← Chapters

ခင်ဗျားတို့က ဟန်ဆောင်နေရုံပဲ

Vol. 48 Ch. 714

ခင်ဗျားတို့က ဟန်ဆောင်နေရုံပဲ

Vol. 48 Ch. 714

ထိုသို့သော ကဲ့ရဲ့ရှုံ့ချမှုများနှင့် ကြုံတွေ့ရသဖြင့် တော်ဝင်ပညာရှင်များမှာ ခါးသီးမှုကို ခံစားနေကြရသည်။

သူတို့၏သုတေသနရန်ပုံငွေများမှာ အနည်းဆုံး သန်းပေါင်းများစွာရှိပြီး အမှန်တကယ်များပြားလှသော်လည်း သူတို့၏ကိုယ်ကျိုးအတွက် လုံးဝမသုံးစွဲခဲ့ဖူးပေ။ သူတို့၏လစာမှာမူ ယွမ်တစ်သောင်းဝန်းကျင်သာရှိသည်။

နိုင်ငံတော်အတွက် တစ်သက်လုံး ပေးဆပ်ခဲ့ပါလျက်နှင့် ဘာကြောင့်များ ယခုလိုစွပ်စွဲမှုမျိုးနှင့် ရင်ဆိုင်နေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ပေ။

"တင်"

သူတို့၏ဖုန်းများမှာ တစ်ခုပြီးတစ်ခု တုန်ခါလာကြသည်။

"ဘာ…"

ဖုန်းထဲရှိ စာတိုကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများမှာ အဆမတန်ပြူးကျယ်သွားသည်။ သူတို့၏ဘဏ်အကောင့်ထဲသို့ မယုံကြည်နိုင်လောက်အောင် များပြားလှသော ငွေပမာဏများ ရုတ်တရက်ဝင်လာလေသည်။

တချို့က သန်းလေးဆယ် သို့မဟုတ် သန်းငါးဆယ်အထိ ရရှိကြပြီး တချို့ကတော့ သန်းတစ်ရာကျော်အထိ ရရှိကြသည်။ ရန်ပုံငွေထည့်ဝင်သည့် အဖွဲ့အစည်းမှာ "သိပ္ပံသုတေသနထောက်ပံ့ရေးရန်ပုံငွေ"ဟု‌ ဖော်ပြထားသည်။

"မစ္စတာကျန်း.. ဒါက ခင်ဗျားရဲ့လက်ချက်လား"

တော်ဝင်ပညာရှင်တစ်ယောက်က အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကြောင့် စိတ်ညစ်နေချိန်မှာ "သိပ္ပံသုတေသနထောက်ပံ့ရေးရန်ပုံငွေ"ကို ကျန်းမုန့်လောင်က ချက်ချင်းတည်ထောင်လိုက်သည်ကို သိလိုက်ရ၏။ ထိုဝေးပေါ်ပို့စ်တင်ပြီးသည်မှာ ၁၁မိနစ်ပင် မပြည့်သေးပေ။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ၁၁မိနစ်အတွင်းမှာပင် ကျန်းမုန့်လောင်က အဖွဲ့တစ်ဖွဲ့ကို အံ့ဩဖွယ်ကောင်းအောင် ဖွဲ့စည်းလိုက်ပြီး သူတို့၏ယခင်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဘဏ်အကောင့်အချက်အလက်များကို ရှာဖွေကာ လွှဲပေးလိုက်ပေသည်။

ဤမျှမြန်ဆန်လှသော စွမ်းဆောင်ရည်မှာ ကမ္ဘာ့အမြန်ဆုံးဟုပင် ဆိုနိုင်သည်။

"မစ္စတာကျန်း.. ကျုပ်တို့ ဒီပိုက်ဆံကို လက်မခံနိုင်ပါဘူး"

"လက်ခံလိုက်ပါ"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသားပြောလိုက်လေသည်။

"ခင်ဗျားတို့လို လူတွေတောင် ဒီဆုငွေနဲ့မထိုက်တန်ရင် ဘယ်သူက ထိုက်တန်ဦးမှာလဲ"

"ဒါပေမဲ့ ဒါက တအားများလွန်းတယ်"

