ကြွားတဲ့နေရာက ကျွန်တော်ပဲ ဦးဆောင်မယ်
Vol. 48 Ch. 712
"မင်း ဘာပြောလိုက်တာလဲ"
ကျန်းမုန့်လောင်၏စကားများက သူတို့၏ချက်ကောင်းကို ထိသွားဟန်တူသည်။
သူတို့က ငယ်ငယ်ရွယ်ရွယ်နှင့် နာမည်ကြီးခဲ့ပြီး အသက်လေးဆယ်မျှဖြင့် တော်ဝင်ပညာရှင်ဟူသော ဂုဏ်ပုဒ်ကို ရရှိထားသဖြင့် သူတို့၏သုတေသနက နယ်ပယ်တစ်ခုတည်းတွင်သာ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။
သို့သော် သူတို့၏နယ်ပယ်ထဲတွင်မူ ယုံကြည်မှုအပြည့်ရှိသည်။ သူတို့ကို မည်သူမှ မကျော်နိုင်ပေ။
အကြောင်းမှာ ဤရလဒ်များသည် သူတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် ကြိုးစားအားထုတ်ထားသောအရာများပင်။
ယခုမူ တစ်စုံတစ်ယောက်က သူတို့ နှစ်ပေါင်းနှစ်ဆယ်ကျော် သုတေသနလုပ်နေသည့် အရာများမှာ သူတစ်ပါးဆော့ကစားပြီး ပစ်ထားခဲ့သည့် အကြွင်းအကျန်များသာ ဖြစ်သည်ဟု ဆိုလာလေရာ သူတို့အနေနှင့် မည်သို့လက်ခံနိုင်မည်နည်း။
"ကောင်လေး... မင်းက တော်တော်မောက်မာတာပဲ။ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးနော်"
"အရည်အချင်းမရှိဘဲ မာနကြီးတာကတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ အရည်အချင်းရှိနေရင်ရော။ မာနကြီးတော့ ဘာဖြစ်သေးလဲ"
ကျန်းမုန့်လောင်က အစည်းအဝေးခန်းမ၏ အဓိကနေရာသို့ လျှောက်သွားလိုက်သည်။
"အားလုံး ဒီနေ့ ဒီကိုရောက်လက်စနဲ့ ကျွန်တော့်ကို အချိန်နည်းနည်းပေးကြပါ။ ကျွန်တော် ကျန်းမုန့်လောင်က ဒီညီလာခံကိုဦးဆောင်ဖို့ အရည်အချင်းရှိမရှိဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်ပဲ စောင့်ကြည့်ကြပေါ့"
"ကောင်းပြီလေ။ မင်း ဘာတွေလုပ်ပြနိုင်လဲဆိုတာ ငါတို့လည်း ကြည့်ချင်သေးတယ်"
ပညာရှင်အချို့က ပွဲကြည့်ပရိသတ်လုပ်မည့်အလား နေရာယူလိုက်ကြပြီး ကျန်းမုန့်လောင်ကို စိုက်ကြည့်နေကြသည်။
"တော်ဝင်ပညာရှင်ဝမ်ဝေ့က အရမ်းစိတ်အားထက်သန်နေတာဆိုတော့ တော်ဝင်ပညာရှင်ဝမ်ရဲ့သုတေသနနဲ့ပဲ စလိုက်ရအောင်"
ကျန်းမုန့်လောင်က PPTဖိုင်တစ်ခုကို ဖွင့်လိုက်သည်။
"ဇီဝဆဲလ်အတုတွေမှာ ပေါ်လီမာကုန်ကြမ်းတွေကို စက်မှုလုပ်ငန်းသုံးအဖြစ် အသုံးချတာက တကယ်ကောင်းမွန်တဲ့ နယ်ပယ်တစ်ခုပါ။ အောင်မြင်အောင် လုပ်နိုင်ရင် လူအများကြီးကို အကျိုးပြုနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ တော်ဝင်ပညာရှင်ဝမ်ရဲ့ ဇီဝဆဲလ်တုတွေက အကြမ်းထည်အဆင့်မှာပဲ ရှိပါသေးတယ်။ အခြေခံအဆင့်ကိုတောင် မမီသေးဘူး"
"စကားကြီးစကားကျယ်တွေ"
ဝမ်ဝေ့က ဆိုလေသည်။
