဲ နိုင်ငံကြီးသားပီပီသသ ဓာတ်ပုံရိုက်နိုင်ပါတယ်။ အစာကျွေးလို့တော့ မရဘူးနော် ဟားဟား"
ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။
"တိရစ္ဆာန်ရုံကိုလာလည်တယ်များ ထင်နေတာလား"
"အစာကျွေးရအောင် ဘယ်သူက လုပ်ရဲမှာလဲ"
"ဒါပေမဲ့ ဓာတ်ပုံတစ်ပုံနှစ်ပုံလောက်တော့ ရိုက်လို့ရတယ်လေ"
"ဖျတ်... ဖျတ်"
...
ဤဝိညာဉ်တွင်သာ ကိုယ်ပိုင်အသိစိတ်ရှိမည်ဆိုလျှင် စိတ်ဓာတ်ကျနေလောက်ပြီဖြစ်၏။ ယနေ့ခေတ် လူသားများက ဤမျှအထိ ကြောက်ဖို့ကောင်းနေလေပြီလား။ သရဲကိုပင် မကြောက်ကြတော့ဘူးလား။
"မုန့်လောင်... ဒါကို ဘယ်လိုဆက်လုပ်ကြမလဲ"
အကြီးအကဲကျိုးက မေးလိုက်လေသည်။
"ဒီအတိုင်းထားခဲ့ရင် အန္တရာယ်ရှိလာမလားလို့"
"ဟဲဟဲ"
ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်ပြုံးလိုက်ချေသည်။
"သူလာရာအရပ်ကိုပဲ ပြန်သွားသင့်တာပေါ့"
"သူ့ရင်ဘတ်ပေါ်က အနက်ရောင်သံမှိုကို မြင်လား"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
သူတို့အားလုံး သေချာကြည့်လိုက်လေရာ ဝိညာဉ်၏ရင်ဘတ်တွင် သွေးစွန်းနေသော သံမှိုတစ်ချောင်း အမှန်တကယ်စိုက်ဝင်နေကြောင်း တွေ့လိုက်ရသည်။
"ဒီအဆင့်ရှိတဲ့ ဝိညာဉ်တွေက သာမန်လူတွေရဲ့ဉာဏ်ရည်ကို ပြန်ရတတ်တယ်။ သူ့ကို ဒီသံမှိုက ထိန်းချုပ်ထားတာ"
ကျန်းမုန့်လောင်က ဆို၏။
"သူ့ကို သတ်ပစ်တာထက် လွတ်လပ်ခွင့်ပေးပြီး သူ့ရန်ကြွေးကို သူဘာသာပြန်ရှင်းခိုင်းတာ ပိုကောင်းတယ်"
ကျန်းမုန့်လောင်က တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သောအခါ ထိုအနက်ရောင်သံမှိုက ချက်ချင်းဆိုသလိုပင် မီးခိုးငွေ့အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။
ချက်ချင်းပင် အရူးအမူးရုန်းကန်နေသော ဝိညာဉ်က ငြိမ်သက်သွားပြီး သူ၏နီရဲရဲမျက်လုံးများမှာ အပြာရောင်သို့ ပြောင်းလဲသွားသည်။ သူ့ပုံစံကိုကြည့်ရသည်မှာ အတန်ငယ်ချောမောပြီး နူးညံ့လာဟန်ပင်။
သူက ပတ်ဝန်းကျင်ရှိ လူအားလုံးကို ဝေခွဲမရဖြစ်နေသည့်ပုံစံဖြင့် လိုက်ကြည့်နေသည်။
"မင်းက ငါ့ပေါ်မှာ အွန်မျိုဂျီရိုက်ထားတဲ့ သံမှိုကို ဖယ်လိုက်တာလား"
ထိုဝိညာဉ်က အမှန်တကယ် စကားပြောလိုက်လေသည်။ ကိုင်ဘွန်ဘာသာစကားဖြင့် ပြောလိုက်ခြင်းပင်။
"သတိပြန်ရပြီလား"
ကျန်းမုန့်လောင်က ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်တယ်။ ငါဖယ်ပေးထားတာ"
"ကျေးဇူးတင်ပါတယ်"
ထိုဝိညာဉ်သည် ကျန်းမုန့်လောင်ကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
"ငါ့ကို အဲဒီအွန်မျိုဂျီရဲ့မိသားစုက ထိန်းချုပ်ထားတာ နှစ်ပေါင်းတစ်ရာကျော်ပြီ။ ဒီနေ့မှပဲ လွတ်လပ်ခွင့်ရတော့တယ်"
"မင်း ကလဲ့စားချေချင်လား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဒါပေါ့"
ထိုဝိညာဉ်ကလည်း ပြန်ဖြေသည်။
"သူတို့က ငါ့မိသားစုကို သတ်ခဲ့ကြတာ။ ပြီးတော့ ငါ့ကို လူလည်းမဟုတ် သရဲလည်းမဟုတ်တဲ့ ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ရှေးဟောင်းအွန်မျိုဂျီမျိုးနွယ်တွေလေ။ ငါ့စွမ်းအားက သူတို့ထက် ပိုသာပေမဲ့ သူတို့ရဲ့စွမ်းအားတွေက ငါ့ကိုဖိနှိပ်ထားတာ..."