ယခုအချိန်အထိ တော်ဝင်ပညာရှင်များ စုဆောင်းမိသမျှမှာ အလွန်ဆုံးရှိလှ တစ်သန်းပင်။ သူတို့အနေနှင့် သန်းနှင့်ချီသော ငွေများကို မြင်ဖူးသော်လည်း သူတို့အကောင့်ထဲသို့ ရောက်လာခြင်းမှာမူ ပထမဆုံးပင်။

"စိတ်မပူပါနဲ့။ ဒါက အထွေအထူးမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်တော် ဘဏ်တစ်ခုဖွင့်ထားတယ်။ နိုင်ငံခြားသားတွေဆီက ပိုက်ဆံရှာနေတာ။ နောက်နှစ်ကျရင် အတိုးနည်းနည်းထပ်ပေါင်းလိုက်တာနဲ့ ဒီငွေတွေက ပြန်ဝင်လာမှာ"

"ဒါပေမဲ့ ဒါက…"

"စိတ်အေးအေးထားပြီး ယူလိုက်ပါ။ ခင်ဗျားတို့ကို စော်ကားရဲတဲ့လူရှိရင် ကျွန်တော်က ခင်ဗျားတို့ကိုယ်စား ပြန်ဆဲပေးမယ်။ သူတို့က မနာလိုဖြစ်နေကြတဲ့ အရှုံးသမားတွေပါ။ ပညာလည်းမရှိ ဦးနှောက်လည်းမရှိ ကီးဘုတ်ပဲရှိတဲ့လူတွေ… သုတေသီတွေက ဆင်းဆင်းရဲရဲနေရမယ်လို့ ဘယ်သူက ပြောထားလို့လဲ။ သမာအာဇီဝနဲ့ ငွေရှာနေသရွေ့ ဘယ်သူ့မှာ ပြောခွင့်ရှိမှာလဲ။ ကျွန်တော် ကျန်းမုန့်လောင်က ဒီလိုလွဲမှားနေတဲ့ အတွေးအခေါ်တွေကို ရိုက်ချိုးပစ်မှာ"

"အဲဒီလိုဆိုရင် ငါတို့လည်း အားနာမနေတော့ဘူး"

တော်ဝင်ပညာရှင်များမှာ သူတို့အတွက် ငွေမလိုအပ်သော်လည်း သူတို့၏သားသမီးမြေးမြစ်များအတွက်တော့ လိုအပ်လေသည်။ သူတို့အနေနှင့် သူတို့၏ဇနီးနှင့်သားသမီးများကို ထောက်ပံ့ပေးနိုင်မည်ဆိုပါက ဘာကြောင့်ငြင်းနေရမည်နည်း။

...

"မုန့်လောင် ငါတို့ရောက်တော့မယ်ထင်တယ်"

"တကယ်လား"

ကျန်းမုန့်လောင်က ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။ လေဆိပ်တွင် နေရာအကျယ်ကြီး ဖယ်ပေးထားပြီး လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်သားများကလည်း ဝန်းရံထားပေသည်။

"ဘာတွေဖြစ်နေတာလဲ။ ငါတို့က အစည်းအဝေးလာတက်တာလေ။ အကြမ်းဖက်တိုက်ခိုက်ဖို့မှမဟုတ်တာ။ စစ်တပ်က ဘာလို့ရောက်နေတာလဲ"

တော်ဝင်ပညာရှင်ကြီးများက စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။

"ဟုတ်တယ်။ လုံခြုံရေးအရဆိုရင်တောင် ဒါက နည်းနည်းများလွန်းနေပြီမဟုတ်ဘူးလား။ ကပ်ရောဂါကာလတုန်းကတောင် ဒီလောက်အထိ လုံခြုံရေးမတင်းကျပ်ဘူး။ ဒါက တပ်ရင်းတစ်ခုစာလောက်ရှိမယ်ထင်တယ်"

"ဒါက ကျွန်တော့်ကို စောင့်ကြည့်ဖို့ဖြစ်လိမ့်မယ်ထင်တယ်"