"လက်ရှိ ဓာတ်ခွဲခန်းထုတ်ဆဲလ်တွေက အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ငါ့သုတေသနထက်သာတဲ့ သုတေသနမျိုး မရှိသေးဘူး။ ဆဲလ်အမြှေးပါးအိတ်လေးတွေထဲမှာ မော်လီကျူးအကြီးစားတွေ တည်ဆောက်ဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုပဲ။ ငါ့သုတေသနအဖွဲ့ကလွဲရင် ဒီလိုအရွယ်စုံရှိတဲ့အိတ်တွေကို ဘယ်သူမှမထုတ်နိုင်သေးဘူး"
"ကျွန်တော်သိပါတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"တော်ဝင်ပညာရှင်ဝမ်ရဲ့အောင်မြင်မှုတွေကို ကျွန်တော် မငြင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ သိပ်မဟုတ်သေးဘူး။ ခင်ဗျားက အရွယ်အစားမတူတဲ့ အိတ်လေးတွေကို ထုတ်နိုင်ပေမဲ့ သဘာဝဆဲလ်အမြှေးပါးတွေက ထူးခြားတဲ့လုပ်ဆောင်ချက်တွေရှိပြီး အရမ်းရှုပ်ထွေးတယ်။ ခင်ဗျားရဲ့အိတ်လေးတွေကျတော့ တစ်သမတ်တည်းတွေမဟုတ်လား"
ဝမ်ဝေ့၏အမူအရာကား ပြောင်းလဲသွားပြီး အတန်ငယ်မျက်နှာပျက်သွားသည်။ ကျန်းမုန့်လောင်က သူ့သုတေသနအကြောင်းကို သေချာလေ့လာထားပြီး လက်ရှိအချိန်တွင် သူ့သုတေသနက တိုးတက်မှုရပ်တန့်နေကြောင်း သိထားသည်မှာ ထင်ရှားလှသည်။
"ဒီအိတ်လေးတွေကို ဘယ်လိုကဏ္ဍခွဲခြားပြီး လုပ်ဆောင်ချက်အမျိုးမျိုးရှိလာအောင် လုပ်မလဲဆိုတာကို ခင်ဗျား သုတေသနလုပ်နေတာ ငါးနှစ်ရှိသွားပြီ။ ဒါပေမဲ့ အခုထိ ဘာမှမထူးခြားသေးဘူးမလား"
"မင်း ဘာပြောချင်တာလဲ"
ဝမ်ဝေ့က မေးလိုက်၏။
"မင်းပြောတာက မှန်ကောင်းမှန်နိုင်ပေမဲ့ တကယ်လို့ ငါမလုပ်နိုင်ရင် တခြားလူတွေလည်း မလုပ်နိုင်ဘူး။ ငါ့သုတေသနစွမ်းရည်က ထိပ်တန်းပဲ"
"တခြားလူတွေကတော့ မလုပ်နိုင်ပေမဲ့ ကျွန်တော်ကတော့ လုပ်နိုင်တယ်"
ကျန်းမုန့်လောင်က ပါဝါပွိုင့်၏နောက်စာမျက်နှာကို လှန်လိုက်သည်။
"ကျွန်တော် နာနိုအမှုန်တစ်မျိုးကိုသုံးပြီး ဒီအိတ်လေးတွေမှာ လုပ်ဆောင်ချက်အမျိုးမျိုးရှိအောင် လုပ်ခဲ့ပြီး အပေါ်ယံအလွှာရဲ့ လိုက်လျောညီထွေရှိမှုကိုလည်း ဖြေရှင်းပြီးသွားပြီ။ ဒါတွေက ကျွန်တော့်ရဲ့သုတေသနအချက်အလက်တွေနဲ့ သဘောတရားတွေပါ"
ကျန်းမုန့်လောင်က ဤအကြောင်းအရာနှင့်ပတ်သက်ပြီး မိနစ်လေးဆယ်ကျော်ကြာအောင် ရှင်းပြခဲ့သည်။
ဝမ်ဝေ့၏အမူအရာမှာ အစပိုင်းတွင် လှောင်ပြောင်သရော်နေရာမှ နောက်တွင် အံ့အားသင့်သွားပြီးနောက် အဆုံးတွင် လေးစားကြည်ညိုသည့် အဆင့်အထိ ပြောင်းလဲသွားသည်။
