← Chapters

ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်

Vol. 29 Ch. 406

ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်

Vol. 29 Ch. 406

သန့်စင်ခြင်းသုံးပါး ခေါင်းလောင်းသံ မြည်လာသည်နှင့် တပြိုင်နက် ကမ္ဘာကြီး တိတ်ဆိတ်သွားခဲ့သည်။

နတ်ဘုရား ၇၂ ပါးနှင့် တုကူးထောင်တို့ကတော့ တုန်လှုပ်သွားကြပြီး မိန်းမောတွေဝေ သွားကြသည်။ ဤသည်မှာ ဝိညာဉ်ကို ထိခိုက်စေသော မှော်လက်နက်တစ်ခု၏ တိုက်ခိုက်မှုကို သူတို့ ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်ပြီး ခုခံကာကွယ်နိုင်စွမ်း မရှိကြပေ။

ကောင်းကင်တရားရုံးဘက်၌ မည်သည့် ထိခိုက်မှုမျှ မရှိသော်လည်း ခေါင်းလောင်းသံ ကြားလိုက်ရသည့် အချိန်တွင် ကြက်သီးမွေးညင်း ထသွားကြသည်။

ဒေါင်…ဒေါင်..ဒေါင်

သန့်စင်ခြင်းသုံးပါး ခေါင်းလောင်း ထပ်မံ မြည်ဟီးလာပြီး အဆုံးမဲ့ အမှောင်လေဟာနယ်အတွင်း၌ တုကူးထောင်၏ ပုံပန်းသဏ္ဌာန်အဖြစ် လျင်မြန်စွာ စုစည်းသွားသည်။ သူနှင့် နတ်ဘုရား ၇၂ ပါးတို့ တုန်ခါသွားပြီး ဒွါရပေါက် ခုနစ်ခုမှ သွေးများ ယိုစီးလာသည်။

ဤခေါင်းလောင်းက ကျန်းချန်ရှန်း အတိဒုက္ခကို ကျော်ဖြတ်ပြီး အဆင့်တက်စဉ်က ရရှိခဲ့သော မှော်ရတနာ တစ်ခု ဖြစ်သည်။ ထိုအချိန်က သူ ပေါ့ပေါ့ပါးပါး လှုပ်ခါလိုက်ရုံဖြင့် ကောင်းကင်တရားရုံးရှိ လူတိုင်းကို မိန်းမောတွေဝေ သွားစေခဲ့ဖူးသဖြင့် ထိုအချိန်မှစ၍ ထိုခေါင်းလောင်းကို ပေါ့ပေါ့ဆဆ မသုံးစွဲရဲတော့ပေ။

ယနေ့တွင် အင်မော်တယ်နတ်ဘုရားများစွာကို ဆင့်ခေါ်ထားသဖြင့် အင်မော်တယ် ကျင့်ကြံသူ တစ်ဦး၏ စွမ်းရည်များကို ထုတ်ပြရမည် ဖြစ်သည်။

တုကူးထောင်၏ မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အတင်းအဓမ္မ ပြန်လည် နိုးထလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဘုရား ၇၂ ပါးထက် သန်မာပေသည်...

တုကူးထောင် ချက်ချင်း လှည့်ထွက်ပြီး လေဟာနယ်၏ နက်ရှိုင်းသော နေရာသို့ ပျံသန်းသွားကာ နတ်ဘုရား ၇၂ ပါးနှင့် ကောင်းကင်လှေကိုပင် ဂရုမစိုက်နိုင်တော့ချေ။

ဒေါင်…ဒေါင်…

ခေါင်းလောင်းသံကြောင့် တုကူးထောင်၏ မျက်နှာထား ပြောင်းလဲသွားခဲ့ပြန်သည်။ သောက်ကျိုးနည်း ခေါင်းလောင်းသံ ထပ်မြည်လာချေပြီ။ အကြားအာရုံကို စွန့်လွှတ်ရန် သူ့စွမ်းအင်ကို မသိစိတ်ဖြင့် လှည့်ပတ်လိုက်သော်လည်း သန့်စင်ခြင်းသုံးပါး ခေါင်းလောင်းသံက နားထဲတွင် မြည်လာခြင်း မဟုတ်ဘဲ သူ့ဝိညာဉ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။

