← Chapters

ခင်ဗျားတို့ သုတေသနလုပ်နေတာတွေက ကျွန်တော် ဆော့ကစားပြီး လွှင့်ပစ်ထားခဲ့တဲ့ အရာတွေပါ

Vol. 48 Ch. 711

ခင်ဗျားတို့ သုတေသနလုပ်နေတာတွေက ကျွန်တော် ဆော့ကစားပြီး လွှင့်ပစ်ထားခဲ့တဲ့ အရာတွေပါ

Vol. 48 Ch. 711

ကျန့်ယဲ့ကျူးဟုခေါ်သော ဝိညာဉ်ရုပ်ခန္ဓာမှာ သူတို့မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီးနောက်မှသာ လူတိုင်း၏ရင်ထဲရှိ အံ့ဩတုန်လှုပ်မှုများမှာ တဖြည်းဖြည်းပြေလျော့သွားသည်။ ဤကမ္ဘာကြီးမှာ သူတို့ထင်ထားသည်ထက်ပိုပြီး ဆန်းကြယ်လျှို့ဝှက်နေပေသည်။

"သေရတော့မယ့် အမူအရာတွေ လုပ်မနေကြပါနဲ့ဦး"

ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။

"ဒီလိုအရာတွေက နေရာတိုင်းမှာ ရှိနေတတ်ပေမဲ့ သာမန်လူတွေကတော့ မမြင်ရဘူး။ ချန်းရှီကျား... မင်းရဲ့ ပခုံးပေါ်မှာတောင် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ရှိနေသေးတယ်"

"အားးး"

ချန်းရှီကျားခမျာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။ သူ(မ) ဘာမှမမြင်ရသော်လည်း ဤစကားတစ်ခွန်းမျှဖြင့် တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

"မင်းက မိန်းကလေးတွေကို အနိုင်ကျင့်တတ်သားပဲ"

လောင်ကျိုးက ရယ်ကာမောကာဖြင့် ဆူပူမာန်မဲလိုက်သည်။

"ဒါဆို ပညာရှင်ချန်းမြောင် ဘာပြဿနာမှမရှိတော့ဘူးမလား"

"မပူပါနဲ့။ တော်ဝင်ပညာရှင်ချန်းက အခု အဆင်ပြေသွားပါပြီ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ သူ့ရဲ့လက်ရှိကျန်းမာရေးအခြေအနေအရ အနားယူဖို့လိုတယ်။ သူ့ကို မြန်မြန်သက်သာလာအောင် လုပ်ပေးလို့ရတဲ့နည်းတွေ အများကြီးရှိပေမဲ့ ဆေးတိုင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိတတ်တယ်လေ။ ပြဒါးရှင်လုံးက လူငယ်တွေအတွက် ဘာသက်ရောက်မှုမှမရှိပေမဲ့ တော်ဝင်ပညာရှင်ချန်းလို လူကြီးတွေအတွက်ဆိုရင် အနားယူပြီး ပြန်သက်သာလာဖို့ အချိန်တစ်ခုပေးသင့်တယ်"

"အဘိုးရဲ့ကျန်းမာရေးက ပိုအရေးကြီးပါတယ်"

ချန်းရှီကျားက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ဒီလိုဆိုရင် မတ်လထဲမှာကျင်းပမဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲအတွက် အသင်းကို ဦးဆောင်နိုင်တော့မှာမဟုတ်ဘူးပေါ့"

"ဒါကမှ တကယ့်ပြဿနာပဲ"

လောင်ကျိုးလည်း အတွေးများရလေတော့သည်။

"ဒီတော်ဝင်ပညာရှင်တွေကြားမှာ တော်ဝင်ပညာရှင်ချန်းတစ်ယောက်တည်းကပဲ လူတိုင်းရဲ့လေးစားမှုကို ခံထိုက်တဲ့ အရည်အချင်းမျိုးရှိတာ။ တာဝန်ယူမဲ့လူကို လူလဲလိုက်မယ်ဆိုရင် အဲဒီလူအုပ်ကြီးကိုထိန်းနိုင်မှာမဟုတ်ဘူး"

"လောင်ကျိုး.. တော်ဝင်ပညာရှင်ချန်းကို အစားထိုးနိုင်မဲ့လူတစ်ယောက်ရှိလား"

