← Chapters

မင်းရဲ့ ခွန်အားကဒီလောက်ပဲလား

Vol. 29 Ch. 405

မင်းရဲ့ ခွန်အားကဒီလောက်ပဲလား

Vol. 29 Ch. 405

'တုနှိုင်းမဲ့ခွန်းလွန်' ဟူသော အမည်နာမက ယဲ့ကျန်းကို အံ့အားသင့်စေခဲ့သည်။ ရွှမ်ဟွမ်းကမ္ဘာကြီးတွင် တုနှိုင်းမဲ့ခွန်းလွန်၏ အမည်နာမသည် သက်ရှိဒဏ္ဍာရီ တစ်ခု ဖြစ်၏။ သူသည် ပါရမီရှင်များ၏ ခေတ်ကို စတင်ခဲ့သူ ဖြစ်သည်။

သူမပေါ်လာမီ အချိန်ကဆို လူတိုင်းက ဝါရင့်သူကို လေးစားရမည်ဟူသော ယဉ်ကျေးမှုကို လိုက်နာခဲ့ကြပေသည်။ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များက လူငယ်မျိုးဆက်သစ်များထက် ပိုမို သန်မာသည်ဟု သက်ရှိအားလုံးက ယုံကြည်ထားခဲ့ကြသည်။

သို့သော်လည်း တုနှိုင်းမဲ့ခွန်းလွန် ပေါ်ထွက်လာချိန်မှစ၍ သူသည် ထိုအယူအဆကို အတင်းအဓမ္မ ပြောင်းပြန်လှန်ပစ်ခဲ့ပြီး သိုင်းနတ်ဘုရားနယ်မြေ၏ စံချိန်များကို ချိုးဖျက်ခဲ့လေသည်။

အသက်အငယ်ဆုံး နတ်ဘုရားအရှင်...

အသက်အငယ်ဆုံး သိုင်းအရှင်လုအန်း... အသက်အငယ်ဆုံး မဟာကောင်းကင်အရှင်...

အသက်အငယ်ဆုံး သိုင်းအရှင်...

အသက်အငယ်ဆုံး တုနှိုင်းမဲ့သူ...

ဤမှတ်တမ်းအချို့ကို နောက်ပိုင်းပေါ်ပေါက်လာသည့် ပါရမီရှင်များက ချိုးဖျက်နိုင်ခဲ့သော်လည်း သိုင်းနတ်ဘုရားနယ်မြေရှိ ရှေးရိုးစွဲ အဘိုးကြီးများ၏ အမြင်ကို ပြောင်းလဲစေခဲ့သူမှာ တုနှိုင်းမဲ့ခွန်းလွန် ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ယဲ့ရှန်ခုန်းနှင့် လုရှန်ကျိုးတို့ မည်မျှပင် ပါရမီပါပါစေ လူတိုင်း၏ နှလုံးသားထဲတွင် တုနှိုင်းမဲ့ခွန်းလွန်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ယဲ့ကျန်းပင်လျှင် ထိုသို့ တွေးနေမိသည်။

တုနှိုင်းမဲ့ခွန်းလွန်ကသာ ရွှမ်ဟွမ်းကမ္ဘာကြီး တစ်ခုလုံးတွင် ဂုဏ်သတင်း အကြီးမားဆုံး ဖြစ်သည်ဟု ပြောလျှင် လွန်မည် မဟုတ်ပေ။

ယဲ့ကျန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း လောလောဆယ်တွင် တုနှိုင်းမဲ့ခွန်းလွန်နှင့် ယှဉ်နိုင်ရန် အလှမ်းကွာဝေးနေသေးကြောင်း သူ သိထားသည်။ သူသည် ယခုချိန်၌ နတ်ဘုရား ၇၂ ပါးကိုပင် ယှဉ်နိုင်ခြင်း မရှိသေးချေ။

နတ်ဘုရား ၇၂ ပါးက သူ အလေးစားဆုံး အစ်ကိုဖြစ်သူကို ဖိနှိပ်ခဲ့သဖြင့် သူ့နှလုံးသားထဲတွင် ဒေါသ မီးတောက်များ တောက်လောင်နေသည်။

