← Chapters

ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုကလည်း ကျွန်တော့်အတွက်ပဲ

Vol. 48 Ch. 718

ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုကလည်း ကျွန်တော့်အတွက်ပဲ

Vol. 48 Ch. 718

ပညာရပ်ဆိုင်ရာလောကတစ်ခုလုံးအတွက် ဤညကား အိပ်ပျက်ရသောညတစ်ညပင်။

ကမ္ဘာ့ထိပ်တန်းသိပ္ပံသုတေသနအချက်အလက်များမှာ လျှို့ဝှက်ချက်များမဟုတ်ဟု ဆိုစေကာမူ အခြားနည်းလမ်းများဖြင့် ရယူရန်မှာ အလွန်ခက်ခဲလှသည်။

ယနေ့တွင်မူ ပွဲစီစဉ်သူများက ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်အယောက်ရှစ်သိန်းကျော်ကို ပညာရပ်ဆိုင်ရာဖိုရမ်ထဲသို့ အခမဲ့ဝင်ရောက်ခွင့်ပေးလိုက်ပြီး အချိန်ရသရွေ့ စာတမ်းများကို စိတ်ကြိုက်ဖတ်ခွင့်ပေးထားလိုက်သည်။

မနေ့ညခြောက်နာရီမှ ယနေ့မနက်၈နာရီအထိ ၁၄နာရီတိတိပင်။ ထိုပညာရှင်များမှာ ထိုအချိန်ကို ဆွဲဆန့်ချင်နေကြသည်။

သုတေသနစာတမ်းပေါင်းတစ်ထောင်ကျော် ရှိသည်ဖြစ်ရာ လူတစ်ယောက်လျှင် စာတမ်းတစ်စောင်စီကို တစ်ကြိမ်မျှသာ ဖတ်သည်ဆိုစေဦးတော့။ အကြိမ်ရေရှစ်သိန်းကျော်ရှိမည်ဖြစ်သော်ငြား တကယ်တမ်းတွင် ဖတ်ရှုနှုန်းမှာ ထိုပမာဏထက် ဆယ်ဆကျော်ပိုသာနေခဲ့သည်။

သူတို့သာ ဤအခွင့်အရေးကို လွဲချော်သွားပါက နောက်တစ်ကြိမ်တွင် ဤအချက်အလက်များကို ရယူရန် ကုန်ကျစရိတ်များပြားသွားမည်ဖြစ်၏။ ထိုကြောင့် ပညာရှင်များမှာ မနားမနေဖတ်ရှုခဲ့ကြပြီး အများစုမှာ စာတမ်းဒါဇင်ကျော်လောက် လေ့လာခဲ့ကြသည်။ သူတို့လုပ်ဆောင်ရမည့် တစ်ခုတည်းသောတာဝန်မှာ ထိုစာတမ်းများကို တစ်မှ တစ်ဆယ်အတွင်း အမှတ်ပေးရန်သာ။

နောက်တစ်နေ့မနက်တွင် ညီလာခံကို သတ်မှတ်ထားသည့်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။ ပါမောက္ခဆိုင်ယန်၏ အစီအစဉ်အတိုင်း ကဏ္ဍတစ်ခုချင်းစီမှ ထိပ်တန်းစာတမ်းငါးစောင်ကို ဂုဏ်ပြုရန်အတွက် တစ်နာရီမှ နှစ်နာရီခန့်ကြာမြင့်မည့် ဆုပေးပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ရာ ဆုဖလားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပင် ညတွင်းချင်း အမြန်ပြင်ဆင်ခဲ့ကြသည်။

နိုဘယ်ဆုကဲ့သို့ ဂုဏ်သတင်းကြီးမားလှသည့် ဆုများနှင့် မယှဉ်နိုင်သော်လည်း ကမ္ဘာ့ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ရေးဖိုရမ်သည် ကမ္ဘာပေါ်တွင် သြဇာအရှိဆုံး သိပ္ပံသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်၏။ ဤအဖွဲ့အစည်း၏ အသိအမှတ်ပြုမှုကို ရရှိခြင်းမှာ နိုဘယ်ဆုကဲ့သို့သော ဆုများ၏ အဆင့်အတန်းနှင့် သိပ်မကွာလှပေ။

