← Chapters

နေကာမျက်မှန် တပ်ထားလိုက်ကြ

Vol. 48 Ch. 717

နေကာမျက်မှန် တပ်ထားလိုက်ကြ

Vol. 48 Ch. 717

"ဒါကြောင့် ဒီတစ်ခေါက်မှာ နယ်ပယ်ပေါင်း၇၁ခုကနေ ပရောဂျက်ပေါင်းတစ်ထောင်ကျော်ကို ရရှိထားပါတယ်။ ဒီနှီးနှောဖလှယ်ပွဲက တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"

အစီအစဉ်မှူးက နောက်ဆုံးမှတ်ချက်ပေးကာ နိဂုံးချုပ်လိုက်သည်။

"ခဏနေဦး"

ထိုအချိန်မှာပင် ဆံပင်ဖြူဖြူအဘိုးကြီးတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

"သူက ဘယ်သူလဲ"

ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်သည်။

"သူက ကမ္ဘာ့သိပ္ပံသုတေသနဖလှယ်ရေးဖိုရမ်ရဲ့ဥက္ကဋ္ဌ ဆိုင်ယန်လေ"

တော်ဝင်ပညာရှင်ဝမ်က ပြောလိုက်သည်။

"သူနဲ ငါတို့ရဲ့တော်ဝင်ပညာရှင်ချန်းမြောင်က သုတေသနနယ်ပယ်တွေ တူညီနေတာ။ သူတို့နှစ်ယောက်က ပြိုင်ဘက်ဟောင်းတွေပေါ့။ ဒါပေမဲ့ ဒီလူက ဟွာရှားနိုင်ငံအပေါ် အငြိုးအတေးတော်တော်ကြီးတယ်။ မင်း ခုနတုန်းက လုပ်လိုက်တဲ့လုပ်ရပ်ကြောင်း သူ့ဘက်က တစ်ခုခုလှုပ်ရှားလာနိုင်တယ်"

"ဪ"

ကျန်းမုန့်လောင်ကလည်း ဆိုင်ယန်ကို နောက်တစ်ခေါက်လှမ်းကြည့်လိုက်သည်။ ထိုလူကလည်း သူ့အား အလွန်ထူးဆန်းလှသောအကြည့်ဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။

"ပါမောက္ခဆိုင်ယန်.. ပြောစရာတစ်ခုခုများရှိလို့လား"

"ဒီနှစ်ညီလာခံကျင်းပမဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျုပ်ဘက်က အတင့်ရဲပြီး အကြံပြုချင်တာလေးတစ်ခုရှိတယ်။ အားလုံးလည်း ကိုယ့်အမြင်ကိုယ် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်"

"ပါမောက္ခဆိုင်ယန်က ပညာရပ်ဆိုင်ရာလောကမှာ အာဏာရှိတဲ့လူတစ်ယောက်ပဲ။ ခင်ဗျားစိတ်ထဲရှိတဲ့အတိုင်းသာ ပွင့်ပွင့်လင်းလင်းပြောပါ"

"ဟုတ်ပါတယ် ပါမောက္ခ"

ဆိုင်ယန်၏ဩဇာအာဏာက အမှန်တကယ်ကြီးမားလှသဖြင့် ပရိသတ်ထဲရှိ လူအများအပြားက သူ့ကို ထောက်ခံအားပေးကြသည်။

"အဲဒီလိုဆိုရင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်"

ဆိုင်ယန်က ပြောလိုက်၏။

"အားလုံး မြင်တဲ့အတိုင်းပဲ ဒီနှစ်မှာ ကျွန်တော်တို့တင်ပြမဲ့ စီမံကိန်းတွေက အရမ်းများလွန်းနေတယ်။ အကုန်လုံးကိုသာ အချိန်ခွဲပြီး တင်ပြရမယ်ဆိုရင် အရင်းအမြစ်တွေကို အလဟဿဖြုန်းတီးရာကျလိမ့်မယ်။ စီမံကိန်းအများစုက အချိန်ထပ်နေတာမျိုးရှိတတ်တော့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရတဲ့ အခြေအနေမျိုးလည်း ရှိတယ်"

"အမှန်ပဲ"