သူသည် ၎င်းတို့၏ ပြိုင်ဘက် မဟုတ်လျှင်ပင် အစ်ကိုဖြစ်သူအတွက် တရားမျှတမှုကို ရှာဖွေပေးရမည်။

အခြား အင်မော်တယ်နတ်ဘုရားများသည်လည်း နတ်ဘုရား ၇၂ ပါး၏ အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ စိတ်လှုပ်ရှား သွားကြသည်။ သို့သော်လည်း တာအိုဘိုးဘေးက သူတို့အား ကြည့်ရှုရန်သာ လာခဲ့ခြင်း ဖြစ်သည်ဟု ပြောထားသဖြင့် ထိတ်လန့်ခြင်း မရှိကြပေ။

တာအိုဘိုးဘေးကို ဘယ်သူကများ အနိုင်ယူနိုင်မည်နည်း...

ကောင်းကင်တရားရုံးရှိ အင်မော်တယ်နတ်ဘုရားများ၏ မျက်လုံးထဲတွင် တာအိုဘိုးဘေးသည်သာ ပြိုင်ဘက်ကင်း ဖြစ်သည်။

လူတိုင်း၏ အကြည့်အောက်တွင် ကြယ်တာရာ လေဟာနယ်၏ နက်ရှိုင်းသော နေရာမှ အလင်းတန်း တစ်ခု ပျံသန်းလာပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာသည်။ မြေပြင်နှင့် မိုင်ပေါင်း သောင်းချီ အကွာတွင် ရပ်တန့်လိုက်သော်လည်း ကောင်းကင်လှေမှာ အလွန် ကြီးမားလှသဖြင့် အဝေးမှ ကြည့်လျှင်ပင် ၎င်း၏ ပုံသဏ္ဌာန်ကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။

"မင်းတို့ ဒီမှာ စောင့်နေမယ်လို့ မထင်ထားဘူး... တာအိုဘိုးဘေးက တကယ် ထူးခြားတာပဲ..."

တုကူးထောင်၏ အေးစက်သော အသံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုစဉ် ကောင်းကင်လှေထဲမှ ပုံရိပ်များ ပျံထွက်လာပြီး ကောင်းကင်ယံတွင် လျင်မြန်စွာ နေရာယူလိုက်ကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ကမ္ဘာကြီးကို တုန်လှုပ်စေသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။

သူတို့၏ သိုင်းမူလမီးတောက်များက ပြင်းထန်စွာ တောက်လောင်နေပြီး ကြယ်တာရာ ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။၎င်းတို့ စုစည်းထားသော အရှိန်အဟုန်ကြောင့် ကမ္ဘာမြေပြင် တုန်ခါလာပြီး မြေပြင်များ အက်ကွဲကုန်ကာ ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများပင် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။

ပိုင်ချီ၏ အဖိုးတန် ပလ္လင်ပေါ်တွင် ထိုင်နေသော မူလင်းလော့မှာလည်း မတ်တတ်မရပ်ဘဲ မနေနိုင်တော့ချေ။ အင်မော်တယ်နတ်ဘုရားများ၏ မျက်နှာထားများလည်း ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

သေချာ ရေတွက်ကြည့်လိုက်လျှင် ကောင်းကင်ပေါ်၌ ပုံရိပ် ၇၂ ခု ပျံဝဲနေသည်။အဤမျိုးသား၊ အမျိုးသမီး အားလုံးက စကြဝဠာ တစ်ဖက်ခြမ်းမှ စစ်နတ်ဘုရားများကဲ့သို့ပင် ထင်မှတ်ရလောက်သည်။

"ဒီလူတွေက ကောင်းကင်တရားရုံးက လူတွေလား... သာမန်ပါပဲ..."

"တာအိုဘိုးဘေး ငါတို့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်..."