ခန်းမ၏အလယ်တွင် ဖန်သားပြင်ကြီးတစ်ခုရှိပြီး အနားတွင်မူ ပညာရပ်ကဏ္ဍ၁၂ခု၊ ဂုဏ်ပြုဆုဖလားအခု၆၀နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများက ဝန်းရံထားသည်။

သုတေသနစာတမ်းပေါင်းတစ်ထောင်ကျော်ထဲမှ ဤဆုဖလားနှင့် မှတ်တမ်းလွှာတစ်ခုကို မိမိနိုင်ငံသို့ ယူဆောင်သွားနိုင်ခြင်းကား အလွန်ဂုဏ်ယူစရာကောင်းလှသည်။

"တစ်ညလုံးမဲပေးထားပြီးတဲ့နောက်မှာ အကြိုရလဒ်တွေကို ရရှိထားပါပြီ"

မနေ့က အစီအစဉ်မှူးကပင် ပြောလိုက်သည်။

"မနေ့ညက ပညာရှင်ပေါင်းခုနစ်သိန်းကိုးသောင်းကျော်က အမှတ်ပေးမှုမှာ ပါဝင်ခဲ့ကြပြီး အမှတ်ပေးမှတ်တမ်းပေါင်း ၁၈သန်းကျော် ရရှိခဲ့ပါတယ်။ ဒါဟာ ဒီစာတမ်းတွေအပေါ် တစ်ကမ္ဘာလုံးက ဘယ်လောက်အထိ စိတ်ဝင်စားနေကြလဲဆိုတာကို ပြသနေတာပါပဲ"

ပရိသတ်ထဲရှိ ပညာရှင်များမှာ သူတို့၏ သုတေသနအောင်မြင်မှုများအတွက် ယုံကြည်မှုအပြည့်ဖြင့် ရင်ခုန်နေကြသည်။ သူတို့ကဏ္ဍတွင် ပထမဆုရဖို့အထိ မမျှော်လင့်ထားသော်လည်း ထိပ်တန်းငါးဦးစာရင်းထဲကိုတော့ သေချာပေါက်ဝင်လိမ့်မည်ဟု ယူဆထားကြသည်။

"ရလဒ်တွေကို ကြေညာပေးပါတော့။ အကုန် စိတ်လှုပ်ရှားနေကြပြီ”

"ဟုတ်တယ်။ မနေ့က အပြောကြီးထားတဲ့ပညာရှင်က သူပြောသလိုရော တကယ်တော်ရဲ့လားဆိုတာကို မြင်ချင်နေပြီ"

"ဟုတ်တယ်။ ရလဒ်တွေကို မြန်မြန်ထုတ်ပြန်ပေးပါ။ ကျုပ် ဆုတက်ယူချင်လွန်းလို့ မစောင့်နိုင်တော့ဘူး”

ပရိသတ်ထဲရှိ လူအများအပြားမှာ မနေ့က ကျန်းမုန့်လောင်၏ မောက်မာသောစကားအပေါ် မကျေမနပ်ဖြစ်နေကြသည်။ သူ့အပြုအမူမှာ ကမ္ဘာ့သိပ္ပံလောကကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်လေရာ မည်သူကများ သည်းခံနိုင်မည်နည်း။

သို့သော် သူတို့ ဟွာရှားကိုယ်စားလှယ်အဖွဲ့ ထိုင်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ခဏမျှမှင်တက်သွားရသည်။

အံ့သြစရာကောင်းသည်မှာ ဟွာရှားကိုယ်စားလှယ်အားလုံးက အော်စကာဆုပေးပွဲတွင် ဆုတက်ယူမည့် ခေါင်းဆောင်မင်းသားများအလား အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ထားကြသည်။