အကြောင်းမှာ ကျန်းမုန့်လောင်က နောက်ဆုံးရလဒ်များအကြောင်း ပြောပြနေရုံသာမက လုပ်ငန်းစဉ်နှင့် တွေးခေါ်ပုံကိုပါ အသေးစိတ်ရှင်းပြခဲ့သောကြောင့်ပင်။ ဤသည်မှာ သူကိုယ်တိုင် စမ်းသပ်လေ့လာခဲ့ခြင်းမရှိပါက ဤမျှတိတိကျကျ ပြောပြနိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရသော် ရလဒ်များ မှန်ကန်မှုရှိမရှိဆိုသည်ကို အသာထား။ ဇီဝဆဲလ်များအပေါ် ကျန်းမုန့်လောင်၏နားလည်သဘောပေါက်မှုမှာ အလွန်နက်ရှိုင်းလှပေသည်။ ဝမ်ဝေ့ နှစ်ပေါင်းနှစ်ဆယ်ကြာအောင် လုပ်ခဲ့ရသော သုတေသနများမှာ ကျန်းမုန့်လောင်၏သုတေသနနှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှနေချေသည်။
သူ သုတေသနလုပ်နေရသည့် အကြောင်းအရာများမှာ ကျန်းမုန့်လောင်ဆော့ကစားပြီး ပစ်ထားသည့် အကြွင်းအကျန်များဖြစ်သည်ဟူသော စကားမှာ မှားတော့မမှားချေ။
"တော်ဝင်ပညာရှင်လျိုရဲ့အကြောင်းအရာက နျူကလီးယားစွမ်းအင်သုံးဒုံးပျံတွေမလား"
ကျန်းမုန့်လောင်က အခြားလူများ၏စကားကိုပင် မစောင့်တော့ဘဲ နောက်ထပ်တော်ဝင်ပညာရှင်တစ်ဦးဘက်သို့ လှည့်လိုက်သည်။
"ငါ့ရဲ့နျူကလီးယားစွမ်းအင်သုံးဒုံးပျံနည်းပညာက တော်တော်တိုးတက်နေပါပြီ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လွှတ်တင်ခဲ့တဲ့ ရှန့်ကျိုး၁၅ဒုံးကျည်က နျူကလီးယားစွမ်းအင်ကို အခြေခံထားတာလေ။ သူ့ရဲ့စွမ်းအင်စွမ်းဆောင်ရည်က အလေးချိန်တူတဲ့ တခြားဒုံးကျည်တွေထက် နှစ်ဆကျော်ပိုသာပြီး ဝန်တင်ဆောင်နိုင်စွမ်းကလည်း သိသိသာသာတိုးတက်လာခဲ့တယ်"
"အင်း.. ဒါတွေက ပြဿနာတော့မဟုတ်လှဘူး။ လက်ရှိနည်းပညာအဆင့်အရ တခြားမောင်းနှင်မှုစနစ်မျိုး မသုံးသရွေ့တော့ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ ခက်သွားပြီ"
တော်ဝင်ပညာရှင်လျိုကလည်း ဂုဏ်ယူဝင့်ကြွားနေဟန် အမူအရာကို ပြသလာသည်။ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် တိုးတက်ဖို့ မလွယ်တော့ဘူးဟု ပြောလာပြီဖြစ်ရာ သူ့ကို အပြစ်ရှာစရာရှိမည်မဟုတ်ပေ။
"ဒါပေမဲ့ တော်ဝင်ပညာရှင်လျို.. နျူကလီးယာစွမ်းအင်သုံးမောင်းနှင်မှုကြောင့် အာကာသယာဉ်မှူးတွေ နေ့စဉ်ခံယူနေရတဲ့ ရောင်ခြည်သင့်မှုပမာဏက တစ်ကိုယ်လုံးကို ဓာတ်မှန်ခုနစ်ကြိမ်ရှစ်ကြိမ်လောက်ရိုက်တာနဲ့ ညီမျှနေတယ်လို့ ခင်ဗျား တွေးကြည့်ဖူးလား။ တကယ်လို့ အာကာသဝတ်စုံကို အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် အလေးချိန်ပိုများလာမှာမို့ နျူကလီးယားစွမ်းအင်ရဲ့ အားသာချက်ကို သိသိသာသာလျော့ကျသွားစေလိမ့်မယ်"
"ဒါဆို မင်းမှာ တခြားဖြေရှင်းနည်းရှိလို့လား။ နျူကလီးယားရောင်ခြည်ဆိုတာ ဘယ်သူဖြစ်ဖြစ် ရှောင်လွှဲလို့မရဘူး"
တော်ဝင်ပညာရှင်လျိုက ပြောလိုက်၏။