"ဟူး... ငါတို့ နတ်ဘုရား ၇၂ ပါးက ပိုးမွှားတွေကို ရှင်းဖို့ ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး..."

"သခင် ရွေးချယ်လိုက်တဲ့သူက သာမန်လောက်ပဲ ရှိပုံရတယ်... ဒီလို သေးငယ်တဲ့ ကိစ္စလေးကိုတောင် မလုပ်နိုင်ဘူး..."

"တာအိုဘိုးဘေး မပေါ်လာသေးဘူး... မပေါ့ဆကြနဲ့..."

နတ်ဘုရား ၇၂ ပါးအဖွဲ့သားများက သူတို့အချင်းချင်း တီးတိုး ဆွေးနွေးနေကြသည်။ သူတို့တွင် မတူညီသော စရိုက်လက္ခဏာများ ရှိကြပြီး အချို့က မောက်မာကြပြီး အချို့က သတိကြီးကြသည်၊ အချို့ကတော့ စိုးရိမ်နေကြပြီး အချို့က နှုတ်ဆိတ်နေကြသည်။

သူတို့၏ အကြည့်များက အဝေးရှိ ကောင်းကင်စစ်သည်များ၊ ကောင်းကင်ဗိုလ်ချုပ်များနှင့် အင်မော်တယ်နတ်ဘုရားများအပေါ်သို့ ကျရောက်နေကာ အင်မော်တယ်နတ်ဘုရားများကလည်း သူတို့ကို စူးရှသော အကြည့်များဖြင့် ကြည့်ရှုနေမှုကို ခံစားလိုက်ရပြီး မျက်နှာများ ပူထူလာကြသည်။

ထိုအခိုက်၌ လန်းဆန်းသော ခံစားမှုတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ကောင်းကင်တရားရုံးရှိ လူတိုင်းအပေါ်သို့ ကျရောက်လာသည်။ ထိုအခါ သူတို့ တုန်လှုပ်သွားကြပြီး ခန္ဓာကိုယ်ပေါ်မှ မသက်မသာ ဖြစ်မှုများ ပျောက်ကွယ်သွားလေသည်။

လူတိုင်း မသိစိတ်ကြောင့် မော့ကြည့်လိုက်ရာ အထက်တွင် ကြီးမားခမ်းနားသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ချင်းယွမ်နတ်ဘုရားပလ္လင်ပင်ဖြစ်ပေသည်။ထိုပုလ္လင်ကြီးမှာ ကောင်းကင်ယံတွင် ကြီးမားသော တောင်ကြီးတစ်လုံး ပျံဝဲနေသကဲ့သို့ ရှိနေကာ ၎င်းအပေါ်တွင် ထိုင်နေသော တာအိုဘိုးဘေးသည်လည်း ပေပေါင်း သောင်းချီ မြင့်မားပြီး ပလ္လင်မှ ရောင်ခြည်များစွာ ထွက်ပေါ်နေသည်။

တုနှိုင်းမဲ့ယန်အလင်းတန်းများသည်လည်း တာအိုဘိုးဘေး၏ ပခုံးထက်တွင် ပျံဝဲနေပြီး အလွန်တရာ တောက်ပနေသည်။

နတ်ဘုရား ၇၂ ပါးက ကျန်းချန်ရှန်း ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အားလုံး တုန်လှုပ်သွားကြသည်။

ဤသို့ ပွဲထွက်လာပုံက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်...

တုကူးထောင်က နန်းတော်တံခါးရှေ့တွင် ရပ်၍ မိုးကုပ်စက်ဝိုင်း အဆုံးရှိ ခမ်းနားထည်ဝါသော ပုံရိပ်ကို အဝေးမှ လှမ်းကြည့်လိုက်ပြီး မသိစိတ်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

လုရှန်ကျိုး၏ သတင်းအချက်အလက်များအရဆိူ တာအိုဘိုးဘေးက ဤသို့ မဟုတ်ပေ။

"သောက်ကျိုးနည်း..."

ဒီကောင် တမင်တကာ သတင်းမှားတွေကို ဖြန့်ထားတာပဲ...