ထိုမျှသာမက သူတို့အားလုံးမှာ တစ်ပုံစံတည်းတူညီသော နေကာမျက်မှန်များကို တပ်ထားကြပြီး ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေကြလေရာ ဘေးပတ်ဝန်းကျင်ရှိ လူများကို လူရာမသွင်းသည့်အတိုင်းပင်။

“ဘယ်သူ အရင်ဆုတက်ယူမလဲ”

ကျန်းမုန့်လောင်က မေးလိုက်သည်။

"တော်ဝင်ပညာရှင်ဝမ် အရင်သွားသင့်တယ်"

"တော်ဝင်ပညာရှင်လျို အရင်သွားသင့်တာပေါ့"

"မဟုတ်ဘူး။ တော်ဝင်ပညာရှင်ကျိုး အရင်သွားသင့်တယ်။ ခင်ဗျားက ကျုပ်တို့ထဲမှာ အသက်အကြီးဆုံးနဲ့ ဝါအရင့်ဆုံးပဲ။ ပထမဆုံးဆုကို ကျုပ်တို့ကိုယ်စားတက်ယူဖို့ အသင့်တော်ဆုံးပဲ"

"မဟုတ်တာ... မဟုတ်တာ... ဒီလိုအခွင့်အရေးကို လူငယ်တွေကိုပဲ ပေးရမှာပေါ့။ မုန့်လောင်ပဲ သွားသင့်တယ်ထင်တာပဲ"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ကျွန်တော့်ရဲ့ အရည်အချင်းက နုပါသေးတယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ကိုယ်စားပြုလို့ရမှာလဲ"

"ဒါဆို စုံစွမ်စိကစားကြမလား။ နိုင်တဲ့သူ အရင်တက်မယ်လေ"

"ကောင်းပြီလေ စုံစွမ်စိကစားကြမယ်”

...

"သူတို့ ဘာတွေလုပ်နေကြတာလဲ"

"အဆင့်တွေတောင် မကြေညာရသေးဘူး။ ဘယ်သူဆုတက်ယူမလဲဆိုတာကို ဆွေးနွေးနေကြတာလား။ အဲဒီလိုယုံကြည်မှုမျိုးကို ဘယ်ကရတာပါလိမ့်"

"ဟားဟား... သူတို့ တစ်ဆုနှစ်ဆုလောက် ရရင်တောင် တော်တော်ကောင်းနေပြီ။ သူတို့အဆင့်တွေက တော်တော်နိမ့်မယ်ထင်တယ်"

"အင်း... အဲဒါတော့ ပြောရခက်တယ်။ သူတို့ ဘယ်လောက်တောင်ယုံကြည်မှုရှိနေလဲဆိုတာ ကြည့်စမ်းပါဦး။ ဘာသာရပ်တိုင်းမှာ ပထမဆုတွေ အကုန်ယူတော့မယ့်အတိုင်းပဲ”

"မင်းပြောတာလည်း ဟုတ်သားပဲ"

လူအများကတော့ ဟွာရှားကိုယ်စားလှယ်များ၏ အပြုအမူမှာ လူအာရုံစိုက်ခံရအောင် ဟန်လုပ်နေခြင်းသာ ဖြစ်သည်ဟု မှတ်ယူထားကြသည်။

"ဟေ့ မုန့်လောင်.... ငါတို့က အဘိုးကြီးတွေဖြစ်နေတာတောင် မင်းရဲ့အကွက်ကို ရေလိုက်ငါးလိုက်လုပ်ပေးနေရတယ်"

"ဟုတ်တယ်။ ဆုတစ်ဆုမှမရရင်တော့ ငါတို့မျက်နှာ ဘယ်နားသွားထားရမလဲသိမှာမဟုတ်ဘူး"

"ဒါက တစ်ကမ္ဘာလုံးကို တိုက်ရိုက်လွှင့်နေတာနော်။ အရှက်ကွဲလို့မဖြစ်ဘူး"

"လူကြီးမင်းတို့ စိတ်အေးအေးထားကြပါ။ မကြာခင်သိရတော့မှာပါ"

