ပစ္စည်းတွေရောက်လာပြီလား
Vol. 48 Ch. 720
လော်တန်လိုက်ဖ်၏ မျက်နှာမှာ စိမ်းရာမှ ခရမ်းရောင်သမ်းသည်အထိ ပျက်ယွင်းသွားတော့သည်။
ကွမ်တမ်ထပ်ဆင့်ခြင်းနယ်ပယ်တွင် သူသည် သူတစ်ပါးကို အမြဲလမ်းညွှန်ပေးခဲ့ရသူသာ ဖြစ်၏။ သူကိုယ်တိုင်က သူတစ်ပါးထံတွင် အကြံဉာဏ်တောင်းခံရမည့်အလှည့်မျိုး ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သို့သော် ယခုအခါတွင်မူ အမှန်တရားက သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်၏။ သူနှင့် ကျန်းမုန့်လောင်ကြားရှိ ကွာဟချက်မှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
မော်လီကျူးနယ်ပယ်ရှိ ကွမ်တမ်အခြေအနေထပ်ဆင့်ခြင်းနှင့်ပတ်သက်၍မူ သူသည် ခြေတစ်လှမ်းပင် မချနိုင်သေးချေ။ မသေခင် ထိုနယ်ပယ်တွင် အောင်မြင်မှုအချို့ရှာဖွေနိုင်ရန်မှာ သူ့အိပ်မက်ပင် ဖြစ်ချေသည်။
သို့သော် ယခုမူ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က သူ တစ်သက်လုံးအိပ်မက်မက်ခဲ့ရသည့်အရာကို အောင်မြင်စွာ လုပ်ပြသွားခြင်းကြောင့် သူ့နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးသွားသည်။
"ပါမောက္ခလော်တန်လိုက်ဖ် အားတင်းထားပါ"
ပါမောက္ခလော်တန်လိုက်ဖ်ခမျာ စိတ်ဓာတ်ကျနေစဉ်မှာပင် ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာသည်ကို ခံစားလိုက်ရ၏။
ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ထားသော အမျိုးသားတစ်ယောက်က သူ့ကိုကြည့်နေပေသည်။ သူကား အခြားသူမဟုတ်ချေ။ ဟွာရှားနိုင်ငံမှ ပရော်ဖက်ဆာလျိုပင်။
"သူ့ကိုရှုံးတာက ရှက်စရာမဟုတ်ပါဘူးဗျာ"
လော်တန်လိုက်ဖ်လည်း သက်ပြင်းချလိုက်မိသည်။
"ဟွာရှားရဲ့ သိပ္ပံသုတေသနက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော် ဆွံ့အသွားပါပြီ။ ပါမောက္ခလျို.. ထိုင်ပါဦး"
ပါမောက္ခလျိုက သူနှင့် စကားစမြည်ပြောရန် လာသည်ဟု ထင်မှတ်ကာ လော်တန်လိုက်ဖ်က နေရာဖယ်ပေးလိုက်သည်။ သူတို့၏ သုတေသနနယ်ပယ်များမှာ မတူညီသော်လည်း ထိပ်တန်းပညာရှင်အချင်းချင်းမှာမူ အပြန်အလှန်လေးစားမှုရှိပြီး ဆွေးနွေးစရာ အကြောင်းအရာများစွာ ရှိကြသည်။
"မဟုတ်ပါဘူး"
ပါမောက္ခလျိုက ဆို၏။
"ကျွန်တော်က ဒီအတိုင်းဖြတ်သွားရုံပါ"
"ဒါဆို ခင်ဗျားက..."
"ကျွန်တော် အခု စင်ပေါ်တက်ပြီး ဆုသွားယူရမှာမို့ ခွင့်ပြုပါဦး"
လော်တန်လိုက်ဖ် : "???"
...