တုကူးထောင် ဝမ်းသာသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ဘုရား ၇၂ ပါးကို အကူအညီတောင်းခဲ့ပြီး ဤနေရာသို့ မဆင်မခြင် မလာခဲ့မိချေ။

သူတို့ မတိုက်ခိုက်ရသေးသော်လည်း တာအိုဘိုးဘေး၏ ခွန်အားကို အကဲမခတ်နိုင်ဖြစ်နေသည်။ ဤသည်က တာအိုဘိုးဘေးက သူ့ထက် သာလွန်နိုင်ခြေ ရှိကြောင်း သက်သေပြနေသည်။

အရေးအကြီးဆုံးမှာ တာအိုဘိုးဘေး၏ ရုပ်ခန္ဓာပင်ဖြစ်သည်။

တုကူးထောင်၏ အာရုံခံစားမှုအရ တစ်ဖက်လူမှာ ပုံရိပ်ယောင် နည်းစနစ်ကို အသုံးပြုထားခြင်း မဟုတ်ဘဲ တကယ်ပင် အစစ်အမှန် အားကောင်းနေခြင်း ဖြစ်သည်။

ဒါက ဘယ်လို စွမ်းအားမျိုးလဲ...

သို့မဟုတ် တာအိုဘိုးဘေးဆိုသူက လူသား မဟုတ်သည်လား...

ကျန်းချန်ရှန်း ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သန့်စင်ခြင်းသုံးပါး ခေါင်းလောင်း ပေါ်လာသည်။

"ရောက်လာမှတော့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး ငါ့ကောင်းကင်တရားရုံးရဲ့ အမြင်အာရုံကို ကျယ်ပြန့်အောင် လုပ်ပေးပါလား..."

တာအိုဘိုးဘေး၏ အသံမှာ လျစ်လျူရှုထားပုံပေါက်သော်လည်း ကျယ်လောင်သဖြင့် ကောင်းကင်တရားရုံးရှိ လူတိုင်းကို ယုံကြည်မှု ရှိလာစေသည်။

တာအိုဘိုးဘေးက တစ်ဖက်လူကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ...

ထိုအခါတုကူးထောင် ကောင်းကင်လှေထဲမှ ပျံထွက်လာပြီး နတ်ဘုရား ၇၂ ပါး၏ ရှေ့သို့ ရောက်လာကာ ကျန်းချန်ရှန်းကို အဝေးမှ လှမ်းကြည့်ပြီး အော်ပြောလိုက်သည်။

"တာအိုဘိုးဘေးက သိချင်မှတော့ ခင်ဗျားကို ငြိမ်းချမ်းစွာ သေဆုံးခွင့် ပေးလိုက်ပါမယ်... ကျုပ်က သိုင်းနတ်ဘုရားနယ်မြေရဲ့ သိုင်းအရှင် တုကူးထောင်ပါ... သိုင်းနတ်ဘုရားနယ်မြေရဲ့ အမိန့်အရ မူမမှန်တာ မှန်သမျှကို ရှင်းလင်းရလိမ့်မယ်... ခင်ဗျားက လမ်းမှားရောက်နေပြီဆိုတော့ ခင်ဗျားရဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးခံရမယ်..."

နတ်ဘုရား ၇၂ ပါးက ဘာမှ ထပ်မပြောတော့ချေ။ သူတို့ လျင်မြန်စွာ လူစုခွဲလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ယှဉ်တွဲ ရပ်လိုက်ကြသည်။

သိုင်းအရှင် တစ်ပါး...

