မာနခဲကျန်းမုန့်လောင်
Vol. 48 Ch. 715
"ဟွာရှားနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ ရောက်လာပြီ"
ဟွာရှားသိပ္ပံသုတေသနအဖွဲ့ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားလေတော့သည်။
လူတိုင်းသိထားကြသည့်အတိုင်း မကြာသေးမီနှစ်များအတွင်း ဟွာရှားနိုင်ငံ၏ သိပ္ပံသုတေသနကဏ္ဍက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ချစ်ပ်ပြားလောက၏ ကမ္ဘာ့လက်ဝါးကြီးအုပ်မှုကို ဖြိုခွဲကာ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်းဒဏ္ဍာရီတစ်ပုဒ်ကို တည်ဆောက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့်မြင့်ချစ်ပ်ပြားများ၏ တစ်ရာရာခိုင်နှုန်းကို ဟွာရှားနိုင်ငံတွင် ထုတ်လုပ်နေပြီး ကမ္ဘာအနှံ့တွင်လည်း စက်ရုံခွဲများ ဖွင့်လှစ်ထားသည့်အပြင် ဒေါ်လာထရီလီယံပေါင်းများစွာရှိသော ဈေးကွက်ရှယ်ယာကိုလည်း ရယူထားသည့်အတွက် လူသန်းပေါင်းများစွာအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးထားသည်။
စစ်ဘက်ဆိုင်ရာနယ်ပယ်တွင်လည်း သူတို့၏လက်နက်စနစ်များမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် အဆင့်မြင့်နေပြီဖြစ်၏။ အနုတ်အိုင်းယွန်းအယ်လ်ထရာအမြောက်နှင့် အာကာသပတ်လမ်းသုံးအမြောက်များအပြင် ဆွဲငင်အားဆန့်ကျင်သည့်ကိရိယာများ၊ သက်ရောက်မှုပြင်းထန်သောကုန်ကြမ်းပစ္စည်းများနှင့် အလင်းကိုယ်ယောင်ဖျောက်စနစ်များမှာ အခြားနိုင်ငံများအတွက် စိတ်ကူးယဉ်အိပ်မက်သာသာ ဖြစ်နေသေးသည်။
ဟွာရှားနိုင်ငံက ထိုအရာများကို ထုတ်လုပ်နိုင်လျှင် သူတို့နိုင်ငံက ဘာကြောင့်မထုတ်နိုင်ရလေသလဲ။
ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လက်နက်ကျွမ်းကျင်သူများမှာ နေ့မအိပ်ညမအိပ် သုတေသနလုပ်ခဲ့ကြသော်ငြား နှစ်ဝက်ခန့်ကြာသွားပါသည့်တိုင် ဘာတိုးတက်မှုမှ မရှိခဲ့ပေ။
အကြောင်းအရင်းကတော့ ရိုးရှင်းလှသည်။ ဤနည်းပညာများမှာ ခေတ်ကို ကျော်လွန်နေသောကြောင့်ပင်။ ရှေးခေတ်လူသားများကို ကိရိယာတန်ဆာပလာများ အစုံအလင်ပေးပြီး လေယာဉ်တစ်စင်း ဆောက်ခိုင်းလျှင် ဆောက်နိုင်မည်လော။
ကျန်းမုန့်လောင်က ဤမျှအထိ စွမ်းအားကြီးမားလွန်းလှသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သုတေသနပညာရှင်များကို တစ်သုတ်ပြီးတစ်သုတ်အစားထိုးကာ ငွေကြေးများစွာ အကုန်အကျခံပြီးနောက်မှသာ စစ်ဘက်ဆိုင်ရာနည်းပညာနယ်ပယ်တွင် ဟွာရှားနိုင်ငံက တစ်ကမ္ဘာလုံးထက် အပြတ်အသတ်သာလွန်သွားပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
