← Chapters

ခင်ဗျား ဘာကြားချင်လဲ"

Vol. 48 Ch. 716

ခင်ဗျား ဘာကြားချင်လဲ"

Vol. 48 Ch. 716

"လန်းတယ်ဟေ့။ အဖွင့်စကားကတော့ အနှိုင်းမဲ့ပါပဲကွာ"

"ဒါမှ ကျန်းမုန့်လောင်လေ။ မာနခဲကျန်းမုန့်လောင်တဲ့"

"ဒီလိုလေသံမျိုးနဲ့ နောက်ဆုံးပြောခဲ့ဖူးတဲ့လူက ပင်ပေါင်လောကထဲက မကောင်းဆိုးဝါးဘုရင်မလား"

"ဒါကိုနားထောင်ရင်း ငါ့ဒီအန်အေတွေတောင် ပွက်ပွက်ဆူလာပြီး အရှိန်အဝါတွေ ထိုးတက်လာသလိုပဲ"

အမှန်စင်စစ်တွင် ဤသည်မှာ ကမ္ဘာလုံးဆိုင်ရာ ညီလာခံတစ်ခုဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်နေပေသည်။ သို့သော် ကြည့်ရှုသူအရေအတွက်မှာ အစပိုင်းတွင် များလွန်းလှသည်မဟုတ်ပါဘဲ ပညာရှင်တချို့နှင့် ဘွဲ့လွန်သင်ကြားနေသူများသာ ကြည့်နေကြခြင်းပင်။

သို့သော် ကျန်းမုန့်လောင် ပေါ်လာသည်နှင့် ကြည့်ရှုနှုန်းမှာ ဝုန်းခနဲခုန်တက်သွားလေတော့သည်။ ရုတ်ခြည်းဆိုသလို အင်တာနက်အသုံးပြုသူအမြောက်အများ ဝင်ရောက်ကြည့်ရှုလာကြသဖြင့် တရားဝင်တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်များမှာ လိုင်းကျပ်၍ ပြတ်တောက်မသွားစေရန် နောက်ထပ်လိုင်းခွဲများကို အလျင်အမြန်တိုးချဲ့ပေးခဲ့ရသည်။

"ပညာရှင်တွေပြင်ဆင်လာတဲ့ ခေါင်းစဉ်တွေကို ကြားလည်းကြားပြီးပါပြီ။ သိပ္ပံသုတေသနနယ်ပယ်တွေမှာ ရရှိထားတဲ့ ထူးခြားတဲ့အောင်မြင်မှုတွေကိုလည်း တွေ့ခဲ့ရပြီးပါပြီ။ အဲဒီအတွက်လည်း ဒီနေရာမှာရှိတဲ့ လူတိုင်းကို စိတ်ရင်းအမှန်နဲ့ ဂုဏ်ပြုပါတယ်"

"အဲဒါက ဘာကြီးလဲ"

"ခဏနေဦး။ မစ္စတာကျန်းက ဒီညီလာခံကို တက်ရောက်သူမဟုတ်ဘူးလား။ စီစဉ်သူ မဟုတ်ဘူးလား။ သူ့မိန်ခွန်းကြီးက ဘာလို့ထူးဆန်းနေတာလဲ"

"သူက အစီအစဉ်မှူးပြောရမဲ့ စကားတွေကို လုပြောနေတာ။ အစီအစဉ်မှူးကတော့ အလုပ်လက်မဲ့ဖြစ်သွားပြီဟေ့"

"ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ပြောရဦးမယ်"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ လူတိုင်းကို တောင်းပန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ ဘာစာတမ်းကိုမှ ကြိုမပြင်ဆင်လာခဲ့လို့ပါ"

"ဝိုး"

လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားရုံသာမက ဘာသာပြန်သူပင် အတန်ငယ်မှင်တက်သွားလေသည်။

ဤသည်မှာ နိုင်ငံတကာညီလာခံတစ်ခုပင်။ ဘာမှမပြင်ဆင်လာလျှင် ဤနေရာကို လေ့လာရုံသက်သက် ရောက်လာခြင်းလေလား။