ယဲ့ကျန်း၏ အံ့အားသင့်နေမိသည်။

စစ်တပ်ထဲတွင် ရှိနေသော ကိုးကမ္ဘာမြေအောက်ငရဲဘုရင်လည်း ထိတ်လန့်သွားသည်။ သူသည် အထက်ဘုံမှ နတ်ဆိုးများနှင့် အဆက်အသွယ် ရှိခဲ့ဖူးပြီး သိုင်းအရှင် ဘွဲ့ထူးအကြောင်း ကြားဖူးသည်။ သိုင်းအရှင်များက အထက်ဘုံမှ နတ်ဆိုးများပင် ကြောက်ရွံ့ရသော ဖြစ်တည်မှုများ ဖြစ်ကြသည်။

"ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်... ကျုပ်ဘေးက လူတွေကို နတ်ဘုရား ၇၂ ပါးလို့ ခေါ်ပြီး သူတို့အားလုံးက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်မှာ ရှိကြတယ်... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ဆိုတာ ဘာလဲ ခင်ဗျား သိရဲ့လား..."

"ကြည့်ရတာ ခင်ဗျား မသိပုံပဲ... အောက်ဘုံမှာ အထွတ်အထိပ်လို့ သတ်မှတ်ထားတဲ့ သိုင်းဧကရာဇ်က ရွှမ်ဟွမ်းကမ္ဘာကြီးမှာ အစပျိုး အမှတ်ပဲ ရှိသေးတယ်... သိုင်းဧကရာဇ် အထက်မှာ တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ် ရှိတယ်... အဲဒီအထက်မှာ မူလကောင်းကင်အဓိပတိနယ်ပယ်၊ တုနှိုင်းမဲ့လေဟာနယ်နယ်ပယ် နဲ့ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ဆိုပြီး ရှိတယ်... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ကို ရောက်တဲ့သူတွေက နှစ်ပေါင်း သန်းချီ အသက်ရှင်နိုင်ကြတယ်..."

တုကူးထောင်က ဖြည်းညင်းစွာ ပြောနေရင်း ကောင်းကင်တရားရုံးရှိ အင်မော်တယ်နတ်ဘုရားများ၏ မျက်နှာထားများကို အကဲခတ်ကြည့်လိုက်ရာ အမှန်တကယ်ပင် အပြောင်းအလဲ ဖြစ်သွားကြသည်ကိုမြင်လိုက်ရသည်။

သူ ထိုသို့ ပြောရခြင်းမှာ ကောင်းကင်တရားရုံးက သူ့ကို လုံလောက်အောင် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ သူအခုပြောလိုက်သောစကားများက ကောင်းကင်တရားရုံးကို ဆန့်ကျင်ဘက်ပြုလာအောင် သူတို့၏ စိတ်နှလုံးသားကို လှုံ့ဆော်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

သို့သော်လည်း သူ စိတ်ပျက်ခဲ့ရသည်။ ကောင်းကင်တရားရုံးမှ လူများက တုန်လှုပ်သွားကြသော်လည်း ကြောက်ရွံ့ခြင်း မရှိကြပေ။ ထိုအစား သူတို့က မျှော်လင့်တကြီး အမူအရာများကိုသာ ထုတ်ဖော်ပြသနေကြသည်။

"အဲဒါဆိုရင် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ရဲ့ စွမ်းအားကို ထုတ်ပြလိုက်စမ်း..."

ကျန်းချန်ရှန်း၏ အသံ ထွက်ပေါ်လာချေပြီ။ထို့နောက် ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ မှော်စွမ်းအင်များက ကြီးမားသော ရွှေရောင်အတားအဆီး တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကောင်းကင်တရားရုံးရှိ လူတိုင်းနှင့် အနန္တကမ္ဘာမုခ်ဦး နောက်ဘက်ရှိ အာကာသအချိန် လမ်းကြောင်းကိုပါ ဖုံးအုပ်လိုက်လေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ တုကူးထောင် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်သည်။

နတ်ဘုရား ၇၂ ပါးကလည်း ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

ဘုန်း...

ကမ္ဘာမြေပြင် အက်ကွဲသွားချေပြီ….