ထိုအချိန်တွင် ဓာတုဗေဒနယ်ပယ်ထဲရှိ ဒုတိယနေရာမှ ပဉ္စမနေရာအထိ ရလဒ်များကို ကြေညာပြီးဖြစ်ရာ ယခုမူ ပထမဆုကို ကြေညာရန် ပြင်ဆင်နေကြလေပြီ။
"ပထမဆုကိုတော့ လီသီယမ်ဘက်ထရီသုတေသနနဲ့ ဟွာရှားကိုယ်စားလှယ်အဖွဲ့က ရမှတ်ပေါင်း၉.၈၃၇နဲ့ ရရှိသွားပါတယ်"
"ဟွာရှားက ထပ်နိုင်ပြန်ပြီလား။ ငါတို့တွေက ဇာတ်ပို့တွေဖြစ်ကုန်ပြီလား"
"လီသီယမ်ဘက်ထရီနဲ့ ပထမဆုပေးတာလား"
"မတရားဘူး။ ဒါ ကြိုဇာတ်တိုက်ထားတာ"
...
ရုတ်ခြည်းပင် စင်ပေါ်ရှိ ဟော့လိုင်းဖုန်းမှာ ထပ်မြည်လာပြန်သည်။
ဖန်သားပြင်ပေါ်တွင် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ရှိ အပြာရောင်မျက်လုံးနှင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးသုတေသနပညာရှင်တစ်ဦးကို တွေ့လိုက်ရသည်။ သူ(မ)သည် ငယ်ရွယ်စဉ်က အလှပဂေးတစ်ဦးဖြစ်ခဲ့မည်မှာ သေချာပေါက်ပင်။
သို့သော် ယခုအခါတွင်မူ သူ(မ)၏အမူအရာကား ဒေါသထွက်နေပုံပေါ်သည်။
"ရှင်တို့က ဘာသိလို့လဲ။ ဟွာရှားနိုင်ငံရဲ့ သုတေသနက ဘယ်လောက်တောင်ထူးချွန်လဲဆိုတာ သိကြလား"
ထိုအမျိုးသမီးပညာရှင်က ဖုန်းချိတ်ဆက်မိသည်နှင့် ဒေါသတကြီးပြောဆိုလေတော့သည်။
"ဒါက ၂၀၁၈ခုနှစ် ဓာတုဗေဒနိုဘယ်ဆုရှင် ပါမောက္ခအယ်လ်ဆင်ပဲ။ သူက လီသီယမ် ဘက်ထရီနယ်ပယ်မှာ ကျွမ်းကျင်သူပဲ"
လူအများက သူ(မ)ကို ချက်ချင်းမှတ်မိသွားကြသည်။
"ဟွာရှားနိုင်ငံရဲ့သုတေသနက ဘာကိုဖော်ပြနေလဲဆိုတာ ရှင်တို့နားလည်ကြလား"
ပါမောက္ခအယ်လ်ဆင်က ပြောလိုက်၏။
"လီသီယမ်ဘက်ထရီရဲ့ ထုထည်ကို မပြောင်းလဲဘဲနဲ့ ဘက်ထရီပမာဏကို မူလထက် သုံးဆတိုးမြှင့်ပေးနိုင်တယ်။ ပါဝါဆုံးရှုံးမှုကို မူလပမာဏရဲ့ သုံးပုံတစ်ပုံအထိ လျှော့ချပေးနိုင်ပြီး အားသွင်းနှုန်းကလည်း အနည်းဆုံးနှစ်ဆပိုမြန်တယ်"
"ဝိုး"
ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။
လျှပ်စစ်ကားများ ခေတ်စားလာကတည်းက လီသီယမ်ဘက်ထရီနယ်ပယ်မှာ အသုံးချဓာတုဗေဒနယ်ပယ်တွင် အလွန်အရေးပါသော ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ အစပိုင်းတွင် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း လူသားများ၏ လီသီယမ်ဘက်ထရီနည်းပညာမှာ ရပ်တန့်နေခဲ့သည်။
ဥပမာအားဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်က လျှပ်စစ်ကားများ၏ မောင်းနှင်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာသုံးရာမှ လေးရာ၊ ထို့နောက် ခြောက်ရာမှ ခုနစ်ရာအထိ ခုန်တက်သွားခဲ့သည်။
သို့သော် ဤနှစ်နှစ်အတွင်းတွင်မူ တူညီသော ဘက်ထရီထုထည်ဖြင့် ခုနစ်ရာကီလိုမီတာထက် ပိုသွားနိုင်သော ကားမျိုးကို တွေ့ရခဲလှသည်။
ထို့ပြင် ထိုခုနစ်ရာကီလိုမီတာဆိုသည်မှာလည်း ရာသီဥတုအပြောင်းအလဲနှင့် ပါဝါဆုံးရှုံးမှုတို့ကြောင့် သိသိသာသာလျော့နည်းသွားတတ်သည်။
အကယ်၍ ပါမောက္ခအယ်လ်ဆင် ပြောသလိုသာဆိုလျှင် လက်ရှိလျှပ်စစ်ကားများမှာ ပါဝါဆုံးရှုံးမှုမရှိဘဲ ကီလိုမီတာနှစ်ထောင်အထိ မောင်းနှင်နိုင်မည်ဖြစ်ပြီး အားသွင်းချိန်ကလည်း ယခင်ကထက် ပိုမကြာနိုင်တော့ချေ။
အကယ်၍ ထိုကဲ့သို့သော ဘက်ထရီများကိုသာ ထုတ်လုပ်နိုင်ခဲ့လျှင် လျှပ်စစ်ကားကုမ္ပဏီအသစ်တစ်ခု တည်ထောင်လိုက်ရုံဖြင့် လက်ရှိဈေးကွက်အတွင်းရှိ လျှပ်စစ်ကားကုမ္ပဏီအားလုံးလည်း တစ်ခဏအတွင်း ဒေဝါလီခံသွားရပေလိမ့်မည်။
ထို့ကြောင့် လီသီယမ်ဘက်ထရီသုတေသနကို အထင်သေးခြင်းမှာ ပါမောက္ခအယ်လ်ဆင်အတွက်မူ အမှန်တကယ်ပင် ရယ်စရာကောင်းလှပေသည်။
"ဟွာရှားရဲ့ဂုဏ်သိက္ခာကို ဖော်ထုတ်ပေးလို့ကျေးဇူးတင်ပါတယ် ပါမောက္ခအယ်လ်ဆင်..."
ကျန်းမုန့်လောင်က ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဟားဟား မစ္စတာကျန်း.... ရှင်က အရမ်းယဉ်ကျေးတာပဲ။ ကျွန်မတို့က သုတေသနကိုပဲ အာရုံစိုက်တဲ့လူတွေပါ။ ဒီလိုသုတေသနမျိုးကမှ ကျွန်မတို့ရဲ့လေးစားမှုကို ရနိုင်တာ။ ရှင့်လက်ရာထဲက အီလက်ထရောနစ်သက်ရောက်မှုနဲ့ပတ်သက်ပြီး ကျွန်မမှာ မေးစရာလေးတွေ ရှိသေးတယ်။ ဒါကြောင့် ဟွာရှားကိုလာပြီး ခဏလောက်လေ့လာလို့ရမလား။ ဖြစ်နိုင်ရင် ကျွန်မရဲ့ကျောင်းသားတွေကိုပါ ခေါ်လာချင်ပါတယ်"
"ရတာပေါ့။ ကြိုဆိုပါတယ်"
"ဒါဆို ဟွာရှားမှာတွေ့ကြတာပေါ့"
...