သို့မဟုတ် ချစ်ပ်ပြားနည်းပညာနှင့် ရူပဗေဒကလွဲပြီး အခြားဘာအရည်အချင်းမှ မရှိတော့ဘူးဟု ဆိုလိုခြင်းလေလား။

သို့သော် ဟွာရှားနိုင်ငံရှိ အခြားတော်ဝင်ပညာရှင်ကြီးများကို ကြည့်လိုက်သောအခါ မည်သူကမှ တုန်လှုပ်မနေဘဲ ပြုံးပင်ပြုံးနေကြသေးသည်။ ကျန်းမုန့်လောင်၏စကားများကို သာမန်စကားများကဲ့သို့ သဘောထားနေကြပုံရသည်။

"မစ္စတာကျန်း… ခင်ဗျားတို့နိုင်ငံက ကိုယ်စားလှယ်တွေက ဒီတစ်ခေါက် ဘာစာတမ်းမှ ပြင်ဆင်မလာဘဲ ပွဲကြည့်ပရိသတ်အဖြစ် နေတော့မယ်လို့ ဆိုလိုချင်တာလား"

အစီအစဉ်မှူးက မေးလိုက်လေသည်။

"မဟုတ်ပါဘူး။ အဲဒီလိုပြောတာမဟုတ်ဘူး"

ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။

"တကယ်တော့ တော်တော်ဒုက္ခများနေတာဗျ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံက အရမ်းမြန်မြန်ကြီးတိုးတက်လာခဲ့တယ်။ သုတေသနနယ်ပယ်အားလုံးနီးပါးမှာလည်း အောင်မြင်မှုတွေရခဲ့တယ်လေ။ ဒါပေမဲ့ ဒီနေ့ ညီလာခံမှာ ထိပ်တန်းအဆင့်ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေကို မျှဝေရမှာမလား။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့သုတေသနတွေအကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲ ဖြစ်နေတော့ ဘယ်အကြောင်းအရာကို ပြောရမှာလဲ"

"နားထောင်ကြစမ်းပါဦး။ ယုံတောင်ယုံနိုင်ရဲ့လား"

"ဝိုး.. လန့်လိုက်တာ။ ဒီဖော်မြူလာ ဒီအရသာပါလား"

"လာကြည့်ကြဟေ့။ ကြီးကျယ်ခမ်းနားတဲ့ ဟိတ်ဟန်ထုတ်မှုမြင်ကွင်းကြီးနော်"

"ဘော့စ်ကျန်းကတော့ သူ့အစွမ်းကို ထုတ်ပြနေပြန်ပြီဟေ့"

အံ့မခန်းဖြစ်ဖွယ်ကောင်းသော ကျန်းမုန့်လောင်၏မှတ်ချက်များမှာ ဝတ္ထုထဲရှိ ဇာတ်လိုက်တစ်ယောက်အလားပင်။ ဘာတတ်နိုင်မည်နည်း။ သူတို့ဟွာရှားနိုင်ငံက ထိုမျှအထိ အံ့ဩဖို့ကောင်းလှပေသည်။

ခင်ဗျားတို့တွေက ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တချို့ကိုရွေးပြီး တင်ပြကြတာပေါ့..

ဒါပေမဲ့ စိတ်မကောင်းပါဘူး.. ကျုပ်တို့က နယ်ပယ်တိုင်းမှာ အကုန်ထူးချွန်နေတာဆိုတော့ အကုန်လုံးထိုင်ပြောနေလို့ မဖြစ်ဘူးလေ…

သို့သော် ဤကဲ့သို့ ယုံကြည်မှုလွန်ကဲခြင်းကို လူတော်တော်များများ စိုးရိမ်ပူပန်နေကြသည်။ အပြောလွယ်သော်ငြား တင်ပြလိုက်သော အချက်အလက်များမှာ အခြားလူများထက် ပိုအဆင့်နိမ့်နေပါက အလွန်ရှက်စရာကောင်းလိမ့်မည်မဟုတ်လော။