"ကဲ... ဒါဆိုရင် ရူပဗေဒကဏ္ဍအတွက် ဆုတွေကို ကြေညာပေးပါ့မယ်။ ပဉ္စမဆုကနေ စပါမယ်"

ဖန်သားပြင်ထက်တွင် အင်္ဂလိပ်စာသားများ ပေါ်လာသည်။

"ဂျာမနီနိုင်ငံမှ ပရော်ဖက်ဆာဘိုရာ ကွမ်တမ်ချိတ်ဆက်မှုသုတေသနအတွက် ရမှတ်၉.၃၇၂ ရရှိပါတယ်”

"ဝိုး"

လက်ခုပ်သံများ ညံသွားပြီးနောက် အသက်ငါးဆယ်ကျော် ပညာရှင်တစ်ဦးမှာ ဝမ်းသာအားရဖြင့် ဆုပေးပွဲစင်မြင့်ပေါ်သို့ တက်လာသည်။ ပဉ္စမဆုသာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ရူပဗေဒကဏ္ဍ၌ စာတမ်းပေါင်း၂၀၀ကျော် ရှိသည်။ ဤရလဒ်မှာ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းရူပဗေဒပညာရှင်များအကြား ရရှိခဲ့ခြင်းဖြစ်လေရာ အလွန်တန်ဖိုးရှိလှသည်။

"စတုတ္ထဆုကိုတော့ အင်္ဂလန်နိုင်ငံက ပါမောက္ခမူကော်ဒိုဗာက နယူထရီနိုလှိုင်းတုန်ခါမှုနယ်ပယ်မှ ထူးခြားသောအောင်မြင်မှုများအတွက် ရမှတ် ၉.၄၅၁မှတ် ရရှိပါတယ်”

ရွှေရောင်ဆံပင်ပိုင်ရှင် ပညာရှင်တစ်ဦးမှာ ပြုံးရွှင်စွာဖြင့် ဆုပေးပွဲစင်မြင့်ပေါ်သို့ တက်လာပြီးနောက် အောက်ဘက်ရှိ ပရိသတ်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"တတိယဆုကိုတော့ သြစတြီးယားနိုင်ငံက ပါမောက္ခဂါရစ်ဒ်နိုမှ လေဆာရူပဗေဒနယ်ပယ်မှာ ထူးခြားစွာပါဝင်အားဖြည့်ခဲ့တဲ့အတွက် ၉.၅၆၂မှတ် ရရှိပါတယ်"

“ဟားဟားဟား... နှစ်နေရာပဲ ကျန်တော့တယ်။ အဲဒါတွေက ဟွာရှားနိုင်ငံရဲ့ဆုတွေဆိုတာ သေချာတယ်ဟေ့"

"ဟုတ်ပါ့.. ကြည့်ဦးလေ။ သူတို့က ဆုတက်ယူဖို့တောင် အသင့်ပြင်ထားကြတာ။ တကယ်လို့ သူတို့သာ မဟုတ်ခဲ့ရင်တော့ သူတို့အစား ငါပါ ရှက်မိလိမ့်မယ်”

“ဒုတိယဆု”

အစီအစဉ်မှူး၏ မျက်နှာထက်တွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီးနောက် ကျန်းမုန့်လောင်ရှိရာဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

"ဟွာရှားကိုယ်စားလှယ်အဖွဲ့ စကြဝဠာဟင်းလင်းပြင်၏ကွေးညွတ်မှုသုတေသနအတွက် ရမှတ်၉.၈၇၇ ရရှိပါတယ်"

ခန်းမတစ်ခုလုံး ခဏမျှတိတ်ဆိတ်သွားသည်။ သူတို့အားလုံးက ကျန်းမုန့်လောင်ကို လှောင်ပြောင်ရန် အသင့်ပြင်ထားကြသော်လည်း ဤရလဒ်က သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားချေသည်။ သူ့သုတေသနမှာ အမှန်တကယ်ပင် အကဲဖြတ်ချက်မြင့်မြင့်မားမားကို ရရှိခဲ့သည်။