"အမှန်ပဲ။ နျူကလီးယားရောင်ခြည်ဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ သီးခြားခွဲထုတ်ထားလို့တော့ရတယ်"
ကျန်းမုန့်လောင်က ပါဝါပွိုင့်အသစ်တစ်ခုကို ဖွင့်လိုက်လေသည်။
"ဒါက ကျွန်တော် အရင်က စမ်းသပ်ထားတဲ့ သတ္တုစပ်တစ်ခုပါ။ လျှပ်စစ်သံလိုက်အကျိုးသက်ရောက်မျုကိုသုံးပြီး နျူကလီးယားရောင်ခြည်ကို ၉၉.၈ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်တာမို့ သူ့ဆိုးကျိုးတွေကို ကင်းစင်သွားစေနိုင်တယ်"
"ဒါပေမဲ့ ဒါက ကုန်ကြမ်သိပ္ပံနည်းပညာရဲ့နယ်ပယ်လေ"
တော်ဝင်ပညာရှင်လျိုက ဆိုလိုက်၏။
"ငါက အင်ဂျင်ပိုင်းကို အထူးပြုထားတာ။ ဒါက သိပ်မသက်ဆိုင်သလိုပဲ"
"ကောင်းပြီလေ။ ဒါဆို အင်ဂျင်ပိုင်းကိုပဲ ပြောကြတာပေါ့"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။
"ကျွန်တော် နောက်ထပ်ဆက်ပြောမှာကတော့ ကွေးညွတ်မောင်းနှင်မှုအင်ဂျင်အကြောင်းပါ"
ဤသဘောတရားကို နားလည်နိုင်ရန်အတွက် ရူပဗေဒစမ်းသပ်ချက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။
စက္ကူလှေလေးတစ်စင်းကိုခေါက်ပြီး လှေ၏အမြီးပိုင်းတွင် အပေါက်လေးတစ်ခုဖောက်ကာ ဆပ်ပြာတုံးတစ်တုံးထည့်လိုက်ပါက လှေက ရေထဲတွင် အလိုလိုခရီးနှင်သွားသည်ကို တွေ့ရပေလိမ့်မည်။
အကြောင်းမှာ ဆပ်ပြာက ရေတွင် ပျော်ဝင်သွားသဖြင့် လှေ၏အနောက်ပိုင်းရှိ ရေမျက်နှာပြင်၏တင်းအားကို လျော့ကျသွားစေပြီး လှေကို အရှေ့ဘက်ရှိ တင်းအားဖြင့် ဆွဲယူသွားခြင်းဖြစ်၏။ ဟင်းလင်းပြင်ကွေးညွတ်မောင်းနှင်မှုစနစ်ကလည်း အလားတူပင်။ အာကာသယာဉ်၏အနောက်ဘက်ရှိ ကွေးညွတ်မှုကို လျှော့ချလိုက်လျှင် အရှေ့ပိုင်းရှိ ပိုကြီးမားသော ဟင်းလင်ပြင်က အာကာသယာဉ်ကို ဆွဲခေါ်သွားခြင်းပင်။
ဤသီအိုရီကို "သုံးကိုယ်ပွား"သိပ္ပံစိတ်ကူးယဉ်ဝတ္ထုထဲတွင် ရှင်းပြထားဖူးသော်လည်း ယနေ့အချိန်အထိ သီအိုရီအဆင့်မှာသာ ရှိသေးသည်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင် နိုင်ငံတော်ကို သိပ္ပံအချက်အလက်များ အပ်နှင်းခဲ့ရာတွင် ဤအင်ဂျင်အကြောင်း သီအိုရီများလည်း ပါဝင်ပေသည်။ ယခုမူ ထိုအကြောင်းအရာကို သုတေသနလုပ်ရန် အထူးအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားသော်လည်း အလွန်ခက်ခဲလွန်းလှသဖြင့် ကျန်းမုန့်လောင်ပေးထားသော အချက်အလက်များ၏ ငါးရာခိုင်နှုန်းကိုသာ လက်တွေ့အကောင်အထည်ဖော်နိုင်သေးသည်။
ဤပါမောက္ခလျိုကလည်း ထိုသုတေသနအဖွဲ့၏ခေါင်းဆောင်တစ်ယောက် ဖြစ်နေပေသည်။
"မင်း.. မင်းက ဒီအင်ဂျင်ရဲ့သဘောတရားတွေကို ဘယ်လိုလုပ်ပြီးသိတာလဲ"