"ကြည့်နေရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပါမောက္ခပရိုကိုဆိုရင် သူ့ရဲ့အလင်းဓာတ်ကူနယ်ပယ်ကို အသားပေးချင်တော့ ငါတို့ရဲ့ဓာတ်ခွဲခန်းမတော်တဆမှုကို ဥပမာတစ်ခုအနေနဲ့ သုံးသွားတာ။ အဲဒါကို စဉ်းစားမိတိုင်း တော်တော်ဒေါသထွက်တယ်"

"ဒါပေမဲ့ သူက ဒီလောက်အပြောကြီးနေတာ။ တကယ့်လက်တွေ့မှာ လုပ်မပြနိုင်ရင် ပြဿနာတက်ကုန်မှာမဟုတ်ဘူးလား"

"ဟုတ်တယ်။ သူ ဘယ်လောက်တော်တော် နယ်ပယ်တိုင်းမှာတော့ အကုန်မနှံ့စပ်နိုင်ဘူးမလား"

"ပြီးတော့ အဲဒီတော်ဝင်ပညာရှင်တွေတောင်မှ အများဆုံးနယ်ပယ်နှစ်ခုသုံးခုလောက်ပဲ ကျွမ်းကျင်ကြတာလေ။ ဒီတစ်ခေါက်တော့ သူတို့ တကယ်အရှက်ကွဲကြတော့မှာထင်တယ်"

...

"မစ္စတာကျန်း.. ဘာပြောလိုက်တာလဲဗျ။ တောင်းပန်ပါတယ်။ ကျွန်တော် နားလည်မှုလွဲသွားပုံရတယ်"

အစီအစဉ်မှူးက သိပ္ပံသုတေသနပညာရှင်တစ်ယောက် မဟုတ်သော်လည်း ကျန်းမုန့်လောင်၏စကားက အလွန်မောက်မာနေကြောင်းကိုမူ ခံစားမိသည်။

"ဪ တောင်းပန်ပါတယ်။ ဒီမှာရှိတဲ့လူတွေက နိုင်ငံခြားသားတွေဆိုတာ မေ့သွားလို့"

ကျန်းမုန့်လောင်က ယဉ်ကျေးစွာပြုံးလျက် ပြောလိုက်လေသည်။

"နောက်တစ်ခေါက် ထပ်ပြောပါ့မယ်"

ထို့နောက် ကျန်းမုန့်လောင်က ထိုနေရာရှိ လူများအားလုံး နားလည်သွားစေရန်အတွက် ထိုစကားကို ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကားအမျိုးပေါင်းများစွာဖြင့် ပြောပြလိုက်သည်။

ကျန်းမုန့်လောင်က ကမ္ဘာ့ဘာသာစကားများကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူသည် ဤအကြောင်းကို ယခင်ကလည်း ပြသဖူးသည်။ သို့သော် ယခုတစ်ခေါက်တွင်လည်း လူအများကို အံ့အားသင့်စေနိုင်ဆဲသာ။

"ကျန်းမုန့်လောင်ရဲ့သုတေသနအဆင့်အတန်းကို အသာထား။ ကမ္ဘာပေါ်က ဘာသာစကားတွေအကုန်လုံးကို ကျွမ်းကျင်နေတာတော့ ချီးကျူးစရာပဲ"

"ဟွန်း… သူတို့က တော်တော်ကြွားချင်နေကြတာပဲ။ ပညာရပ်နယ်ပယ်မှာ ဘာသာရပ်တွေအများကြီး ရှိတယ်လေ။ ဟွာရှားနိုင်ငံရဲ့ ပညာရေးပိုင်းဆိုင်ရာအဆင့်အတန်းက တော်တော်မြင့်တယ်ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သုတေသနတွေအကုန်လုံးက ကမ္ဘာ့ထိပ်တန်းဖြစ်နေတာလား။ သူတို့က တခြားနိုင်ငံက သုတေသနပညာရှင်တွေကို အသုံးမကျတဲ့လူတွေလို့ မြင်နေတာလား"

"မစ္စတာကျန်း.. ခင်ဗျားတို့နိုင်ငံက ဒီညီလာခံမှာ တင်ပြဖို့အတွက် မလုံလောက်တဲ့အထိ နယ်ပယ်အားလုံးမှာ ထိပ်တန်းအဆင့်ကို ရောက်နေပြီလို့ ဆိုလိုတာလား"