လောင်ကျိုးလည်း ခေါင်းခါယမ်းလိုက်ချေသည်။

"မင်းလည်းသိသားပဲ။ ဒီသုတေသီတွေက အရမ်းဂုဏ်မောက်ကြတာ။ သူတို့ထက်ပိုတော်တဲ့လူမဟုတ်ဘူးဆိုရင် သူတို့က ဘယ်သူ့ကိုမှ လေးစားမှာမဟုတ်ဘူး။ ချန်းမြောင်က အာကာသသိပ္ပံ၊ လေကြောင်းသိပ္ပံနဲ့ နျူကလီးယားဒိုင်းနမစ်ပညာရပ်မှာ အောင်မြင်မှုကြီးကြီးမားမား ရထားတယ်လေ။ အဲဒါကြောင့် လူတိုင်းက သူ့ကို အသိအမှတ်ပြုနေကြတာ"

"ဒါပေမဲ့ တခြားလူတွေဆိုရင် နယ်ပယ်တစ်ခုတည်းကိုပဲ အထူးပြုကျွမ်းကျင်တာဆိုတော့..."

"ကျွန်တော်နားလည်ပြီ။ ဒီတော့ အရည်အချင်းပိုသာတဲ့လူတစ်ယောက်ကို လိုတယ်ပေါ့။ ဟုတ်ပြီ"

ကျန်းမုန့်လောင်က ခဏမျှတွေးကြည့်လိုက်သည်။

"ကဲ ထားလိုက်ပါတော့။ ကျွန်တော်ပဲ တာဝန်ယူလိုက်ပါ့မယ်"

"မင်းလား။ မင်းက တော်ဝင်ပညာရှင်ချန်းအစား အဖွဲ့ကိုဦးဆောင်ပြီး နှီးနှောဖလှယ်ပွဲသွားတက်မလို့လား"

"တခြားဘယ်သူရှိရဦးမှာလဲ။ ပိုသင့်တော်တဲ့လူတစ်ယောက်ယောက်များ ရှိလို့လား"

"ဒါက..."

လောင်ကျိုးလည်း ဆင်ခြင်တွေးဆလိုက်သည်။

အမှန်ပင်။ လက်ရှိအချိန်အထိ ရရှိထားသော အောင်မြင်မှုများကို တွက်ကြည့်မည်ဆိုလျှင် ကျန်းမုန့်လောင်၏ ရူပဗေဒနိုဘယ်ဆုက သူတို့အားလုံးကို အနိုင်ပိုင်းပစ်နိုင်သည်။

နိုင်ငံတော်သိပ္ပံနှင့်နည်းပညာဆုပင်ဖြစ်စေ နိုင်ငံတော်အဆင့်ထူးချွန်ဆုပင်ဖြစ်စေ နိုဘယ်ဆုနှင့်ယှဉ်လိုက်လျှင် အဆင့်ချင်းကွာဟနေဆဲပင်။

သို့သော် ကျန်းမုန့်လောင်က အလွန်ငယ်လွန်းလှ၏။ ထို့ပြင် နိုဘယ်ဆုနှင့် ထိုစာတမ်းများမှာ နိုင်ငံတကာဂျာနယ်များတွင် ထုတ်ဝေထားခြင်းဖြစ်ပြီး သိသာထင်ရှားသော အခြားအောင်မြင်မှုများကို စွမ်းဆောင်ထားခြင်းမရှိပေ။

သိပ္ပံဆိုင်ရာဒေတာအမြောက်အများကို ထောက်ပံ့ပေးထားပါသော်ငြား ဤသတင်းအချက်အလက်က ကဏ္ဍခွဲခြားထားသဖြင့် အခြားနယ်ပယ်များရှိ ကျန်းမုန့်လောင်၏အောင်မြင်မှုများကို အခြားလူများက သတိမထားမိချေ။

ထို့ကြောင့် ထိုအဘိုးကြီးများမှာ ကျန်းမုန့်လောင်ကို အပြည့်အဝယုံကြည်နိုင်မည်မဟုတ်။

"ဒီလိုလုပ်ရအောင်။ နှစ်ရက်နေရင် ငါ မင်းကို သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ရအောင် စီစဉ်ပေးမယ်"

လောင်ကျိုးက အကြံပြုလိုက်သည်။

"လောင်ကျိုး.. ခင်ဗျားက တာဝန်ကို လက်လွှဲပေးနေတာပဲ"