တုကူးထောင် ပြေးနေရင်းကနေ ရုတ်တရက် ရပ်တန့်သွားကာ ဖော်ပြ၍ မရနိုင်သော နာကျင်မှုကြောင့် အော်ဟစ်လိုက်မိပြီး လဲကျသွား၍ အမြင်အာရုံများ ချာချာလည်နေချေပြီ။

တုကူးထောင် မာန်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။နတ်ဘုရား ၇၂ ပါးလည်း ထိုနည်းတူပင်ဖြစ်သော်လည်း မကြာမီ သူတို့ ရပ်တန့်သွားကြသည်။

သိပ်မကြာခင်တွင် တုကူးထောင်နှင့်ကျန်၇၂ယောက်၏ ခန္ဓာကိုယ်များ လျော့ရဲသွားပြီး သူတို့၏ အသက်စွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

သန့်စင်ခြင်းသုံးပါး ခေါင်းလောင်းက သူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ဖြိုခွင်းပစ်လိုက်ပြီး အလောင်းများကိုသာ ချန်ထားခဲ့လေသည်။

သူတို့၏ ဝိညာဉ်များ ပျောက်ကွယ်သွားပြီးနောက် သူတို့ခန္ဓာကိုယ်၏ အသက်စွမ်းအားသည်လည်း လျင်မြန်စွာ လျော့နည်းသွားမည် ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးက နယ်ပယ် မြင့်မားလွန်းသဖြင့် သူတို့၏ ခန္ဓာကိုယ်များ အလွယ်တကူ ပုပ်သိုးသွားမည် မဟုတ်ချေ။

သိုင်းပညာရှင် တစ်ယောက်၏ စွမ်းအားကြီးမားသော ရုပ်ခန္ဓာနှင့် ယှဉ်လျှင် သိုင်းပညာရှင်တစ်ယောက်၏ ဝိညာဉ်မှာ အလွန် ပျော့ညံ့လှသည်။အဘယ်ကြောင့်ဆိုသော် သူတို့က ဝိညာဉ်ကို သန့်စင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ကောင်းကင်တရားရုံးဘက်၌လည်း တိတ်ဆိတ်နေသည်။ လူတိုင်း အသက်အောင့်ထားပြီး အာရုံစိုက်နေကြကာ နောက်ထပ် ဘာဖြစ်လာမည်ကို မသိကြပေ။

"ရှုပ်ပွနေတာတွေကို ရှင်းလိုက်ကြ... သူတို့ သေသွားပြီ..."

ကျန်းချန်ရှန်း ထိုသို့ ပြောပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်တရားရုံးရှိ အင်မော်တယ်နတ်ဘုရားများ ချက်ချင်း နိုးထလာကြပြီး လူတိုင်း ဆူညံပွက်လောရိုက်ကုန်ကြသည်။

ရွှေရောင်အတားအဆီးလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားကာ ကြောက်မက်ဖွယ် ကောင်းသော လေပြင်းတစ်ခု အရပ်မျက်နှာ အသီးသီးမှ တိုးဝင်လာသော်လည်း ကောင်းကင်တရားရုံးရှိ အင်မော်တယ်နတ်ဘုရားများ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို မလွင့်ပါးစေနိုင်ချေ။

"သေသွားပြီ... အဲဒီခေါင်းလောင်းက ပုံရိပ်ယောင် ဖြစ်နေမလား..."

"အဲဒါက အင်မော်တယ်ရတနာပဲ... သိုင်းရတနာဆိုတာက အင်မော်တယ်ရတနာရဲ့ ပုံတူပွား တစ်ခုပဲ..."

"သန်မာလွန်းတယ်... တာအိုဘိုးဘေး ရှေ့မှာ သိုင်းအရှင်ဆိုတာ ဘာလဲ... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ဆိုတာ ဘာလဲ... သူတို့က လုံလောက်ရုံလေးတောင် မရှိပါဘူး..."