ကောင်းကင်တရားရုံးရှိ မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ကြပေ။ နတ်ဘုရား ၇၂ ပါးစလုံး ရွှေရောင်အတားအဆီးနှင့် ဝင်တိုက်မိပြီးပြီ ဖြစ်ကြောင်း တွေ့လိုက်ရပြီး အတားအဆီးပေါ်တွင် လှိုင်းဂယက် ၇၂ ခု ဖြစ်ပေါ်လာသော်လည်း ၎င်းကို မချိုးဖျက်နိုင်ကြချေ။

သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားပြီး တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားကြသည်။ သူတို့ တစ်ဦးစီတိုင်းက သူတို့၏ အဆုံးစွန်သော နည်းစနစ်များကို အသုံးပြုကြပြီး ရွှေရောင်အတားအဆီးကို ဖြိုခွဲရန် နည်းလမ်း အမျိုးမျိုးဖြင့် သိုင်းမူလစွမ်းအင်များကို လောင်းထည့်လိုက်ကြသည်။

မြေပြင် ပြင်းထန်စွာ တုန်ခါသွားကာ အတားအဆီး အတွင်းရှိ အင်မော်တယ်နတ်ဘုရား အားလုံး အပြင်ဘက်မှ ဖျက်ဆီးခြင်း စွမ်းအားကို အာရုံခံမိကြသည်။ သူတို့အားလုံး ပြင်ပကမ္ဘာကိုပင် သေချာ မမြင်ရတော့ချေ။ မော့ကြည့်လိုက်သောအခါ အရပ်မျက်နှာ အသီးသီးမှ ရွှေရောင်အတားအဆီးကို ဖြိုခွင်းနေသော သိုင်းပညာကွက်များကို မြင်လိုက်ရသည်။ နတ်ဘုရား ၇၂ ပါးက အလွန် လျင်မြန်လှသည်။သူတို့၏ လှုပ်ရှားမှုများက မြင်းကောင်ရေ ထောင်ပေါင်းများစွာ ရွှေရောင်အတားအဆီးကို တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။

ယဲ့ကျန်း၏နှလုံးသားတခုလုံး စိတ်ခံစားမှုများဖြင့် လွှမ်းခြုံခံလိုက်ရသည်။ အပြင်ဘက်မှ လူများ မည်မျှ ကြောက်စရာ ကောင်းကြောင်း သူ ကောင်းကောင်း သိထားသည်။

"ဒီတာအိုဘိုးဘေးက တကယ်ကို အထင်ကြီးစရာပဲ... သူက သမိုင်းတစ်လျှောက် ဟိန်းထွက်နေမယ့် ကျွမ်းကျင်သူ တစ်ယောက်ပဲ..."

ယဲ့ဘိုးဘေးက ယဲ့ကျန်း၏ စိတ်ထဲတွင် မြည်တမ်းလိုက်သည်။ ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ကျန်းက မြင့်မြတ်သော တာအိုဘိုးဘေးကို မော့ကြည့်လိုက်မိသည်။

တာအိုဘိုးဘေးက မဟာတာအိုမူလ နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေပြီး စကြဝဠာထဲမှ မီးရှူးမီးပန်းများ ဖောက်သည်ကို ကြည့်ရှုနေသကဲ့သို့ ရှိနေသည်။

"ဖယ်လိုက်ကြ..."

တုကူးထောင်၏ အော်သံ ထွက်ပေါ်လာပြီး ရွှေရောင်အတားအဆီး အပြင်ဘက်ရှိ သိုင်းမူလစွမ်းအင်များ ပျောက်ကွယ်သွားသည်။ထို့နောက် ပြင်းထန်သော လေပြင်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး လူတိုင်း မော့ကြည့်လိုက်ရာ သူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော ကြယ်နက်ကြီး တစ်လုံး ကောင်းကင်မှ ကျဆင်းလာကာ ဤကြယ်ကြီး၏ ရှေ့တွင် ကမ္ဘာကြီးမှာ ဖုန်မှုန့်လေးသဖွယ် သေးငယ်သွားသည်။ ဤမျှ ကြီးမားသော အရာမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးကြချေ။