"ပြဿနာပဲ။ သူတို့တော့ အကျပ်ရိုက်တော့မယ်"

လူအုပ်ထဲရှိ ဟွာရှားတော်ဝင်ပညာရှင်အချို့မှာ ရုတ်ခြည်းဆိုသလို စိုးရိမ်ပူပန်သွားကြသည်။

ထိုမေးခွန်းကိုမေးလိုက်သော ဥရောပပါမောက္ခက mRNAဆေးဝါးသုတေသနတွင် ကျွမ်းကျင်သူဖြစ်ပြီး မူပိုင်ခွင့်များစွာကို ပိုင်ဆိုင်ထားသူဖြစ်၏။

ဟွာရှားမှ ထုတ်ဝေထားသော မျိုးရိုးဗီဇဒီအန်အေကူးယူမှုထိန်းချုပ်ခြင်းဆိုင်ရာ စာတမ်းများမှာ တစ်ကမ္ဘာလုံးရှိ စာတမ်းစုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ရှိသော်ငြား RNAဘာသာပြန်ဆိုမှုဆိုင်ရာစည်းမျဉ်းနှင့်ပတ်သက်သည့် သုတေသနမှာမူ မရှိသလောက်ရှားလှသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဥရောပနှင့် အမေရိကနိုင်ငံက ဤနယ်ပယ်နှင့်ပတ်သက်ပြီး တစ်နှစ်လျှင် စာတမ်း၁၅၀၀ကျော် ထုတ်ဝေခဲ့ကြပြီး သူတို့၏ mRNAဆေးဝါးသုတေသနကလည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသော်ငြား ဟွာရှားနိုင်ငံကတော့ ယခုမှ စတင်နေဆဲသာ။

ဤအချက်ကို ဥရောပနှင့် အမေရိကနိုင်ငံများက ရှင်းရှင်းလင်းလင်းသိထားကြသည်။ ယခုမူ ကျန်းမုန့်လောင်က နယ်ပယ်အားလုံးတွင် ကျွမ်းကျင်သည်ဟု ပြောလိုက်ပြီဖြစ်ရာ mRNAဆေးဝါးနယ်ပယ်မှာလည်း အောင်မြင်မှုရထားသည်ဟု ဆိုခြင်းပင်မဟုတ်လော။

"အမှန်ပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါကြောင့် လူတိုင်းအတွက် အဆင်ပြေအောင်လို့ ခေါင်းစဉ်တွေကို ပွင့်ပွင့်လင်းလင်းတောင်းဆိုပါရစေ။ ခင်ဗျားတို့နားထောင်ချင်တဲ့ ကဏ္ဍတစ်ခုခုရှိတယ်ဆိုရင် ဒီနေ့ ကျွန်တော့်ကို ပြောပြလို့ရပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော့်ဘက်ကလည်း အချိန်ကျလာတာနဲ့ သူတို့ရဲ့သံသယတွေကို ရှင်းလင်းပေးမှာပါ"

"သံသယတွေကိုရှင်းလင်းပေးမယ်"ဟူသော စကားမှာ အလွန်လိမ္မာပါးနပ်ပေသည်။

ထိုစကားမှာ ဘာအဓိပ္ပာယ်လေလဲ။

ခင်ဗျားတို့ရဲ့သုတေသနအဆင့်အတန်းက အဆင့်မမီသေးလို့ ကျုပ်တို့ဆီက ရှင်းလင်းချက်တောင်းရမယ်လို့ ပြောချင်တာမဟုတ်လား…

ဤစကား၏အဓိပ္ပာယ်ကား "ခင်ဗျားတို့ရဲ့သိပ္ပံသုတေသနမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ လာသင်ယူကြပါ"ဟု သွယ်ဝိုက်၍ နှိမ်လိုက်ခြင်းပင်။

ထိုဥရောပပညာရှင်၏မျက်နှာကား သိသိသာသာပျက်ယွင်းသွားလေတော့သည်။

မင်းတို့မှာ ဟာကွက်တွေအများကြီးရှိနေသေးတာကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့… mRNAနဲ့ပတ်သက်တဲ့ ထိပ်တန်းဂျာနယ်တွေကို ရှာကြည့်လိုက်… ဟွာရှားပညာရှင်တစ်ယောက် ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ဖြစ်တွေ့ရင် ငါတို့ ရှုံးတယ်….