ပါမောက္ခဂါရစ်ဒ်နိုမှာ လွန်ခဲ့သည့်၁၈နှစ်က လေဆာရူပဗေဒဖြင့် နိုဘယ်ဆုရရှိခဲ့သူဖြစ်၏။

ယခုမူ သူ့သုတေသနက သူကိုယ်တိုင် လွန်ခဲ့သော၁၈နှစ်က ရရှိခဲ့သည့် အောင်မြင်မှုထက်ပင် သာလွန်နေပြီဖြစ်၏။ ထိုသို့ဆိုလျှင် ကျန်းမုန့်လောင်၏သုတေသနမှာ ရူပဗေဒနိုဘယ်ဆုထက်ပင် သာလွန်နေပြီဟု ဆိုလိုခြင်းလေလော။

ထို့ပြင် သူ့ရမှတ်မှာ ၉.၈၇၇အထိ ရောက်ရှိနေပြီး ပါမောက္ခဂါရစ်ဒ်နို၏ရမှတ်နှင့် သိသိသာသာကွာဟနေသည်မှာ အံ့သြစရာပင်။

"ဒါဆို ကျွန်တော် အရင်သွားလိုက်မယ်"

ကျန်းမုန့်လောင်က နေကာမျက်မှန်ကို ပြင်တပ်ပြီး ဆုပေးပွဲစင်မြင့်ထက်သို့ တက်သွားချေသည်။

"ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"

ပရိသတ်ထဲရှိ မည်သူတစ်ဦးတစ်ယောက်ကမှ လက်ခုပ်မတီးကြသော်လည်း ကျန်းမုန့်လောင်ကတော့ လူပေါင်းများစွာထံမှ ဝိုင်းဝန်းအားပေးခံနေရသည့်အလား လုပ်ပြနေဆဲပင်။ လူတိုင်းက သူတို့ ရိုင်းပျမိသွားကြောင်း သတိထားမိသွားမှသာ မိုးကြိုးသံအလား ဟိန်းထွက်နေသော လက်ခုပ်သြဘာသံများ ထွက်လာလေတော့သည်။

"မစ္စတာကျန်း... ဂုဏ်ပြုပါတယ်"

အစီအစဉ်မှူးမှာ အနည်းငယ်တွန့်ဆုတ်နေသော်လည်း ကျန်းမုန့်လောင်ကို ဆုဖလား ပေးအပ်လိုက်ရသည်။

"အင်း... ဒုတိယဆုပဲ ရှိသေးတာပါ။ ပထမဆု မဟုတ်သေးဘူးလေ"

"ဟုတ်တယ်။ ဒုတိယဆုပဲဖြစ်နေလို့ တော်သေးတာပေါ့။ မဟုတ်ရင် သူတို့ရဲ့ဘဝင်က မိုးထိအောင် မြင့်သွားလိမ့်မယ်”

သို့သော် ကျန်းမုန့်လောင်က ဆုဖလားကို လက်ခံပြီးနောက် စင်ပေါ်က ဆင်းမသွားသေးဘဲ အစီအစဉ်မှူး၏ဘေးနားတွင် အေးအေးဆေးဆေး ဆက်ရပ်နေပေသည်။

"မစ္စတာကျန်း... ခင်ဗျား ဆင်းလို့ရပါပြီ။ ကျွန်တော်တို့ ပထမဆုကို ကြေညာရဦးမယ်လေ"

အစီအစဉ်မှူးက ပြောလိုက်သည်။

"ကြေညာစရာရှိတာ ကြေညာပါ"

ကျန်းမုန့်လောင်က ဆို၏။

"ဘာလို့လဲဆိုတော့ ပထမဆုကလည်း ကျွန်တော့်ဟာပဲ။ စင်ပေါ်ကနေ တက်လိုက်ဆင်းလိုက်လုပ်နေရတာ အလုပ်ရှုပ်တယ်။ ဒီနေရာမှာပဲ ရလဒ်ကို စောင့်ကြည့်လိုက်တာက ပိုအဆင်ပြေမယ်"

********************

All Chapters