"ဘာမှစိတ်မပူနဲ့။ ငါကူညီပေးမယ်"
ကျန်းမုန့်လောင်က ဖုန်းထုတ်ပြီး ရှာဖွေလိုက်သည်။
"ငါ့ရဲ့ဘိုးဘေးတစ်ယောက်က ဆန်းဆန်းပြားပြားလက်နက်တွေကို ဖန်တီးရတာကြိုက်တဲ့ လက်နက်ပညာရှင်တစ်ယောက်ပဲ။ အရင်တုန်းက ကိုင်ဘွန်နိုင်ငံမှာ သရဲအကောင်တစ်ရာကျော် သောင်းကျန်းတုန်းက သူက ဟောက်ထျန်းစေတီကို ရက်ရက်ရောရောလုပ်ပေးခဲ့ဖူးတယ်။ အဲဒါက သရဲတွေကိုဖမ်းဆီးဖို့နဲ့ ဖိနှိပ်ဖို့လေ"
ကျန်းမုန့်လောင်က ၂၀စင်တီမီတာခန့် မြင့်သော ရတနာစေတီလေးတစ်ခုကို ထုတ်လိုက်သည်။
"ဒါကို အရင်ယူသွားပြီး အဲဒီအွန်မျိုဂျီအုပ်စုကို ရှင်းပစ်လိုက်။ ဒါပေမဲ့ အပြစ်မရှိတဲ့ သာမန်လူတွေကိုတော့ မထိခိုက်စေနဲ့"
"သရဲအကောင်တစ်ရာလား"
ဝိညာဉ်မလေး ကျန့်ယဲ့ကျူးမှာ ဝမ်းသာသွားလေသည်။ ကိုင်ဘွန်တစ်နိုင်ငံလုံးကို ဒုက္ခပေးခဲ့ဖူးသည့် သရဲပေါင်းတစ်ရာအကြောင်း သူ(မ) ကြားဖူးသည်။ ထိုစဉ်က ဟွာရှားနိုင်ငံရှိ နတ်ဘုရားတစ်ပါးက သူတို့ကို နှိမ်နင်းခဲ့သည်။
သူ(မ)တွင် သရဲပေါင်းတစ်ရာ၏ အကူအညီသာရှိပါက ထိုအွန်မျိုဂျီများကို ရှင်းပစ်ရန်မှာ မိနစ်ပိုင်းသာ ကြာပေလိမ့်မည်။
"ကိစ္စတွေပြီးသွားရင် ငါ့ဆီပြန်လာခဲ့"
ကျန်းမုန့်လောင်က ဟောက်ထျန်းစေတီကို သူ(မ)အား ကမ်းပေးလိုက်သည်။
"အဲဒီကျရင် ငါ မင်းကို ကျွတ်လွတ်အောင် လုပ်ပေးမယ်။ မင်းရဲ့လက်ရှိအခြေအနေကနေ လွတ်မြောက်သွားမှာပါ"
"ငါတို့ဟွာရှားရဲ့ ထိပ်တန်းပညာရှင်ကိုများ လုပ်ကြံရဲတယ်ပေါ့"
ကျန်းမုန့်လောင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
"ငါ့အစား သူတို့ကို အသေရိုက်သတ်ခဲ့စမ်း။ အားမနာနဲ့။ သူတို့သေသွားရင် ငါ တာဝန်ယူမယ်"
*******************