ကျန်းမုန့်လောင်က တဟားဟားရယ်မောရင်း ပြောလိုက်၏။

စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ယခင်တစ်ခေါက်စစ်ဆင်ရေးတွင် ကိုင်ဘွန်နိုင်ငံ မပါဝင်ခဲ့သော်လည်း ယခင်က ကျန်းမုန့်လောင်သည် မြေအောက်နင်ဂျာဌာနချုပ်တစ်ခုလုံးကို မြေလှန်ပစ်လုနီးပါး လုပ်ခဲ့ဖူးသည်။ နင်ဂျာဧကရာဇ်ခမျာ ယနေ့အထိ အင်အားမပြည့်သေးသလို သူတို့နိုင်ငံ၏ တန်ဖိုးကြီးသော နိုင်ငံတော်ရတနာတချို့ကိုလည်း ကျန်းမုန့်လောင်က မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများအဖြစ် ယူသွားခဲ့သေးသည်။

သိပ်မကြာခင်ကလည်း ကိုင်ဘွန်နိုင်ငံ၏ ဒဏ္ဍာရီလာ မိစ္ဆာတစ်ရာကို ခေါ်ဆောင်သွားသော ကျန့်ယဲ့ကျူးက အွန်မျိုဂျီမိသားစုဆီသို့ ပြန်သွားပြီး အပြတ်ရှင်းပစ်ခဲ့သည်။ ထို့ကြောင့် ပါမောက္ခချန်းမြောင်ကို လုပ်ကြံမည့် သူတို့၏အကြံအစည်က ကျရှုံးသွားကြောင်း သူတို့ သိထားပြီးဖြစ်၏။

ယခုတစ်ခေါက်တွင်လည်း ဟွာရှားသိပ္ပံသုတေသီအဖွဲ့ကို ကျန်းမုန့်လောင်က ဦးဆောင်လာသည်ဟု သိလိုက်ရသောအခါ ကိုင်ဘွန်နိုင်ငံ၏ခေါင်းဆောင်မှာ လန့်သေတော့မတတ် ဖြစ်သွားရသည်။ ကျန်းမုန့်လောင်၏ အငြှိုးအတေးကြီးသော စရိုက်အရဆိုလျှင် သူတို့၏ဦးခေါင်းခွံကိုပင် ခွာပစ်နိုင်သည်မဟုတ်ပါလော။

ထို့ကြောင့် သူတို့အနေနှင့် တပ်ဖွဲ့များကို အလျင်စလိုခေါ်ယူခဲ့ရသည်။ သို့သော် အကယ်၍ ကျန်းမုန့်လောင်ကသာ ပြဿနာရှာရန် ရောက်လာခြင်းမှန်ပါက ဤလူဦးရေ၏ဆယ်ဆလောက် ခေါ်ထားလျှင်ပင် သူ့ကို တားနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိထားကြသည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်သာဖြစ်၏။

သို့သော် ကျန်းမုန့်လောင်၏လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် အဆင့်မြင့်အရာရှိများစွာကို ကြိုဆိုရန် စေလွှတ်ခဲ့သည်။ ဖုံးကွယ်ထားသော ကျန်းမုန့်လောင်၏ခွန်အားများကို မဆိုထားနှင့်။ သူတို့အနေနှင့် ကျန်းမုန့်လောင်ထံတွင် အမေရိကန်ဒေါ်လာငါးရာဘီလီယံ အကြွေးတင်နေသည်မဟုတ်လော။

ဒေါ်လာငါးရာဘီလီယံ အကြွေးတင်နေသည်ဆိုခြင်းမှာ ဘာကိုဆိုလိုလေသလဲ။ ထိုပုဂ္ဂိုလ်မှာ သူတို့၏ဖခင်ကြီးနှယ်ပင်။

"နိုကီကီမူရာ မတွေ့ရတာကြာပြီနော်"

လာရောက်ကြိုဆိုသူကို မြင်လိုက်ရချိန်တွင် ကျန်းမုန့်လောင်က လက်မောင်းများကိုဆန့်တန်းကာ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ မစ္စတာကျန်း မတွေ့ရတာကြာပြီနော်"