လူအုပ်ကြီးကလည် ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်။ ပရောဂျက်များလွန်းသောကြောင့် လူကြိုက်များသော ခေါင်းစဉ်များမှာ အချိန်ဇယားချင်း တိုက်ဆိုင်နေတတ်လေရာ ကိုယ်နားထောင်ချင်သည့် ဟောပြောချက်များကို လွဲချော်ခြင်းမျိုးလည်း ရှိတတ်သည်။

"ပြီးတော့ ခင်ဗျားတို့အားလုံး သိတဲ့အတိုင်း နှစ်တိုင်းမှာ အရည်အသွေးညံ့တဲ့ တင်ပြမှုတွေလည်း ပါလာတတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခေါင်းစဉ်တွေအကုန်လုံးကို ကြိုတင်စိစစ်ဖို့ လိုအပ်တယ်လို့ထင်တယ်။ ဒီလိုမှပဲ တကယ်အဖိုးတန်တဲ့ ပညာရပ်ဆိုင်ရာအရင်းအမြစ်တွေကို ဦးစားပေးပြီး မျှဝေနိုင်မှာလေ"

အရည်အသွေးညံ့ဖျင်းမှုအကြောင်း ပြောသောအခါ ဆိုင်ယန်က ကျန်းမုန့်လောင်တို့ထိုင်နေသည့် နေရာသို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။

"ကျိုးကြောင်းဆီလျော်တယ်"

"ဟုတ်တယ်။ နှစ်တိုင်း တချို့လူတွေက နာမည်ကြီးချင်ရုံသက်သက်နဲ့ မျှဝေတယ်ဆိုပြီး ရောက်လာတတ်တယ်။ တကယ်နားထောင်ကြည့်လိုက်တော့မှ သူတို့ရဲ့သုတေသနက ဘာအထောက်အကူမှ မဖြစ်တဲ့အပြင် ဟာကွက်တွေနဲ့ပြည့်နေတာကို သိရတာ"

"ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုစိစစ်မှာလဲ။ စာတမ်းပေါင်းတစ်ထောင်ကျော်တောင် ရှိတာလေ"

"ဟုတ်တယ်။ အဲဒါတွေအကုန်လုံးကို စိစစ်ဖို့ အချိန်လောက်မှာမဟုတ်ဘူး"

"မပူပါနဲ့။ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"

ဆိုင်ယန်က ပြောလိုက်၏။

"ကျွန်တော်တို့ရဲ့ကမ္ဘာ့သိပ္ပံသုတေသနဖလှယ်ရေးဖိုရမ်မှာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်ပေါင်းရှစ်သိန်းကျော်ရှိပါတယ်။ ဒီစာတမ်းတွေကို သူတို့ဆီကို ပေးပို့ပြီး အကဲဖြတ်ခိုင်းလို့ရပါတယ်။ တင်ပြသူတွေရဲ့နာမည်နဲ့ ခေါင်းစဉ်ကို ဖျောက်ထားပြီး အမည်မဖော်ဘဲ မဲပေးစနစ်နဲ့ လုပ်ကြတာပေါ့"

"ဒီအကြံကောင်းတယ်"

"ဟုတ်တယ်။ ဘယ်သူရေးထားမှန်းမသိဘူးဆိုတော့ အကဲဖြတ်မှုကလည်း တရားမျှတမှာပဲ။ စာတမ်းရဲ့အနှစ်သာရအပေါ် မူတည်ပြီး မဲပေးကြမှာ။ မဲအများဆုံးရတဲ့စာတမ်းက အဖိုးအတန်ဆုံးပဲပေါ့"

"သဘောတူပါတယ်"

"ကျုပ်လည်း သဘောတူပါတယ်"

"မုန့်လောင် သူတို့က ငါတို့ကို ပစ်မှတ်ထားနေတာ"

တော်ဝင်ပညာရှင်ဝမ်တို့တစ်သိုက်မှာ ဆိုင်ယန်၏ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိလိုက်ကြသည်။

ပုံမှန်အခြေအနေအရဆိုလျှင် ဖိတ်ကြားခံရသည့် နိုင်ငံများမှ ကိုယ်စားလှယ်များသည် မိမိသုတေသနများကို တင်ပြခွင့်ရပြီး သူတို့၏ဩဇာအာဏာကို မြှင့်တင်နိုင်ကြသည်။