"ဒါပေါ့... တာအိုဘိုးဘေးက သေချာပေါက် ပြိုင်ဘက်ကင်းပဲ... ဒါပေမဲ့ ဒီလူတွေက တကယ်ကို စွမ်းအားကြီးတယ်... ကောင်းကင်တရားရုံးက သိုင်းနတ်ဘုရားနယ်မြေထက် အများကြီး နိမ့်ကျနေသေးတယ်..."

"အဲဒါကို ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး... သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်က နှစ်ပေါင်း သန်းချီ အသက်ရှင်နိုင်ပေမဲ့ ကောင်းကင်တရားရုံး တည်ထောင်တာ ဘယ်လောက် ကြာပြီမို့လို့လဲ..."

စစ်သည်များနှင့် ဗိုလ်ချုပ်များ ဆွေးနွေးနေကြစဉ် ကျန်းဇီယု၏ ဘေးနားတွင်ရပ်နေသော ယဲ့ကျန်း ရှေ့သို့ ပျံထွက်လာပြီး တုကူးထောင်၏ အလောင်းဆီသို့ အပြေးသွားလိုက်သည်။

တုကူးထောင်၏ ဒွါရပေါက် ခုနစ်ခုမှ သွေးများ ယိုစီးနေဆဲ ဖြစ်ပြီး မျက်ဝန်းများ ပြူးကျယ်နေကာ ခန္ဓာကိုယ်မှာလည်း တောင့်တင်းနေသည်။ သူ့သေဆုံးမှုကို မြင်လိုက်ရသောအခါ ယဲ့ကျန်း၏ နှလုံးသား အေးခဲသွားသည်။

"အင်မော်တယ်တာအိုဆိုတာ တကယ် ရှိတာပဲ... ခေါင်းလောင်း တစ်ချက် လှုပ်လိုက်ရုံနဲ့ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်သိုက်ကို သတ်ပစ်လိုက်တာ တကယ်ကို ကြောက်စရာ ကောင်းတယ်... ပြီးတော့ သိုင်းအရှင်ဆိုတာ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ကို ကျော်လွန်တဲ့ ဖြစ်တည်မှုတွေပဲ... တာအိုဘိုးဘေး ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်..."

ယဲ့ဘိုးဘေးက ယဲ့ကျန်း၏ စိတ်ထဲတွင် မြည်တမ်းလိုက်သည်။ ပထမဆုံး အကြိမ်အဖြစ် သူ့လေသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။

သူ့တသက်တာဗဟုသုတနှင့်ပင် ယခုလေးတင် ဖြစ်ပျက်ခဲ့သည်ကို အကဲမခတ်နိုင် ဖြစ်နေသည်။ ယဲ့ကျန်းက တုကူးထောင်၏ အလောင်းကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲတွင် မီးတစ်စ စတင် တောက်လောင်လာသည်။ ဤသည်မှာ သူ လိုက်စားချင်သော စွမ်းအားမျိုးပင်...

"ဘိုးဘေး... ကောင်းကင်တရားရုံးကို ဝင်ရောက်တာက ယဲ့ကလန်အတွက် အကြီးမားဆုံး အခွင့်အရေး ဖြစ်လောက်တယ်..."

ယဲ့ကျန်း စိတ်ထဲတွင် မြည်တမ်းလိုက်ပြီး ယဲ့ဘိုးဘေးကလည်း မငြင်းဆန်ခဲ့ပေ။

စောစောက တိုက်ပွဲကို မြင်တွေ့ပြီးနောက် မည်သူမျှ တာအိုဘိုးဘေးကို အထင်မသေးရဲတော့ချေ။ ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက် ဖန်တီးလိုက်သည့် အားအဟုန်က သိုင်းနတ်ဘုရားနယ်မြေကို အစားထိုးနိုင်လောက်သည်။

"သိုင်းနတ်ဘုရားနယ်မြေအတွက် အကြောက်စရာ အကောင်းဆုံး အရာက သူတို့ တာအိုဘိုးဘေးအကြောင်း မသိသေးတာပဲ... ဒီလူတွေ သေသွားပြီးရင် သိုင်းနတ်ဘုရားနယ်မြေက တာအိုဘိုးဘေးကို သေချာပေါက် ပိုကြောက်လာလိမ့်မယ်... နောက်တစ်ခါ ဘယ်သူ့ကို လွှတ်မလဲ..."