"ဟားဟား... မြန်မြန်လုပ် ရန်ပုံငွေသွားလျှောက်ကြတော့"
ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဥက္ကဋ္ဌက ဆိုသည်။
"နိုင်ငံတကာနှီးနှောဖလှယ်ရေးကောလိပ်တစ်ခု တည်ဆောက်ကြစို့။ ဒီနေ့ကစပြီး ငါတို့တက္ကသိုလ်က ကမ္ဘာကို ခြေဆန့်တော့မယ်"
နိုဘယ်ဆုရှင်အဆင့်ရှိ ပညာရှင်နှစ်ဦးက သူတို့၏ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ လာရောက်လိုကြောင်း ပြောကြားခဲ့ခြင်းမှာ တက္ကသိုလ်အတွက် မည်မျှအဓိပ္ပာယ်ရှိလေသလဲ။ ဟွာရှားရှိ အကောင်းဆုံးတက္ကသိုလ်များပင် ဤကဲ့သို့သော အခွင့်အရေးမျိုး မရခဲ့ဖူးချေ။
တက္ကသိုလ်မှ သုတေသနရလဒ်များစွာ ထွက်ပေါ်နေပြီး အဆင့်သတ်မှတ်ချက်များကလည်း မြင့်တက်နေသော်ငြား ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုဖြစ်လာရန် လိုအပ်သော နိုင်ငံတကာလွှမ်းမိုးမှုမှာ အားနည်းနေသေးသည်။
ထိပ်တန်းပညာရှင်များ လာရောက်နှီးနှောဖလှယ်ခြင်းမရှိပါက ကျန်းနန် တက္ကသိုလ်ကား နိုင်ငံတကာအဆင့်သို့ မရောက်သေးဘူးဟု ဆိုလိုရာရောက်ပြီး ၎င်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနေသော အချက်ပင်။
သို့သော် ယခုဖြစ်ရပ်အပြီးတွင်မူ ထိုအခြေအနေမှာ လုံးဝပြောင်းလဲသွားတော့မည် ဖြစ်၏။ မကြာခင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က အလွန်ကျော်ကြားလာတော့မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များကလည်း အတွေ့အကြုံဖလှယ်ရန်သာမက သင်ယူလေ့လာရန်အတွက်ပါ တဖွဲဖွဲရောက်ရှိလာကြတော့မည်သာ။
နိုဘယ်ဆုရှင်များက သင်ယူရန်လာကြမည်လော။ ဤသည်မှာ မည်မျှကြီးကျယ်သော ကိစ္စလေလဲ။
ကမ္ဘာ့အဆင့်မီသုတေသနအောင်မြင်မှုများမှာ ကျန်းနန်တက္ကသိုလ်တွင် ရှိနေခြင်းဖြစ်၏။ ဤသည်မှာ ကျန်းမုန့်လောင်၏ကျေးဇူးကြောင့်ပင်။ သူတို့၏အားသာချက်များကို လျစ်လျူရှုပြီး အခြားကျောင်းများသို့ သွားရောက် သင်ယူရန် လိုအပ်ပါဦးမည်လော။
...
"ဆေးပညာနယ်ပယ်မှာ mRNAနဲ့ ကင်ဆာရောဂါကို အမြစ်ပြတ်ကုသနိုင်တဲ့ သုတေသနအတွက် ဟွာရှားကိုယ်စားလှယ်အဖွဲ့က ပထမဆုရရှိပါတယ်"
"အမြစ်ပြတ်ကုသတာလား။ သူက ကုသတာလို့တောင် မပြောဘဲ အမြစ်ပြတ်ပျောက်ကင်းတယ်လို့ ပြောလိုက်တာလား"
"ဘုရားရေ... ဟွာရှားနိုင်ငံက ကင်ဆာရောဂါရဲ့အစိတ်အပိုင်းတစ်ခုကို အောင်နိုင်သွားပြီလား?"
"မယုံနိုင်စရာပဲ။ သူတို့ ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ"
...
"ဇီဝဗေဒနယ်ပယ်မှာ အပင်မျိုးရိုးဗီဇအင်ဂျင်နီယာသုတေသနအတွက် ဟွာရှား ကိုယ်စားလှယ်အဖွဲ့က ပထမဆုရရှိပါတယ်"
"ဘာ? အပင်တွေရဲ့ လိုက်လျောညီထွေမှုလား။ အပင်တွေအားလုံးက သဲကန္တာရပတ်ဝန်းကျင်မှာ အလွယ်တကူရှင်သန်နိုင်မယ် ဟုတ်လား"
"ဒါသာ တကယ်ဖြစ်လာရင် ကမ္ဘာပေါ်မှာ သဲကန္တာရဖြစ်ထွန်းမှုပြဿနာတွေ ရှိတော့မှာ မဟုတ်ဘူး။ သဲကန္တာရတွေကို စိမ်းလန်းတဲ့ အိုအေစစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်မှာပဲ"
...