"ဟိုလူက ဟွာရှားသိပ္ပံတက္ကသိုလ်က တော်ဝင်ပညာရှင်ဝမ်ပဲ။ သူက ဇီဝဆဲလ်တုနယ်ပယ်မှာ ကမ္ဘာ့ဩဇာအရှိဆုံး ကျွမ်းကျင်သူတစ်ယောက်ပေါ့။ သူက အသက်လေးဆယ်မပြည့်ခင်မှာတင် တော်ဝင်ပညာရှင်ဘွဲ့ကို ရခဲ့တာ။ ဒီနယ်ပယ်ထဲမှာ ငါတို့ထဲက ဘယ်သူကမှ သူ့ကို မကျော်နိုင်ဘူး"
"ပြီးတော့ ဟိုဘက်က တစ်ယောက်က ကျန်းရှတက္ကသိုလ်ရဲ့ တော်ဝင်ပညာရှင်လျိုပဲ။ သူ့ရဲ့နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို မကြာသေးခင်ကမှ အဆင့်မြှင့်တင်ထားတယ်လို့ ကြားတယ်။ ဒီနှစ်ဝက်မှာ ဟွာရှားနိုင်ငံက နျူကလီးယားစွမ်းအင်ကို အသုံးချပြီး ဂျူပီတာဂြိုလ်ကို အာကာသယာဉ်စေလွှတ်ဖို့ စီစဉ်နေတယ်တဲ့"
"ကျစ် ကျစ်.. ဟွာရှားနိုင်ငံရဲ့ အာကာသနည်းပညာက ကမ္ဘာ့ထိပ်တန်းကို ရောက်နေပြီပဲ"
"ဟိုမှာ တော်ဝင်ပညာရှင်ကျိုးလည်း ပါလာတယ်။ သူက ကင်ဆာဆဲလ်တွေကို အထူးပြုလေ့လာတာ။ သိပ်မကြာခင်တုန်းက ကင်ဆာရောဂါတိုက်ဖျက်ဆေးတစ်ခုကို လူတစ်ယောက်က ဖန်တီးခဲ့တယ်မလား။ ဈေးနှုန်းက တစ်လုံးကို ၁.၈သန်းတဲ့။ သူက အဲဒီဈေးကို ၁.၅သန်းအထိ ရောက်အောင် လျှော့ချပေးခဲ့တယ်။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းကလည်း သုံးမျိုးလောက် ပိုတိုးလာတယ်တဲ့"
"နေဦး။ ဟိုလူငယ်လေးက ဘယ်သူလဲ။ သူတို့ရဲ့လက်ထောက်လား"
"အဲဒါက ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်မလား။ သူက ဒီလိုညီလာခံမျိုးမှာ ဘာလာလုပ်တာလဲ"
"သူ့ကို အထင်မသေးလိုက်လေနဲ့။ မနှစ်တုန်းက ရူပဗေဒနိုဘယ်ဆုပေးပွဲကို မကြည့်လိုက်ဘူးလား။ သူက ရူပဗေဒနိုဘယ်ဆုကို ပထမဆုံးလက်ခံရရှိတဲ့လူလေ"
"သူ့အနေအထားကိုကြည့်ရတာ ဒီတစ်ခေါက် ဟွာရှားအဖွဲ့ကို သူပဲ ဦးဆောင်လာတာထင်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကတော့ တော်ဝင်ပညာရှင်ချန်းမြောင်က ဦးဆောင်တာမဟုတ်ဘူးလား။ သူက ဘာလို့မလာတာလဲ"
...
ဟွာရှားအဖွဲ့က အစကတည်းက လူအများ၏ အာရုံစိုက်မှုကို ရရှိထားသည်ဖြစ်ရာ ကျန်းမုန့်လောင်၏ဦးဆောင်မှုအောက်တွင် ထိုအဖွဲ့မှာ ပို၍ပင် ထူးခြားထင်ရှားနေတော့သည်။
ဤနေရာသို့ ဝင်ခွင့်ရသူများမှာ အသက်လေးဆယ်အောက် မရှိသလောက်ပင်။ သိပ္ပံသုတေသနနယ်ပယ်တွင် အသက်လေးဆယ်ဆိုသည်မှာ ကနဦးအစမျှသာဖြစ်၏။ တော်ဝင်ပညာရှင်ဝမ်ကဲ့သို့သော လူများမှာ ရှားပါးလှပြီး အသက်နှစ်ဆယ်ဝန်းကျင်ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်ပေ။
အသက်နှစ်ဆယ်ဆိုလျှင် စာမေးပွဲဖြေရင်း လုံးလည်ချာလည်လိုက်နေဦးမည်သာ။ မည်သို့သော သိပ္ပံသုတေသနအောင်မြင်မှုမျိုးကိုများ လုပ်နိုင်မည်နည်း။