နိုကီကီမူရာ၏အမူအရာမှာမူ ကူကယ်ရာမဲ့လေဟန် အရိပ်အယောင်များ ရှိနေပေသည်။ ဤသို့သောတာဝန်မျိုးက အဘယ်ကြောင့်များ သူ့ဆီသို့ ကျရောက်လာရလေသလဲ။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်တစ်ယောက် သူ့သူငယ်ချင်းများနှင့် အပန်းဖြေခရီး ထွက်လာချိန်မှာ ဘာတွေလုပ်ခဲ့လေသလဲ။ မင်းသားမင်းသမီးများကို သူတို့နှင့်အတူ ညအိပ်ခိုင်းခြင်း၊ ကားများနှင့်စိန်များကို တစ်ရှူးလိပ်များ၊ မိန်းကလေးလစဉ်သုံးပစ္စည်းများနှင့် ရေသန့်ဘူးခွံများနှင့် လဲလှယ်ပြီး ယဉ်ကျေးမှုဖလှယ်ခြင်းဟု အမည်တပ်ခဲ့သည်။ သူ့ဘဝတွင် ကျန်းမုန့်လောင်လောက် အရှက်မဲ့သူတစ်ယောက်ကို တစ်ခါမှမမြင်ဖူးပေ။

"မုန့်လောင်.. သူက မင်းကိုမြင်တာနဲ့ ဘာလို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ မျက်နှာမျိုး လုပ်နေတာလဲ။ မင်း သူ့သမီးကိုများ အီစီကလီလုပ်ခဲ့လို့လား"

"ကျွန်တော့်သူငယ်ချင်းက အီစီကလီလုပ်ခဲ့တာ"

ကျန်းမုန့်လောင် ရယ်လိုက်ပေသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ရွှီလီသည် နိုကီကီမူရာ၏သမီး၏ ဖုန်းနံပါတ်ကို ရရှိခဲ့သည်။ သူ(မ)ကို ရအောင်လိုက်နိုင်လိမ့်မည်ဟုတော့ မည်သူက ထင်ထားမည်နည်း။ ဆေရန်ကီမူရာက ဟွာရှားနိုင်ငံသို့ အပြေးရောက်ချလာပြီး ရွှီလိနှင့် အရှက်မရှိအတူပေါင်းသင်းနေထိုင်ခဲ့သည်။

ထိုစဉ်က နိုကီကီမူရာခမျာ သမီးဖြစ်သူကိုရော သူ့သိက္ခာကိုပါ ဆုံးရှုံးခဲ့ရသည်။

တစ်ခုတည်းသော ကောင်းကွက်ကတော့ သူသည် ကျန်းမုန့်လောင်နှင့် ပတ်သက်ဆက်နွှယ်မှုအနည်းနှင့်အများ ရှိသွားသဖြင့် ကိုင်ဘွန်နိုင်ငံအနေနှင့် သူ့ကို မလေးစားလျှင်ပင် သူ့အခန်းဖော်ရွှီလိ၏မျက်နှာကိုတော့ ထောက်ထားကြလိမ့်မည်မဟုတ်လော။

"ဟားဟားဟား"

ကျန်းမုန့်လောင်က ထိုအကြောင်းကို ပြောပြလိုက်သောအခါ ထိုတော်ဝင်ပညာရှင်များလည်း အားရပါးရရယ်မောကြလေတော့သည်။

အမြဲမာန်တက်နေတဲ့ ကိုင်ဘွန်လူမျိုးတွေ အခုတော့ခံရပြီပေါ့…

"ကျွန်တော်တို့ ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူးမလား"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ။ တော်ဝင်ပညာရှင်ချန်းမြောင်က ခင်ဗျားတို့နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် အိပ်ရာထဲ လဲနေရတုန်းပဲဆိုတော့ ကျွန်တော်ကပဲ အဖွဲ့ကို ဦးဆောင်လာခဲ့ရတာပေါ့"

"မစ္စတာကျန်းက အရမ်းနှိမ့်ချနေတာပဲ။ ကျွန်တော်တို့ကလည်း တော်ဝင်ပညာရှင်ချန်းကို အရမ်းလေးစားပါတယ်။ အရင်ကလည်း အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ဖူးပေမဲ့ ကံဆိုးချင်တော့ တော်ဝင်ပညာရှင်ချန်းက ငြင်းပယ်ခဲ့တယ်လေ"

"ဪ ဒါနဲ့ အာဘေးမျိုးရိုးနာမည်နဲ့ အွန်မျိုဂျီမိသားစုတစ်စုရှိတယ်လို့ ကြားတယ်။ ခင်ဗျားတို့နိုင်ငံရဲ့ အွန်မျိုဂျီပညာရပ်ကို တော်တော်စိတ်ဝင်စားနေတာ။ ဒီတစ်ခေါက် အဲဒါကိုများ မြင်ခွင့်ရမလားလို့"