"ဟားဟားဟား.... အရည်အချင်းရှိတဲ့လူက တာဝန်ပိုယူရမယ်လေ"

လောင်ကျိုးက ကတိပေးလာလေသည်။

"ဒီနှီးနှောဖလှယ်ပွဲကိုသာ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ရင် ငါ မင်းကို တော်ဝင်ပညာရှင်ရာထူးအတွက် လျှောက်ထားပေးမယ်။ ဘယ်လိုလဲ"

တကယ်တမ်းတွင် ကျန်းမုန့်လောင်ရရှိထားသော အောင်မြင်မှုများကြောင့် ဤဂုဏ်ပုဒ်ကား အစောကြီးကတည်းက ရနေသင့်သည်။

သဘာဝနှင့်သိပ္ပံဂျာနယ်များရှိ ထိုဆောင်းပါးများဖြင့် တက္ကသိုလ်အမြောက်အများတွင် ဂုဏ်ထူးဆောင်ပါမောက္ခရာထူးကို ယူနိုင်ရန် လုံလောက်နေပြီဖြစ်၏။ သူသာ ဆန္ဒရှိလျှင် နိုင်ငံတော်တော်များများရှိ နည်းပညာဌာနမှူးများက သူ့အား ဤသို့နှယ် တလေးတစားတောင်းဆိုရပေလိမ့်မည်။

"လေးစားရပါသော တော်ဝင်ပညာရှင်ခင်ဗျာ... ခင်ဗျား ဘယ်ရာထူးကို လိုချင်လဲမသိဘူး"

စဉ်းစားကြည့်မည်ဆိုလျှင် နိုင်ငံထဲတွင် တော်ဝင်ပညာရှင်ဘယ်နှယောက်ရှိသလဲ။ နိုဘယ်ဆုရှင်ကရော ဘယ်နှယောက်ရှိသလဲ။

"ကောင်းပြီလေ။ စီစဉ်လိုက်ပါ။ ပင်ပန်းခက်ခဲလိုက်တဲ့ ဒီလောကကြီးနှယ် ဟူး..."

...

ယန်ကျင်းတက္ကသိုလ်ရှိ တော်ဝင်ပညာရှင်များမှာ ယနေ့ အလွန်ထူးခြားလှသော ပုဂ္ဂိုလ်ရှစ်ယောက်ကို ကြိုဆိုခဲ့ရသည်။ သူတို၏ပျမ်းမျှအသက်က ၄၂ဖြစ်ပါသော်ငြား သူတို့အားလုံးမှာ တော်ဝင်ပညာရှင်များ ဖြစ်ကြသည်။

အီလက်ထရောနစ်စိတ်ပညာ၊ လေယာဉ်တည်ဆောက်မှုနည်းပညာနှင့် ရူပဓာတုဗေဒကဲ့သို့သော နယ်ပယ်များတွင် သူတို့က အထက်တန်းစားပညာရှင်များဖြစ်၏။ ယခုနှစ်၏ပညာရပ်နှီးနှောဖလှယ်ပွဲကို တော်ဝင်ပညာရှင်ချန်း၏ဦးဆောင်မှုဖြင့် တက်ရောက်ရမည်သာ။

"ပညာရပ်နှီးနှောဖလှယ်ပွဲက မတ်လထဲမှာ ကျင်းပမှာမဟုတ်ဘူး။ ဘာလို့ ဒီနေ့လူစုခိုင်းရတာလဲ"

"တော်ဝင်ပညာရှင်ချန်းက တလောတုန်းက အပြင်းဖျားသွားလို့ သူ့ရဲ့ကျန်းမာရေးအခြေအနေက သိပ်မကောင်းဘူးလို့ ကြားထားတယ်။ အဲဒါကြောင့် သူ နည်းနည်းအနားယူရဦးမှာတဲ့။ ကြည့်ရတာတော့ အဖွဲ့ကိုဦးဆောင်ဖို့ တခြားတစ်ယောက်ကို ရှာရမယ်ထင်တယ်"

"တခြားတစ်ယောက်ကို ရှာမှာလား။ တော်ဝင်ပညာရှင်ချန်းအပြင် တခြားဘယ်သူကများ ငါတို့ကို ဦးဆောင်နိုင်စွမ်းရှိမှာလဲ"