သို့သော် ဤသုတေသနရလဒ်များကို အဆင့်သတ်မှတ်လိုက်မည်ဆိုလျှင် အဆင့်အမြင့်ဆုံးစာတမ်းများတွင်သာ လူအုပ်ကြီးက ပြုံတိုးနေပေလိမ့်မည်။ အဆင့်နိမ့်စာတမ်းပို့ချပွဲများမှာမူ လူခြေတိတ်နေပေလိမ့်မည်။

ဤတစ်ကြိမ်တွင် ပညာရှင်များမှာ ဟွာရှားပညာရပ်ဆိုင်ရာအသိုင်းအဝိုင်းက မကျွမ်းကျင်သော ခေါင်းစဉ်များကိုသာ တမင်တကာရွေးချယ်ပေးခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့က အရည်အသွေးမြင့်ပညာရပ်ဆိုင်ရာရလဒ်များကို ထုတ်လုပ်နိုင်မည်မဟုတ်ဟု ယုံကြည်နေကြခြင်းပင်။

အမည်မဖော်ဘဲ မဲပေးရာတွင် မည်သည့်နိုင်ငံကို ကိုယ်စားပြုထားခြင်းဖြစ်ကြောင်း အရေးမကြီးတော့ပေ။ စာတမ်းအရည်အသွေးကညံ့လျှင် ထုတ်ပယ်ခံရမည်။ ကျန်းမုန့်လောင်အပေါ် အကြွေးတင်နေကြသော နိုင်ငံများအနေနှင့်လည်း တစ်ဖက်လူကို စော်ကားမိမည်စိုးသောစိတ်ကြောင့် အားနာနေရခြင်းမျိုးမရှိပါဘဲ မဲပေးနိုင်လိမ့်မည်သာ။

ဤသို့ဆိုလျှင် သူတို့၏ခေါင်းစဉ်အားလုံးလည်း အောက်ဆုံးအဆင့်သို့ ရောက်သွားနိုင်သည်ဖြစ်ရာ အလွန်ရှက်စရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်။

"ဒီအဘိုးကြီးက တော်တော်ဉာဏ်များတာပဲ"

"သူက အကဲဖြတ်မှုကို ဒီညတွင်းချင်းလုပ်ပြီး မနက်ဖြန်မှာတင် ကြေညာချင်နေတာ။ ငါတို့ကို ပြင်ဆင်ချိန်တောင်မပေးဘူး"

"မုန့်လောင်.. မင်း ဒီဘာသာရပ်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိရဲ့လား"

"အားတဲ့အချိန်မှာတော့ ကျွန်တော် နည်းနည်းပါးပါးလေ့လာထားပါတယ်"

"နည်းနည်းပါးပါး ဟုတ်လား"

"နည်းနည်းပါးပါးလောက်နဲ့ မင်းက ဒီလောက်အထိ ယုံကြည်မှုရှိနေတုန်းလား"

"ထောင်ချောက်ထဲကို ဆင်းမိသွားပြီ"

တော်ဝင်ပညာရှင်များလည်း ချက်ချင်းစိုးရိမ်သွားကြသည်။ သုတေသနတစ်ခုမှာ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ ကြာနိုင်သည်။ နည်းနည်းပါးပါးလေ့လာရုံမျှဖြင့် ဘာအောင်မြင်မှုများ ရနိုင်မည်နည်း။ ကျန်းမုန့်လောင်အနေနှင့် ထိုကိစ္စကို နိုင်နိုင်နင်းနင်းလုပ်နိုင်မည်လော။

"ဘာမှစိုးရိမ်စရာမလိုပါဘူး။ ကျွန်တော့်ကိုသာယုံထားလိုက်။ မနက်ဖြန်ကျရင် လုပ်စရာရှိတာသာ လုပ်ကြ"

ဆိုင်ယန်က စင်မြင့်ထက်တွင် ဆက်ပြောလိုက်သည်။

"အဲဒါကြောင့် ဒီညခြောက်နာရီမတိုင်ခင် ခင်ဗျားတို့ရဲ့ပရောဂျက်တွေကို နာမည်တွေ ရာထူးတွေမပါဘဲ ကျုပ်တို့ရဲ့တရားဝင်အီးမေးလ်ကို ပို့ပေးကြပါ။ ကျုပ်တို့ဘက်က ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စွမ်းအင်၊ ပတ်ဝန်းကျင်စသဖြင့် ကဏ္ဍခွဲခြားထားပါတယ်။ မနက်ဖြန်ကျရင် နယ်ပယ်တစ်ခုချင်းစီရဲ့ ထိပ်ဆုံးအဆင့်ပရောဂျက်ငါးခုကို ကြေညာပေးပါ့မယ်။ အားလုံးပဲ စောင့်မျှော်ပေးကြပါ"