သို့သော် သိပ်မကြာခင်မှာပင် သူတို့၏သံသယများကို အတည်ပြုလိုက်နိုင်သည်။ အကြောင်းမှာ ကျန်းမုန့်လောင်က ဟွာရှားကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်နေရာတွင် ဝင်ထိုင်လိုက်သောကြောင့်ပင်။
ညီလာခံသို့ အကြိမ်ကြိမ်လာတက်ဖူးသော သုတေသနပညာရှင်များမှာ အံ့အားသင့်သွားကြသည်။ ဤတော်ဝင်ပညာရှင်ကြီးများအားလုံးမှာ ကျန်းမုန့်လောင်၏အနောက်တွင် အဘယ်ကြောင့်များ ရိုရိုသေသေထိုင်နေရလေသလဲ။ ဘာတွေဖြစ်ကုန်တာလဲ။
တကယ်တမ်းတွင် ယခင်ညီလာခံများတွင် စိတ်ဝင်စားစရာကောင်းသော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ ပညာရှင်ဝမ်ကဲ့သို့သော လူများမှာ မွေးရာပါမာနကြီးသူများဖြစ်သဖြင့် တစ်ခါတစ်ရံတွင် တော်ဝင်ပညာရှင်ချန်းမြောင်နှင့်ပင် သုတေသနအချက်အလက်များအပေါ် ငြင်းခုံလေ့ရှိသည်။
သို့သော် တော်ဝင်ပညာရှင် ချန်းမြောင်ကပင် သူ့ကို အပြည့်အဝနားချနိုင်ခြင်းမရှိပေ။ ဤကာလအတွင်း တော်ဝင်ပညာရှင်ဝမ်မှာ အတန်ငယ်ဆတ်ဆတ်ထိမခံပေ။ သူ့အောင်မြင်မှုများအတွက်လည်း မောက်မာစိတ်ရှိသည်။ အကြောင်းမှာ သူသည် ဤနယ်ပယ်ထဲတွင် ကမ္ဘာ့နံပါတ်တစ်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဤလူက အလွန်မာနကြီးပြီး စိတ်ကျေနပ်အောင်လုပ်ရန် ခက်ခဲသူဖြစ်ကြောင်း လူတိုင်း သိသည်။ အကယ်၍ တစ်နေ့တွင် သူသည် နာခံတတ်သော ကလေးတစ်ယောက်နှယ် ပြုမူနေပြီဖြစ်လျှင် သူ့ထက် အဆင့်များစွာပိုသာသော ပညာရှင်တစ်ယောက်နှင့် တွေ့လိုက်ရသောကြောင့်သာ ဖြစ်ပေမည်။
ယနေ့တွင်မူ သူသည် ကျန်းမုန့်လောင်၏အနောက်တွင် တလေးတစားထိုင်နေရုံသာမက သူတို့စကားပြောတိုင်းလည်း အပြုံးလေးဖြင့် တုံ့ပြန်နေသည်။ ထိုအပြုံးကား လှောင်ပြောင်ခြင်းလည်း မမည်သလို မျက်နှာချိုသွေးနေခြင်းလည်း မရှိပေ။ ထိုအပြုံးကား စစ်မှန်သောလေးစားမှုကို ဆောင်ကြဉ်းနေချေသည်။
"တော်ဝင်ပညာရှင်ဝမ်လို မာနကြီးတဲ့လူတစ်ယောက်ကိုတောင် အခုလိုကျိုးနွံသွားအောင်လုပ်နိုင်တယ်ဆိုတော့ သူ့မှာ ဘယ်လိုမှော်စွမ်းအားမျိုး ရှိနေတာလဲ"
လူတိုင်းက စူးစမ်းလိုဟန်ဖြင့် တွေးလိုက်မိသည်။
သို့သော် ယခုအချိန်အထိ ကျန်းမုန့်လောင်၏ အထူးချွန်ဆုံးနယ်ပယ်မှာ ရူပဗေဒတစ်ခုတည်းဟုသာ ထင်ရသည်။ သူသည် နယ်ပယ်တစ်ခုတွင် တော်ပါသော်ငြား နယ်ပယ်အားလုံးတွင် ထူးချွန်နေရန်မူ လုံးဝမဖြစ်နိုင်ပေ။ သူသာ မကောင်းဆိုးဝါးတစ်ကောင်ဆိုလျှင် မပြောတတ်ပေ။