"ဖြစ်နိုင်ခြေရှိတဲ့လူတွေက တော်ဝင်ပညာရှင်ရွှီနဲ့ တော်ဝင်ပညာရှင်ဟန်ကျင်းယွီတို့လို့ ထင်တာပဲ။ တခြားလူသာဆိုရင် ငါ ဝမ်ဝေ့က အရင်ကန့်ကွက်ပစ်မှာ"

ဝမ်ဝေ့ဟုခေါ်သော အသက်သုံးဆယ်ကျော် အမျိုးသားကြီးက ယန်ကျင်းတက္ကသိုလ်၏လူငယ်အတန်းကို အသက်၁၂နှစ်တွင် တက်ရောက်ခဲ့ပြီး အသက်၁၈နှစ်တွင် Ph.Dဘွဲ့ ရရှိခဲ့သည်။ သူသည် ပေါ်လီမာကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးနည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့သဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လုပ်ငန်းနယ်ပယ်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ သူ့အသက်၃၆နှစ်တွင် သူသည် ဤနယ်ပယ်၏သမိုင်းတစ်လျှောက် အငယ်ဆုံးတော်ဝင်ပညာရှင် ဖြစ်လာခဲ့သည်။

အခြားလူများကလည်း သူ့လောက် မထူးချွန်ပါသော်ငြား သူ့နီးနီးတော့ ထူးချွန်ကြသည်။

"ဖျတ်"

တံခါးဖွင့်လိုက်ချိန်ဝယ် လူငယ်တစ်ယောက်က အစည်းအဝေးခန်းထဲသို့ ဝင်လာလေသည်။

ပညာရှင်အချို့က ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်ကြသည်။

"ကျောင်းသား.. မင်း နေရာမှားလာပြီ။ မင်းက ဘယ်သုတေသနအဖွဲ့ကလဲ။ ဒီနေရာက ဝင်ချင်တိုင်းဝင်လို့ရတဲ့ နေရာမို့လို့လား"

"ဒါက တော်ဝင်ပညာရှင်ချန်းရဲ့ သုတေသနအဖွဲ့မဟုတ်ဘူးလား"

"ဟုတ်တယ်။ မင်းက တော်ဝင်ပညာရှင်ချန်းရဲ့တပည့်လား။ သူ့မှာ မင်းလို တပည့်မျိုးရှိတယ်လို့ မကြားဖူးပါဘူး"

တော်ဝင်ပညာရှင်ချန်းမြောင်နှင့် အလွန်ရင်းနှီးသော တော်ဝင်ပညာရှင်တစ်ယောက်က ဆိုလာလေသည်။

"ဒါက တော်ဝင်ပညာရှင်ချန်းရဲ့သုတေသနအဖွဲ့ဆိုရင် ပြဿနာမရှိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ"

"ကျန်းမုန့်လောင်လား။ မင်းက ကမ္ဘာ့အချမ်းသာဆုံးလူလား"

တော်ဝင်ပညာရှင်များလည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"ငါတို့ ကိုင်ဘွန်ခရီးစဉ်အတွက် စပွန်ဆာလျှောက်ထားတယ်လို့လည်း မကြားမိပါဘူး"

"အမလေး.. အကုန်လုံးက မာနမိုးထိုးနေတာပဲ"

ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့လေဟန်အပြုံးဖြင့် ပြောလိုက်သည်။

ဤလူများက သာမန်လူများ တစ်သက်လုံးမစွမ်းဆောင်နိုင်သည့် ကိစ္စကို အသက်လေးဆယ်အရွယ်တွင် လုပ်ဆောင်နိုင်ခဲ့သူများပင်။ သူတို့အနေနှင့် မာန်မာနထောင်လွှားနေသည်ကိုလည်း နားလည်ပေးနိုင်ပါသည်။ သူတို့အားလုံးက နိုင်ငံအတွက် ထူးချွန်သော အောင်မြင်မှုများကို ဆွတ်ခူးပေးသူများဖြစ်၏။ သူ့အနေနှင့် သူတို့ကို အနိုင်ယူရမည်ဆိုလျှင်ပင် အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းရပေမည်။