"ပါမောက္ခ ကျွန်တော် မေးစရာလေးတစ်ခုရှိလို့ပါ"

ကျန်းမုန့်လောင်က မတ်တတ်ထရပ်လိုက်သည်။

"မစ္စတာကျန်း ပြောပါ"

"မဲပေးတဲ့စနစ်က တကယ်ပဲ ယုံကြည်စိတ်ချရလား။ တကယ်လို့ တစ်ယောက်ယောက်က အချက်အလက်တွေကို ခိုးပြင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ရလဒ်တွေကလည်း သံသယဖြစ်စရာကောင်းနိုင်တယ်နော်"

"ဒါက အရမ်းကောင်းတဲ့မေးခွန်းပဲ"

ဆိုင်ယန်က ယခုလိုသင်္ကာမကင်းဖြစ်လာမည်ကို ကြိုတွေးထားသည့်အလား ပြောလာလေသည်။

"ဒီစနစ်က ကုလသမဂ္ဂရဲ့ အာဏာပိုင်ဌာနတွေက စောင့်ကြည့်စစ်ဆေးသွားမှာပါ။ ဒီအတောအတွင်း ကျုပ်တို့ဘက်က ဘာဒေတာတွေကိုမှ ထုတ်ပြန်မှာမဟုတ်သလို ဘယ်သူ့ကိုမှလည်း ဝင်ကြည့်ခွင့်ပေးမှာမဟုတ်ပါဘူး"

"ပြောရရင်တော့ မနက်ဖြန် ရလဒ်မကြေညာခင်အထိ ဘယ်သူကမှ ရလဒ်တွေကို ကြိုသိနိုင်မှာမဟုတ်တဲ့အတွက် ခင်ဗျားစိုးရိမ်နေတဲ့ကိစ္စကလည်း ဖြစ်လာမှာမဟုတ်ပါဘူး"

"ဖြေပေးလို့ ကျေးဇူးတင်ပါတယ် ပါမောက္ခဆိုင်ယန်… ကျွန်တော့်မှာ ထပ်မေးစရာမရှိတော့ပါဘူး"

...

"မုန့်လောင် ဘယ်လိုလုပ်ကြမလဲ"

ဗီလာသို့ ပြန်လာသည့်လမ်းတွင် တော်ဝင်ပညာရှင်များအားလုံး မျက်နှာပျက်နေကြသည်။

"မုန့်လောင် မင်း ဒီတစ်ခေါက်တော့ စိတ်စောလွန်းသွားပြီ။ ငါတို့ရဲ့သုတေသနတွေက မင်းလောက်တော့ အဆင့်မမြင့်ပေမဲ့ ဒီလိုကမ္ဘာ့စင်မြင့်ပေါ်မှာ ကိုယ့်နေရာနဲ့ကိုယ် ရပ်တည်နိုင်သေးတယ်။ ဒါပေမဲ့ သူတို့ကို ဘာလို့ ခေါင်းစဉ်ရွေးခိုင်းလိုက်ရတာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ်ခက်ခဲအောင် လု်ပလိုက်တာမဟုတ်ဘူးလား"

"ဟုတ်တယ်… အထူးသဖြင့် mRNAသုတေသနပဲ။ ငါတို့နိုင်ငံမှာ ဒီနယ်ပယ်ကို ကျွမ်းကျွမ်းကျင်ကျင်စာတမ်းပြုစုနိုင်တဲ့ တော်ဝင်ပညာရှင်အဆင့် ကျွမ်းကျင်သူတောင် မရှိဘူးလေ။ မင်းက အဲဒီဒေတာတွေကို ဘယ်ကသွားရှာမှာလဲ"