တော်ဝင်ပညာရှင်လျိုခမျာ ကျန်းမုန့်လောင်က ဤအင်ဂျင်အကြောင်း နှံ့နှံ့စပ်စပ်သိနေသည်ကို မြင်သောအခါ အံ့ဩသွားလေသည်။ ထောက်ပံ့ပေးထားသည့် စာတမ်းထဲတွင် သူ နားမလည်နိုင်သည့် အချက်အလက်များကို ကျန်းမုန့်လောင်က မိနစ်ပိုင်းအတွင်း ရှင်းပြသွားပြီး လက်တွေ့ပြဿနာများကိုပင် ဖြေရှင်းပေးနိုင်ခဲ့သည်။
"ခင်ဗျားကို အဲဒီစာတမ်းတွေပေးတုန်းက အဲဒါတွေကို ပြုစုရေးသားပြီး ပေးခဲ့တဲ့လူက ကျွန်တော်ဆိုတာ သူတို့ ပြောမပြကြဘူးလား"
"မင်းက ဆန်းကြယ်တဲ့ အဲဒီပညာရှင်ကြီးလား"
ကျန်းမုန့်လောင်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။ ထို့နောက် တတိယမြောက်ပညာရှင်ဘက်သို့ လှည့်လိုက်သည်။
"တော်ဝင်ပညာရှင်ယွီရဲ့သုတေသနနယ်ပယ်က…"
"ကောင်းပါပြီ။ ကောင်းပါပြီ ဆက်မပြောပါနဲ့တော့"
တော်ဝင်ပညာရှင်ယွီက ကျန်းမုန့်လောင်ဆက်မပြောခင် ဖြတ်ပြောလိုက်၏။
"ငါတို့တွေက သက်တမ်းတစ်ဝက်စာလောက် ကြိုးစားခဲ့တာတောင် နည်းနည်းပဲအောင်မြင်ခဲ့တာ။ မင်းကတော့ စကားနည်းနည်းနဲ့တင် ငါတို့ကို ကျော်တက်သွားပြီ။ ငါတို့ရဲ့ဂုဏ်သိက္ခာကို နည်းနည်းတော့ငဲ့ပါဦး"
"မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့ပါရမီရှင်တွေ ပေါ်ထွက်လာတာပဲ။ ငါတို့ မင်းကို အထင်သေးခဲ့မိတယ်"
"တော်ဝင်ပညာရှင်ချန်းအစား ဒီအဖွဲ့ကို ဦးဆောင်ဖို့ မင်းမှာ အရည်အချင်းအပြည့်ရှိတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ငါ့မှာ ကန့်ကွက်စရာမရှိတော့ပါဘူး"
"ငါလည်း မရှိပါဘူး"
...
အမှန်တွင်မူ ဤတော်ဝင်ပညာရှင်ကြီးများတွင် မကောင်းသော ရည်ရွယ်ချက်များ မရှိကြပေ။ သူတို့၏အသိအမှတ်ပြုမှုကို ရရှိရန်အတွက် သူတို့ထက် ပိုတော်ကြောင်း သက်သေပြရန်သာ လိုအပ်သည်။ ကျန်းမုန့်လောင်က ထိုသို့လုပ်နိုင်ခဲ့သဖြင့် သူတို့၏လေးစားမှုကို ရရှိလိုက်လေသည်။
"ဒီတစ်ခေါက် မင်းက ဦးဆောင်မှာဆိုတော့ မာန်တက်နေတဲ့ တခြားနိုင်ငံက တော်ဝင်ပညာရှင်တွေ မောက်မာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့"
"မင်းမသိဘူးနော်။ ပြီးခဲ့တဲ့တွေ့ဆုံပွဲတုန်းက ဂျာမနီပညာရှင်တစ်ယောက်က ငါတို့နိုင်ငံရဲ့နည်းပညာက ခေတ်နောက်ကျပါတယ်ဆိုပြီး လှောင်ပြောင်ခဲ့တာ။ အဲဒီတုန်းက ငါတို့ကလည်း သူတို့ကို တကယ်မယှဉ်နိုင်ခဲ့တာဆိုတော့ တော်တော်ဒေါသထွက်ခဲ့ရတယ်"
"ဒီတစ်ခေါက်တော့ ငါတို့ရဲ့နေရာကို ပြန်ယူရမယ်"
"ကောင်းပါပြီ"
ကျန်းမုန့်လောင်က ရယ်မောရင်း ဆိုလိုက်၏။
"ဒီတစ်ခေါက် ကြွားရမဲ့နေရာမှာတော့ ကျွန်တော်ပဲ အရှေ့က ဦးဆောင်ပေးပါ့မယ်"
******************