ယဲ့ဘိုးဘေးက စနောက်လိုက်ပြီး သိုင်းနတ်ဘုရားနယ်မြေ၏ နိဂုံးကို မျှော်လင့်နေလေတော့သည်။

ယဲ့ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး…

"သိုင်းနတ်ဘုရားနယ်မြေက သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်တာ... တာအိုဘိုးဘေးကို ဘယ်လို ဂရုစိုက်နိုင်မှာလဲ..." ဟု တွေးလိုက်သည်။

ထိုအချိန်၌ အင်မော်တယ်နတ်ဘုရားများ ပျံသန်းလာပြီး နတ်ဘုရား ၇၂ ပါးနှင့် တုကူးထောင်၏ အလောင်းများကို စတင် စစ်ဆေးကြသည်။

ကျန်းဇီယုသည်လည်း ကောင်းကင်လှေဆီသို့ တပ်ဖွဲ့များ စေလွှတ်လိုက်သည်။

ထိုရတနာများကို အလဟဿ အဖြစ်မခံနိုင်ပေ။

ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များ ကောင်းကင်လှေဆီသို့ ရောက်ရှိသွားသောအခါ အတွင်းထဲတွင် သိုင်းပညာရှင် များစွာ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ တုကူးထောင်နှင့် အခြားသူများကဲ့သို့ပင် သူတို့၏ ဝိညာဉ်များ ပျောက်ကွယ်သွားပြီး အလောင်းများသာ ကျန်ရစ်တော့သည်။

"ဆရာသခင်က သိပ်ကို သန်မာလွန်းတယ်... ကျိဝူကျွင်း... နင် ကြိုးစားမှဖြစ်မယ်... မဟုတ်ရင် နင်နဲ့ ဆရာသခင်ကြားက ကွာဟချက်က ပိုပိုပြီး ကြီးလာလိမ့်မယ်..."

ပိုင်ချီက ကျိဝူကျွင်းကို ကြည့်ပြီး စနောက်လိုက်သည်။

ကျိဝူကျွင်းက မျက်လုံးလှန်ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်…

"နင်ပြောနေတာက နင်ပဲ အရမ်း သန်မာနေသလိုပဲ..."

"ငါက မတူဘူး... ငါက ဆရာသခင်နဲ့ အတူနေလာတာ ကြာပြီ... ငါတို့က ငယ်ငယ်လေးကတည်းက သိကျွမ်းကြတာ... နင်က ငါနဲ့ ဘယ်လို ယှဉ်လို့ ရမှာလဲ..."

ကျိဝူကျွင်း စကားမပြောနိုင် ဖြစ်သွားသည်။

မူလင်းလော့က ခေါင်းခါပြီး ရယ်လိုက်ကာ…

"သူ့စကား နားမထောင်နဲ့... တာအိုဘိုးဘေးက ကျင့်ကြံခြင်းနဲ့ အလုပ်ရှုပ်နေတာ... ငါတို့ လိုက်စားသင့်တာက ပစ္စုပ္ပန် မဟုတ်ဘူး... ထာဝရ အနာဂတ်ကို လိုက်စားသင့်တာ..."

ကျိဝူကျွင်း ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း ယခုအချိန်တွင် အလွန် အလုပ်များနေပြီး ရှုပ်ထွေးသော ကိစ္စများကို တွေးတောရန် အချိန်မရှိပေ။ စောစောက ပိုင်ချီ၏ စကားကြောင့် သူမ ပြောစရာမဲ့သွားရသည်။

ပိုင်ချီက ပါးစပ်ကို အုပ်ပြီး ရယ်လိုက်ကာ…

"အဲဒါဆိုရင် ကြိုးစားလိုက်လေ..."