"မနက်ဖြန် ဒီကဏ္ဍ၁၂ခုထဲမှာ တစ်ခုလေးတောင် စာရင်းဝင်အောင်မလုပ်နိုင်ခဲ့ရင် ငါတို့တော့ လူရယ်စရာဖြစ်ကုန်တော့မှာပဲ"

"ခင်ဗျားတို့က ကျွန်တော့်ကို ဘာလို့မယုံကြတာလဲ"

ကျန်းမုန့်လောင်က ခိုင်မာပြတ်သားစွာ ပြောလိုက်လေသည်။

"တကယ်တော့ ကျွန်တော် အကုန်ပြင်ဆင်ပြီးသားပါ"

ကျန်းမုန့်လောင်က သူ့အနောက်မှ လက်ပ်တော့တစ်လုံးကိုထုတ်ပြီးနောက် ယူအက်စ်ဘီတစ်ခုကို အသာဖြုတ်လိုက်သည်။

"ဖိုင်တွေအကုန်လုံး ဒီထဲမှာရှိတယ်"

"မင်း.. မင်း ဒါကို ဘယ်အချိန်တုန်းက ပြင်လိုက်တာလဲ"

"အခုလေးတင်ပဲ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"တလောတုန်းကပဲ ကျွန်တော် ဉာဏ်ရည်တုတစ်ခုကို ဖန်တီးနေတာ။ အဲဒီဉာဏ်ရည်တုက အခုလက်ရှိ စူပါကွန်ပျူတာတွေထက် တွက်ချက်နိုင်စွမ်းပိုကောင်းတဲ့အပြင် သူ့ဘာသာသူ တိုးတက်အောင်လုပ်နိုင်စွမ်းလည်းရှိတယ်။ ခုနကပဲ အဲဒီဉာဏ်ရည်တုက မိနစ်နှစ်ဆယ်အချိန်ယူပြီးတော့ လက်ရှိလူသားတွေရဲ့ တိုးတက်မှုအပေါ် အခြေခံပြီး ခေတ်တစ်ခေတ်စာ ပိုအဆင့်မြင့်တဲ့ သုတေသနရလဒ်တွေကို ထုတ်ပေးလိုက်တာ"

"မင်း… မင်းနောက်နေတာမလား"

တော်ဝင်ပညာရှင်များမှာ ကျန်းမုန့်လောင်ကို မကောင်းဆိုးဝါးတစ်ကောင်အလား ကြည့်လိုက်ကြသည်။ ဉာဏ်ရည်တုက မိနစ်နှစ်ဆယ်အတွင်း သုတေသနများကို လုပ်ပေးလိုက်သည်တဲ့လား။ ထိုဉာဏ်ရည်တုက မည်မျှအထိ အံ့ဩဖို့ကောင်းလိုက်မည်နည်း။ ထို့ပြင် ဤဉာဏ်ရည်တုကို ဖန်တီးသူက မည်မျှအထိ ထူးချွန်နေလိုက်မလဲ။

ဤသည်မှာ သိပ္ပံနည်းမကျပေ။

"ကဲ"

ကျန်းမုန့်လောင်က ကားထဲမှ ဘူးတချို့ကိုထုတ်ပြီး သူတို့ကို ကမ်းပေးလိုက်၏။

"နေကာမျက်မှန်တွေလား"

"အားလုံးပဲ… ဒီတစ်ခေါက် ကျွန်တော်တို့က စာတမ်းဖတ်ဖို့လာတာလည်းမဟုတ်ဘူး။ ခေတ်နောက်ကျနေတဲ့ သူများတွေရဲ့စာတမ်းတွေကို လာနားထောင်တာလည်းမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမှတ်ထားနော်။ ယုံကြည်မှုရှိရှိနေကြ။ ကျွန်တော်တို့က သူများတွေအထင်ကြီးသွားအောင်လုပ်ဖို့ ရောက်လာတာ"

"မနက်ဖြန်ကျရင် သူတို့ အဆင့်သတ်မှတ်ချက်တွေကို ကြေညာလိုက်တာနဲ့ ခင်ဗျားတို့ရဲ့နေကာမျက်မှန်တွေကိုသာ တပ်ထားလိုက်ကြ။ ကျွန်တော်တို့က ဆုတွေကို အပိုင်သိမ်းတဲ့အလုပ်ပဲ လုပ်စရာရှိတာ"

*******************

All Chapters