ကြယ်နက်ကြီးက အလွန် မြန်ဆန်သော အရှိန်ဖြင့် ကျဆင်းလာပြီး ဘုန်းခနဲ အသံနှင့်အတူ ကျယ်ပြောလှသော ရွှေရောင် အလင်းအတားအဆီးနှင့် ဝင်တိုက်မိသွားရာ နေမင်းကြီး ထိုက်တောင်အောက်မှ ကျောက်တုံးကို ဝင်တိုက်သကဲ့သို့ ဖြစ်နေသည်။ နှစ်ခုကြား ကွာခြားချက်မှာ သာမန်မျက်စိဖြင့် နှိုင်းယှဉ်ရန် ခက်ခဲသော်လည်း ဤကွာဟချက်ကပင် ကောင်းကင်တရားရုံးရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးက သူတို့ နှလုံးသား၏ နက်ရှိုင်းသော နေရာတွင် ဘယ်တော့မှ မေ့ပျောက်နိုင်အောင် ထာဝရ တည်ရှိနေတော့မည် ဖြစ်သည်။

ကြယ်နက်ကြီး ဝင်တိုက်လိုက်သောအခါ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားပြီး သူတို့အားလုံး အဆုံးမဲ့လေဟာနယ်သို့ ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။

မကြာမီတွင် ကြယ်နက်ကြီး အက်ကွဲသွားကာ ပုံရိပ်တစ်ခုက ကြယ်နက်ကြီးကို ဖောက်ထွက်၍ ရိုက်ချလိုက်သည်။ ၎င်းမှာ တုကူးထောင်ပင် ဖြစ်သည်။ သူ့ ခြေထောက်များကို အနက်ရောင် မီးတောက်များဖြင့် ဖုံးအုပ်ထားပြီး ရွှေရောင်အတားအဆီးကို နင်းချလိုက်သော်လည်း အတားအဆီးမှာ လှုပ်ခတ်ခြင်း မရှိပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

တုကူးထောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုကို ထုတ်ဖော်ပြသလိုက်သည်။

ထိုအခိုက်၌ နတ်ဘုရား ၇၂ ပါးက လူစုခွဲလိုက်ပြီး ရွှေရောင်အတားအဆီးကို နေရာအနှံ့မှ ဝိုင်းရံလိုက်ကြသည်။ သူတို့၏ သိုင်းမူလစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြီးမားသော အစီအရင်တစ်ခု ဖွဲ့စည်းရန် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ကြသည်။ အမျိုးမျိုးသော သိုင်းမူလစွမ်းအင်များက ကောင်းကင်ကန့်လန့်ကာ တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ရွှေရောင်အတားအဆီးကို ဝိုင်းရံလိုက်သည်။ မရေမတွက်နိုင်သော နတ်ဘုရားလက်နက် ပုံရိပ်များ ကောင်းကင်တွင် ပေါ်ထွက်လာပြီး မုန်တိုင်းတစ်ခုကဲ့သို့ ပစ်ခတ်လိုက်ကြသည်။

အစီအရင်မှ ထွက်ပေါ်လာသော အားအဟုန်က ယခင် ပေါက်ကွဲမှုများထက် များစွာ သာလွန်သော်လည်း အချည်းနှီးသာ ဖြစ်နေသည်။

တုကူးထောင် နောက်တစ်ကြိမ် ခုန်တက်လိုက်ပြီး ဓားရိပ်တစ်ခုကို စုစည်းလိုက်ကာ ညာလက်ဖြင့် ဓားရိပ်ကို မြှောက်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ရှိ ကောင်းကင်နှင့်မြေပြင် စွမ်းအားများက မမြင်ရသော အရာအဖြစ် ပြောင်းလဲကာ သူ့ဆီသို့ တိုးဝင်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ခမ်းနားထည်ဝါသည့် လေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

နတ်ဘုရား ၇၂ ပါး၏ အစီအရင်က သူ့အတွက် အချိန်ဆွဲပေးရန် ရွှေရောင်အတားအဆီးကို ဖြိုခွင်းနေဆဲပင်။