သူမ သိပ်အများကြီး မတွေးပေ။

သူမ၏ အမြင်တွင် သူမ မည်မျှပင် လေ့ကျင့်ပါစေ ဆရာသခင်ကို မှီအောင်လိုက်ရန် မဖြစ်နိုင်ချေ။ သူမ၏ ဆရာသခင် ပျော်ရွှင်အောင် လုပ်ပေးပြီး ဆရာသခင်က သူမအတွက် အသက်ရှည်ဆေးလုံး သန့်စင်ပေးမည့် အချိန်ကို စောင့်ဆိုင်းတာက ပိုကောင်းပေမည်။

ကျန်းချန်ရှန်း လုပ်နိုင်မည်ဟု သူမ ယုံကြည်သော်လည်း ထိုအကြောင်း မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။

သူမတွင်လည်း ကိုယ်ပိုင် ရည်မှန်းချက်များ ရှိသည်...

တစ်နေ့ကျရင် ဆရာသခင် သူမကို အလေးအနက်ထား ကြည့်ရှုလာအောင် လုပ်ရမည်...

၃၃ ထပ် ကောင်းကင်ရှိ ခရမ်းရောင်တိမ်တိုက်နန်းတော်၌…

ကျန်းချန်ရှန်း မဟာတာအိုမူလ နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်၍ သက်ပြင်းချလိုက်မိသည်။

သန့်စင်ခြင်းသုံးပါး ခေါင်းလောင်းက စွမ်းအားကြီးသော်လည်း မှော်စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေသည်။ ကိုယ့်ကိုယ်ကိုယ် အရှက်မကွဲစေရန် လက်မနှေးဘဲ မှော်စွမ်းအင် အများအပြားကို အသုံးပြုခဲ့ရသည်။

သူတို့ကို လက်ခံဖို့ ကိစ္စနှင့် ပတ်သက်လျှင် မည်သူ့ကိုမဆို လက်ခံမည့်သူ မဟုတ်ပေ။ နတ်ဘုရား ၇၂ ပါးနှင့် တုကူးထောင်ကို ဖိနှိပ်လိုက်လျှင်ပင် သူတို့ကို အညံ့ခံခိုင်းရန် အချိန်ယူရဦးမည်။ ထိုအချိန်အတွင်း သိုင်းနတ်ဘုရားနယ်မြေက ခွန်းလွန်လွင်ပြင်ရှိ အခြေအနေကို စုံစမ်းရန် သူတို့ကို အသုံးပြုလာလျှင် ကောင်းမည် မဟုတ်ပေ။

ထို့အပြင် သူတို့က လုရှန်ကျိုးလို ပါရမီ မပါကြသလို သူ့လောက်လည်း အကင်းမပါးကြချေ။

ကျန်းချန်ရှန်းက မှော်စွမ်းအင်များ ပြန်လည် ပြည့်ဝလာအောင် လုပ်ဆောင်နေရင်း ရှင်သန်ခြင်း ဆုလာဘ် ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ခေတ္တမျှ ကြာပြီးနောက်...

"ကောင်းကင်အမွေခံခေါတ်၏ ၂၆၅ ခုနှစ်တွင် သိုင်းအရှင် တုကူးထောင်က နတ်ဘုရား ၇၂ ပါးနှင့်အတူ သင့်ကို သတ်ဖြတ်ရန် ရောက်လာခဲ့သည်။ သင်သည် သူတို့၏ ဝိုင်းရံပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကပ်ဘေးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ သင်သည် ရှင်သန်ခြင်း ဆုလာဘ်အဖြစ် ကံတရား မှော်ရတနာတခုဖြစ်သော 'ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်' ကို ရရှိခဲ့သည်။"

ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်...

ထိုအရာက ရတနာကောင်းတစ်ခု ဖြစ်ပုံရသည်...

ကျန်းချန်ရှန်းက ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်၏ မှတ်ဉာဏ်များကို ချက်ချင်း အမွေဆက်ခံလိုက်သည်။

ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်သည် ကောင်းကင်မှ မွေးဖွားလာသော မွေးရာပါအဆင့် မှော်ရတနာ တစ်ခု ဖြစ်သည်။ ၎င်းသည် မူလနိယာမ ဖြစ်သော ဖရိုဖရဲကနဦး စွမ်းအားကို ဆုပ်ကိုင်ထားပြီး မည်သည့် နိယာမ စွမ်းအားကိုမဆို စုပ်ယူနိုင်ပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုနိုင်သည်။ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် ပြီးပြည့်စုံသွားသောအခါ ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်နိုင်ပြီး စကြဝဠာကို ပြောင်းပြန်လှန်ကာ မဟာတာအိုတစ်ခုကိုပင် ဖိနှိပ်နိုင်စွမ်း ရှိသည်။