သို့သော် မီဒီယာရှေ့တွင် သူ့အနေနှင့် ထိုသို့တိုက်ရိုက်ပြောမရပေ။

'ကောင်းပြီလေ.. မင်းကိုယ်မင်း ကမ္ဘာ့အတော်ဆုံးလို့ ထင်နေတာပေါ့.. ကောင်းပြီလေ။ နောက်မှ မင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့'

"ဒါဆို ခင်ဗျားတို့နိုင်ငံက mRNAနယ်ပယ်မှာလည်း အောင်မြင်မှုတွေရနေပြီလို့ ယူဆရမှာပေါ့။ ကာကွယ်ဆေးဆင့်ပွားမှု၊ RNAပြုပြင်မွမ်းမံမှုတွေနဲ့ လစ်ပစ်နာနိုအမှုန်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကြားခွင့်ရမယ်ဆိုရင်တော့ ဂုဏ်ယူစရာပါပဲ"

"ရတာပေါ့"

ကျန်းမုန့်လောင်က သူ့ဘေးရှိ အစီအစဉ်မှူးကို ပြောလိုက်၏။

"ဒီခေါင်းစဉ်လေးကို မှတ်ထားပေးပါဦး"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

"တခြားဘာရှိသေးလဲ"

"ဒါဆို ခင်ဗျားတို့နိုင်ငံက မကြာသေးခင်က အောင်မြင်မှုရရှိထားတဲ့ အလင်းဓာတ်ကူနည်းပညာအကြောင်း ကြားချင်ပါတယ်"

ပါမောက္ခပရိုကိုက ပြုံးလျက် ဆိုလိုက်လေသည်။

"ခင်ဗျားတို့နိုင်ငံအနေနဲ့ အဲဒီဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်စဉ်ရဲ့ လောင်းရိပ်က ရုန်းထွက်နိုင်ဖို့ မျှော်လင့်ပါတယ်"

"ခင်ဗျားကို စိတ်မပျက်စေရပါဘူး ပါမောက္ခပရိုကို... ကျွန်တော်တို့တင်ပြမဲ့ စာရင်းထဲမှာ အလင်းဓာတ်ကူနယ်ပယ်ကိုလည်း ထည့်လိုက်ကြတာပေါ့"

ပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကြသည်။ သူတို့ပြောသည့် ခေါင်းစဉ်များကလည်း အခြေခံသိပ္ပံမှ လက်တွေ့အသုံးချသိပ္ပံအထိ စုံလင်လှသည်။ သို့သော် ထိုခေါင်းစဉ်အားလုံးမှာ ဟွာရှားနိုင်ငံ၏ အားအနည်းဆုံးနယ်ပယ်များပင်။

သို့သော် ကျန်းမုန့်လောင်ကတော့ ကြောက်ရွံ့ခြင်းအလျဉ်းမရှိပါဘဲ အကုန်လုံးကို လက်ခံလိုက်သည်။ သူ့ပုံစံမှာ သူ့အဖြေနှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိဟန်တူသည်။

"ဒါဆို စုစုပေါင်း ခေါင်းစဉ်၁၃ခုရှိတာပေါ့"

ကျန်းမုန့်လောင်က အစီအစဉ်မှူးထံတွင် အတည်ပြုလိုက်သည်။

"တင်ပြမဲ့နေ့ကျရင် စာရွက်နဲ့ဘောပင်တွေရယ် ခင်ဗျားတို့ရဲ့ ထက်မြက်တဲ့ဦးနှောက်တွေကို ယူလာခဲ့ကြဖို့ မမေ့နဲ့နော်။ အဲဒါမှ ကောင်းကောင်းလေ့လာသင်ယူနိုင်မှာ"

****************

All Chapters