"ကျွန်တော်က ခင်ဗျားတို့ကို စပွန်ဆာပေးဖို့ ရောက်လာတာမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒီနှစ်အတွက် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျွန်တော် ဦးဆောင်မှာ။ အဲဒါကြောင့် လေးစားရတဲ့ တော်ဝင်ပညာရှင်တွေကို ကြိုတင်အသိပေးဖို့ ရောက်လာတာပါ"

"မင်းက ဦးဆောင်မှာလား"

"ဟားဟားဟား ကောင်လေး.. မင်း လာနောက်နေတာလား"

"မင်းက ရူပဗေဒနိုဘယ်ဆုရှင်ဆိုတာတော့ ငါသိပါတယ်။ ဒါပေမဲ့ မင်းရဲ့ဆရာ တော်ဝင်ပညာရှင်ဟန်ကမှ ဦးဆောင်သင့်တာလို့ထင်တယ်နော်"

အပြင်လူများကတော့ နားမလည်လောက်ပေ။ သို့သော် အတွင်းလူများကတော့ နိုဘယ်ဆုရရန် မည်မျှခက်ခဲကြောင်း ကောင်းကောင်းသတိထားမိကြသည်။ ကျန်းမုန့်လောင်သည် တက္ကသိုလ်ကျောင်းသားတစ်ယောက်မျှသာ ဖြစ်၏။ ထို့ကြောင့် ဤအောင်မြင်မှုမှာ သူ့ကိုယ်ပိုင်အရည်အချင်းသက်သက်ဖြင့် ရရှိထားခြင်းဟု သူတို့ မယုံကြည်ပေ။

ဤသည်မှာ လူသိများကျော်ကြားမှုကို လှုံ့ဆော်ရန် အကွက်ချထားခြင်းဖြစ်သည်ဟု သူတို့ သံသယဖြစ်မိသည်။

"ဒီတော့ ခင်ဗျားတို့က ကျွန်တော့်ကို အရည်အချင်းမပြည့်မီလို့ ထင်ကြတယ်ပေါ့"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။

"လေးစားရတဲ့ စီနီယာတွေဖြစ်တဲ့အတွက် ကျွန်တော် ခင်ဗျားတို့ရဲ့ နိုင်ငံအပေါ်အကျိုးပြုခဲ့တဲ့လုပ်ရပ်တွေကို လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ထိုက်တန်တဲ့ လေးစားမှုမျိုးကို ပေးဖို့လည်း မျှော်လင့်ပါတယ်"

"မင်းသာ အရည်အချင်းရှိကြောင်း သက်သေပြနိုင်ရင် ငါတို့လည်း မင်းကိုလေးစားဖို့ ဝန်မလေးပါဘူး။ ငါတို့သုတေသီတွေက အရမ်းရိုးရှင်းတယ်။ မင်းမှာ အရည်အချင်းရှိရင် ငါတို့ မင်းကို လေးစားမှာပဲ။ အရည်အချင်းမရှိရင်တော့ မင်းဘာသာ ကမ္ဘာ့အချမ်းသာဆုံးလူပဲဖြစ်ဖြစ် နိုဘယ်ဆုရှင်ပဲဖြစ်ဖြစ် ငါတို့အတွက်တော့ အရေးမပါဘူး"

ဝမ်ဝေ့ဟုခေါ်သော တော်ဝင်ပညာရှင်က ဆိုလာလေသည်။

"ငါတို့ရဲ့သုတေသနနယ်ပယ်တစ်ခုချင်းစီမှာ ငါတို့တွေကို မင်း အနိုင်ပိုင်းနိုင်ရင် တစ်ယောက်တည်းကိုပဲ အနိုင်ယူနိုင်တယ်ဆိုရင်တောင် ငါတို့ အသိအမှတ်ပြုပေးမယ်"

"အမှန်ပဲ"

"သေချာလား"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကတယ်တော့ ကျွန်တော်က ခင်ဗျားတို့ကို ဂုဏ်သိက္ခာလေးနည်းနည်းတော့ ချန်ထားပေးချင်တာ။ ပွင့်ပွင့်လင်းလင်းပြောမိလို့ စိတ်မရှိပါနဲ့။ ခင်ဗျားတို့ရဲ့သုတေသနရလဒ်တွေက ကျွန်တော်ဆော့ကစားပြီး ကျန်နေခဲ့တဲ့ဟာတွေလောက်ပဲရှိတာ"

*******************

All Chapters