ဤရတနာက အသုံးပြုသူ၏ အရိုးများနှင့် ကြွက်သားများထဲသို့ သို့မဟုတ် ဝိညာဉ်ထဲသို့ ပေါင်းစည်းနိုင်ပြီး အသုံးပြုသူ တွေ့ကြုံရသည့် အမျိုးမျိုးသော နိယာမ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနိုင်သည်။

သီအိုရီအရ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်တွင် အကန့်အသတ် မရှိဘဲ ကြီးထွားမှု အမျိုးအစား မှော်ရတနာ တစ်ခုဟု သတ်မှတ်နိုင်သည်။

ကျန်းချန်ရှန်း မှတ်ဉာဏ်များကို အမွေဆက်ခံပြီးနောက် အကြံတစ်ခု ရလိုက်သည်။

သူသည် ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ယာယီ ထည့်သွင်းထားနိုင်ပြီး ထိုသူအား ရွှမ်ဟွမ်းကမ္ဘာကြီးထဲသို့ ဝင်ရောက်စေကာ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို အဆက်မပြတ် သန်မာလာအောင် လုပ်ဆောင်စေနိုင်သည်။

အဆုံးမဲ့လေဟာနယ်ရှိ နိယာမ စွမ်းအားများက ရွှမ်ဟွမ်းကမ္ဘာကြီးလောက် မပေါများပေ။ လောလောဆယ်တွင် သူသည် ရွှမ်ဟွမ်းကမ္ဘာကြီးထဲသို့ သူ့ကိုယ်ပွားကို မလွှတ်ရဲသေးချေ။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာတွင် စိတ်ကူးကြည့်၍ မရနိုင်သော ကျွမ်းကျင်သူ အချို့ ပုန်းအောင်းနေဆဲ ဖြစ်သည်။

ကျန်းချန်ရှန်း ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို ထုတ်ယူလိုက်ရာ ခရမ်းရင့်ရောင် ကျောက်စိမ်းအဆောင် တစ်ခု လက်ဝါးပေါ်တွင် ပေါ်လာသည်။ ၎င်းအပေါ်တွင် ပုံသဏ္ဌာန် အမျိုးမျိုးသော သင်္ကေတများနှင့် တူညီသည့် သိမ်မွေ့သော ပုံစံများရှိနေသည်။

ကျန်းချန်ရှန်းက ဖရိုဖရဲကနဦး နတ်ဘုရားအဆောင် အတွင်းရှိ မွေးရာပါ အစီအရင်ကို စတင် သန့်စင်လိုက်သည်။ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို ကျွမ်းကျင်ပိုင်နိုင်သရွေ့ ၎င်းက အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားလျှင်ပင် ဤမှော်ရတနာကို အချိန်မရွေး ပြန်ထုတ်ယူနိုင်မည် ဖြစ်သည်။

ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို သန့်စင်ရန် လိုအပ်သော အချိန်က ကျန်းချန်ရှန်း၏ ခန့်မှန်းချက်ထက် ကျော်လွန်သွားခဲ့သည်။

အောင်မြင်ရန်အတွက် နှစ်နှစ်ကြာအောင် သန့်စင်ခဲ့ရသည်။

ပိုင်ချီ ပြန်ရောက်လာပြီး တစ်ဖက်တွင် အိပ်ပျော်နေကာ မူလင်းလော့ကတော့ ကျိဝူကျွင်းနှင့်အတူ အနန္တကမ္ဘာဂိုဏ်းတွင် စွန့်စားခန်း ဖွင့်ရန် အလုပ်ရှုပ်နေသည်။

ယခုအခါ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်က ကျန်းချန်ရှန်း၏ လက်ဝါးပေါ်တွင် လည်ပတ်နေပြီး တောက်ပသော အလင်းရောင် ထုတ်လွှတ်နေသည်။