သိပ္ပံသုတေသနနယ်ပယ်များမှာ အမျိုးမျိုးကွဲပြားလှသည်။ ဟွာရှားနိုင်ငံအနေနှင့် နယ်ပယ်အားလုံးကို ကြီးစိုးထားရန်မှာ မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာက ကမ္ဘာ့ထိပ်တန်းတွင် အမြဲနေရာယူထားသလို အခြားနိုင်ငံရှိ ပညာရှင်များကလည်း အခြားနယ်ပယ်များတွင် ပြောင်မြောက်သော အောင်မြင်မှုများ ရရှိထားကြသည်။
ထို့ကြောင့် ပညာရပ်ဆိုင်ရာ ဤညီလာခံမှာ အားပြိုင်မှုများ ပြင်းထန်လိမ့်မည်မှာ သေချာသည်။ သူတို့အနေနှင့် သူတို့၏သုတေသနရလဒ်များကို ချပြနိုင်ရုံဖြင့် ကမ္ဘာကြီးကို အံ့ဩသွားစေရန် လုံလောက်ပေသည်။
"ကဲ ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ.. ကျွန်တော်တို့ရဲ့ ဖွင့်ပွဲအခမ်းအနားကို စတင်ပါတော့မယ်"
အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့ တက်လာချိန်တွင် လူတိုင်း၏အာရုံမှာ စင်ပေါ်သို့ ရောက်သွားသည်။
"ဒီနေ့မှာ ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံပေါင်း၁၄၂နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင်စုစုပေါင်း၁၂၃၈ယောက်ကို ဖိတ်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီညီလာခံရဲ့ အဓိကအကြောင်းအရာတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ တီထွင်ဆန်းသစ်မှုတို့ပဲ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ နိုင်ငံအသီးသီးက သိပ္ပံနယ်ပယ်အမျိုးမျိုးမှာ ဦးဆောင်နေတဲ့ အောင်မြင်မှုတွေကို အားတက်သရော မျှဝေပေးဖို့ မျှော်လင့်ပါတယ်"
"တစ်ပတ်ကြာအောင်ကျင်းပမဲ့ ဒီပွဲကို အဓိကခန်းမခုနစ်ခုနဲ့ ခန်းမငယ်၆၂ခုအဖြစ် ခွဲခြားထားမှာပါ။ တစ်ခန်းချင်းစီမှာ သက်ဆိုင်ရာနယ်ပယ်နဲ့ ခေါင်းစဉ်အလိုက် ဆွေးနွေးသွားမှာပါ။ ဒီနေ့မှာတော့ ကြိုတင်ပြင်ဆင်လာတဲ့ ကိုယ်စားလှယ်တွေက စင်ပေါ်မှာ ကိုယ်ပြင်ဆင်လာတဲ့ စီမံကိန်းမိတ်ဆက်ကို မိတ်ဆက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဒီည အကြောင်းအရာတွေအားလုံးကို စုစည်းပြီး မနက်ဖြန်မနက်စာမစားခင် ခန်းမအစီအစဉ်တွေကို လူကြီးမင်းတို့ရဲ့အီးမေးလ်ကို ပို့ပေးပါ့မယ်"
"အိမ်ရှင်နိုင်ငံအနေနဲ့ ကိုင်ဘွန်နိုင်ငံက သုတေသီတစ်ယောက်နဲ့ စလိုက်ကြရအောင်"
လက်ခုပ်သံခပ်ကျဲကျဲ ထွက်ပေါ်လာပြီးနောက် အသက်ငါးဆယ်ဝန်းကျင်ရှိသော ပါမောက္ခတစ်ယောက်က စင်မြင့်ထက်သို့ ရောက်ရှိလာသည်။
"ဒါက သုန်းကွေ့ယွမ်တဲ့။ နျူကလီးယားနည်းပညာကျွမ်းကျင်သူပေါ့။ သူ့ကို ကိုင်ဘွန်နိုင်ငံရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေရဲ့ ဖခင်ကြီးလို့တောင် တင်စားကြတာ။ ဒီနယ်ပယ်ထဲမှာ သူ့အောင်မြင်မှုတွေက ကမ္ဘာ့ထိပ်တန်းငါးယောက်စာရင်းထဲမှာ ပါတယ်"