နိုကီကီမူရာခမျာ စိတ်ထဲမှ တိတ်တိတ်လေးတွေးမိသည်။

"အဲဒီကိစ္စကို ဘာလို့ထည့်ပြောရတာလဲ"

လွန်ခဲ့သည့်တစ်ပတ်က ထိုမိသားစုမှာ အပြတ်ရှင်းခံလိုက်ရပြီး အကုန်လုံး ဆိုးဆိုးဝါးဝါးအသတ်ခံလိုက်ရသည်။ ပုခက်ထဲရှိ ကလေးငယ်များကလွဲ၍ တစ်ယောက်မှ မကျန်ခဲ့ဘဲ မျိုးဆက်ပြတ်လုနီးနီးပင် ဖြစ်ခဲ့ရသည်။

ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးလို့တော့ လာမပြောနဲ့နော် ကျန်းမုန့်လောင်.. ငါ လုံးဝယုံမှာမဟုတ်ဘူး…

"မစ္စတာကျန်းကတော့ နောက်နေပြန်ပြီ။ အွန်မျိုဂျီဆိုတာက ပုံပြင်တွေထဲမှာပဲ ရှိတာပါ။ ကျွန်တော်တို့ဆီမှာ အွန်မျိုဂျီမိသားစုတွေ မရှိပါဘူး"

နိုကီကီမူရာက ခပ်မြန်မြန်ပင် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"မစ္စတာကျန်း.. မြန်မြန်သွားရအောင်။ ဒီနေ့ ဖွင့်ပွဲအခမ်းအနားရှိတယ်လေ။ သူတို့တွေကို စောင့်ခိုင်းထားလို့မဖြစ်ဘူး"

"မပူပါနဲ့။ သူတို့တွေ ဘာမှမပြောရဲပါဘူး"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

"သွားကြစို့"

ဖွင့်ပွဲအခမ်းအနား စတင်ချိန်တွင် ဖိတ်ကြားထားသော သုတေသီများအားလုံးလည်း စုံလင်စွာရောက်ရှိနေပြီဖြစ်၏။

"ဟားဟားဟား.. ကျွန်တော်တို့တွေ အတွေ့အကြုံအများကြီး ဖလှယ်သင့်တယ်။ ကျွန်တော်တို့ဓာတ်ခွဲခန်းနှစ်ခုရဲ့ ကတ်တလစ်နည်းပညာက နိုင်ငံတကာမှာ အဆင့်အမြင့်ဆုံးပဲ။ နောင်မှာလည်း ပူးပေါင်းဆောင်ရွက်ကြတာပေါ့"

ခန်းမထဲသို့ဝင်လိုက်သည်နှင့် ပညာရှင်တစ်ယောက်က စိတ်အားထက်သန်စွာပြောနေသည်ကို ကျန်းမုန့်လောင် သတိထားမိလိုက်သည်။

"သူက ဘယ်သူလဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"အဲဒါ ငါပြောတဲ့ ဂျာမနီက ပါမောက္ခပရိုကိုလေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူက ငါတို့ဟွာရှားနိုင်ငံရဲ့ အလင်းဓာတ်ကူပြုနည်းပညာကို အဆင့်နိမ့်ပါတယ်ဆိုပြီး လူသိရှင်ကြားလှောင်ပြောင်ခဲ့တာ"

"ကောင်းပြီ။ သူ့ကို မှတ်ထားလိုက်မယ်"

ကျန်းမုန့်လောင်က စိတ်ထဲမှ မှတ်ထားလိုက်သည်။

"အခုကစပြီး သူတို့ ဘာအကြောင်းပဲပြောပြော ဘယ်လောက်အထင်ကြီးဖို့ကောင်းကောင်း ခင်ဗျားတို့ကတော့ ခေါင်းတခါခါလုပ်ပြီး အထင်မကြီးတဲ့ပုံစံ လုပ်နေလိုက်။ မာနပိုကြီးလေ ကောင်းလေပဲ။ ဘယ်နယ်ပယ် ဘယ်အကြောင်းအရာဖြစ်ဖြစ် ရတယ်။ ခင်ဗျားတို့ ဒီအတိုင်း အထင်သေးတဲ့ပုံစံပဲ လုပ်နေလိုက်"

*******************

All Chapters