ကျန်းချန်ရှန်း ပထမဦးစွာ အမွှေးတိုင်ထွန်းညှိပူဇော်ခြင်း အမှတ်များကို ကြည့်လိုက်သည်။ မကြာမီ အမှတ်များ ၁ ထရီလီယံ ကျော်လွန်တော့မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် လုပ်ဆောင်ချက် အသစ်ကို မျှော်လင့်နိုင်မည်။

သူ ကျင့်ကြံရန် မလောခဲ့ပေ။ ထိုအစား ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို မည်သို့ အသုံးပြုရမည်ကိုသာ စဉ်းစားနေခဲ့သည်။

ပထမဆုံး သူ တွေးမိသည်မှာ ယဲ့ကျန်းနှင့် ကျန်းရှန် ဖြစ်သော်လည်း သူတို့ကို လက်လွှတ်လိုက်သည်။

ဤလူကို ကောင်းကင်တရားရုံးမှ မရွေးချယ်သင့်ဘဲ ရွှမ်ဟွမ်းကမ္ဘာကြီးမှ ရွေးချယ်ရမည်...

ဖြစ်နိုင်သည်မှာ ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်က သူ့အား ဖရိုဖရဲ အခြေအနေ ဖန်တီးရန်နှင့် သိုင်းနတ်ဘုရားနယ်မြေ၏ အာရုံစိုက်မှုကို လမ်းကြောင်းလွှဲရန် ကူညီပေးနိုင်လိမ့်မည်။

ကျန်းချန်ရှန်းက ဖရိုဖရဲကနဦး နတ်ဘုရားအဆောင်ကို သိမ်းဆည်းလိုက်ပြီး ရွှမ်ဟွမ်းကမ္ဘာကြီးအနှံ့ စိတ်ဝိဉာဉ် လှည့်လည်လိုက်သည်။

သူသည် ရွှမ်ဟွမ်းကမ္ဘာကြီးသို့ ကိုယ်တိုင် သွားရောက်ရန် မဝံ့ရဲသော်လည်း သူ့ရဲ့စိတ်ဆန္ဒကို သိုင်းတာအိုက လောလောဆယ် အာရုံမခံနိုင်သေးပေ။ ဤသည်က သူ့အတွက် ကိစ္စများစွာ လုပ်ဆောင်ရန် လုံလောက်သည်။

ရွှမ်ဟွမ်းကမ္ဘာကြီးတွင် လူများစွာ ရှိနေသည်။ သူသည် သိုင်းနတ်ဘုရားနယ်မြေအပေါ် သစ္စာမရှိသော၊ စွန့်စားရသည်ကို နှစ်သက်ပြီး ရန်တတ်လိုသော လူတစ်ယောက်ကို ရွေးချယ်ချင်သည်။

ရလဒ်အနေဖြင့် ကျန်းချန်ရှန်း၏ အသိစိတ်က နေရာအနှံ့ လှည့်လည်သွားလာပြီး ကမ္ဘာအမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ ယခုအချိန်တွင် ကမ္ဘာ ၃၀၀၀ စလုံး ဖရိုဖရဲ ဖြစ်နေပြီး သိုင်းပညာရှင် ပိုများလာကာ သိုင်းနတ်ဘုရားနယ်မြေ၏ အုပ်ချုပ်မှုကို မေးခွန်းထုတ်လာကြချေပြီ။ သို့သော်လည်း သူ နှစ်သက်သော လူတစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲနေသည်။

မှောင်မိုက်သော လေဟာနယ်အောက်တွင် သီးခြား ကျွန်းတစ်ကျွန်း တိတ်ဆိတ်စွာ ပျံဝဲနေသည်။

ကျွန်းပေါ်တွင် ရိုးရှင်းပြီး ကြမ်းတမ်းသော တာအိုဘုရားကျောင်း တစ်ဆောင် ရှိနေကာ ၎င်း၏ ရှေ့တွင် ပန်းပင်များနှင့် အပင်များ စိုက်ပျိုးထားသော ခြံဝင်းငယ် တစ်ခု ရှိနေသည်။

ဆံပင်ဖြူနှင့် လူတစ်ယောက်က အပင်များကို ရေလောင်းနေသည်။ သူသည် အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများက ပခုံးပေါ်သို့ ပေါ့ပါးစွာ ကျဆင်းနေ၏။ သို့သော်လည်း သူသည် အသက် နှစ်ဆယ် အစောပိုင်းအရွယ်ကဲ့သို့ အလွန် ငယ်ရွယ်ပုံပေါက်နေသည်။

ထိုသူသည် တုနှိုင်းမဲ့ခွန်းလွန် ဖြစ်သည်...