"ဒါပေမဲ့ သူက လူကောင်းတစ်ယောက်တော့မဟုတ်ဘူး။ သန့်စင်ပြီးသား စွန့်ပစ်ရေတွေကို သမုဒ္ဒရာထဲမျှောပစ်ဖို့ သူပဲ ထောက်ခံခဲ့တာ။ ရေဆိုးရေညစ်ကို သန့်စင်ထားတယ်ဆိုပေမဲ့ သူတို့ရဲ့ သန့်စင်ပြီးသားရေတွေထဲမှာ အညစ်အကြေးအပြည့်ရှိနေသေးတယ်လို့ တော်ဝင်ပညာရှင်ချန်းမြောင်က ဖော်ထုတ်နိုင်ခဲ့တယ်။ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကတော့ ကြီးမားနေတုန်းပဲ"
"ဟုတ်ပါ့။ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း လာပြောနေတာ ရယ်ချင်စရာကြီးပဲ"
"ထူးဆန်းလိုက်တာ။ သူ့မျက်နှာက ဘာလို့ တအားဖြူဖျော့နေတာလဲ။ မနေ့ညတုန်းက သရဲမြင်ခဲ့လို့လား"
"ဟုတ်ပါ့။ သူ့နှုတ်ခမ်းမှာ သွေးတောင်မရှိတော့ဘူး"
"သူ တကယ် သရဲမြင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
သုန်းကွေ့ယွမ်မှာ အမှန်တကယ်ပင် သရဲမြင်ခဲ့သည်။
တော်ဝင်ပညာရှင်ချန်းမြောင်ကို သူကိုယ်တိုင် လုပ်ကြံခဲ့ခြင်းမဟုတ်ပါသော်ငြား ဤအဘိုးကြီးနှင့်လည်း ပယောဂမကင်းပေ။ ကျန်းမုန့်လောင်က ကျန်းယဲ့ကျူးကို ကိုင်ဘွန်နိုင်ငံသို့ ပြန်လွှတ်လိုက်စဉ်က သူတို့ကို မေ့မရနိုင်သော သင်ခန်းစာမျိုးပေးရန် မှာလိုက်သည်။ သူတို့ကို အသက်ချမ်းသာပေးလိုက်ခြင်းကပင် ညှာတာလွန်းရာကျနေလေပြီ။
"ဒီညီလာခံမှာ ကျွန်တော်တို့အနေနဲ့ နျူကလီးဘားနည်းပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြင်ဆင်လာပါတယ်။ နျူကလီးယားလောင်စာ၊ နျူကလီးယားရေဆိုးသန့်စင်မှုနဲ့ ထိန်းချုပ်နိုင်တဲ့ နျူကလီးယားဓာတ်ပြုမှုတို့ ပါဝင်ပါတယ်"
သုန်းကွေ့ယွမ်က သူ့ပါဝါပွိုင့်ကို မျက်နှာပြင်ထက်တွင် ပြသလိုက်၏။ စုစုပေါင်းခေါင်းစဉ်၇ခု ပါဝင်ပြီး ဤခေါင်းစဉ်အားလုံးက သူတို့၏အားအကောင်းဆုံးနယ်ပယ်များပင်။
"စိတ်ဝင်စားတဲ့ ဘယ်သူမဆို ကျွန်တော်တို့ရဲ့ခန်းမကိုလာပြီး နည်းပညာဖလှယ်နိုင်ပါတယ်"
"ကျွန်တော်တို့ဂျာမနီသုတေသနအဖွဲ့ကတော့ အလင်းဓာတ်ကူနည်းပညာနဲ့ ဗိုင်းရပ်ကူးစက်မှုဆိုင်ရာခေါင်းစဉ်တွေကို ပြင်ဆင်လာပါတယ်"
"ကျွန်တော်တို့က.."
"နောက်တစ်ယောက်အနေနဲ့ ဟွာရှားကိုယ်စားလှယ်အဖွဲ့က သူတို့ပြင်ဆင်လာတဲ့ ခေါင်းစဉ်တွေကို မိတ်ဆက်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်"
ကျန်းမုန့်လောင်က လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် စင်ပေါ်သို့ တက်လာခဲ့သည်။
"အဟမ်း အဟမ်း"
ကျန်းမုန့်လောင်လည်း လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ မာနခဲကျန်းမုန့်လောင်ပါ"
*******************