ကျန်းချန်ရှန်းက တိုက်ခိုက်ခြင်း မပြုဘဲ ဆက်လက် စောင့်ဆိုင်းနေသည်။

အသက်ရှူချိန် ဆယ်ကြိမ်ခန့် ကြာပြီးနောက် တုကူးထောင် ခုတ်ပိုင်းချလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်၏ ကျယ်ပြောလှသော စွမ်းအားများက ကမ္ဘာကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်သော နတ်ဘုရားဓားတစ်လက် အဖြစ် စုစည်းသွားခဲ့သည်။ဤဓားချက်က ရှေးကျပြီး အကန့်အသတ်မဲ့သော အရှိန်အဝါကို သယ်ဆောင်လာပြီး တားဆီး၍ မရနိုင်ပေ...

ဘုန်း...

နတ်ဘုရားဓား ကျဆင်းလာသောအခါ နတ်ဘုရား ၇၂ ပါးတို့ လျင်မြန်စွာ လူစုခွဲလိုက်ကြသဖြင့် ဓားထိပ်ဖျားက ရွှေရောင်အတားအဆီးကို ဖိနှိပ်လိုက်ချိန်၌ သူတို့၏ အစီအရင် ပျက်ပြားသွားသည်။ ဓားထိပ်ဖျားက သဲမှုန်တစ်မှုန်ကို ထိုးစိုက်နေသကဲ့သို့ ရွှေရောင်အတားအဆီး တစ်ခုလုံးထက် ကြီးမားနေသည်။

တစ်ခဏအတွင်း ကောင်းကင်နှင့်မြေပြင် နတ်ဘုရားဓား ပြိုကွဲခဲ့ပြန်သည်။

တုကူးထောင်၏ သွေးသားများ တုန်လှုပ်မှုကြောင့် ဆူပွက်လာပြီး ပါးစပ်ထောင့်မှ သွေးများ မရပ်မနား စီးကျလာပြီး သွေးရောင်လွှမ်းပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် တာအိုဘိုးဘေးကိုကြည့်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ..."

တုကူးထောင် အရင်လို မတည်ငြိမ်နိုင်တော့ဘဲ မသိစိတ်ဖြင့် အော်ဟစ်လိုက်မိသည်။

ထို့နောက် ကျန်းချန်ရှန်း ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်ရွံ့သဖြင့် သူ လျင်မြန်စွာ ထွက်ပြေးပြီး အမှောင်လေဟာနယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

နတ်ဘုရား ၇၂ ပါးလည်း ကျန်းချန်ရှန်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ စောစောက မောက်မာခဲ့သူများ အခုတော့ တုန်လှုပ်နေကြလေပြီ။

"မင်းရဲ့ ခွန်အားက ဒီလောက်ပဲလား... သိုင်းတာအိုမှာ ဒီလောက်ပဲ ခွန်အားရှိရင် သက်ရှိအားလုံးရဲ့ အရှင်သခင် မဖြစ်နိုင်ဘူး..."

ကျန်းချန်ရှန်း၏ အေးစက်ပြီး ခံစားချက်မဲ့နေသောအသံထွက်ပေါ်လာချေပြီ။ထိုအသံ၌ သတ်ဖြတ်လိုစိတ် မပါရှိသော်လည်း တုကူးထောင်နှင့် နတ်ဘုရား ၇၂ ပါးမှာ သူတို့၏ ဝိညာဉ်များ အေးစက်သော မြေတိုက်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဒေါင်…ဒေါင်…ဒေါင်…

ကျန်းချန်ရှန်း၏ လက်ဝါးထဲမှ သန့်စင်ခြင်းသုံးပါး ခေါင်းလောင်း ရုတ်တရက် လှုပ်ခါသွားပြီး ပြတ်သား၍ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာလေရာ ချက်ချင်းပင် နတ်ဘုရား ၇၂ ပါးစလုံး မိန်းမောတွေဝေ သွားကြပြီး ပြင်းထန်စွာ လှုပ်ရှားနေသော လေဟာနယ် ရပ်တန့်သွားလေသည်…

All Chapters