ထိုစဉ် ခြံဝင်းအပြင်ဘက် လေဟာနယ်တွင် အနက်ရောင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပေါ်လာပြီး ပုံရိပ်တစ်ခု လျင်မြန်စွာ ပျံထွက်လာသည်။ အကြိမ်ပေါင်းများစွာ လက်ခနဲ ဖြစ်သွားပြီးနောက် တုနှိုင်းမဲ့ခွန်းလွန်၏ အနောက်သို့ ရောက်ရှိလာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

"သခင်... နတ်ဘုရား ၇၂ ပါး ကျဆုံးသွားပါပြီ..."

စကားပြောလိုက်သူမှာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် အသက်အရွယ်ကြီးရင့်နေသော မျက်နှာ၏ တစ်ဝက်ကို ဖော်ပြထားသော ကြေးဝါရောင် မျက်နှာဖုံးကို တပ်ဆင်ထားသည်။

တုနှိုင်းမဲ့ခွန်းလွန်က ထိုစကားကို ကြားလိုက်ရသော်လည်း ဂရုမစိုက်ဘဲ အပင်များကို ဆက်လက် ရေလောင်းနေသည်။

"ဘယ်သူ သတ်လိုက်တာလဲ..."

အနက်ရောင်ဝတ်ရုံနှင့် လူက လေးနက်သော အသံဖြင့် ….

"သူတို့က ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေးကို သတ်ဖို့ တုကူးထောင် နောက်ကို လိုက်သွားကြတာပါ... မနေ့က သူတို့ရဲ့ သိုင်းကျောက်စိမ်းတွေ အားလုံး ကွဲအက်သွားပါတယ်... ကျွန်တော် စုံစမ်းကြည့်တော့ တုကူးထောင်ရဲ့ သိုင်းကျောက်စိမ်းလည်း ကွဲအက်သွားပါတယ်..." ဤအကြောင်း ပြောရင်း သူ့အသံ တုန်ယင်နေသည်။

သိုင်းအရှင်တစ်ပါးနှင့် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ ၇၂ ယောက်... ဤကဲ့သို့ ဆုံးရှုံးမှုမျိုးက သေချာပေါက် ကြီးမားလှသည်။ သတင်း ပြန့်နှံ့သွားသည်နှင့် သိုင်းနတ်ဘုရားနယ်မြေတွင် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကို သေချာပေါက် ဖြစ်စေလိမ့်မည်။

"အို... ဒီတာအိုဘိုးဘေးက တကယ် စွမ်းအားကြီးတာပဲ... သူ့လို ဖြစ်တည်မှုမျိုးက သေချာပေါက် နာမည်မရှိတဲ့သူ မဟုတ်ဘူး... သိုင်းနတ်ဘုရားနယ်မြေကနေ ထွက်ပြေးသွားတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်လောက်တယ်..."

တုနှိုင်းမဲ့ခွန်းလွန်ဆိုသူက သေဆုံးသွားသော နတ်ဘုရား ၇၂ ပါးနှင့် မသက်ဆိုင်သကဲ့သို့ မလျော့မတင်း ပြောလိုက်သည်။

ထို့နောက် ဖြည်းညင်းစွာ ခါးဆန့်လိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့် လူဘက်သို့ လှည့်လိုက်ကာ ခံစားချက်မဲ့သောလေသံဖြင့်စကားဆိုလိုက်သည်။

"ကောင်းကင်တရားရုံးရဲ့ အခြေအနေကို စုံစမ်းလိုက်... ပြီးသွား အဲဒီကို ငါကိုယ်တိုင် သွားလိုက်မယ်..."

All Chapters