"နျူကလီးယားစွမ်းအင်နယ်ပယ်မှာ အင်ဂျင်ပိုင်းဆိုင်ရာ ထိန်းချုပ်နျူကလီးယားပေါင်းစပ်မှုသုတေသနအတွက် ဟွာရှားကိုယ်စားလှယ်အဖွဲ့က ပထမဆုရရှိပါတယ်"
"သူတို့က ထိန်းချုပ်နျူကလီးယားပေါင်းစပ်မှုကို အောင်မြင်သွားတာလား'
"နျူကလီးယားပေါင်းစပ်မှုအင်ဂျင်တွေလား။ ဒါက အနည်းဆုံး နှစ်နှစ်ဆယ်လောက်ကြာမှ လက်တွေ့ဖြစ်လာမယ့် အရာတွေမဟုတ်ဘူးလား"
...
ကြေညာလိုက်သည့် စီမံကိန်းတိုင်းမှာ ကမ္ဘာ့သိပ္ပံနယ်ပယ်ကို အကြီးအကျယ်တုန်လှုပ်စေခဲ့ပြီး ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကလည်း ပညာရှင်ပရိသတ်များစွာ ရရှိလာခဲ့သည်။ တက္ကသိုလ်၏ နိုင်ငံခြားရေးရုံးရှိ ဖုန်းလိုင်းများမှာလည်း မနားတမ်းမြည်နေတော့သည်။
"ဟင် ဘယ်သူလဲ။ နိုဘယ်ဆုရှင်လား။ ဟုတ်ကဲ့... လာမယ့်အပတ်မှာ လာနိုင်အောင် စီစဉ်ပေးပါ့မယ်။ အဆင်ပြေလားရှင့်။ ကုန်ကျစရိတ်ကို ကိုယ်တိုင်ကျခံချင်တာလား။ ကျွန်မတို့ဘက်က ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ"
"ဟားဗတ်ပါမောက္ခလား။ စိတ်မကောင်းပါဘူး... နိုဘယ်ဆုအောက်အဆင့်ရှိတဲ့ ဆုရရှိသူတွေအတွက်ဆိုရင်တော့ နှစ်လလောက်ကြာမှပဲ စီစဉ်ပေးနိုင်မှာပါ။ ကျေးဇူးပြုပြီး နားလည်ပေးပါ"
"ရှင် မစောင့်နိုင်ဘူးလား။ ခုနကတင် နိုက်တင်ဂေးလ်ဆုရထားတဲ့ လူတစ်ယောက်က ခြောက်လလောက်စောင့်မယ်လို့တောင် ပြောသွားတာ။ ကိန်းဘရစ်ချ်ပါမောက္ခဖြစ်တာနဲ့ပဲ ဘာတွေများထူးခြားနေလို့လဲ"
...
နယ်ပယ်၁၂ခုအနက် ၉ခုတွင် ဟွာရှားနိုင်ငံက ပထမဆုများကို သိမ်းပိုက်နိုင်ခဲ့သည်။ ကျန်သုံးခုတွင် မရရှိခြင်းမှာ ဟွာရှားဘက်က စာတမ်းတင်သွင်းထားခြင်း မရှိသောကြောင့်သာ။
ခေါင်းစဉ်၁၂ခုတွင် နယ်ပယ်၉ခု၌ ပထမနှင့် ဒုတိယဆုများကို သိမ်းကျုံးယူခဲ့သဖြင့် ဟွာရှားကိုယ်စားလှယ်များမှာ ဆုဖလားများနှင့် ဆုတံဆိပ်များကို မနည်းသယ်ယူရသည်။
"ငါတို့ဟွာရှားနိုင်ငံရဲ့ သိပ္ပံစွမ်းအားက အရမ်းခမ်းနားကြီးကျယ်တာပဲ"
"သေစမ်း.... သူများတွေက ညီလာခံတက်ဖို့ လာတာ။ မင်းတို့ကတော့ ဈေးဝယ်ထွက်သလိုမျိုး ဆုတွေကို အကုန်သိမ်းကျုံးယူဖို့လာတာပဲ"
*********************